← Chapters

အခန်း (၁၇၉)

Vol. 18 Ch. 179

အခန်း (၁၇၉)

Vol. 18 Ch. 179

ထိုကဲ့သို့ စွမ်းအင်မျိုးဖြင့် သူမ ယွီရှန်းကျွင်းအား များစွာအထောက်အကူပေးခဲ့သည်။

မစ်စ်ရှုနှင့် စကားမပြောခင်အထိ သူမသည် ယုံကြည်ချက်အပြည့်ပင်။

စိတ်ပင်ပန်းစွာ ယွီဖုန်းချင်း မန်နေဂျာအား ဖုန်းခေါ်လိုက်သည်။ ဖုန်းကိုင်သည်နှင့် တပြိုင်နက် သူမ ဆက်တိုက် မေးခွန်းထုတ်တော့သည်။

မန်နေဂျာကတော့ ရိုးရိုးသားသားပင်၊ သူမ အွန်လိုင်းပေါ်တွင် ရှာဖွေချိန်တွင် ရှာတွေ့ခဲ့သည်များမှာ ‘မစ်စတာရှုနှင့် မစ်စ်ရှု’ အကြောင်းသားဖြစ်သည်။

သူမ ရှာဖွေခဲ့ချိန်တွင် မစ်စတာရှုကွာရှင်းပြီး နောက်အိမ်ထောင်ပြုခဲ့သည့် အကြောင်းအရာကို လုံးဝ ရှာမတွေ့ခဲ့ဟုသာ ပြန်ဖြေခဲ့သည်။

သို့သော် ထိုစကားများသည်က ဟန်ဆောင်အလိမ်အညာများသာ ဖြစ်ကြောင်း နှစ်ဦးလုံး သိသည်။

မန်နေဂျာသည်ကား ယွီဖုန်းချင်း၏စကားအား အလေးအနက်မထားပဲ အပေါ်ယံသာ ရှာဖွေခဲ့ခြင်းဖြစ်သည်။

အနည်းငယ်ခန့်သာ ထပ်၍ ရှာဖွေခဲ့ပါလျှင်၊ အကြောင်းအရာများအား အနည်းငယ်သာ သေချာ ဖတ်ရှုကြည့်ခဲ့ပါက ထိုမျှ ရိုးရှင်းသော အချက်အလက်အား ရှာမတွေ့နိုင်စရာအကြောင်းမရှိ။

ဖုန်းတစ်ဘက်မှ ယွီဖုန်းချင်း၏ ဒေါသတကြီး ဆူပူသံများအား နားထောင်ပြီးနောက် မန်နေဂျာလည်း အနည်းငယ် စိတ်မရှည်တော့။

သူမ နားလည်မှုလွဲနေသည်ဟု ခံစားလိုက်ရသည်။ သူမကို ထိုမျှလောက်ထိ ဒေါသတကြီး မေးခွန်းထုတ်ရန် လိုအပ်ပါသလော?

သူမ လေသံမာမာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဖုန်းချင်း၊ နင် ရှုမိသားစုရော၊ ရှိမိသားစုရဲ့ လင်ရော၊ မယားရော အကြောင်း သိပ်ပြီး ပူပန်မနေနဲ့၊ ငါ့မှာ နင့်အတွက် သတင်းဆိုးရှိတယ်၊ နင်က xx အဖွဲ့ရဲ့ ဇာတ်ကောင်နေရာမှာ သွားမပြိုင်လိုက်ဘူးလား!

ဒါရိုက်တာက အခုတော့ တခြား ရှောင်ဟွား(ပန်းပွင့်လေး)တစ်ယောက်ကို ရွေးလိုက်ပြီ၊ သူက ပြောသေးတယ်၊ အဲကောင်မလေးက ပိုပြီး သရုပ်ဆောင်အသက်ပါတယ်လို့ ခံစားရတယ်တဲ့၊

ဘာတွေ ဖြစ်နေတာလဲ? နင် အရင်က အဲဒီဒါရိုက်တာနဲ့ အလုပ်လုပ်ဖူးတယ်မဟုတ်ဘူးလား?”

မန်နေဂျာကလည်း ဆက်တိုက် ဗျစ်တောက်ဗျစ်တောက် ပြောဆိုရင်း ဆူပူနေပြန်သည်။

“သူဌေးက ငါ့ကို မေးနေပြီ၊ နင် အခုတလော နေမကောင်းဘူးလားတဲ့၊ ငါ ပွင့်ပွင့်လင်းလင်း မေးပါဦးမယ် ဖုန်းချင်း၊ နင် သရဲမှင်စာမွေးတာမျိုးတွေ ဘာတွေများ လုပ်ထားတာလား?

အရင်တုန်းက အဆင်ပြေနေတာ မဟုတ်ဘူးလား? အခုက ဘာဖြစ်သွားတာလဲ?”

ယွီဖုန်းချင်း၏ မျက်ဝန်းများ ပြူးကျယ်သွားပြီးနောက် မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။

“အစ်မ! ဘာတွေ ပြောနေတာလဲ? ကျွန်မက ဘာလို့ အဲလိုမျိုးတွေ လုပ်ရမှာလဲ?”

မန်နေဂျာအမျိုးသမီး နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ရင်း ယုံသည်လည်း မပြော၊ မယုံဘူးလည်းမဆိုတော့။

“ဘာပဲဖြစ်ဖြစ်ပါ၊ နင် အဲဒါတွေနဲ့ ပြဿနာတက်နေတယ်ဆိုလည်း ရှင်းရှင်းပြော။ ငါ သိတဲ့ ပညာရှင်တွေ ရှိတယ်”

သူမ ထိုသို့ ထင်ရသည့် အကြောင်းအရင်းမှာ သူမလက်အောက်မှ ထိုမင်းသမီးသည်က အင်မတန် ကံကောင်းလွန်းသည်။ လေကြောင်းသာလျှင် လမ်းဖြောင့်သည်။

ဆိုရလျှင် ဤလောကသည်ကား အခွင့်အရေးလေး တစ်ခုရနိုင်ဖို့အတွက် မရုန်းကန်ခဲ့ရသည့် အနုပညာရှင်ဆိုသည်မှာ မရှိ။

သို့သော် ရုတ်ချည်း သူမ၏ ကံကောင်းမှုသည်က ပြောင်းပြန်လှန်သွားခဲ့သည်။ ကြည့်ရသည်မှာ သူမသည် ‘ထိုအရာ’အား သေသေချာချာ မမွေးမြူနိုင်တော့သည့်ပုံပင်။

ယွီဖုန်းချင်း စကားကို တစ်လုံးချင်းစီပြောလိုက်သည်။

“ကျွန်မ ထပ်ပြီး ပြောလိုက်မယ်နော်၊ ကျွန်မရဲ့ ကံက မွေးရာပါ ကံကောင်းတာ၊ ဘယ်လို မဟုတ်တာမျိုးကိုမှ လုပ်မထားဖူးဘူး!”

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ… ဘာပဲ ဖြစ်ဖြစ်ပါ နင် မြန်မြန်လေးတော့ ပြင်ဆင်မှ ရမယ်၊ ကုမ္ပဏီက နင်တစ်ယောက်တည်းကို အကြာကြီး စောင့်မနေနိုင်ဘူး၊ ဟုတ်ပြီလား?”

ဖုန်းချလိုက်ပြီးနောက် ယွီဖုန်းချင်း ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလိုက်ရင်း မည်သည်ကိုမျှပင် လုပ်နိုင်စွမ်း မရှိတော့သည့် ခံစားချက်ကြောင့် ရင်တစ်ခုလုံး တင်းကျပ်လာခဲ့သည်။

သူမ ပြီးခဲ့သည့်နှစ်များက အင်မတန် သက်တောင့်သက်သာ နေထိုင်နေခဲ့မိကြောင်းလည်း သဘောပေါက်လိုက်သည်။

သူမ သရုပ်ဆောင်ခြင်းကိုလည်း အလေးအနက်ထား၍ လေ့လာခြင်းမပြုခဲ့ပေ။ သူမသည်ကား လေ့လာရန်လည်း မလိုအပ်ခဲ့ပေ။ သူမ လုပ်ဆောင်သမျှ အရာအားလုံးသည်က အောင်မြင်စမြဲပင်။

သူမ သေသေချာချာ စိတ်နှစ်၍ သရုပ်ဆောင်ပညာအား မလေ့လာခဲ့သလို လူအများနှင့် ပေါင်းသင်းဆက်ဆံရေးပညာများကိုလည်း လေ့လာထားခြင်းမရှိခဲ့ပေ။

သူမ၏ ကံကောင်းခြင်းများသာ လုံးဝပျောက်ကွယ်သွားခဲ့မည်ဆိုပါက…..

ယွီဖုန်းချင်း ကြက်သီးများပင်ထသွားကာ သူမကိုယ်သူမ အတွေးမများရန် သတိပေးလိုက်မိသည်။

သူမကိုယ်သူမ ပြန်၍အားပေးရသည်။ အကယ်၍ ကံမကောင်းတော့လျှင်တောင်မှ သူမ လိုချင်သည့် ပန်းတိုင်သို့ ပို၍ ကြိုးစားကာ လိုအပ်ချက်များကို ဖာထေးရင်း ရောက်နိုင်သေးသည်!

ထိုအချိန်တွင် အသံခပ်တိုးတိုးတစ်ခု သူမ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

“မင်းရဲ့ မွေးရာပါ ကံကောင်းခြင်းတွေကို စွန့်လွှတ်တော့မလို့လား?”

“ဘယ်သူလဲ!?”

ယွီဖုန်းချင်း တစ်ကိုယ်လုံးတုန်ယင်သွားပြီးနောက် ရုတ်ချည်းလှည့်ကာ ကားနောက်ထိုင်ခုံနေရာသို့ လှမ်းကြည့်လိုက်သည်။

သို့သော် ထိုကားငယ်လေးထဲတွင် သူမကလွဲ၍ အခြားမည်သူမျှမရှိ၊ ထိုအသံသည် လေထဲမှ လွှင့်လာသကဲ့သို့ပင်!

သူမ မွေးရာပါ ကံကောင်းခြင်းကိုလည်း သိနေခဲ့သည်!

“မင်္ဂလာပါ၊ လက်ခံသူ၊ ငါက မင်းရဲ့သီးသန့်စနစ်ပါ၊ ဒီကမ္ဘာရဲ့ ရွေးချယ်ခံထားရတဲ့ ဇာတ်လိုက်မင်းသမီးမှာ တစ်ခုခု လွဲမှားနေတယ်ဆိုတာကို ငါသတိထားလိုက်မိတယ်

ဒီကမ္ဘာကလည်း ပြိုလဲလုနီးနီးဖြစ်နေပြီ၊ ဒါကြောင့် မင်းရဲ့ ကံကြမ္မာကို ပြန်ပြောင်းနိုင်ဖို့အတွက် မင်းကို ကူညီပေးဖို့ငါလာခဲ့တာပဲ၊ မင်းသာ ငါနဲ့ လက်တွဲနေသရွေ့ မင်းရဲ့ ‘ဇာတ်လိုက်မင်းသမီး ကိုယ့်ကိုကိုယ်ကယ်တင်ခြင်းအစီအစဉ်’ ကို စတင်နိုင်ပြီး မင်းရဲ့ ကံကောင်းခြင်းတွေကို ပြန်ယူလို့ ရနိုင်ပါတယ်”

အသံထပ်ထွက်လာပြီး ဤတစ်ကြိမ်တွင်တော့ အားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည့် ယွီဖုန်းချင်း ကြက်သေ,သေ သွားပြန်သည်။

“ဘယ်လိုဇာတ်လိုက်မင်းသမီးတွေ စနစ်တွေ ပြောနေတာလဲ….”

“လက်ခံသူက ငါ့ကို J လို့ ခေါ်နိုင်ပါတယ်။ မင်းထင်ထားသလိုပဲ မှန်ပါတယ်။ ဒီကမ္ဘာကြီးက ‘ကံကောင်းသော ခိုအီဘုရင်မ’ဆိုတဲ့ ဝတ္ထုစာအုပ်ရဲ့ ကမ္ဘာပဲ ဖြစ်ပါတယ်၊

မင်းက စာအုပ်ရဲ့ မူလဇာတ်လိုက်မင်းသမီးပဲ၊ မင်းက ခိုအီရွှေငါးရဲ့ ကံကောင်းခြင်းနဲ့ မွေးဖွားလာခဲ့တာ၊ မင်းက ကံဆိုးမှုတွေကို ကံကောင်းခြင်းအဖြစ်ပြောင်းလဲနိုင်ပြီး လိုချင်တာကိုလည်း ရနိုင်တယ်၊

ဘာလို့လဲဆိုတော့ မင်းက ဒီကမ္ဘာရဲ့ ရွေးချယ်ခံထားရသူဖြစ်တာကြောင့်ပဲ”

ယွီဖုန်းချင်း နှလုံးခုန်သံများပင် မြန်လာခဲ့ပြီး ခံစားချက်ကိုလည်း မထိန်းနိုင်တော့။

“မင်း.. မင်းပြောတာက ငါက ဇာတ်လိုက်မင်းသမီး? မင်းဘယ်သူလဲဆိုတာကို ငါဘယ်လိုသိနိုင်မှာလဲ? မင်းကိုရော ငါက ဘာလို့ ယုံကြည်ပေးရမှာလဲ!?”

စနစ်J က သူမ၏ ဘဝလမ်းကြောင်းကို အစဖော်လိုက်ရင်း ဆက်ပြောသည်။

“မင်း အနုပညာလောကထဲကို ဝင်လာတော့ မင်းရဲ့ ကံကြမ္မာက ပို,ပိုပြီး ကောင်းလာခဲ့တယ်၊ ဘာလို့လဲဆိုတော့ မင်းက နိုင်ငံတကာ ရုပ်ရှင်ဘုရင်မဖြစ်ကိုဖြစ်ရမယ့် ကံပါလာတယ်လေ

ဒါပေမယ့် တစ်ရက်ကျတော့ မင်းရဲ့ ကံက ပို,ပိုပြီး ဆိုးလာခဲ့တယ်။ ဘာသတိပေးချက်မှလည်း မရှိပါဘဲနဲ့ ဖြစ်လာခဲ့တာလေ၊ မင်း ဘာလို့ အဲဒီလို ဖြစ်တာလဲဆိုတာ မသိချင်ဘူးလား?”

ယွီဖုန်းချင်း ဆွံ့အသွားခဲ့သည်။

သူမ မမေးဘဲတော့ မနေနိုင်။

“ဘယ်လိုဖြစ်တာလို့ထင်နေတာလဲ?”

“ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က မင်းရဲ့ ကံကောင်းခြင်းနဲ့ ဘဝကောင်းကို ခိုးယူသွားလို့ပဲ။ အဲဗါက မင်းရဲ့ အစတုန်းက ဖြောင့်ဖြူးနေတဲ့ ဘဝလမ်းကြောင်းကိုပါ ပျက်သွားစေတာပဲ။

မင်းရဲ့ ကံတွေကို စုပ်ယူပြီးနောက်ပိုင်း သူက ပို,ပိုပြီး တော်လာ၊ ကောင်းလာပြီးတော့ မင်းကို အစားထိုးသွားလိမ့်မယ်။

အဲ့အချိန်ကျရင် သူက ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက် ဖြစ်သွားပြီး ထိပ်ဆုံးကို ရောက်သွားမှာပဲ။

မင်းကတော့ ကံကြမ္မာကောင်းမရှိတော့ရင် ဘဝအဆုံးသတ်ကောင်းမှာမဟုတ်ဘူး”

ယွီဖုန်းချင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်ရင်း မေးလိုက်မိပြန်သည်။

“အဲဒါ.. ဘယ်သူလဲ?”

စနစ်J: “ကုကျစ်စုန့်”

သူမအား‌‌ မေးခွန်းဆက်မေးခွင့်မပြုတော့ပဲ စနစ်က ဆက်ပြောသည်။

“မင်း သေချာစဉ်းစားကြည့်လေ။ ကုကျစ်စုန့်က ရုတ်တရက်ကြီး အခြားလူတစ်ယောက်လို ဖြစ်သွားတယ်၊ အရင်ကတော့ သူက တုံးတယ်၊ အတယ်၊ ပြီးတော့ အထူးတန်းအဆင့်တောင် မရှိဘူး။

ဒါပေမယ့် အခုကျတော့ သူက သဘာဝလွန်ပညာရဲ့ ကြယ်ပွင့်တောင် ဖြစ်သွားသေးတယ်။ ဘယ်လိုလုပ်ပြီး လူတစ်ယောက်က အဲဒီလောက် ပြောင်းလဲနိုင်မှာလဲ?”

အမှန်ပင်။ သူမ ကုကျစ်စုန့်နှင့် တစ်ဖွဲ့တည်း အတူရှိခဲ့စဉ်က သတိထားမိခဲ့သည်။ ထိုမိန်းကလေးသည်က ရုပ်လေးချောရုံသာပင်။ ပညာရေးသည်လည်း မမြင့်မားသကဲ့သို့ နောက်ခံလည်း အကောင်းထဲက မဟုတ်ပေ။

သူမကိုသာ ငွေပေးမည်ဆိုပါက မည်ကဲ့သို့သော ဇာတ်လမ်းမျိုးကိုမဆို ရိုက်ကူးမည်ဖြစ်သည်။

ကုကျစ်စုန့်တွင်သာ သဘာဝလွန်ပညာများ ရှိခဲ့ရိုးမှန်ပါက ယခင်က အဘယ်ကြောင့် မသုံးခဲ့ပါသနည်း?

ယွီဖုန်းချင်း အသံတိတ်သွားသည်အား မြင်လိုက်ပြီးနောက် စနစ်J ရယ်လိုက်ရင်း ဆက်ပြောသည်။

“သူက အရင်ကတော့ ဒီအတိုင်း အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ပဲလေ။ မင်းကို နေရာတကာမှ အငြိုးထားတိုက်ခိုက်ပြီးတော့ နောက်ဆုံးမှာ အပြစ်ဒဏ်သင့်သွားရမှာပဲ။

သူက ရုတ်တရက်ကြီး ဘာလို့ ဒီပညာတွေကို တတ်သွားရတာလဲဆိုတော့ သူနဲ့ ချိတ်ဆက်သွားတဲ့ စနစ်က ‘အမျိုးသမီးဇာတ်ပို့၏ ပြန်လည်တိုက်ခိုက်ခြင်းစနစ်’ ဖြစ်နေလို့ပဲ။

အဲဒါက မင်းရဲ့ ကံတွေကို ယူသွားတာ။ သူ့ရဲ့စနစ်က သူ့ကို အဲ့တာတွေ သင်ပေးခဲ့တာပဲ။ မင်းပြန်စဉ်းစားကြည့်ပေါ့။ သူကတော့ ပိုပြီး နာမည်ကြီးလာပေမယ့် မင်းကတော့ ကံဆိုးပြီး ဆိုးနေမှာပဲ”

သူမ လတ်တလော ကြုံတွေ့နေရသော အခက်အခဲများ၊ အတားအဆီးများအား တွေးလိုက်မိပြီးနောက် ယွီဖုန်းချင်း နှုတ်ခမ်းကိုကိုက်ထားလိုက်မိသည်။

“ငါသာ မင်းရဲ့ ကံကောင်းခြင်းတွေ အကုန်စုပ်ယူမခံရသေးချိန်မှာ ရောက်မလာခဲ့ဘူးဆိုရင် မင်းဘဝ အဆုံးသတ် လှမယ်မထင်နဲ့!

မင်းရော မင်းရဲ့ ကံကောင်းခြင်းတွေကို ပြန်ယူပြီး သူ့ကို လက်စားမချေချင်ဘူးလား?”

“မင်းသာ ငါနဲ့ သဘောတူစာချုပ် ချုပ်ဆိုလိုက်တာနဲ့ မင်းကို ကူညီပြီး စိတ်စွမ်းအင်ရအောင် လုပ်ပေးလို့ ရတယ်”

သူ၏ အသံသည် အေးစက်နေသော်လည်း ရှင်းပြ၍ မရနိုင်သော ဆွဲဆောင်နိုင်စွမ်းတစ်ခုက ယွီဖုန်းချင်း၏ ငြင်းဆန်လိုစိတ်အား တွန်းဖယ်နေသကဲ့သို့ပင်။

သို့သော် သူမတွင် သံသယရှိနေသေးသည်။ သူမ နှလုံးခုန်သံကို ထိန်းချုပ်လိုက်ရင်း မေးမိသည်။

“မင်းပြောတာတွေက အမှန်လား၊ အမှားလား ငါဘယ်လိုလုပ် သိနိုင်မှာလဲ? မင်းက ဘာလို့ ငါ့ကို ကူညီရတာလဲ….”

“မင်းက ရွေးချယ်ခံထားရသူလေ၊ မင်းမှာလည်း ကံကောင်းခြင်းနဲ့ စနစ်တစ်ခု ရှိကိုရှိသင့်တာပေါ့။ မင်းပိုင်ဆိုင်သမျှ အရာအားလုံးကို သူများယူသွားမှာ ထိုင်ကြည့်နေနိုင်လား?”

သူမ ကံကောင်းခြင်းများ ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းမှာ တစ်ယောက်ယောက်မှ ခိုးယူသွားခြင်းကြောင့်ဆိုသည်မှာ ဖြစ်နိုင်ပါသလား?

မိနစ်အနည်းငယ်ကြာပြီးနောက် ကားထဲတွင် ယွီဖုန်းချင်း အသံ ထွက်လာခဲ့သည်။

“မင်း… ငါ့ကို ဘယ်လို ကူညီမှာလဲ?”

“အရမ်းကို ရှင်းပါတယ်။ အရင်ဆုံး ငါတို့စာချုပ် အရင် ချုပ်ဆိုလိုက်ကြရအောင်”



တခြားမြို့ အဝေးတစ်နေရာတွင် ရောက်နေသော ကုကျစ်စုန့်ကတော့ ယုံချန်တွင် ဖြစ်ပျက်နေသမျှ တစ်ခုမျှပင် မသိနေခဲ့ချေ။

သူမ အနည်းငယ်အနားယူပြီးနောက် နံနက် အာရုဏ်တက်အချိန်တွင် လက်ဆွဲအိတ်အသေးလေးကို ယူကာ ယုံချန်သို့ ပြန်ရန် ပြင်ဆင်နေခဲ့သည်။

အစကတော့ သူမ ယမန်နေ့ နေ့လည်ခင်းတွင် လက်မှတ်ဖြတ်ထားခဲ့သော်လည်း သူမ အချိန်နောက်ကျသွားခဲ့သောကြောင့် လေယာဉ်မမှီလိုက်ပေ။

အဖွဲ့သားများကလည်း သူမအား ယနေ့ရိုက်ကူးရေးအတွက် ရက်ချိန်းထားသောကြောင့် လက်ထောက် ရှောင်ကျိုးမှ သူမအား မနက်အစောပိုင်း လေယာဉ်လက်မှတ်ဖြတ်ထားပေးခဲ့သည်။

ကုကျစ်စုန့် ဖုန်းကို ခဏ ကလိနေပြီးနောက်  အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်းများသည် နှစ်ပေါင်း ၈၀၀အတွင်း အကောင်းဆုံးတီထွင်မှုများ ဖြစ်သည်ဟု တွေးလိုက်မိသည်။

တက္ကစီခေါ်လိုက်ပြီးနောက် သူမ ဟိုတယ်မှ လေဆိပ်သို့ ထွက်လာခဲ့သည်။

*

All Chapters