တစ်ယောက်နှင့် တစ်သောင်း
Vol. 5 Ch. 431
"ချီးကွာ ... ဘာလို့ ရထားလမ်းကို ပိတ်ထားရတယ် မသိဘူး ... အရေးကြီးပါတယ် ဆိုခါမှကွာ ..." ရထားလမ်းများကို ပိတ်ထားသဖြင့် ခရီးသည် အချို့မှာ စိတ်ပျက်လက်ပျက် ညည်းညူနေကြသည်။
"ငါကြားတာကတော့ လူဆိုးနှစ်ယောက်ကို ရှာနေတာတဲ့ကွ ... တစ်ယောက်က အာရှလူမျိုးတဲ့ ... နောက်တစ်ယောက်တော့ စောက်ရမ်းလှတဲ့ ရုရှားမလေး ဆိုပဲ ... သူတို့က ယာခူးမြို့ကနေ လာတာတဲ့ ... ငါဒီကိုလာတုန်းက မြို့တစ်မြို့မှာ ကြားခဲ့ရတာ ..." တစ်ယောက်က ရှင်းပြလိုက်သည်။
ထိုအချိန်၌ပင် ခရီးသည် မိန်းကလေး တစ်ယောက်က စစ်သားများအား ဓာတ်ပုံရိုက်နေသော သူမ၏ ခင်ပွန်းကို စနောက်ဟန်ဖြင့် တစ်နေရာသို့ ညွှန်ပြရင်း ..."ချစ်လေး ... ဟိုလယ်သာအင်္ကျီနဲ့ အာရှ ကောင်လေးကို ကြည့်စမ်း ... သူက အခြား အာရှသားတွေထက် ပိုချောတာပဲ ... အမ် ... ဘာတုံး ... သူက ကြိုးတွေကို ဖြတ်လျှောက်လာတာလား ..."
ခြေလျင်တပ်မ ၁၁၆ မှာ ခရီးသည်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန် အတွက် ဘူတာရုံ၌ ကြိုးများကို အရံအတား သဘောဖြင့် တားထားခြင်း ဖြစ်သည်။
ချန်းဖန်မှာ ထိုကြိုးများအား ဂရုစိုက်ပုံ မရပဲ ဖြတ်ကျော်လာခြင်း ဖြစ်ရာ ခဏအတွင်းမှာပင် လူအများ၏ ဝိုင်းကြည့်ခြင်းအား ခံလိုက်ရ၏။ စစ်သားများမှာ ပထမ၌ စစ်အရာရှိ တစ်ယောက်ဖြစ်မည်ဟု ထင်မိသော်လည်း ချန်းဖန်၏ အာရှသား ရုပ်ရည်ကြောင့် ထိုအတွေးအား ပယ်ချလိုက်ကြသည်။
"ဟေး ... ဒီနေရာက ခွင့်ပြုချက် မရှိပဲ ဝင်ခွင့် မရှိဘူး ... မင်းရှေ့တိုးလာရင် ငါတို့ ပစ်ရလိမ့်မယ် ..."
စစ်သား တစ်ယောက်က ချန်းဖန်အား သေနတ်ဖြင့် ထိုးချိန်လိုက်၏။
သို့သော်လည်း ချန်းဖန်မှာ သူ၏ စကားကို ကြားဟန် မရပဲ လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သူကား ရှေ့၌ရှိသော တစ်သောင်းခန့်မျှ စစ်သည်များအား တစ်ချက်လေးပင် ဂရုစိုက်ပုံ မရချေ။
"ဘန်း ..."
ချန်းဖန်၏ အတင်းတိုးတက်လာသော ပုံစံကြောင့် စစ်သားက လှမ်းပစ်လိုက်သည်။ သို့သော်လည်း သူက ချန်းဖန်အား သတ်ရန် မရည်ရွယ်ပဲ ခြေထောက်များကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် သူပစ်ခတ်လိုက်သော ကျည်ဆန်မှာ ချန်းဖန်ထံ မရောက်ခင် အရံအတား တစ်ခုနှင့် ထိတွေ့သွားသည့် အလား ပြန်ကန်ထွက်လာခဲ့၏။
"ဟိုလီမွိုင်ဗို့ခ် ..."
စစ်သားက သေနတ်ကို ပစ်ချရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။
အခြား ခရီးသည်များမှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြတော့သည်။ ချန်းဖန်အား ပထမဆုံး တွေ့ခဲ့သည့် မိန်းကလေးမှာလည်း အံ့ဩမှုကြောင့် သူမ၏ ပါးစပ်ကို လက်ဖြင့် တင်းကျပ်စွာ ပိတ်ထားမိခဲ့သည်။ သူမ၏ ခင်ပွန်းမှာမူ ချန်းဖန်အား ကင်မရာဖြင့် ထိုးချိန်ကာ တဖြတ်ဖြတ် ရိုက်နေခဲ့တော့သည်။
သူကား ရုရှား ဂလိုဂယ်မေး၏ ဂျာနယ်လစ် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ထူးဆန်းသော မြင်ကွင်းကို မှတ်တမ်းတင်ထားရန်မှာ သူ့အတွက် အလွန် အရေးကြီးသည်။
ချန်းဖန်ကမူ ခရီးသည်များ၏ အပြုအမူများကို စိတ်မဝင်စားပဲ ရှေ့သို့သာ ဆက်၍ လျှောက်နေခဲ့သည်။
"ဟူး ... လား ... လား ..."
ရုတ်တရက် ချန်းဖန်၏ ကိုယ်မှ ရွှေရောင် မီးတောက်၊ မီးလျှံများ ထွက်ပေါ်လာကာ ဝတ်ဆင်ထားသော အဝတ်အစားများအား ပြာကျသွားစေခဲ့၏။ သူ၏ ခေါင်းတွင် ဆောင်းထားသော ဦးထုပ်မှာလည်း ပြာကျသွားပြီ ဖြစ်ရာ သူ၏ ထူထဲ နက်မှောင်သော ဆံပင်များကား ပခုံးထက်သို့ ပြေလျော့ကျလာခဲ့၏။
မီးတောင်မီးလျှံများ၏ ဝန်းရံမှုအောက်၌ ချန်းပေ့ရွှမ်းကား ဂရိ နေနတ်မင်း အပိုလိုနှင့်ပင် တူနေချေတော့သည်။
ထိုအချိန်၌ အခြားနေရာများ၌ စစ်ဆေးနေသော စစ်သားများကား သေနတ်သံကြောင့် အပြေးအလွှား ရောက်လာနေကြသည်။
"ဘာဖြစ်တာလဲ ... ဘာလို့ သေနတ်သံ ပေါ်လာတာလဲကွ ..."
"ရန်သူကို တွေ့ထားပြီ ထင်တယ် ... သွားကြည့်ကြရအောင် ..."
"ဟမ့် ... ရန်သူတစ်ယောက်ကို ဖမ်းဖို့များ တပ်ရင်း တစ်ခုလုံးကို လွှတ်ရတယ် လို့ ... ရဲတွေနဲ့တင် ပြီးမယ့် ကိစ္စကိုများ ... ဟင် ... နေဦး ... ဟိုဟာက ဘာကြီးလဲ ..."
အသစ်ရောက်လာသော စစ်သားများမှာလည်း ရွှေရောင် မီးတောက်များ ဝန်းရံနေသည့် ချန်းဖန်အား ကြည့်ကာ ဆွံ့အကုန်ကြတော့သည်။ ထိုမြင်ကွင်းက နတ်ဘုရား တစ်ပါး၏ ဆေးရေးပန်းချီ ရုပ်ပုံနှင့်ပင် တူနေချေသေး၏။
"ချီး ... သူက ကောင်းကင် တမန်တော်လားဟ ... ဒါပေမဲ့ ဘာလို့ ကောင်းကင် တမန်တော်က အာရှသား ဖြစ်နေရတာလဲ ..."
စစ်သားများစွာ ချန်းဖန်အား အကဲခတ် နေကြစဉ်မှာပင် အရာရှိ တစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံက ပေါ်ထွက်လာခဲ့၏။
"အရူးကောင်တွေ ... ဘာကြည့်နေကြတာလဲ ... သူ ဒီကို ရောက်မလာခင် သတ်ကြစမ်း ..."
အရာရှိ၏ အမိန့်ကြောင့် ခြေလျင်တပ်မ ၁၁၆ တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတော့သည်။ စစ်သားများစွာကား သူတို့၏ သေနတ်များ၊ ဒုံးကျည် လက်နက်များကို ထုတ်ယူကာ ချန်းဖန်အား ထိုးချိန်လိုက်ကြတော့သည်။ အနီးအနားတွင် ရပ်ထားသော သံချပ်ကာ ကားများမှာလည်း စက်များကို နှိုးကာ ရန်သူဆီသို့ ချီတက်ရန် ပြင်လိုက်ကြတော့သည်။
"ငါတို့ ပစ်သင့်ရဲ့လားဟင် ... တော်ကြာ ကောင်းကင် တမန်တော်ကို မှားပြီး အပြစ်လုပ်မိခါမှ ..." ဘာသာရေး ကိုင်းရှိုင်းသော စစ်သား တစ်ယောက်က မျက်စိပျက်၊ မျက်နှာပျက်ဖြင့် ပြောလိုက်သည်။
"မင်းကြီးတော်ကို မှားရမှာလား ... သူက လူသတ်သမားကွ ... သတ်စမ်း ..."
အရာရှိများ၏ အကြိမ်ကြိမ် ကျိန်ဆဲတိုက်တွန်းမှုများ အပြီး၌ ခြေလျင်တပ်မ ၁၁၆ မှာ စတင် ပစ်ခတ်လိုက်တော့၏။
"ဘန်း ... ဘန်း ... ဘန်း ..."
ချန်းဖန်နှင့် အနီးဆုံး နေရာတွင် ရှိသော စစ်သားများက စက်သေနတ်ဖြင့် ပစ်ခတ်လိုက်ကြသည်။ ယခုအချိန်၌ ချန်းဖန်မှာ စစ်တပ်ဖွဲ့ နေရာယူထားသော အဓိက နေရာနှင့် သုံးကီလိုမီတာခန့် ကာဝေးနေသေးသည် ဖြစ်ရာ စစ်သားများမှာ သာမန်ကာလျှံကာသာ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း အံ့အားသင့်စွာပင် စက်သေနတ် ကျည်ဆန်များမှာ ချန်းဖန်၏ အနားသို့ ရောက်သည်နှင့် အမှုန်အမွှား အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်ကုန်ကြတော့သည်။ အဆိုးဝါးဆုံးကား သူတို့၏ တိုက်ခိုက်မှုက ချန်းဖန်အား ခြေတစ်လှမ်းပင် မနှောင့်နှေး စေနိုင်ခြင်းပင်။
"ဒါက မဖြစ်နိုင်တာ ...."
စစ်သားများနှင့် ခရီးသည်များကား ထိုမြင်ကွင်းအား မယုံကြည်နိုင်စွာ ငေးမော နေမိခဲ့ကြသည်။ ဂလိုဘယ်မေး၏ ဂျာနယ်လစ်မှာမူ မြင်ကွင်း တစ်ခုတလေကိုပင် အလွတ် မပေးနိုင်သည့် အလား ကင်မရာကိုသာ အဆက်မပြတ် အလုပ်ပေးနေခဲ့တော့သည်။
ထိုအချိန်၌ နာတာရှာကမူ ချန်းဖန်အား ကြည့်ရင်း လက်သီးကိုသာ ကျစ်ကျစ်ဆုပ် ထားမိတော့သည်။ သူမကား စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားနေသည့်တိုင် အသုံးမဝင်ချေ။
၃ ကီလိုမီတာ ...
၂.၉ ကီလိုမီတာ ...
၂.၈ ကီလိုမီတာ ...
ချန်းဖန်ကား စက္ကန့်နှင့် အမျှ တဖြည်းဖြည်း ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။
"အမြောက်တွေ ဘယ်မှာလဲ ... အမြောက်တွေ ပစ်ကြစမ်း ... သူက ဖြည်းဖြည်းချင်းပဲ လာနေတာ ... တင့်ကားတွေနဲ့ လောင်ချာ သမားတွေ ဘယ်ရောက်နေလဲ ... စနိုက်ပါ တွေရော ... လုပ်ကြပါဟ ..."
ခြေလျင်တပ်မ ၁၁၆ ၏ ခေါင်းဆောင် ဗိုလ်မှူးကြီး ဂရိုမော့က စစ်သားများအား ဆက်သွယ်ရင်း ညွှန်ကြားနေခဲ့၏။
ထိုအချိန်မှာပင် ချန်းဖန်မှာ သူ၏ တပ်ရင်း အနားသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ချန်းဖန်၏ မျက်နှာအား မြင်သည်နှင့် ဂရိုမော့၏ ရင်အစုံမှာ တဒိန်းဒိန်း မြည်ဟီးသွားတော့သည်။
"ဒါပေမဲ့ သူ ... သူက နျူကလိယဗုံးကြောင့် သေသွားပြီ မဟုတ်ဘူးလား ..."
ဂရိုမော့မှာ ဂယောင်ချောက်ချား တွေးနေမိတော့သည်။
ထိုအချိန်၌ ရုရှား စစ်သားများမှာ လက်နက်ကြီးများကို သုံး၍ ချန်းဖန်အား ဝိုင်းဝန်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ရာချီသော တင့်ကားများ၊ သံချပ်ကာ ကားများမှာလည်း ချန်းဖန်၏ ပတ်လည်၌ စက်ဝိုင်းသဏ္ဌာန် ဝိုင်းပတ်ကာ အမြောက်များဖြင့် ထိုးချိန်ထားကြသည်။
"ပစ်ကြစမ်း ..."
"ရှူး ... ရှူး ... ဘုန်း ..."
ဒါဇင်ချီသော ဒုံးကျည်များမှာ ချန်းဖန်ထံသို့ ပျံသန်းသွားပြီး ပတ်ဝန်းကျင် မီတာရာချီအား ပေါက်ကွဲမှုများဖြင့် ဖုံးအုပ်ပစ်လိုက်သည်။ ရုတ်တရက် ချန်းဖန်ရှိရာ ကွင်းပြင် တစ်ခုလုံးကား ဖုန်များ၊ မီးခိုးများဖြင့် ပြည့်နှက် သွားတော့၏။ ထိုတိုက်ခိုက်မှုက တပ်ရင်းတစ်ခုလုံးကိုပင် ဖြိုဖျက်ပစ်နိုင်အောင် ပြင်းထန်လွန်းလှသည်။
စစ်သားများ အောင်ပွဲခံရန် ဟန်ပြင်လိုက်စဉ်မှာပင် ရွှေရောင် အလင်းမှာ မီးခိုးများ၊ ဖုန်များ၏ အလယ်၌ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း အားလုံး တွေ့လိုက်ရသည်။
"ဒုံးကျည်တွေတောင် သူ့ကို မတားနိုင်ဘူးလား ..."
ရုရှား စစ်သားများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန် ကြောက်လန့် လာခဲ့ကြသည်။
ထိုအချိန်၌ပင် သံချပ်ကာ ကားများမှာလည်း ချန်းဖန်အား ဝိုင်းပတ်၍ ပစ်လိုက်ကြပြန်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
များစွာသော အမြောက်သံများကြောင့် ကောင်းကင် တစ်ခုလုံးမှာ ပဲ့တင်ရိုက်ခတ်သံများဖြင့် ဆူညံနေခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် လက်ကိုင် အမြောက် ကိုင်ဆောင်ထားသည့် စစ်သားများကလည်း သံချပ်ကာ ကားများကို ထပ်မံ အားဖြည့်ကာ ချန်းဖန်ထံ ပစ်ခတ်လိုက်ကြပြန်၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
မရေမတွက်နိုင်သော ပေါက်ကွဲမှုများဖြင့် ကမ္ဘာမြေကြီးက တဆတ်ဆတ် တုန်ခါနေကာ ကောင်းကင်ပင် ပြိုကျတော့မလိုပင် ထင်နေရတော့၏။
အဆက်မပြတ် တိုက်ခိုက်မှုများ အကြား၌ ချန်းဖန် တည်ရှိကာ နေရာဇုန် တစ်ခုလုံးကား ကမ္ဘာပျက် မတတ် ဖြစ်နေခဲ့တော့သည်။ ထိုနေရာတွင် ရှိနေသည့် ယင်ကောင်တစ်ကောင်ပင်လျှင် ပြင်းထန်သော တိုက်ခိုက်မှုများမှ လွတ်မြောက်ပေလိမ့်မည် မဟုတ်ပေ။
ပထမ အကျော့ ...
ဒုတိယ အကျော့ ...
တတိယ အကျော့ ...
ဆယ်မိနစ် မပြည့်ခင် အချိန်အတွင်းမှာပင် ရုရှား စစ်တပ်မှာ ချန်းဖန်အား သုံးကြိမ်တိုင်တိုင် တိုက်ခတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ထိုတိုက်ခိုက်မှုများက အလွန် ကြီးမားသော တောင်တစ်တောင်ကိုပင် ဖြိုချ ဖျက်ဆီးပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။ သူတို့၏ အမြောက်များပင်လျှင် အဆက်မပြတ် ပစ်ခတ်မှုများကြောင့် အပူရှိန် မြင့်တက်ကာ နီရဲနေခဲ့ပြီ ဖြစ်သည်။
"သူသေလောက်ပြီ ထင်တယ် ..." စစ်သားအိုကြီး တစ်ယောက်က လက်နှစ်ဖက်ဖြင့် နားကို အုပ်ထားရာမှ တီးတိုးရေရွတ်လိုက်သည်။
အခြားစစ်သားများစွာကမူ မီးခိုးများ၊ ဖုန်များ ထူထပ်နေသည့် စစ်တလင်းပြင်ကိုသာ စူးစိုက် ကြည့်နေခဲ့မိကြသည်။
နာတာရှာမှာမူ သူမ၏ မျက်စိများကိုသာ ပိတ်ထားမိခဲ့သည်။ ချန်းဖန်၏ ဆိုးဝါးသော အဖြစ်အပျက်များကို သူမ မမြင်တွေ့လိုချေ။
အခြားသော ခရီးသည်များစွာမှာလည်း ချန်းဖန်၏ သေဆုံးမှု အတွက် ခေါင်းများကိုသာ ခါယမ်းရင်း စိတ်မကောင်း ဖြစ်နေကြတော့သည်။
"ဟင်း ... ဘာလို့ သူက စစ်တပ်ကြီး တစ်ခုလုံးကို တစ်ယောက်လည်း ရင်ဆိုင်ရတာလဲ ..." အဘိုးကြီး တစ်ယောက်က သက်ပြင်း ချလိုက်သည်။ ဂလိုဘယ်မေး၏ ဂျာနယ်လစ်ကလည်း ခေါင်းခါယမ်းရင်း သူ၏ ကင်မရာအား ပြန်ချလိုက်တော့သည်။
အားလုံး သက်ပြင်းချ နေမိစဉ်မှာပင် မီးခိုးများ၊ ဖုန်များ အကြား၌ ရွှေရောင် အလင်းက တဖြည်းဖြည်း ထင်ရှားစွာ ပြန်လည် ပေါ်ထွက်လာခဲ့တော့၏။ ထိုအလင်းကား အနှိုင်းမဲ့တည်ရှိခြင်းများကို ကိုယ်စားပြုနေရာ မည်သည့် လက်နက်ကမျှ ဖျက်ဆီးနိုင်မည့်ပုံ မရချေ။
***