စစ်တပ်အား ဖြိုခွင်းခြင်း
Vol. 5 Ch. 432
ချန်းဖန်သည် အဇူရာ သက်ရှည်ခန္ဓာကိုယ် စဦးအောင်မြင်ခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်ရာ မူလ ကျင့်ကြံသူများ အလား အစွမ်းထက်နေပြီ ဖြစ်သည်။
မူလ ကျင့်ကြံသူများတွင် နှင်းဝံပုလွေဘုရင်ကဲ့သို့ ပြိုင်ဘက်ကင်း ဒဏ်ရာကျက်နှုန်း မရှိသော်လည်း ခန္ဓာကိုယ်မှာ နျူကလိယဗုံးငယ် ပေါက်ကွဲမှုများကိုပင် ခံနိုင်ရည် ရှိသည်။ သာမန်ဗုံးများ၊ လောင်ချာများ ဆိုလျှင် ထည့်ပြောစရာပင် မလိုချေ။
ချန်းဖန်မှာ မီးခိုး၊ မီးတောက်များ အကြားမှ ဖြည်းညင်းစွာပင် လမ်းလျှောက် ထွက်လာခဲ့သည်။ သူ၏ အရေပြားများတွင်မူ အဇူရာ အလင်းရောင်က ခပ်ဖျော့ဖျော့ တောက်လောင်လျက် ရှိရာ စိန်ရုပ်တု တစ်ခုလိုပင် ထင်ရ၏။
စစ်သားများ အပါအဝင် လူတိုင်းကား ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေကြတော့သည်။ ထိုမျှ ထူးဆန်းသော အဖြစ်အပျက်မျိုး သူတို့ သက်တမ်းတစ်လျှောက် တစ်ခါမျှပင် မမြင်တွေ့ခဲ့ဖူးချေ။
"ဟင်း ..."
နာတာရှာက သက်ပြင်းချရင်း စိတ်ဖိစီးမှုများအား လျှော့ချလိုက်၏။ သူမ၏ အကြည့်များက ချန်းဖန်ထံ၌သာ စူးစိုက်နေခဲ့သည်။ သူမ၏ မျက်လုံးများတွင်မူ လေးစားမှု၊ ချစ်ခင်မှုတို့က တလက်လက် တောက်ပနေခဲ့တော့သည်။
ထိုအချိန်၌ ဗိုလ်မှူးကြီး ဂရိုမော့၏ မျက်နှာမှာ သွေးဆုတ် ဖြူရော်ကာ အသက်မဲ့နေခဲ့ပြီ ဖြစ်သည်။
"အဲဒါ သူပဲ ... အဲဒါ သူပဲ ... ချန်းပေ့ရွှမ်း ပြန်လာပြီ ..."
ဂရိုမော့ ကယောင်ချောက်ချား ရေရွတ်လိုက်မိသည်။
သူကား ချန်းပေ့ရွှမ်း၏ ဒဏ္ဍာရီ များစွာအား အကြိမ်ကြိမ် အခါခါ ကြားခဲ့ဖူးသည်။ ချန်းပေ့ရွှမ်းကား နတ်ဘုရားကဲ့သို့ အစွမ်းထက်သူ ဖြစ်သည်။ တစ်သောင်းမျှရှိသော သူ၏ တပ်မကြီးပင်လျှင် ချန်းပေ့ရွှမ်းအား အနိုင်ယူနိုင်ရန် မသေချာပေ။
"ဆရာ ... ဆရာ ... ကျွန်တော်တို့ ဘာလုပ်ရမှာလဲ ..."
ဗျူဟာမှူး တစ်ယောက်က စစ်မြေပြင်မှ အင်တာကွန်ဖြင့် လှမ်းမေးသည်။
ထိုအသံကြောင့် ဂရိုမော့၏ ပြန့်ကျဲနေသော စိတ်များ ချက်ချင်း ပြန်လည် စုစည်းသွားသည်။ သူက အင်တာကွန်ကို ကောက်ကိုင်လိုက်ရင်း ညွှန်ကြားလိုက်၏။
"သံချပ်ကာ ကားတွေ အပြင် လေတပ်စစ်ကူပါ ခေါ်ပါ ... ငါတို့ သူ့ကို တားဖို့လိုတယ် ... နောက် အထက်ပုဂ္ဂိုလ်တွေကို ဆက်သွယ်ပြီး ရန်သူက ချန်းပေ့ရွှမ်း ဆိုတာ သတင်းပို့ပါ ... ငါတို့ စစ်ကူလိုတယ် ... စစ်ကူလိုတယ် ... နားလည်လား ..."
"ရက်စ် ဆာ ..."
ဗျူဟာမှူးက ချက်ချင်းပင် ဌာနချုပ်သို့ ဆက်သွယ်ကာ သတင်းပို့လိုက်သည်။
ထိုအချိန်၌ ချန်းဖန်မှာ အချိန်မဆွဲချင်တော့သည့် အလား စစ်တပ်ရှိရာသို့ ပြေးလာနေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကား စက္ကန့်နှင့် အမျှ ပိုမို မြန်ဆန်လာပြီး ရွှေရောင် အလင်းတန်း တစ်ခုအလားပင် ထင်ရသည်။
ချန်းဖန်၏ ရှေ့တည့်တည့်ရှိ ပထမဆုံး အတားအဆီးကား သံများ၊ စတီးများဖြင့် ပြုလုပ်ထားသည့် သံချပ်ကာ ကားကြီးများ ဖြစ်သည်။ ထိုသံချပ်ကာ တင့်ကားကြီးများမှာ စစ်တပ်ရင်း တစ်ခုကိုပင် ဖျက်ဆီး ပစ်နိုင်သည် အထိ အင်အား ကြီးမားသော်လည်း ချန်းဖန်ကမူ အလေးအနက်ထားဟန် မရချေ။
"ဘွန်း ... ဘွန်း ..."
ရာချီသော တင့်ကားများက အင်ဂျင်များကို နှိုးရင်း ချန်းဖန်အား အသင့်စောင့်ကြို နေကြ၏။ ခြေလျင်တပ်မ ၁၁၆ ကား ဂျပန် ကြည်းတပ် ၁၄ ထက် ဆယ်ဆခန့် ပိုမို အစွမ်းထက်သည်။ ထို့အပြင် ရုရှား၏ စစ်တပ် နည်းပညာပိုင်းမှာ ဂျပန်ထပ် အဆများစွာ ပိုမိုသော အဆင့်ကို ရောက်နေပြီ ဖြစ်သည်။ ဂျပန် ကာကွယ်ရေး တပ်မတော်မှာ အမေရိကန်ထံမှ ခေတ်မီလက်နက်များ ဝယ်ယူထားသည့်တိုင် ရုရှား၏ ကိုယ်ပိုင် လက်နက်များကိုမူ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
"သူ့ကိုတား ... သူ့ကိုတား ... အနားကပ် မခံနဲ့ ..."
တဖြည်းဖြည်း နီးကပ်လာသော ချန်းဖန်အား ကြည့်ရင်း ရုရှား အရာရှိများက အသည်းအသန် အော်ဟစ်လိုက်ကြ၏။ အကယ်၍ ချန်းဖန်သာ စစ်တပ် နေရာယူထားသည့် နေရာသို့ ရောက်လာပါက လက်နက်ကြီးများအား အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် အရေးနိမ့်ရန် ကျိန်းသေနေပြီ ဖြစ်သည်။
"ဘန်း ..."
ချန်းဖန်အား ပထမဆုံး စတင်ပစ်ခတ်လိုက်သည်မှာ A-T-62 တိုက်ပွဲဝင် သံချပ်ကာ တင့်ကားတစ်စီး ဖြစ်သည်။ ထိုအမြောက်ကျည်ဆန်က လေထဲသို့ အလင်း၏ အမြန်နှုန်းဖြင့် ပျံတက်ကာ ချန်းဖန်ထံ တန်းတန်း မတ်မတ် တိုးဝင်သွားသည်။
"ဘန်း ..."
ကီလိုဂရမ်များစွာ လေးသော အမြောက် ကျည်ဆန်အား ချန်းဖန်က လက်သီးဖြင့် ထိုးလိုက်၏။ ထိုလက်သီး၏ အရှိန်ဖြင့် အမြောက်ဆံက ကောင်းကင်သို့ လွင့်စဉ်ကာ လေထဲတွင်ပင် ပေါက်ကွဲသွားတော့၏။
"ဘန်း ... ဘန်း ... ဘန်း ..."
ပထမ အမြောက်ဆန် အသုံးမဝင်သည်ကို တွေ့သည်နှင့် အခြားတင့်ကားများကပါ ပူးပေါင်းရင်း ချန်းဖန်အား ပစ်ခတ်လိုက်ပြန်သည်။
"ဘန်း ... ဘန်း ... ဘန်း ..."
တစ်ဒါဇင်ခန့် ရှိသော တင့်ကား အမြောက်ဆန်များကား ချန်းဖန်၏ လက်သီးချက်များ အောက်၌ အလုံးစုံ ပေါက်ကွဲကုန်ကြပြန်သည်။ ထိုသာမန် တင့်ကားများ၏ အမြောက်ဆန်များမှာ သူ၏ အဇူရာ သက်ရှည် ခန္ဓကိုယ်အား မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်ချေ။
သို့သော်လည်း တင့်ဖျက်ကားများကိုမူ ချန်းဖန် ထိပ်တိုက် ရင်မဆိုင်ချင်သေးပေ။ မီတာများစွာ ထူသော စတီးပြားများကိုပင် အပိုင်းပိုင်း ဖြတ်ပစ်နိုင်သည့် ထိုလက်နက်ကြီးများဖြင့် အဇူရာ သက်ရှည် ခန္ဓာကိုယ်အား စစ်ဆေးခြင်းမှာ စာ ကျလွန်းသည်။
သို့သော်လည်း ရုရှား ကဲ့သို့သော နိုင်ငံကြီးမျိုး၌ပင် တင့်ဖျက်ကား တပ်ဖွဲ့မှာ လက်တစ်ဆုပ်စာသာ ရှိသည်။ ထို့အပြင် တင့်ဖျက်ကားများ၏ ပစ်ခတ်မှုနှုန်းက အတော်လေး နှေးကွေးရာ ချန်းဖန်အတွက် ရှောင်တိမ်းရန် ပြဿနာ မရှိချေ။
နှစ်ကီလိုမီတာ ...
တစ်ကီလိုမီတာ ...
ကိုးရာမီတာ ...
ရှစ်ရာမီတာ ...
ချန်းဖန်ကား တပ်စွဲထားရာ နေရာနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။
"ဘုန်း ..."
လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က သံချပ်ကာ တင့်ကားတစ်စီးအား ဝင်တိုက်လိုက်၏။ တန်နှစ်ဆယ်ကျော် လေးသော တင့်ကားကြီးကား လေထဲသို့ လွင့်စဉ်ကာ နောက်ဘက်မီတာများစွာရှိ အခြားတင့်ကား တစ်စီးပေါ်သို့ ပြုတ်ကျ၏။
"ဘုန်း ..."
အရှိန်ပြင်းစွာ ရိုက်ခတ်မှုနှင့် ကြီးမားသော အလေးချိန်တို့ကြောင့် တင့်ကား နှစ်စီးကား ပြားချပ်သွားခဲ့တော့၏။
"အိုးမိုင်ဂေါ့ ..."
များစွာသော စစ်သားများကား ဘုရားတ နေမိကြပြီ ဖြစ်၏။ သူတို့၏ ရှေ့တွင်ပင် ထိုလူငယ်မှာ တင့်ကားအား ခန္ဓာကိုယ် သက်သက်ဖြင့် တိုက်ကာ လွင့်စဉ်သွားစေခဲ့သည်။ လူငယ်၏ ခန္ဓာကိုယ်က မည်မျှအထိ သန်မာနေသနည်း။ စစ်သားများကား အသက်ပင် မရှူနိုင်တော့အောင် အံ့အားသင့်နေကြပြီ ဖြစ်သည်။
"တိုက်ကြစမ်း ... ဘာတွေ ငေးနေတာလဲ ... တိုက်ကြစမ်း ..."
ဗျူဟာမှူးက ငေးမောနေသော စစ်သားများအား လှမ်းအော်ငေါက်လိုက်၏။
သူ၏ အမိန့်ပေးမှုအောက်၌ တစ်ဒါဇင်ခန့် ရှိသော တင့်ကားများက လျင်မြန်စွာပင် လှုပ်ရှားကာ ချန်းဖန်၏ ပတ်လည်သို့ ဝိုင်းပတ်လိုက်ကြသည်။ ထိုသံမဏိ သားရဲကြီးများကား ထရပ်ကား တစ်စီးကိုပင် ပြားချပ်အောင် တက်ကြိတ်နိုင်စွမ်း ရှိကြသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ချန်းဖန်က လျင်မြန်စွာ လှုပ်ရှားရင်း လက်သီးချက်များအား တရစပ် ဖော်ထုတ်လိုက်၏။
သူ၏ လက်သီးချက်တိုင်းက တန်ချိန်ပေါင်းများစွာ လေးလံသော တင့်ကားကြီးများအား ကောင်းကင်သို့ ပျံတက်လွင့်စဉ်သွားစေ၏။ ထိုသံမဏိ သားရဲကြီးများကား စစ်မြေပြင်၌ ဘုရင် အဖြစ် မင်းမူနိုင်သည့်တိုင် ချန်းဖန်၏ လက်သီးချက် တစ်ချက်ကိုပင် ခံနိုင်ရည် မရှိချေ။
ချန်းဖန်၏ ခြေလှမ်း ဆယ်လှမ်း အတွင်းမှာပင် စစ်မြေပြင်မှ သံချပ်ကာ တင့်ကား ဆယ်စီးခန့် ပျက်စီးသွားရပြီ ဖြစ်၏။
ထိုမြင်ကွင်းကြောင့် ဗိုလ်မှူးကြီး ဂရိုမော့၏ မျက်လုံးများကား သွေးများကဲ့သို့ နီရဲ နေခဲ့ပြီ ဖြစ်သည်။ သူ၏ လက်အောက်၌ သံချပ်ကာ တင့်ကား သုံးရာခန့်သာ ရှိသော်လည်း ထိုအထဲမှ ဆယ်စီးကျော်ကား တစ်ခဏ အတွင်းမှာပင် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
သို့သော်လည်း ထိုအရာက အစသာ ဖြစ်သေးကြောင်း သူကောင်းစွာ သဘောပေါက်၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
သံမဏိ သားရဲကြီးများကား ချန်းဖန်၏ လက်သီးချက်များ အောက်၌ တစ်စီးပြီး တစ်စီး ပျက်စီးနေခဲ့ရပြီ ဖြစ်တော့သည်။ သူ၏ လက်သီးချက်များကား ပလူပျံနေသော အမြောက်ဆံများ၏ အောက်၌ပင် အားလျော့သွားခြင်း မရှိချေ။
ဆယ်မိနစ် မပြည့်ခင် အချိန် အတွင်းမှာပင် ချန်းဖန်ကား ဒါဇင်များစွာသော သံချပ်ကာ တင့်ကားများအား ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။
"ချီးပဲ ..." စစ်သားများကား ချန်းဖန်အား ငေးရင်း တုန်လှုပ်လာကြသည်။ လူသတ်စက်ဟု ဆိုနိုင်သည့် သံမဏိ သားရဲကြီးများအား ပလက်စတစ် အရုပ်လေးများကဲ့သို့ ဖျက်ဆီးပစ်ခြင်း။ ထိုအရာက တွေးတော ဆင်ခြင်နိုင်စွမ်းကိုပင် ကျော်လွန်နေသည်။
ချန်းဖန်မှာ သာမန် စစ်သားလေးများကို အလေးမထားပဲ တင့်ကားများကိုသာ ဦးတည် တိုက်ခိုက်နေခြင်း ဖြစ်သည်။ တစ်ခဏအတွင်းပင် ချန်းဖန်မှာ တင့်ကားများကို ကျော်ဖြတ်၍ ဗိုလ်မှူးကြီး ဂရိုမော့ အနီးသို့ ရောက်လာခဲ့သည်။ ရုတ်တရက်ပင် သူ၏ မျက်လုံးမှ အဇူရာ အလင်းတစ်ခု ထွက်ပေါ်လာကာ ဂရိုမော့ထံ ပြေးဝင်သွားတော့၏။ ထိုခဏတွင်ပင် ဗိုလ်မှူးကြီး ဂရိုမော့၏ ဘဝကား အဆုံးသတ် သွားခဲ့ရတော့၏။
ဂရိုမော့အား အဆုံးသတ်ပြီးသည်နှင့် ချန်းဖန်မှာ ခါဘာရို့မြို့သို့ ဦးတည် ထွက်ခွာ သွားလိုက်တော့၏။
***