.အဓိကဇာတ်ကောင်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ခြင်း(4)
Vol. 18 Ch. 180
အသံဆူညံမှုကို ကာကွယ်ရန်အတွက် မြို့တော်လေဆိပ်မှာ လူနေနည်းပါးသည့် နေရာတွင် တည်ဆောက်ထားခဲ့သည်။
လမ်းတစ်လျှောက်လုံး မြင်လာရသည့် မြင်ကွင်းသည်ကား ဘန်ဂလိုများနှင့် တောအုပ်များသာဖြစ်ပြီး ထိုအရာများသည်က မနက်အစောပိုင်း မြူခိုးများကြားတွင် တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။
ယာဉ်မောင်းဖြစ်သူက သမ်းဝေလိုက်ရင်း လမ်းဆုံမှ ကွေ့လိုက်ကာ ဆက်လက် မောင်းနှင်နေခဲ့သည်။
သို့သော် သူ့၏မျက်လုံးဘေးမှ မြင်လိုက်ရသည့် လမ်းဘေးဆိုင်းဘုတ်ကြောင့် ခဏမျှတွေဝေသွားခဲ့လေသည်။
သူ မတိုင်ခင်က ထိုဆိုင်းဘုတ်အား ကျော်ခဲ့ပြီးပြီဟု အဘယ်ကြောင့် ထင်လိုက်မိပါသနည်း?
သူ မှတ်မိတာ မှားများနေတာများလား?
ဒရိုင်ဘာလည်း ကြက်သီးဖြန်းဖြန်းထသွားပြီးနောက် နှလုံးခုန်များက မြန်လာခဲ့သည်။ သူ သတ္တိစိတ်ကိုမွေးရင်း သူ့ကိုယ်သူ ပြန်အားပေးမိသည်။
‘မင်း အိပ်ချင်မူးတူးဖြစ်နေတာပါ၊ မဟုတ်တမ်းတရာတွေတွေးပြီး လန့်မနေနဲ့’
သို့သော်လည်း နောက်တစ်ကွေ့သို့ ထပ်ကွေ့ပြီးနောက် လမ်းဆုံမှ တခြားလမ်းတစ်ခုသို့ ရွှေ့၍ မောင်းလိုက်သော်ငြား အစောက ဆိုင်းဘုတ်ကို နောက်တစ်ကြိမ်ပြန်တွေ့လိုက်ရပြန်သည်။
ဤတစ်ကြိမ်တော့ ကားဒရိုင်ဘာမှာ သူ့ကိုယ်သူလည်း မအားပေးနိုင်တော့။
ချွေးစေးများက ကျောပြင်တစ်ခုလုံး စိုရွှဲနေပြီးနောက် ယခင်က ကြားဖူးခဲ့သမျှ ပါးစပ်ရာဇဝင်များ၊ သရဲပုံပြင်များ အကုန်လုံးကို လျှောက်တွေးမိနေတော့သည်။
ခဏအကြာတွင် ကားနောက်ခန်းမှ အေးတိအေးစက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကားဆရာ”
ဒရိုင်ဘာမှာ ကြောက်လန့်လွန်း၍ အသံပါထွက်အောင် ညည်းလိုက်မိသည်။ သူ အနောက်ကို လှည့်လိုက်ချိန်တွင် သူ့ကားပေါ်တွင် လိုက်ပါလာသော အသားဖြူဖြေးကာ၊ အင်မတန်ချောမောလှပသည့် မိန်းမငယ်လေးမှ စကားပြောနေသည်ဖြစ်ကြောင်း သိလိုက်ရမှသာ သူသက်ပြင်းချနိုင်တော့သည်။
သူ နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ရင်း မေးမိသည်။
“ဧည့်သည်၊ ဘာဖြစ်လို့ပါလဲ?”
ကုကျစ်စုန့်က ကားပြတင်းအပြင်ဘက်မှ နက်ပြာရောင် မြူခိုးအား ကြည့်ရင်း စကားဆိုသည်။
“ကားကို လမ်းဘေး တစ်နေရာရာကို ရပ်လိုက်ပါ၊ ကျွန်မ ရှင့်ကို အနှောင့်အယှက်ပေးမိသွားပြီ၊ ဖုန်းထဲကနေ ကျသင့်ငွေကို ပထမပြောထားတဲ့ ပမာဏအတိုင်း ရှင်းပေးလိုက်ပါ့မယ်”
ဒရိုင်ဘာလည်း ခဏလောက် အံ့အားသင့်ကာ ပြောစရာစကားမဲ့သွားသည်။
“ငါတို့တွေ လေဆိပ်ကို ရောက်ဖို့ တော်တော်လေး လှမ်းသေးတယ်နော်”
“ရပါတယ်၊ ကျွန်မကို ဒီနားပဲ ချထားခဲ့ပါ”
မိန်းမငယ်လေးက ဇွတ်အတင်းပြောနေသည်ကို မြင်ရသည့်အတွက် ဒရိုင်ဘာ လေသံတိုးတိုးဖြင့် ဆိုသည်။
“ကောင်မလေး၊ ငါ မင်းကို ဂတ်စ်ဖိုး ငွေလိမ်ဖို့ လုပ်နေတာ မဟုတ်ဘူးနော်၊ အမှန်အတိုင်းပြောပါ့မယ်၊ ငါ ဒီလေဆိပ်ကို မောင်းလာတာ ဆယ်နှစ်ကျော်နေပြီ၊
မျက်စိမှိတ်ပြီး မောင်းရင်တောင်မှ ဘယ်ကို ကွေ့ရမယ်၊ ဘယ်ကိုသွားရမယ်ဆိုတာ ငါအတိအကျ ပြောနိုင်တယ်!
အခု ဒီလမ်းဆုံနားလေး.. ငါတို့ မောင်းလာတာ သုံးကြိမ်ရှိနေပြီ.. ငါတော့ ငါတို့တွေ တစ်ခုခုနဲ့ ကြုံပြီး ပိတ်မိနေပြီလို့ ထင်တာပဲ!!”
“ဘယ်လိုလုပ်ပြီး မင်းကို ဒီနားမှာ ထားခဲ့နိုင်မှာလဲ.. မင်းသာ တစ်ခုခု ဖြစ်သွားရင်….”
ပြောပြောဆိုဆိုပင် သူ ဖုန်းကို ကောက်ကိုင်ကာ ဖုန်းခေါ်ရန်ပြင်လိုက်သည်။
“ကြည့်ရအောင်၊ လိုင်းမိသေးတယ်”
ဒရိုင်ဘာ ကားနောက်မှန်အား ချောင်းကြည့်လိုက်ပြီးနောက် ကုကျစ်စုန့်၏ သာမန်မဟုတ်လောက်သည်အထိ တည်ငြိမ်လွန်းနေသည့် မျက်နှာအား မြင်လိုက်ရသည်။
သူမ၏ မျက်ဝန်းနက်နက်များသည်ကား ရှေးခေတ်အခါက ရေတွင်းနက်များသကဲ့သို့ အဆုံးအစမဲ့သယောင် ထင်နေရပြီး ကြောက်ရွံ့ခြင်းအလျဉ်းမရှိပေ။
“ရပါတယ်။ သူတို့က ကျွန်မကို တွေ့ဖို့ လာကြတာလေ”
ဒရိုင်ဘာမှာ ကြောက်လန့်လွန်း၍ ဖုန်းပင်လွတ်ကျမတတ် ဖြစ်သွားခဲ့ရသည်။
သူ ကားကို ခပ်ကြောက်ကြောက်ဖြင့် ရပ်လိုက်ပြီး ကုကျစ်စုန့်၏ ခရီးဆောင်အိတ်ကိုလည်း ထုတ်ပေးလိုက်သည်။
သူ ပြမ်မော့ကြည့်လိုက်မိချိန်တွင် ပိတုန်းရောင်ဆံနွယ်များဖြင့် မိန်းမပျိုလေးသည်က ခပ်သွယ်သွယ် သစ်သားဓားရှည်တစ်ချောင်းအား လက်ထဲတွင် ကိုင်ထားသည်ကို မြင်လိုက်ရသည်။
သစ်သားဓား၏ မျက်နှာပြင်မှာ ညီညာမှုမရှိ၊ ဓားရိုးမှ အပါက်များတွင်လည်း အနီရောင်ဆူးချွှန်များဖြင့် ထိုးဖောက်ထားဟန်ပေါ်သည်။
ကုကျစ်စုန့်က ဓားအဖျားကို တုတ်ကောက်ကဲ့သို့ အသုံးချလိုက်ရင်း မြေကြီးအား နှစ်ချက်တောက်လိုက်သည်။
ဒရိုင်ဘာ စိတ်ထင်၍ပေလောမသိသော်လည်း ဘေးပတ်ဝန်းကျင်မှ မြူခိုးများပင် လျော့ပါးသွားသယောင်ပေါ်သည်။
“မစ်စတာ၊ ဒီလမ်းအတိုင်းပဲ ဆက်မောင်းသွားလိုက်ပါ”
ဒရိုင်ဘာလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငြိမ့်လိုက်မိသည်။ သူက ကားထဲသို့ ပြန်ဝင်ပြီးနောက် ကုကျစ်စုန့်အား နောက်ကြည့်မှန်မှ ကြည့်နေရင်း တဖြည်းဖြည်း ဝေး,ဝေးလာပြီး နောက်ဆုံးတော့ သူမ၏ အရိပ်အယောင်လေးသည် မြူခိုးများကြားတွင် ကျန်ရစ်ခဲ့တော့သည်။
ဤတစ်ကြိမ်တွင်တော့ မောင်းပြီး သိပ်မကြာလိုက်၊ သူ့အနီးတွင် ဖြတ်သွားဖြတ်လာ ကားများ မြင်တွေ့လာရပြီး လမ်း၏ အခြားတစ်ဖက်သို့ အောင်မြင်စွာ ရောက်လာခဲ့သည်။
ဒရိုင်ဘာလည်း ထိုအခါမှသာ သက်ပြင်းချနိုင်သော်လည်း သူ လမ်းတွင် ချထားခဲ့သည့် ခရီးသည် မိန်းမပျို၏ လုံခြုံရေးအား တွေး၍ စိတ်ပူမိရပြန်သည်။
သေချာစဉ်းစားလိုက်ပြီးနောက် သူ ထိုလမ်းဆုံဘက်သို့ပြန်ကွေ့လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ မနက်ခင်းမြူခိုးများ လုံးလုံး ကင်းစင်နေပြီး လမ်းဘေးတွင်လည်း လူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။
ဒရိုင်ဘာ မောင်းထွက်သွားသည်ကို မြင်ရပြီးနောက် ကုကျစ်စုန့် မျက်နှာက ချက်ချင်း သုန်မှုန်သွားခဲ့သည်။
သူမ နှုတ်ခမ်းစွန်းလေးများ တွန့်ရုံ ပြုံးလိုက်ရင်း မျက်လုံးများကိုလည်း အစွမ်းကုန်ဖွင့်ကာ အသံကျယ်ကျယ် အော်ပြောလိုက်သည်။
“တစ်နေရာရာက ရောက်လာတဲ့သူငယ်ချင်းတို့၊ ဒါက လူတစ်ယောက်ကို ဖိတ်ခေါ်ဖို့အတွက် ကောင်းမွန်တဲ့ နည်းတော့ မဟုတ်ဘူးနော်”
သူမ စကားဆုံးသည်နှင့် မလှမ်းမကမ်းနေရာမှ ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါ့သူငယ်ချင်းတွေဆီကနေ သတင်းကြားရတယ်၊ အခုတလောတဲ့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက် ပေါ်လာတယ်တဲ့၊ သူ့ရဲ့ ဖုန်းရွှေဖွဲ့စည်းပုံကလည်း အင်မတန်ရှုပ်ထွေးတယ်ဆိုပဲ၊
ငါအရင်က ယုံတောင်မယုံဘူး၊ ဒါပေမယ့် အခု မင်းကို မျက်မြင် တွေ့လိုက်ရပြီးမှ ယုံတော့တာပဲ၊ တကယ့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာစုံတာပဲ!”
ကုကျစ်စုန့် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသော ထူးခြားဆန်းကြယ်ပညာရှင်များအား အေးတိအေးစက် စိုက်ကြည့်နေခဲ့သည်။
အဖွဲ့ထဲတွင် အနည်းဆုံး လူ(၈)ယောက်တော့ ရှိသည်။ သူတို့၏ ဝတ်စားထားပုံအရ မိသားစုတစ်ခုတည်းကတော့ မဖြစ်နိုင်ချေ။
သို့သော် သူတို့အားလုံး၏ ခါးတွင်တော့ တောက်ကျန့်အဆင့်တံဆိပ်များ ချိတ်ဆွဲထားကြသည်။
သူမ ပေါ်လာသည်နှင့် ထူးခြားဆန်းကြယ်ပညာရှင်က သူမအား ‘ချီမန်သွမ့်ကျား’ ၏ ဝင်္ကပါတွင် ပိတ်ထားလိုက်ခြင်းဖြစ်သည်။
ထိုလူများသည်က သူမ၏ လှုပ်ရှားမှုများအား ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကြောင်း သိသာပေါ်လွင်နေသည်။
သူတို့မသိသည့် အချက်မှာ သူတို့သူမအား ခန့်မှန်းနေကြချိန်တွင် သူမသည်လည်း သူတို့အား တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။
ဖွဲ့စည်းပုံအား ပြုလုပ်ထားသည် တောက်ကျန့်ရွှမ်က ထိတ်လန့်နေပုံပေါ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရန်တာ့ကော.. ဒီကောင်မလေးကို လျှော့တွက်လို့ မရလောက်ဘူးနော်!”
ကြောက်လန့်နေသောငြား ဖွဲ့စည်းပုံများတွင် ကျွမ်းကျင်သည့် တောက်ကျန့်သည် ကုကျစ်စုန့်၏ အသက်နှင့် မလိုက်သော ပညာအား မနာလိုစိတ်တိာ့လည်း ဝင်နေမိသည်။
ထိုမျှ အသက်အရွယ်လေးဖြင့် ဤမိန်းမငယ်သည် သူ၏ အမြင်အာရုံလှည့်စားသည့် ဖွဲ့စည်းပုံအား အလွယ်လေးပင် ဖျက်ဆီးလိုက်နိုင်သည်။
ထိုကဲ့သို့သော အရည်အချင်းမျိုး သူ့တွင် မရှိ။
ဘုရားသခင်ရဲ့ မျှတမှုတွေက ဘယ်မှာများလဲ?
ရန်ကျန်းဇီ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ရပါတယ်ကွာ၊ ငါတို့က ဒီမှာ မစ်စ်ကုနဲ့ ရန်သူတွေဖြစ်ဖို့ လာတာမှ မဟုတ်ပဲ၊ အရမ်း စိတ်ပူဖို့ မလိုပါဘူးကွာ”
ကုကျစ်စုန့်: “???”
ဤအမျိုးသားသည်က အရှက်တရားမရှိဘဲ စကားကိုတော့ ကြီးကြီးကျယ်ကျယ်ပြောတတ်သည်။
သူ့တွင် အမှန်တကယ် အရည်အချင်းရှိပါက သူမကို လူအများဖြင့် ချောင်ပိတ်ရန်ပင် လိုလိမ့်မည်မဟုတ်ပေ။
သူမ ဘေးဘီဝဲယာကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
“တောက်ကျန့်တွေ၊ လုပုဂိုဏ်း၊ ထျန်ကျီဂိုဏ်း… ကျွန်မလို တောက်ကျန့်ငယ်လေးက ဒီလို စီနီယာပညာရှင်တွေကို အနှောင့်အယှက်ဖြစ်စေလို့လည်း တောင်းပန်ပါတယ်၊
ဘာလို့ ကျွန်မကို ရှာနေတာလဲဆိုတာကိုလည်း မသိတော့ အဲဒါလေးကို အရင် ပြောပြလိုက်ပါ့လား?”
ရန်ကျန်းဇီ ပြုံးနေသော်လည်း မျက်လုံးများကတော့ အသက်မပါပေ။
“ငါက မစ်စ်ကုရဲ့ အသိပညာကို အထင်သေးလိုက်မိတာပဲ”
သူတို့အဖွဲ့တွင် လူအများအပြားရှိသည်။ အထူးသဖြင့် လုပုဂိုဏ်း၏ မျိုးဆက်သစ်များ ဖြစ်သည်။ ဂိုဏ်းကြီးငါးဂိုဏ်းတွင် သူသည်က အားပျော့သည့် ငနဲများကို ရွေးလာသည်မဟုတ်ချေ။
အကုန်လုံးသည်က အရည်အချင်းရှိ ထူးခြားပညာရှင်များ ဖြစ်ကြသည်။
ကုကျစ်စုန့် မည်သို့နည်းလမ်းဖြင့် ရှာဖွေတွေ့ရှိနိုင်ခဲ့သနည်း?!
“မင်းကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကတော့ မစ်စ်ကု၊ ဒီတစ်ကြိမ်ကတော့ မင်းနဲ့ ဆွေးနွေးဖို့အတွက်ပဲ၊
မင်း ရွှမ်းမင်ရဲ့ ပစ္စည်းကို ငါတို့ကို ပြန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ စိတ်မပူပါနဲ့ သူငယ်ချင်းလေး၊ ငါတို့ ရွှမ်းမင်ဂိုဏ်းက ကောင်းဆိုး၊ကျိုးကြောင်း ပြောမရတဲ့ အဖွဲ့မျိုး မဟုတ်ပါဘူး၊
မင်း တစ်ခုခုလိုရင် ဥပမာ ကျမ်းစာရွက်တစ်မျိုးမျိုးပေါ့၊ အဲဒါမျိုးတွေနဲ့ ငါတို့ နည်းနည်း ညှိကြည့်လို့ ရပါတယ်”
ကုကျစ်စုန့် နားလည်းမလည်၊ မျက်စိလည်း မရှင်းတော့။
“ရွှမ်းမင်ဂိုဏ်းရဲ့ ပစ္စည်းက ကျွန်မဆီမှာ?”
ထိုလူအိုကြီးများသည် သူတို့ကိုယ်သူတို့ ရေဆိုးပက်ကာ ငါးစာအဖြစ် လုပ်နေကြခြင်းများ ဖြစ်နိုင်သလော??
ရန်ကျန်းဇီ ချောင်းဟန့်လိုက်ရင်း အိုစာနေသော မျက်နှာဖြင့် ပြောသည်။
“ဟုတ်တယ်၊ ကျောက်စိမ်းလက်ချောင်းရိုးလေ”
“ဟန်?”
ကုကျစ်စုန့် နားမရှင်းတော့ချေ။
“ရှင်တို့ပြောတာက အဲဒီသင်္ချိုင်းဂူထဲကနေ ဆွဲထုတ်လိုက်တဲ့ အရိုးက ရှင်တို့ ရွှမ်းမင်ကပိုင်တယ်လို့ ပြောချင်တာလား?
ဒါကတော့ အတော်လေးအရှက်မရှိတာဖြစ်သွားပြီပဲ၊ ရှင်တို့ ဒီအတိုင်း လု သွားလိုက်တာပိုမကောင်းဘူးလား”
“မင်းတော်တော် ရိုင်းတဲ့ ကလေးမပဲ?”
ရန်ကျန်းဇီ၏ နောက်မှ သတ်လတ်ပိုင်း တောက်ကျန့် ဒေါသတကြီးဖြင့် မျက်လုံးပြူး၊ မျက်ဆံပြူးကာ အော်ဟစ်လိုက်သည်။
ရန်ကျန်းဇီ ချောင်းဟန့်လိုက်ရင်း:
“သူငယ်ချင်းလေး မသိသေးလို့ပါ၊ အဲဒီလက်ချောင်းရိုးပိုင်ရှင်က ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူ တောက်ကျန့်ကျွင်းဟုန်ရဲ့ တပည့်လေ၊ သူက လူ့အရိုးတွေကို ကျောက်စိမ်းအဖြစ် ပြောင်းနိုင်တာက ငါတို့ဂိုဏ်းရဲ့ ပရဝုဏ်အတွင်းမှာ မိုးကြိုးမုန်တိုင်း သင့်တာ ခံခဲ့ရလို့ပဲ၊
အဲဒီအရာနဲ့ ငါတို့ဂိုဏ်းနဲ့မှာ လေးနက်တဲ့ ဆက်သွယ်မှုရှိနေတယ်။ ဒီတော့ သေချာပေါက် အဲ့လက်ချောင်းရိုးကလည်း ငါတို့ရွှမ်းမင် ပိုင်တာပေါ့”
“အဲဒီတုန်း ပြဿနာက ရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့ နည်းနည်း လောလောဖြစ်သွားတာကို နားလည်ပါတယ်၊ ငါတို့လည်း မကောင်းမှုကို နှိမ်နင်းနိုင်ဖို့အတွက် အဲ့ဒီပစ္စည်းကို လိုတယ်လေ၊ သူငယ်ချင်းလေး နားလည်ပေးပါ”
ခေတ္တမျှ တိတ်သွားပြီးနောက် ကုကျစ်စုန့် တုံးတိပြောချလိုက်သည်။
“နေပါဦး၊ ကျွန်မ နားမလည်သေးဘူး၊ ရှင့်တို့ရဲ့ ပြောစကားအရဆိုရင် ခွေးတွေကလည်း ရှင်တို့ အိမ်ရှေ့က ဖြတ်သွားရင် ချီထားတဲ့ အရိုးကို အဲ့နား ချခဲ့ရမှာလား?
လေပေါ်မှာ ဗျိုင်းပျံလာရင်လည်း အဲဒီဗျိုင်းက ရှင့်တို့နားကနေ ဖြတ်သွားဖို့အတွက် သူ့အတောင်တွေကို ဖြုတ်ထားခဲ့ရမှာလား?”
“ကျွန်မမှာ အဲဒါရှိနေတာက အမှန်ပဲ၊ ဒါပေမယ့် ရှင်တို့ကိုတော့ မပေးနိုင်ဘူး၊ နှစ်ရာဂဏန်းလောက် ကြာပြီးတာနဲ့ ရွှမ်းမင်ရဲ့ မျိုးဆက်သစ်တွေက ဒီလောက်တောင် အရှက်မရှိဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ကံကောင်းစွာဖြင့် တောက်ကျန့်ကျွင်းဟုန်တစ်ယောက် စောစော အဆင့်တက်သွားခဲ့သည်။
မဟုတ်ပါက ဆရာဖြစ်သူသာ ယခုအခြေအနေများကို မြင်တွေ့ပါလျှင် ဒေါသထွက်လွန်း၍ မသေမျိုးကမ္ဘာမှ ခုန်ဆင်းလာပြီး ဤအမှိုက်များအား ကန်ထုတ်ပစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အဖွဲ့ထဲမှ တချို့သော ပညာရှင်များကတော့ အနည်းငယ်ရှက်သွားကြသည်။ သူတို့သည်ကား အထက်လူကြီးများမှ ဇွတ်အတင်းစေလွှတ်မှုကြောင့်သာ ရောက်လာရခြင်းဖြစ်သည်။
ထိုအချိန်တွင် ဂျူနီယာ ကလေးမလေး၏ စွပ်စွဲချက်များအား ကြားလိုက်ရပြီးနော် ပို၍ပင် ရှက်မိကြသည်။ ဂိုဏ်း၏ ဆုံးဖြတ်ချက် မှန်သည်ဟုလည်း မထင်မိကြပေ…
တစ်ချို့ကတော့ ကုကျစ်စုန့်မှ သူတို့၏ တော်ဝင်ဂိုဏ်းအား ဆဲရေးနေသည်ဟု တွေးရင်း ဒေါသတကြီးဖြစ်နေကြသည်။
“တော်တော်မောက်မာတဲ့ ကလေးမ! မင်း သေချင်စော်နံနေတာပဲ! ဒီနေ့တော့ မင်းကို ကိုယ့်ထက် အကြီးတွေကို လေးစားဖို့ သင်ခန်းစာ ပေးကို ပေးမှရမယ်!!”
*