ကွေ့ယင်သရဲ(1)
Vol. 18 Ch. 173
မကောင်းဆိုးဝါးဝိဉာဉ်သည်က ကျောင်းဟန်၏ ဝိဉာဉ်အသိစိတ်ပင်လယ်ထဲတွင် ပုန်းနေခဲ့သည်။
ယနေ့ ဖြစ်ပျက်နေသည့် ဖြစ်ရပ်များ အားလုံးကို သူသည်က ကျောင်းဟန်၏ မျက်လုံးများမှတဆင့် မြင်တွေ့နေရသည်။
သို့သော် သူသည်ကား ကျောင်းဟန်၏ ဝိဉာဉ်စွမ်းအားကို ဝါးမျိုထားသောကြောင့် ထိုထူးခြားပညာရှင်များ သူ့ကို မည်သည့်အရာမှမလုပ်နိုင်မှန်းလည်း သိသည်။
ထိုအတွက်လည်း ဂုဏ်ယူ၍ မဆုံးပေ။
သူ၏ ပုံသဏ္ဍာန်အမှန်ကို သိသွားမည်ကိုလဲ ဂရုစိုက်ရန်မလို။
သို့သော် ကုကျစ်စုန့်၏ စွမ်းအင်က ဝိဉာဉ်အသိစိတ်ပင်လယ်သို့ ကျုးကျော်ဝင်ရောက်လာခဲ့ချိန်တွင် မကောင်းဆိုးဝါးဝိဉာဉ် ထိတ်လန့်သွားမိသည်။
သူ ပြာယာခတ်သွားခဲ့ပြီးနောက် ခုခံရန် ကြိုးစားခဲ့သော်လည်း အခွင့်မသာခဲ့ပေ။
ဝိဉာဉ်အသိစိတ်ပင်လယ်တွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးတွင် ယုတ်မာသည့် အကြံတစ်ခုရှိသည်။
သူသည်ကား ကျောင်းဟန်၏ ဝိဉာဉ်အသိစိတ်နယ်မြေအား တိုက်ခိုက်ကာ ကျောင်းဟန်၏ ဦးနှောက်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
ကုကျစ်စုန့်သာ မရပ်တန့်ပါက သူနှင့်အတူ ကျောင်းဟန်အသက်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။
သို့သော် သူ့၏စွမ်းအင်များ ကျစ်လျစ်သွားပြီးနောက် အနက်ရောင်မြူခိုးအဖြစ်ပြောင်းလဲသွားချိန်တွင် မျက်လုံးများကို တင်းတင်းစေ့ထားသော ကုကျစ်စုန့်က အေးတိအေးစက် ပြုံးလိုက်လေသည်။
“ငါစောင့်နေတာ ဒီအချိန်ကိုပဲလေ”
သူမ၏ စွမ်းအင်သည်ကား ထိုအနက်ရောင်မြူခိုးအား လက်တံများကဲ့သို့ တင်းကြပ်စွာ ချုပ်နှောင်လိုက်ပြီးနောက် သူမ၏ မြေကမ္ဘာနတ်သူငယ်အဆင့် စွမ်းအင်များသည်က ထိုကဲ့သို့ မကောင်းဆိုးဝါးအသေးအမွှားတစ်ကောင်အတွက်တော့ လှုပ်၍ပင် မရနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ပင် ဖိနှိပ်ထားခဲ့သည်။
ကြောက်ရွံ့နေသော မကောင်းဆိုးဝါးကတော့ သူ့အား ကျောင်းဟန်၏ ကိုယ်တွင်းမှ တဖြည်းဖြည်း ဆွဲထုတ်နေသည်ကို ကြည့်နေရုံမှလွဲ၍ မည်သည်ကိုမျှမတတ်နိုင်ပေ။
အနက်ရောင်စွမ်းအင်တိမ်လုံးများက သားဖြစ်သူ၏ ကိုယ်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရပြီးနောက် ထိုတိမ်လုံးများထံမှ အော်သံသဲ့သဲ့ကိုပင် ကြားလိုက်ရသည့် မစ်စ်ဟောင်တစ်ယောက်မှာ အလွန်ထိတ်လန့်နေရသော်လည်း သူမ အော်လိုက်မိပါလျှင် ကုကျစ်စုန့်အား အနှောင့်အယှက်ဖြစ်မည်စိုး၍ ပါးစပ်ကို လက်ဖြင့် တင်းတင်းပိတ်ထားခဲ့ရသည်။
မကောင်းဆိုးဝါးဝိဉာဉ်၏ ခန္ဓာကိုယ်မှာ အပြင်ကို ရောက်သည်နှင့် ချက်ချင်း ထွက်ပြေးရန် ကြိုးစားတော့သည်။
ကုကျစ်စုန့် မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူမ၏ မျက်ဆံများတွင် ရွှေရောင်အနားကွပ်များက ခပ်ရေးရေးပေါ်နေခဲ့သည်။ သူမက လက်ကို အနက်ရောင်မြူခိုးလုံး ထွက်ပြေးသွားသော အရပ်မျက်နှာကို ဆန့်ထုတ်လိုက်သည်။
ထိုမြူခိုးလုံးက တံခါးပေါက် အဟလေးမှ ထွက်ပြေးလွတ်မြောက်တော့မည့်ဆဲဆဲတွင် မမြင်ရသော အတားအဆီးတစ်ခုကို တိုက်မိလိုက်သကဲ့သို့ လွင့်ထွက်သွားခဲ့သည်။
သူမ လက်ချောင်းများကို လက်သီးကဲ့သို့ တင်းတင်းဆုပ်ထားလိုက်ရင်း ပြန်ဆွဲခေါ်လိုက်သည့်အချိန်တွင် ထိုပြန့်ကျဲနေသော အနက်ရောင်မြူခိုးများသည်လည်း မမြင်နိုင်သော လက်ဖဝါးကြီးတစ်ခုက ဆွဲစုလိုက်သကဲ့သို့ တစ်နေရာထဲတွင် စုဝေးသွားပြီးနောက် မြေပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားခဲ့သည်။
ပြုတ်ကျလာသော အနက်ရောင်စွမ်းအင်သည်ကား တဖြည်းဖြည်း ပုံသဏ္ဍာန်ပေါ်လာခဲ့ပြီး သူသည်က နောက်ဆုံးမင်းဆက်ခေတ်မှ ဝတ်စုံအား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမ၏ ဝိဉာဉ်သည်က မီးခိုးရင့်ရောင်ဖြစ်ကာ မြေပေါ်တွင် လူးလိမ့်၍ အော်ဟစ်နေခဲ့သည်။
အော်ဟစ်နေခဲ့ရင်းပင် ကုကျစ်စုန့်နှင့် ကျန်လူများအား မျက်ထောင့်နီများဖြင့် မုန်းတီးစွာ ကြည့်နေခဲ့သည်။
ဤသည်က သရဲကားထဲမှ ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ပင်!
ထိုကဲ့သို့သော မုန်းတီးမှုမျိုးသည် အခန်းထဲတွင် ရှိနေသော သာမန်လူ သုံးယောက်အား တုန်ရီသွားစေခဲ့ပြီး အထူးသဖြင့် ကျောင်းဟန်ပင် ဖြစ်သည်။
ထိုကဲ့သို့သော အရာမျိုးက သူ့ခန္ဓာကိုယ်ထဲတွင် လေးနှစ်တောင် နေခဲ့သည်ဟု တွေးမိရုံနှင့် အန်ချင်မိသည်။
ထိုအချိန်တွင် မကောင်းဆိုးဝါးဝိဉာဉ်က ရုတ်တရက် မြေပေါ်မှ ခုန်ပေါက်ထလာခဲ့ပြီး ကုကျစ်စုန့်၏ဘေးတွင် ရပ်နေသော ကျောင်းဟန်နှင့် မစ်စ်ဟောင်ထံသို့ တဟုန်ထိုး ပြေးလာခဲ့သည်။
မကောင်းဆိုးဝါးဝိဉာဉ်၏ ရှုံ့တွကာ ဒေါသူပုန်ထနေသော မျက်နှာအား မြင်လိုက်ရပြီးနောက် မစ်စ်ဟောင်မှာ ကြောက်လန့်လွန်းသောကြောင့် လဲကျမတတ်ပင် ဖြစ်သွားသည်။
လီချန်ဟဲကတော့ ကုကျစ်စုန့်၏နောက်တွင် ပြေး၍ ပုန်းရှာသည်။
ကုကျစ်စုန့် လက်ကို ပြန်မြှောက်လိုက်ချိန်တွင် လေးထောင့်သဏ္ဍာန်အစီအရင်တစ်ခုက သူမ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။
ထိုလေးထောင့်အစီအရင်သည်ကား မည်းနက်နေခဲ့ပြီးနောက် အလယ်တွင် သွေးရောင်ကဲ့သို့ နီမြန်းနေသော ဇန် စာလုံးရေးထွင်းထားသည်။
ထိုစကားလုံးသည် ရှေးခေတ် ရွှမ်းမင်စကားဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။
ထိုအရာသည်က ယွီထုန်လျှို့အား မကောင်းသော ထိမ်းမြားမှုတစ်ခုအား ဖြေရှင်းကာ ဘဝကို ပြောင်းလဲပေးခဲ့ပြီးနောက် သူမ၏ အေးဂျင့်မှ ကျေးဇူးတင်သည့်အနေဖြင့် အမွှေးတိုင်ဆိုင်မှ ဝယ်ယူပေးခဲ့သည့် မှော်လက်နက်တစ်ခုပင်ဖြစ်သည်။
ထိုအရာမှာ တကယ့် မှော်ပစ္စည်းအစစ်အမှန်ဖြစ်သော်ငြား သက်တမ်းမှာ နှစ် ၂၀၊၃၀ခန့်သာ ရှိသေးသည်။
သာမန်တောက်ကျန့်များ၏ လက်ထဲတွင်တော့ ထိုအရာသည် ဖုန်းရွှေအား ဖိနှိပ်ရုံမျှသာ အသုံးချနိုင်မည်ဖြစ်သော်လည်း ကုကျစ်စုန့်လက်ထဲတွင်တော့ မတူတော့ပေ။
မြေကမ္ဘာမသေမျိုးအဆင့် စွမ်းအင်သည် ထိုအစီအရင်ထဲသို့ စီးဝင်သွားခဲ့သည်။ ကုကျစ်စုန့်၏ မျက်နှာအမူအယာမှ တည်ငြိမ်အေးဆေးကာ ပေါ့ပေါ့ပါးပါးပင်။
သို့သော် ဘေးမှ လူသုံးယောက်ကတော့ အခန်းထဲမှ လေစီးဆင်းမှုပြောင်းလဲသွားသည်ဟု ခံစားလိုက်ရပြီးနောက် ‘ဖောက်’ဆိုသော အသံတစ်ခုအား ကြားလိုက်ရသည်။
သူတို့ဘေးမှ လေထုအား ဆွဲ၍ ညှစ်ပစ်လိုက်သကဲ့သို့ပင် ဖြစ်ပေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဝိဉာဉ်သည်လည်း သူ၏ ပုံစံအမှန်အား ပြောင်းလဲသွားပြီးဖြစ်သော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဖိနှိပ်မှုကြောင့် အနက်ရောင်မြူခိုးများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။
နောက်တစ်ကြိမ်ပြန်၍ ပုံစံပြောင်းစ,ပြုနေသည်ကို မြင်ရပြီးနောက် ကုကျစ်စုန့် နောက်တစ်ကြိမ် ထပ်လုပ်ပြန်သည်။
ထိုကဲ့သို့ အကြိမ်များစွာ ပြုလုပ်ပြီးချိန်တွင် မကောင်းဆိုးဝါးဝိဉာဉ်၏ ခြိမ်းခြောက်သံများသည်က နာကျင်မှုကြောင့် အော်သံများအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ အသံပင် မထွက်နိုင်တော့ပေ။
ရက်စက်သည်၊ အင်မတန်မှကို ရက်စက်လှသည်!
မစ်စ်ဟောင်နှင့် ကျန်းဟောင်တို့ သားအမိနှစ်ယောက်လုံးမှာ အစကတော့ တုန်လှုပ်မှုများ၊ ကြောက်ရွံ့မှုများနှင့် ပြည့်နေခဲ့သော်လည်း ဤတဖက်သတ် ဖိနှိပ်မှုစွမ်းအင်ဒဏ်အား ပြန်လည်ခုခံနိုင်စွမ်းမရှိ၊ အလူးအလဲခံနေရသော သရဲကိုမြင်ပြီးနောက်တွင် အသက်မျှပင် ရှိသေးရဲ့လားဟု တွေးနေမိကြသည်။
မည်သူက ဗီလိန်အစစ်ဖြစ်ပါသနည်း?
မကောင်းသော ဝိဉာဉ်တိုင်းသည်က ဤမျှသနားစရာကောင်းပါသည်လော?
အနက်ရောင်မြူခိုးလုံးများထဲမှ မသန့်စင်မှုများ ကွဲထွက်သွားသည်ဟု ခံစားလိုက်ရချိန်တွင် ကုကျစ်စုန့် ရပ်တန့်လိုက်သည်။
တုန်ယင်နေသော အနက်ရောင်မြူခိုးသည် သူမအကြည့်နှင့် ဖိအားများအား မျက်နှာလွှဲလိုက်ရသည်။
အတန်ကြာမှ ထိုအရာသည်က တဖြည်းဖြည်းကျုံ့သွားပြီးနောက် အသံစူးစူးဖြင့် တောင်းပန်လာခဲ့သည်။
“ဆက်ပြီး မတိုက်ပါနဲ့တော့ တောက်ကျန့်၊ ကျွန်မ မှားမှန်းသိပါပြီ!”
ကုကျစ်စုန့် လက်ကို ခါရမ်းလိုက်ချိန်တွင် အနက်ရောင်မြူခိုးများထံမှ တိမ်တိုက်ငယ်လေးနှစ်ခု ကွဲထွက်လာခဲ့သည်။
တစ်ခုသည် အဖြူရောင်ဖြစ်ပြီး ကျန်တစ်ခုသည် အနက်ရောင်ဖြစ်ကာ သူမ လက်ပေါ်သို့ ပျံဝဲလာခဲ့သည်။
သူမ မှော်လက်နက်ကို အသုံးပြုကာ ထိုမြူခိုးအား ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းသည် သရဲအား ပညာပေးရုံသာမက ပို၍ အရေးကြီးသော အချက်မှာ ထိုအရာနှစ်ခုအား ရရှိနိုင်ရန်သာဖြစ်သည်။
အနက်ရောင်မြူခိုးလုံးသည်က လက်မခန့်သာ အရွယ်ရှိသည်။ ကုကျစ်စုန့် အနားကို ကပ်လိုက်သည်နှင့် ပြင်းထန်စူးရှသော အနံ့တစ်ခုပျံ့လွင့်လာခဲ့ပြီး သူမ ပျို့အန်မတတ်ပင် ဖြစ်သွားခဲ့သည်။
သူမ ဘဝတွင် ရင်ဆိုင်ခဲ့ဖူးသည့် ရွံစရာအကောင်းဆုံး၊ စက်ဆုတ်စရာအကောင်းဆုံး အရာများပင် ဤအနက်ရောင် မြူခိုးလုံးလောက် သူမအား ဒေါသမထွက်စေခဲ့ပေ။
ရွံရှာစွာ မျက်နှာမဲ့လိုက်ရင်း သူမလက်ထဲမှ ဖန်ပုလင်းငယ်လေးတစ်လုံးထုတ်ကာ ထိုအရာကို ထည့်သွင်းလိုက်သည်။
ကျန်သည့် မီးခိုးဖျော့ရောင် မြူခိုးလုံးသည်က အနည်းငယ် အရွယ်အစားပိုကြီးသည်။ သူမ ကျန်းဟောင်ဘေးသို့ လျှောက်သွားလိုက်ပြီးနောက် သူ၏ ယင်တန်နေရာဗဟိုချက်အား လက်ချောင်းများနှင့် ထိထားလိုက်ရင်း နှုတ်မှလည်း မန္တာန်တစ်ခု ရွတ်ဆိုလိုက်သည်။
ထိုမြူခိုးလုံး သားဖြစ်သူကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်ကို မစ်စ်ဟောင် မြင်တွေ့လိုက်ရသည်။
သူမ မမေးပဲလည်း မနေနိုင်ပေ။
“တောက်ကျန့် အဲဒါက ဘာလဲဟင်?”
“ရှင့်သားရဲ့ ဝါးမျိုခံလိုက်ရတဲ့ ဝိဉာဉ်စွမ်းအင်တွေလေ။ သူက အဲဒါကို တော်တော်များများတော့ ပြန်ရလိုက်ပေမဲ့ မကောင်းဆိုးဝါးဝိဉာဉ် ဝါးမျိုသွားပြီး ပြန်ခွဲထုတ်လို့ မရတာလည်း တစ်ချို့တစ်လေ ရှိနေသေးတယ်၊
အဲဒီစွမ်းအင်တွေအတွက် ပြန်အစားထိုးချင်တယ်ဆိုရင် သားဖြစ်သူကို သူ့ဘာသာသူ ကုသိုလ်ကောင်းမှုတွေ လုပ်ခိုင်းပေးပါ
သူက ကောင်းမှုတွေ များများလုပ်ပြီး ကုသိုလ်များများစုမိတယ်ဆိုရင် နောက်တစ်ခေါက် ပြန်ဝင်စားတဲ့အချိန်မှာ သိပ်ပြီး သက်ရောက်မှု ရှိမှာမဟုတ်တော့ဘူး”
ဝိဉာဉ်စွမ်းအင် ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်နှင့် အစက နှုံးချိနေသော ကျောင်းဟန်၏ ခန္ဓာကိုယ်သည် ကုသခံလိုက်ရသကဲ့သို့ ခြေလက်များလည်း ပို၍ သန်မာလာသလို ခံစားလိုက်ရသည်။
သူ အံ့အားသင့်စွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်။ ကျွန်တော် တော်တော်လေး နေလို့ ကောင်းသွားပါပြီ!”
မစ်စ်ဟောင်လည်း ကျေးဇူးတင်၍ မဆုံးတော့။ နောက်ဆုံးတော့ သူမမျက်နှာတွင် အပြုံးပန်းလေး ပွင့်လန်းလာခဲ့သည်။
မည်သည်ကို တွေးနေမှန်းတော့မသိနိုင်သော်လည်း ကျောင်းဟန်မျက်နှာတွင် တွေဝေသော အကြည့်တစ်ခု ရှိနေခဲ့သည်။ ခေတ္တမျှ တွေးနေပြီးနောက် သူ မေးခွန်းထုတ်သည်။
“ကုတောက်ကျန့်၊ ကျွန်တော် သိချင်တာရှိတယ် .. ‘သူ’ ပြန်လာနိုင်ဦးမလား?”
ကျောင်းဟန်မေးနေသည့် ‘သူ’ဆိုသည်မှာ အသတ်ခံလိုက်ရကာ ပျောက်ကွယ်သွားသည် ဒုတိယအသိစိတ် ‘ကျောင်းရှင်း’ကို ဆိုလိုခြင်းဖြစ်ကြောင်း အားလုံး သဘောပေါက်သည်။
ကုကျစ်စုန့်: “……”
“ငါ.. မသိဘူး”
ထိုအရာသည်က ကျောင်းဟန်၏ စိတ်နှလုံးထဲမှအနာဖြစ်သည်။ အဖြေကို သူကိုယ်တိုင်တောင် မသိနိုင်လျှင် ကုကျစ်စုန့်က အဘယ်ကြောင့်များ သိလိမ့်မည်နည်း?
သို့သော် သူမ ခံစားမိသည်မှာ ကျောင်းဟန်၏ အခြေအနေသည် သက်သာလုနီးပါးဖြစ်နေသောကြောင့် ထိုအသိစိတ်ကွဲသည်က ပြန်လာတော့မည်မဟုတ်ပေ။
သူ၏ မူလက ထင်ရှားပြတ်သားသော ထိမ်းမြားခြင်းလမ်းကြောင်းသည် ယခုအဖြစ်အပျက်ကြောင့် အနည်းငယ် မှေးမှိန်သွားခဲ့သည်။
ကောင်မလေး၏ နှလုံးသားထဲတွင် အချစ်ရှိသေးသော်ငြား သူမအား လှေကားပေါ်မှ တွန်းချခဲ့သူမှာ သူဖြစ်နေခဲ့ပြီး ညတိုင်းမက်နေခဲ့သော အိမ်မက်ဆိုးများကြောင့်လည်း ရင်ထဲတွင် အစိုင်အခဲများ ရှိနေခဲ့သည်။
ဤအစီအစဉ်ကြည့်ပြီးနောက် ကျောင်းဟန်၏ တောင်းပန်မှုအား လက်ခံခြင်း၊ လက်မခံခြင်းနှင့် သူမရင်ထဲမှ အစိုင်အခဲများ ပြေလည်ခြင်း၊မပြေလည်ခြင်းတို့သည် ကျောင်းဟန် ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မူတည်လိမ့်မည်။
လိုချင်သည်ကို ရပြီးချိန်တွင် ကုကျစ်စုန့် စိတ်မကြည်မသာဖြစ်နေခဲ့သည်။
သူမက အငြိုးတရားများနှင့် တုန်ရီနေဆဲ ဝိဉာဉ်ကို မနှစ်မျို့စွာ ကြည့်လိုက်ရင်း မေးသည်။
“မင်းမှာ မေးချင်တာ ရှိသေးတယ်ဆို?”
ကျောင်းဟန်၏ ဝိဉာဉ်စွမ်းအားများ ပြန်သိမ်းခံလိုက်ရပြီးနောက် မည်းနက်ထူပိန်းနေသော မြူခိုးဝိဉာဉ်၏ အရောင်သည် မီးခိုးရင့်ရောင်သို့ ပြောင်းလဲသွားပြီး ပို၍ အားနည်းသွားပုံပေါ်သည်။
သူမ၏ ဆံပင်များသည် ရှုပ်ပွနေခဲ့ပြီး သေဆုံးချိန်တွင် အသက် ၂၅, ၂၆နှစ်ခန့်သာ ရှိဦးမည်ဖြစ်သည်။
ကုကျစ်စုန့်စကားကို ကြားလိုက်ရပြီးနောက် ကျောင်းဟန်တစ်ယောက် သူ့ရှေ့တွင် ရှိနေသော ဝိဉာဉ်အား ဒေါသတကြီး မေးလိုက်မိသည်။
“မင်းက ဘယ်သူလဲ? ငါ့မှာ မင်းနဲ့ ဘာရန်ငြိုးမှလည်း မရှိပါဘူး၊ မင်းက ဘာလို့ ငါ့ကို ဒုက္ခပေးချင်ရတာလဲ? မင်း ငါ့ခန္ဓာကိုယ်ကို သိမ်းထားပြီးတာတောင်မှ ငါက မင်းကို နေ့တိုင်း ကျေးဇူးတွေ တင်ပြီး မင်းကို ပူဇော်ပသတာမျိုးတောင် လုပ်ခဲ့သေးတယ်
ဒါနဲ့တောင်မှ မင်းက ဘာလို့ အပြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်ကို ရန်လုပ်ရတာလဲ!?”
အမျိုးသမီးသရဲက ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။
“မင်းက အရူးတစ်ကောင်ဖြစ်နေလို့လေ”
“မင်း!”
ကုကျစ်စုန့် အင်မတန် စိတ်ရှုပ်ထွေးနေခဲ့ပြီး မြန်ဆန်စွာ အလုပ်သိမ်းချင်လှပြီဖြစ်သည်။
သူမ ဖြူဖျော့ဖျော့မျက်နှာဖြင့် သရဲအား စိုက်ကြည့်လိုက်ချိန်တွင် သရဲ၏ မခန့်လေးစားလုပ်သည့် အပြုအမူများ ချက်ချင်း ပျောက်ကွယ်သွားသော်လည်း ကျောင်းဟန်၏ မေးခွန်းများကိုတော့ ဖြေချင်ပုံမပေါ်။
“ကျွန်မက ‘ကွေ့ယင်’ဝိဉာဉ်ပါ”
ကျောင်းဟန်: “?!!”
မစ်စ်ဟောင်: “?!!”
*