← Chapters

လက်စားချေခြင်း

Vol. 5 Ch. 430

လက်စားချေခြင်း

Vol. 5 Ch. 430

ဘား၏ အပြင်ဘက်သို့ ရောက်သည်နှင့် ချန်းဖန်က ရပ်ကာ မိန်းကလေးအား ကြည့်လိုက်၏။ ထို့နောက် လက်နှစ်ဖက်အား နောက်ပစ်ရင်း  ... "အခု ငါ့ရန်သူတွေက ဘယ်သူတွေလဲ ဆိုတာ သိလောက်ရောပေါ့ ... ငါ့ကို ဆက်ပြီး ကူညီချင်သေးရဲ့လား ..."

နာတာရှာက ချန်းဖန်၏ မေးခွန်းအား လေးစားခြင်းများ ပြည့်နှက်နေသော အကြည့်ဖြင့် တုံ့ပြန်လိုက်၏။ သူမအတွက် ချန်းဖန်မှာ ရုပ်ရှင်များထဲမှ စူပါဟီးရိုးတစ်ယောက် အလားပင်။

"ကူညီချင်ပါတယ် ... သူတို့ဘက်က ပထမဆုံး မှားခဲ့တာလေ ... ဆရာက ရုရှားကို မထိခဲ့တာတောင် သူတို့က ကြောက်လန့်ပြီး ဆရာ့ကို အပြတ်ရှင်းဖို့ ကြိုးစားခဲ့တာ ဆိုတော့ ပြန်ပြီး လက်စားချေသင့်တာပေါ့ ..."

ချန်းဖန်နှင့် ပေါလ်တို့၏ စကားများ အရ အဖြစ်အပျက် တော်တော်များကို သူမ ဆက်စပ်မိနေပြီ ဖြစ်သည်။ အကယ်၍ ရုရှား အစိုးရကသာ ချန်းဖန်အား အသားလွတ် တိုက်ခိုက်ခဲ့ခြင်း ဆိုလျှင် ထိုကိစ္စမှာ မမျှတပေ။

"ဒါနဲ့ ဆရာ့နာမည်က ချန်းပေ့ရွှမ်းလား ... ကျွန်မ အဲဒီ နာမည်ကို ခေါ်လို့ ရမလား မသိဘူး ..." နာတာရှာက ဆက်မေးလိုက်သည်။

"ဒါပေါ့ ..." ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်မှာပင် မိန်းကလေးမှာ ဆောင်းလေများကြောင့် ခိုက်ခိုက်တုန်အောင် ချမ်းနေသည်ကို ချန်းဖန် သတိပြုမိလိုက်သည်။

"အဝတ်အစားတွေ သွားဝယ်ရအောင် ... ငါလည်း ပုံစံပြောင်းရဦးမယ် ... ငါတို့မှာ ရှေ့ဆက် လုပ်စရာတွေ အများကြီးပဲ ..."

ချန်းဖန်က မိန်းကလေးအား ပြောရင်း အထည်ဆိုင် တစ်ခုသို့ ဦးတည်လိုက်တော့သည်။

***

၂၀၁၀၊ ဖေဖော်ဝါရီလ အစောပိုင်း နေ့ရက်များ၌ ရုရှား၏ အခြေအနေမှာ တည်ငြိမ်နေဟန် ရသော်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌မူ အောက်ရေစီးကြောင်း တစ်ခု၏ တိုက်စားခြင်းအား ခံစားနေခဲ့ရ၏။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ ...

ယာခူးမြို့၌ စစ်စခန်း ချနေသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ကပ္ပတိန်တစ်ဦးကို သူ၏ ဇနီးမယားအိမ်၌ အသိစိတ် ကင်းလွတ်လျက် တွေ့ရှိခဲ့ရ၏။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ ...

အယ်ဆင်းမြို့၊ ဒုံးကျည်တပ်ဆင်ရေး အခြေစိုက် စခန်း၏ ဌာနမှူးမှာ စုံတွဲ တစ်တွဲ၏ ပြန်ပေးဆွဲခြင်းအား ခံလိုက်ရ၏။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ ...

နာယွန်ဂရီမြို့ နေအိမ်၌ ရှိနေသော ဗိုလ်မှူးတစ်ယောက် အတိုက်ခိုက်ခံခဲ့ရကာ ဒုက္ခိတအတိ ဖြစ်ခဲ့ရ၏။

ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ မြောက်ပိုင်းရုရှား၏ အကြီးဆုံး မြို့ဖြစ်သော ခါဘာရို့မြို့တော်၊ မြောက်ပိုင်း စစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ အတွင်း၌  ...

"ထောက်လှမ်းရေး ဌာနက ကောင်တွေ ဘာလုပ်နေကြတာလဲ ... ခုထိ ဘယ်သူလုပ်တာလဲ ဆိုတာ ရှာမတွေ့ကြသေးဘူးလား ..."

ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်း မယ်လန်ကော့က စားပွဲအား ဒေါသတကြီး ရိုက်ပုတ်ရင်း မေးလိုက်၏။

အစည်းအဝေးခန်းမ အတွင်း၌ ရှိနေသည့် အခြား အရာရှိများမှာမူ ကြောက်ရွံ့စွာဖြင့် ခေါင်းများကိုသာ ငုံ့ထားလိုက်ကြသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်း မယ်လန်ကော့၏ မေးခွန်းအတွက် သူတို့၌ အဖြေ ရှိမနေချေ။

လွန်ခဲ့သည့် လဝက်ခန့် အချိန်အတွင်းတွင် မြောက်ပိုင်း စစ်ဌာနချုပ်မှာ အရာရှိ နှစ်ဆယ်နီးပါး ဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် ဗိုလ်မှူးကိုးယောက်၊ ကပ္ပတိန် နှစ်ယောက်နှင့် ဗိုလ်မှူးကြီး တစ်ယောက်တို့ ပါဝင်နေ၏။ ထူးဆန်းသည်က တိုက်ခိုက်သူမှာ သူတို့ကို မသတ်ခဲ့ပဲ ဒုက္ခိတ ဖြစ်အောင်သာ လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အပြုအမူမှာ ရုရှား စစ်တပ်၏ ဂုဏ်သိက္ခာကို တိုက်ရိုက်ပင် စိန်ခေါ်လိုက်ခြင်းမျိုး ဖြစ်သည်။

"ဗိုလ်ချုပ်ကြီး ရှာချန်း ... တိုက်ခိုက်သူက နှစ်ယောက်ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ တွေ့ရှိထားပါတယ် ... တစ်ယောက်က မိန်းကလေး ... တစ်ယောက်က ယောက်ျားလေးပါ ... မိန်းကလေးက အသက် နှစ်ဆယ့်ခုနစ်နှစ်လောက် ရှိပြီးတော့ ကော့ကေးရှန် မျိုးနွယ်ပါ ... ရွှေရောင် ဆံပင် ရှိပါတယ် ... ကျွန်တော်တို့ ရှာဖွေမှု အရ အဲဒီ မိန်းကလေး ဖြစ်နိုင်ချေရှိတဲ့သူ တစ်ရာတစ်ဆယ့် ခုနစ်ယောက် တွေ့ရပါတယ် ... ယောက်ျားလေးကိုတော့ ကင်မရာတွေမှာ သေချာ ထင်ထင်ရှားရှား မတွေ့ရပါဘူး ... ဒါပေမဲ့ သူက အာရှသား တစ်ယောက် ဆိုတာတော့ သေချာပါတယ် ..."

"သူ့ရဲ့ လှုပ်ရှားမှုတွေ အရ ပစ်မှတ်ဟာ ကျုပ်တို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဦးတည်နေတယ်လို့ ကောက်ချက်ချနိုင်ပါတယ် ... အချို့ စစ်သားတွေရဲ့ ပြောစကား အရဆိုရင် အဲ့ဒီ နှစ်ယောက်က သေနတ်ကျည်ပြီးတယ် တဲ့ ... နောက်ပြီး သူတို့က အရမ်းလည်း လျင်မြန်ပါတယ် တဲ့ ..."

"KGB ရဲ့ ဝံပုလွေ သွေးနှောတွေကို လွှတ်ပြီး စုံစမ်းမှု အရဆိုရင် ရန်သူက တရုတ်က အထွတ်အထိပ် ပညာရှင် ဒါမှမဟုတ် ဂျပန်ရဲ့ ကင်ဒိုမာစတာ တစ်ယောက် ဖြစ်နိုင်ချေ ရှိပါတယ် ... ဝံပုလွေသွေးနှော တွေကတော့ သူတို့ကို ချေမှုန်းတဲ့ နေရာမှာ စစ်တပ်အင်အားကို သုံးဖို့ အကြံပြု ထားပါတယ် ..."

လူငယ် ဗိုလ်မှူးကြီး တစ်ဦးက အစီရင်ခံလိုက်သည်။

"မင်းပြောတာတွေ ငါအကုန် သိပြီးပြီ ... အခု ငါသိချင်တာက ငါတို့ရဲ့ ရန်သူက ဘယ်သူလဲ ... ဘယ်ကလဲ ... ဘာကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပစ်မှတ်ထားနေလဲ ဆိုတာ ... နားလည်လား ..." ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းက စားပွဲအား ရိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။

"ကျွန်တော့် အထင် ပြောရရရင် မနှစ်က ကိစ္စအတွက် လက်စားလာပြန်ချေတဲ့ တစ်ယောက်ယောက်များလား ..." လူငယ် ဗိုလ်မှူးကြီးက ခန့်မှန်း ပြောဆိုလိုက်သည်။

သူ၏ စကားက အခန်း အတွင်းရှိ လူများစွာကို တိတ်ဆိတ်သွားစေသည်။ ထိုစကား အဓိပ္ပာယ်၏ ဖိအားကြောင့် အခန်း၏ အပူချိန်မှာလည်း သုည ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားခဲ့တော့၏။

ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်း၏ မျက်နှာတွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ့ အနေဖြင့် လွန်ခဲ့သည့် တစ်နှစ်က ကိစ္စများကို ပြန်လည် မစဉ်းစားချင်ပေ။ သူကား ရေခဲ ဝံပုလွေ ချိုင့်ဝှမ်းရှိ ချန်းပေ့ရွှမ်းကို တိုက်ခိုက်မိန့် ပေးခဲ့သူ ဖြစ်သည်။

နျူးကလိယဗုံးက အရာအားလုံးကို အစဖျောက်နိုင်မည်ဟု ယူဆခဲ့သော်လည်း တိုက်ပွဲ အပြီး နောက်တစ်နေ့၌ ချောက်ချားစရာ သတင်းတစ်ခု ရောက်လာခဲ့သည်။ ထိုသတင်းကား ချန်းပေ့ရွှမ်း၏ အလောင်း ပျောက်ဆုံးနေခြင်း ပင်။

ချန်းပေ့ရွှမ်းသာ အသက်ရှင်နေသေးလျှင် ကျိန်းသေ လက်စားပြန်ချေလိမ့်မည် ဖြစ်ကြောင်း သူနားလည်သည်။ ထို့ကြောင့်ပင် သုံးရက်၊ သုံးည တိုင်တိုင် သူ အိပ်မပျော်ခဲ့ချေ။ မြောက်ပိုင်း စစ်ဌာနချုပ်ကိုလည်း သုံးလ တိတိ သူ ပိတ်ထားခဲ့သည်။

နောက်ဆုံး ချန်းပေ့ရွှမ်း ပြန်ပေါ်မလာသည့် အဆုံးတွင်မှ သူ့အနေဖြင့် ပုံမှန် အခြေအနေ သို့ ပြန်လည် ရောက်ရှိခဲ့သည်။ သို့သော်လည်း သူ၏ စိတ်တွင်မူ ချန်းပေ့ရွှမ်း၏ အရိပ်က အစဉ်အမြဲ လိုက်လံ ခြောက်လှန့်နေဆဲ ဖြစ်သည်။

"ချန်းပေ့ရွှမ်းများလား ..." အရာရှိ တစ်ယောက်က မေးလိုက်သည်။

"မဖြစ်နိုင်ဘူး ... ချန်းပေ့ရွှမ်းက သေပြီ ... နျူကလိယဗုံး ပေါက်ကွဲမှုကနေ ဘယ်သူမှ မလွတ်နိုင်ဘူးကွ ..." ရှာချန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟုတ်တယ် ... ချန်းပေ့ရွှမ်းက သေပြီ ... မသေရင် လက်စားပြန်ချေဖို့ ခုလောက်အထိ စောင့်နေမှာ မဟုတ်ဘူး ... နောက်ပြီး အစီရင်ခံစာတွေ အရဆိုရင် ခုလာတဲ့ သူက စုံတွဲ တစ်တွဲလေ ... ချန်းပေ့ရွှမ်းမှာ ပါတနာမှ မရှိတာ ..." အခြား အရာရှိ တစ်ယောက်ကလည်း ရှာချန်း၏ စကားကို သဘောတူလိုက်သည်။

"လှုပ်ရှားမှုတွေ အရဆိုရင် သူတို့က ဆိုက်ဘေးရီးယား မီးရထားလမ်း အတိုင်း ခါဘာရို့ မြို့ကို ဦးတည်လာနေတာ ... သူတို့ရဲ့ နောက်ဆုံး လှုပ်ရှားမှုက ဘိုင်ရိုဘီဂျန်မှာပါ ..." အရာရှိ တစ်ယောက်က အစီရင်ခံလိုက်သည်။

သူ၏ စကားအဆုံး၌ တိတ်ဆိတ်မှုက အခန်းတစ်ခုလုံးကို ကြီးစိုးသွားပြန်သည်။ အကယ်၍ တိုက်ခိုက်သူသာ ဘိုင်ရိုဘီဂျန်သို့ ရောက်နေလျှင် ခါဘာရို့မြို့နှင့် ကီလိုမီတာ တစ်ရာမျှသာ ကွာဝေးတော့သည်။

"ငါတို့ သူ့ကို စမစ်ဒေါ့ဗော့စကီးကနေ ရအောင် တားရမယ် ..." ရှာချန်းက စားပွဲအား လက်သီးဖြင့် ထုရင်း ဆက်ပြောလိုက်သည်။ "ခြေလျင်တပ်မ ၁၁၆ ကို သတင်းပို့လိုက် ... ရန်သူကို ခါဘာရို့မြို မရောက်ခင် ရအောင်တားလို့ ... ဘယ်လောက်ပဲ ရင်းရင်ပါစေ ... နားလည်လား ..."

"ဟုတ်ကဲ့ပါ ... ဗိုလ်ချုပ်ကြီး ..."

အရာရှိများက ကြောက်ရွံ့စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြတော့၏။ ခြေလျင်တပ်မ ၁၁၆ မှာ နံပါတ် ၃၅ တပ်မမှ ဖြစ်ကာ စစ်သား တစ်သောင်းကျော် အင်အားရှိသည်။

လုပ်ကြံသူ နှစ်ယောက်ကို ထိုကဲ့သို့သော အင်အားဖြင့် တိုက်ခိုက်ခြင်း။ ထိုလုပ်ရပ်က အနည်းငယ် ရူးသွပ်စရာ ကောင်းလွန်း၏။

***

ထိုအချိန်၌ ချန်းဖန်မှာမှာ စမစ် ဒေါ့ဗော့စကီးဟု ခေါ်သော ရွာကြီးကို အဝေးမှ လှမ်း၍ အကဲခတ်နေခဲ့သည်။

ထိုရွာထဲ၌ သောင်းချီသော စစ်သားများ ရှိနေကြောင်း ချန်းဖန် သတိပြုမိလိုက်သည်။ ထိုစစ်သားများစွာမှာ ရထား လမ်းမများကိုပင် ပိတ်၍ ခရီးသည်များအား ရှာဖွေ စစ်ဆေးနေပုံ ပေါ်သည်။

"ငါတို့ လုပ်ခဲ့တာတွေကို သူတို့ သိနေတာလား ..." နာတာရှာက စိုးရိမ် ပူပန်သော အသံဖြင့် ချန်းဖန်အား ပြောလိုက်၏။

ချန်းဖန်နှင့် သူမတို့မှာ ရထားလမ်းတစ်လျှောက် တောင်ဘက်ခြမ်းသို့ ခရီးထွက်လာခဲ့ခြင်း ဖြစ်ကာ လမ်းတွင် တွေ့သမျှ မြောက်ပိုင်း စစ်ဌာနချုပ်၏ အရာရှိများအား ရှင်းလင်းလာခဲ့ခြင်း ဖြစ်သည်။ စစ်အရာရှိများ မည်သို့ပင် ပုန်းအောင်းနေပါစေ။ သူတို့လက်မှ ပြေးမလွတ်ခဲ့ချေ။ နာတာရှာကား ယခုကဲ့သို့ စစ်လှုပ်ရှားဖွယ် ခံစားချက်မျိုး တစ်ကြိမ်တစ်ခါမျှပင် မခံစားခဲ့ဖူးချေ။

"ဆရာ ...  အဲဒီစစ်သားတွေက အထက်အမိန့်ကိုပဲ နာခံရတာ ထင်တယ် ... သူတို့ကို သတ်တာ မျှတပါ့မလား ..." နာတာရှာက မေးလိုက်သည်။

"ငါတို့က ဗိုလ်မှူးကြီးတစ်ယောက် အပါအဝင် အရာရှိ တော်တော်များများကို တိုက်ခိုက်ခဲ့တာ ဆိုတော့ မြေခွေးကြီးတွေ သတိပြုမိလောက်ပြီ ..." ချန်းဖန်က ရထား ပြတင်းပေါက် အပြင်ဘက်သို့ ငေးမောရင်း ပြုံးလိုက်သည်။ "စမစ်ဒေါ့ဗော့စကီးကနေ ခါဘာရို့မြို့ကို လာပြီး သူတို့ကို လုပ်ကြံမယ်လို့ သူတို့ တွေးနေတာ ဖြစ်ရမယ် ... ဒါပေမဲ့ ငါမလုပ်တော့ပါဘူး ... စစ်တပ်ကို တိုက်ခိုက်ပြီးတော့ ငါပြန်လာပြီ ဆိုတာကိုပဲ သတိပေးတော့မယ် ..."

ချန်းဖန်က ပြောပြီးသည်နှင့်  ရထားပေါ်မှ ဆင်းကာ စစ်သားများ ရှိရာဘက်သို့ လမ်းလျှောက် သွားလိုက်တော့သည်။ သူကား တစ်သောင်းမျှရှိသော စစ်သားများကို တစ်ကိုယ်တော် ရင်ဆိုင်တော့မည် ဖြစ်တော့၏။

***

All Chapters