← Chapters

ပြီးပြည့်စုံသောလူ(4)

Vol. 18 Ch. 172

ပြီးပြည့်စုံသောလူ(4)

Vol. 18 Ch. 172

သူ၏ ပြည့်စုံသော လုပ်ရပ်များအား ဆယ်နှစ်တိုင် ထိန်းသိမ်းလာခဲ့ပြီး ကျောင်းဟန် အသက် ၁၈နှစ်အရွယ်ထိ အတူရှိနေပေးခဲ့သည်။

အကျင့်ယုတ်မာလှသော မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ကျောင်းဟန်ကိုယ်ထဲသို့ ဝင်ရောက်လာချိန်ထိပင်ဖြစ်သည်။

ထိုအရာသည်က အိပ်မက်ဆိုးများ မက်အောင် ပြုလုပ်နိုင်သည်။

ကျောင်းဟန်၏ အားနည်းသော စိတ်အခြေအနေအား မြင်ပြီးနောက် ဒုတိယအသိစိတ် ကျောင်းရှင်း၏ ကောင်းစေချင်သော စိတ်ဖြင့် လိမ်လည်ထားမှုများကို အခွင့်ကောင်းယူကာ ‘ကျောင်းရှင်း’၏ နေရာကို လုယူလိုက်တော့သည်။

ကျောင်းရှင်းသည်ကား မုန်းတီးတတ်သော အပြင်လူတစ်ယောက်၊ မကောင်းသော အကျင့်စရိုက်များနှင့် ကျောင်းဟန်အား ဒုက္ခပေးမည့် အရာတစ်ခုဖြစ်လာခဲ့သည်။

အများကြီးပင် လုပ်ဆောင်ရန်မလို၊ ကျောင်းဟန် အနက်ရှိုင်းဆုံး မုန်းတီးကြောက်လန့်သည့် မျက်နှာကို ပြလိုက်ရုံသာပင်။

ထိုအချိန်က ကျောင်းရှင်းမှာ စိတ်ပူပန်လွန်း၍ ကျောင်းဟန်ကို သူ၏ အသိစိတ်အကြောင်း အဖြစ်မှန်ကို ပြောပြချင်ခဲ့ပုံပေါ်သည်။

သို့သော် မကောင်းဆိုးဝါး၏ ယုတ်ညံ့သော အကြံအစည်နှင့် အတူ အိပ်မက်ဆိုးများနှင့် လိမ်လည်မှုတို့ကြောင့် သူသည်က ကျောင်းဟန် ကိုယ်တိုင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ခန္ဓာကိုယ်ပိုင်ရှင်၏ သူ့အား ပျောက်ကွယ်သွားစေလိုသော စိတ်သည်က ပြင်းပြလွန်းသောကြောင့် သူ့အနေဖြင့် တောင့်ခံနိုင်စွမ်းမရှိခဲ့ပေ။

သတိပေးစကား တစ်ခွန်းမှပင် မပြောနိုင်သေးခင်မှာပင် အိပ်မက်ဆိုးထဲမှ မကောင်းဆိုးဝါး၏ ဝါးမျိုခြင်းခံလိုက်ရရှာသည်။

ကျောင်းရှင်း၏ အသိစိတ်တွင် ကွယ်ဝှက်ထားသော ဝိဉာဉ်စွမ်းအားကိုပါ ဝါးမျိုလိုက်ပြီးနောက် မကောင်းဆိုးဝါးက ထိုအသိစိတ်အား လုံးဝအစားထိုးနေရာယူလိုက်တော့သည်။

ထိုအရာသည် မကောင်းသော ဝိဉာဉ်တစ်ခုသာဖြစ်ပြီး သရဲတစ်ကောင်မဟုတ်သော်လည်း စိတ်ထားယုတ်ညံ့သည့် သူခိုးတစ်ကောင်ဖြစ်သည်။

မျက်နှာဖြူဖျော့ကာ စိတ်ဓာတ်လည်း ပြိုလဲသွားသော ကျောင်းဟန်ကို ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် တိတ်ဆိတ်စွာ ပြောလိုက်သည်။

“ရှင်းယိချင်း စကားအတိုင်းပဲ သူက ကောလဟာလဝိဉာဉ်ဖြစ်ချင်တာပဲ၊ လူတွေရဲ့ တီးတိုးစကားတွေစွမ်းအားပေါ်မှာ အခြေခံတဲ့အရာတစ်ခုလေ၊

သူက မင်းကိုယ်ထဲမှာ အမြစ်တွယ်နေပြီး မင်းက သူ့ဖြစ်တည်မှုရဲ့ အကြောင်းရင်းပဲ၊ သူ ရှိနေတယ်ဆိုတာကို ယုံကြည်တဲ့ သူများလာဖို့ကလည်း အရေးကြီးသလို မင်းရဲ့ သူ့အပေါ်ကို ‘လိုအပ်မှု’ကလည်း အရေးပါတယ်”

“ဒါဆိုရင် ဘာလို့ မင်းအနားမှာရှိတဲ့ ကောင်မလေးကို တိုက်ခိုက်ရလဲဆိုတာ သဘောပေါက်မှာပါ”

ကျောင်းရှင်းသည်ကား ကျောင်းဟန်၏ ကိုယ့်ကိုကိုယ် ပြန်လည်ကုသခြင်း နည်းလမ်းအနေဖြင့် မွေးဖွားလာရခြင်းသာဖြစ်သည်။

ကောင်မလေး၏ ဖြစ်တည်မှုသည် ကျောင်းဟန်အား နွေးထွေးစေသည်။

သူ၏ စိတ်သည်လည်း ဒဏ်ရာကျက်လုနီးနီးဖြစ်လာပြီး အထီးကျန်သည်ဟုလည်း မခံစားရတော့။

ဘဝနှင့် အနာဂတ်အား မျှော်လင့်ချက်များပင်ရှိလာပြီဖြစ်သည်။

ကောင်မလေးပြောသလိုပင် လူများတွင် ဂရုစိုက်စရာ အရာတစ်ခုရှိလာပါက အတိတ်နှင့် စိတ်ကူးယဉ်အရာများတွင် ဖက်တွယ်နေတော့မည်မဟုတ်။

မကောင်းသော ဝိဉာဉ်သည်က ကွဲပြားသော အသိစိတ် ကျောင်းရှင်း၏ နေရာကို လုယူထားခြင်းဖြစ်သော်လည်း ကျောင်းဟန်သာ သူ့ကို မလိုအပ်တော့ပါလျှင် ခန္ဓာကိုယ်သည်က အလိုအလျောက် သူ့အား ငြင်းဆန်မည်ဖြစ်ကာ လူမလိုသည့် ကောလဟာလ ဝိဉာဉ်တစ်ခုအနေဖြင့်သာ ပျောက်ကွယ်သွားရလိမ့်မည်။

ထို့ကြောင့် ထိုအရာသည် ကောင်မလေးအား မုန်းတီးကာ ကျောင်းဟန်ဘဝထဲမှ ပျောက်ကွယ်သွားစေချင်ခဲ့သည်။

ထိုအရာသည် ကျောင်းဟန်အား အတိတ်တွင်သာ တစ်သက်လုံး ပိတ်မိနေစေချင်ပြီး သူ့အား လှည့်စားအသုံးချချင်ခဲ့သည်။

“ကောင်မလေးကို ပ,ထုတ်လိုက်ရုံနဲ့တင် မပြီးသေးဘူး၊ ငါပြောခဲ့တယ်လေ။ မင်းကိုယ်ထဲမှာ မကောင်းတဲ့ ဝိဉာဉ်ရှိနေတယ်လို့၊

အဲဗါက မသေခင်တုန်းက မကောင်းမှုတွေပြုခဲ့ပြီး ပြန်ဝင်စားဖို့လည်း ငရဲမသွားချင်ကြတဲ့ ဝိဉာဉ်တွေပဲ၊  ပိုပြီးတောင် ရက်စက်သေးတယ်၊ သူ့အနေနဲ့ ကောင်မလေးကို သတ်ပစ်နိုင်မှသာ စိတ်အေးရမယ်လေ”

ညတိုင်းညတိုင်း ထိုအရာသည်က ကောင်မလေး၏ အိပ်မက်ထဲကို ဝင်ကာ မကောင်းဆိုးဝါးများ ဖန်တီးပြီးနောက် ကြောက်ရွံ့နေသော မိန်းမငယ်၏ အသက်စွမ်းအင်များကို စားသုံးနေခဲ့သည်။

ကုကျစ်စုန့်၏ အမြင်အရဆိုပါလျှင် ထိုအဖြစ်အပျက်သည် လဝက်ကျော်ပင် ကြာမြင့်နေပြီဖြစ်သည်။

ကောင်မလေးသည် ထိခိုက်ဒဏ်ရာရထားသည့်အပြင် ညတိုင်း အိပ်မက်ဆိုးများခြောက်လှန့်မှုကြောင့် ကောင်းစွာ အနားမယူနိုင်ခဲ့။

သူမသည် အိပ်မက်ဆိုးများ ညှင်းပန်းနှိပ်စက်မှုကြောင့်ပင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးရလိမ့်မည်ဖြစ်သည်။

ကုကျစ်စုန့် မျက်လုံးများကတော့ သွေးအေးစွာပင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ကျောင်းဟန်ကို ကြည့်လိုက်သည်။

“အခုရော အဲဒီအရာကို မင်းခေါင်းထဲမှာ ထားချင်သေးလား?”

တချို့အရူးများသည်က ကိုယ်ထင်ရာကိုသာ တဇောက်ကန်း ဆုံးဖြတ်တတ်ကြသည်။ အမှန်ကို သိသည်ဖြစ်စေ သူများစကားကို လုံးဝ နားမထောင်ချင်ကြ။

အကယ်၍ ကျောင်းဟန်သာ ထိုကဲ့သို့ အရူးဖြစ်နေပါလျှင် သူမကတော့ သူ့အား ကိုယ်တွင်းမှ နတ်ဆိုး၏ ဝါးမျိုခြင်း ခံရမည်ကို အသာတကြည်ခွင့်ပြုလိုက်မည်ဖြစ်သည်။ သူ့အား နည်းနည်းမျှပင် ဂရုစိုက်ရန်မလို။

သို့သော် ကံအားလျော်စွာ ကျောင်းဟန်သည် ထိုမျှ တုံးအသူမဟုတ်ချေ။

သူ အံကို ကြိတ်ထားရင်း တစ်လုံးချင်စီ ပီပီသသ ပြောလိုက်သည်။

“ဟင့်အင်း၊ အဲဒါကို ကျွန်တော့်ကိုယ်ထဲကနေ ထုတ်ပေးဖို့ တောင်းဆိုပါတယ်”

“အိုကေ”

ကုကျစ်စုန့် မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် လက်ကိုမြှောက်ကာ ကျောင်းဟန်၏ ခေါင်းကို ကိုင်လိုက်သည်။

ထိုအချိန်သည် ပဥ္စမမြောက် တိုက်ရိုက်ထုတ်လွှင့်ခြင်း ရပ်နားချိန်ဖြစ်သည်။

တင်ဆက်သူလျှို့က ဇာတ်ညွှန်းကို ကိုင်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။

“ဒီနေ့အစီအစဉ်ကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီ? ဒီနေ့ရဲ့ ပြိုင်ပွဲဝင်တွေကတော့ သူတို့ရဲ့ စွမ်းအင်တွေကို ပြသပြီး ပြဿနာတွေကို ကူညီပေးခဲ့ကြပါတယ်၊

ဒီနေ့အတွက် အတော်ဆုံး ထူးခြားပညာရှင်က ဘယ်ပြိုင်ပွဲဝင်လို့ ထင်ကြလဲဆိုတာ မှတ်ချက်လေး ရေးပေးခဲ့ကြပါဦးနော်”

“လာမယ့် စနေနေ့ည ဒီအချိန်မှာ အခု အပိုင်းရဲ့ highlight ဗားရှင်းကို ဗီဒီယို ဝက်ဘ်ဆိုက်မှာ တင်ပေးမှာပဲ ဖြစ်ပါတယ်၊ အဲဒီမှာဆိုရင် အင်တာဗျူးတွေနဲ့ ရိုက်ကွင်းနောက်ကွယ်က မြင်ကွင်းတွေလည်း ပါမှာဆိုတော့ စောင့်ကြည့်ပေးကြပါဦး”

[ဘယ်လို? စုန့်စုန့် သရဲဖမ်းတာတောင် မကြည့်ရသေးဘူး၊ အစီအစဉ်က ရပ်သွားတာလား?!]

[ဟာ..ဒါရိုက်တာကတော့ လုပ်ပြန်ပြီ ၊ ယုံချင်ယုံ၊ မယုံချင်နေ မင်းကို အခုချက်ချင်း ဓားတစ်ချောင်းပို့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ပြန်စပေးဖို့ ပြောမှာနော်။ ငါတို့လည်း သရဲဖမ်းချင်တယ်လေ!]

မျက်နှာပြင်ပေါ်မှ ကင်မရာသည်က တင်ဆက်သူအား ရိုက်ပြနေသည့် ကင်မရာသို့ ပြောင်းသွားပြီးနောက် ပရိတ်သတ်များ မကျေမချမ်းဖြစ်ကုန်ကြသည်။

သို့သော် တချို့ တွေးခေါ်နိုင်စွမ်းရှိသည့် ကြည့်ရှု့သူများက ပြန်လည်ထိန်းသိမ်းကြသည်။

[အဲဒါကို မပြဘူးဆိုတာက နားလည်လို့ ရပါတယ်၊ အခု ဒီအစီအစဉ်က ပထမနဲ့ ဒုတိယရာသီတွေတုန်းကလို ပေါတောတော မဟုတ်တော့ဘူးလေ၊

သတ်လတ်ပိုင်းတွေရော သက်ကြီးပိုင်းတွေရော၊ ကျောင်းသားတွေကပါ ဒါကို ကြည့်နေကြတာ၊ ဒါက တကယ့်ကို အအောင်မြင်ဆုံး အစီအစဉ်လို့တောင် ပြောလို့ ရနေပြီ၊

ဒီပြိုင်ပွဲ အောင်မြင်တဲ့အလျောက် ကြည့်ရှုသူလည်း များမှာပဲလေ။ ပြီးတော့ အခု ဒီကိစ္စတွေက နည်းနည်း အန္တရာယ်များတယ်၊ အခုတောင် လိုင်းပေါ်မှာ ဒီပြိုင်ပွဲက မဟုတ်မမှန်တဲ့ ပညာတွေလွှင့်နေတယ်ဆိုပြီး ပြောနေတဲ့ လူတွေကလည်း အများကြီးပဲ၊

ဒီအချိန်မှာ ငါတို့က ဂရုစိုက်ရမှာ။ ပရိုဂရမ်သာ ဘန်းခံလိုက်ရရင် ငါကတော့ သေအောင်ငိုမှာပဲ!]

ကြည့်ရှုသူတွေ တွေးသလိုပင် ထိုအရာသည် ဒါရိုက်တာ လီချန်ဟဲ စိုးရိမ်သည့် အရာဖြစ်သည်။

မရင့်ကျက်သောသူများမှ ပြိုင်ပွဲဝင်များ၏ သရဲဖမ်းသည့် နည်းပညာများအား လိုက်လံတုပ၍ လုပ်ဆောင်မည်ကို စိုးရိမ်သောကြောင့် အန္တရာယ်များသည့် နည်းလမ်းများအား ရှောင်ရှားခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ၏ အကောင်းဆုံးပြိုင်ပွဲဝင်အဖြစ် ရွေးချယ်ခံရသူမှာလည်း ယခုအကြိမ်တွင်တော့ ရှားရှားပါးပါး

အခြားပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သည်။

ယနေ့ပြိုင်ပွဲတွင် ဒေစီ၏ လုပ်ဆောင်ချက်များသည် အင်မတန် ထင်ပေါ်လှသည်ဟု ကြည့်ရှုသူတော်တော်များများ တွေးကြသည်။

သူမသည်က ပျောက်ကွယ်သွားသော ကျောင်းရှင်းအစစ်၏ တည်ရှိမှုကို ရှာတွေ့ခဲ့သည့် ပထမဆုံးပြိုင်ပွဲဝင်လည်း ဖြစ်သည်။

ထို့ကြောင့် ပရိုဂရမ်အဖွဲ့သားများနှင့် ကြည့်ရှုသူများသည် ယနေ့ပြိုင်ပွဲအတွက် အကောင်းဆုံးထူးခြားပညာရှင်အဖြစ် သူမအား မဲပေးခဲ့ကြသည်။

[ဒီနေ့တော့ ဒေစီကျဲကျဲကို မဲပေးလိုက်တယ်၊ သူက ဒီနေ့ အရမ်းကို စွမ်းအားတွေများပြီး အကောင်းဆုံး ထူးခြားပညာရှင်ခေါင်းစဉ်ကို ရကို ရသင့်ပါတယ်၊

သူရဲ့ အာရုံခံစွမ်းအင်နဲ့ ကျောင်းရှင်းကိုသာ မမြင်ခဲ့ဖူးဆိုရင် ငါတို့ကြည့်ရှုသူတွေကတော့ အဲ့လောက်ထိ ပြီးပြည့်စုံတဲ့ အသိစိတ်ကွဲတစ်ခုရှိနေမှန်းတောင် သိလိုက်ရမှာမဟုတ်ဘူး]

[ငါတို့ ပိုးစာရွက်ပရိတ်သတ်တွေလည်း ဒေစီကျဲကျဲကို မဲပေးခဲ့တယ်၊ စုန့်စုန့်က တကယ်လည်း ဝင်ပြီး ခံစားပေးတတ်တဲ့ နေရာမျိုးမှာ ညံ့ရှာတယ်၊ အဲဒါကလည်း ငါတို့ ပရိတ်သတ်တွေက နားလည်သဘောပေါက်ပြီးသား အားနည်းချက်ပါ၊

အခြားကစားသမားတွေကို ငါတို့က ဘယ်တော့မှ နှိမ့်ချပြောမှာမဟုတ်ဘူးနော်။ အားလုံးက လူတော်တွေချည်းပဲ!]

[အိုး… ကျောင်းရှင်းပြန်လာဖို့ဆိုတာ ဖြစ်နိုင်သေးလားမသိဘူးနော်? သူက တကယ့်ကို ပြည့်စုံတဲ့ လူပဲ၊ ကျောင်းဟန်ရဲ့ အမေကို စောင်ခြုံပေးတာလို့ ကြားရတာနဲ့တင် ငါ့မှာ နွေးထွေးသလို ခံစားနေရတာ၊

ပြီးတော့ အားလုံးကို သူက မိန်းကလေးပါလို့တောင် လိမ်ထားပေးရှာတာ… သူ့ကို ချောက်ချပြီး သတ်ပစ်လိုက်တဲ့ မကောင်းဆိုးဝါးကောင် တော်တော်လေး အောက်တန်းကျလွန်းပါတယ် QAQ]

[ငါက မပြီးစေချင်သေးဘူး၊ နောက်ထပ် အပိုင်းသစ်ကြည့်ဖို့ ၈ရက်တောင် စောင့်ရဦးမှာ…]

အကောင်းဆုံးထူးခြားပညာရှင်အား ရွေးချယ်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအား လုံးဝ ပိတ်ပစ်လိုက်သည်။

ကျောင်းဟန်နှင့် မိခင်ဖြစ်သူ မစ်စ်ဟောင်တို့က နားနေခန်းထဲတွင် ကုကျစ်စုန့် သရဲဖမ်းပေးမည်ကို စောင့်ဆိုင်းနေခဲ့သည်။

သားဖြစ်သူခေါင်းပေါ်တွင် တင်ထားသော ကုကျစ်စုန့်၏ လက်ကို မြင်ရပြီးနောက် မစ်စ်ဟောင် စိတ်ပူစွာ မေးလိုက်သည်။

“တောက်ကျန့်.. အရင် ပြိုင်ပွဲဝင်က ပြောသွားတာကျ အဲဒါက သားနဲ့ ပေါင်းစပ်နေပြီတဲ့၊ အဲဒါထွက်လာရင် ရှောင်ဟန်လေးမှာ အန္တရာယ်ရှိလားဟင်?”

ကုကျစ်စုန့်ကတော့ တည်ငြိမ်စွာပင် ပြောလာသည်။

“သားဖြစ်သူက အဲဒါကို မုန်းတီးပြီး ငြင်းဆန်လိုက်ပြီလေ၊ သူက ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်အစစ်ပဲ၊ အခု သူနဲ့ အဲဒီမကောင်းဆိုးဝါးရဲ့ ကြားက ဆက်သွယ်ချက်က အားနည်းနေပြီ၊ အဲလောက်ဆို လုံလောက်တယ်၊ ကျန်တာကတော့ ကျွန်မ သေချာ ဖြေရှင်းပေးပါမယ်”

“စကားမစပ်၊ အဲဒါကို ဖမ်းမိပြီးရင် ပြောစရာစကားများ ရှိသေးလား?”

မစ်စ်ဟောင်ရော၊ ကျန်းဟောင်ပါ နှစ်ယောက်လုံး အံ့ဩသွားသည်။

“ကျွန်တော်တို့က သရဲနဲ့ စကားပြောလို့ရသေးတာလား?”

“ပြောချင်တယ်ဆိုရင် မင်းတို့ရဲ့ ဝိဉာဉ်ဆိုင်ရာ အသိအမြင်စိတ်ကို ခဏ ယာယီဖွင့်ပေးလို့ ရပါတယ်”

မိခင်နှင့် သားတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တွေဝေမှုမရှိ၊ သဘောတူလိုက်ကြသည်။

သူတို့အနေဖြင့် သရဲတစ်ကောင်အား မြင်ခွင့်ရမည်မှာ တစ်သက်တစ်ကြိမ်သာ ကြုံရနိုင်သည့် အခွင့်အရေးဖြစ်သည်။

ကျောင်းဟန် အံကို ကြိတ်လိုက်မိသည်။ အမှန်တရားကို သိရပြီးနောက် သူ ထိုသရဲကို အရှင်လတ်လတ် ဆုတ်ဖြဲပစ်လိုက်ချင်သည်။

“ကျွန်တော်လည်း သူ့ကို မေးချင်တာလေး ရှိတယ်”

ကုကျစ်စုန့် ခေါင်းငြိမ့်လိုက်သည်။

သူမ သားအမိနှစ်ယောက်၏ ဝိဉာဉ်ဆိုင်ရာ အသိအမြင်စိတ်အား ဖွင့်ပေးပြီးချိန်တွင် တစ်စုံတစ်ယောက် တံခါးခေါက်လာသည်။

ထိုလူဝင်လာချိန်တွင် မြင်လိုက်ရသည်မှာ အခြားလူမဟုတ်၊ ဒါရိုက်တာ လီချန်ဟဲပင်။

သူကို ကြည့်ရသည်မှာ ရှက်ရွံ့နေပုံပေါ်သော်လည်း မျက်လုံးများကို ပွတ်သတ်နေရင်း ဝင်လာခဲ့သည်။

သဘာဝလွန်ပညာအား ရူးသွပ်သူတစ်ဦးဖြစ်သည့် သူသည်က တောင်ပေါ်ဗီလာမှ သရဲအား မြင်ရပြီးနောက် ပျော်ရွှင်ခဲ့ရသည်။ ကုကျစ်စုန့် ကျောင်းဟန်အား သရဲဖမ်းခြင်းနှင့် ကူညီမည်ဟု ကြားရပြီးနောက် သူ ရှေ့မျက်နှာကို နောက်ထားပြီး ရှက်ရှက်ဖြင့် ကြည့်ရန် လာခဲ့ခြင်းဖြစ်သည်။

သူ၏ ဝိဉာဉ်ဆိုင်အရာအသိအမြင်စိတ်ကိုပါ ဖွင့်ပေးပြီးနောက် ကုကျစ်စုန့် ကျောင်းဟန်၏ ခေါင်းအား လက်ချောင်းများဖြင့် အားအနည်းငယ်သုံးကာ ချုပ်ကိုင်ထားလိုက်ပြီးနောက် သူမ၏ စွမ်းအင်များသည် ရေစီးကြောင်းတစ်ခုကဲ့သို့ ဆက်တိုက်စီးဝင်သွားတော့သည်။

သူမ ကျန်းဟောင်၏ အသိစိတ်ပင်လယ်အား ထိတွေ့လိုက်ချိန်တွင် ကျန်းဟောင်ကိုယ်ထဲတွင် နေရာယူထားသော အေးစပ်စေးထိုင်းသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူမကိုယ်တိုင်ပင် မသက်မသာခံစားလိုက်ရသည်။

*

All Chapters