ကြေးမုံ
Vol. 1 Ch. 4
ရတနာစံအိမ်သည်ကား အမှန်ပင် ရတနာများဖြင့် ပြည့်နေပေသည်။ အတွင်းကို ဝင်လိုက်သည်နှင့် မျက်လုံးများ ကျိန်းစပ်သွားအောင် ရောင်စဉ်ရောင်ဝါများအားမြင်လိုက်ရပေသည်။ သပ်ယပ်စွာ နေရာချထားသော သေတ္တာများတွင် ဓားများ၊ ရှေးဟောင်းအစီအရင်ပစ္စည်းများ၊ရတနာများဖြင့် ပြည့်လျှံနေပေသည်။
မန်ဟိုကား နှလုံးများ အပြင်သို့ ခုန်ထွက်တော့မည့်အလား အသက်ပြင်းစွာ ရှုရှိုက်နေရ၏။ သူ့တစ်ကိုယ်လုံးမှ သွေးများ ဦးနှောက်ထဲသို့ တိုးဝင်လာသည်ဟု ခံစားရ၏။ သူကား ထိုနေရာတွင်ပင် မှင်တက်စွာ ရပ်နေမိသည်။
မန်ဟို၏ဘဝတစ်သက်တာတွင် ဤမျှ များပြားသော ဥစ္စာရတနာများအား မမြင်ဖူးပေ။ ထိုအရာများကိုသာ သူပိုင်ရလျှင်။ သူ၏ခေါင်းသည် လောဘရမ္မက်များ၏အတွေးများဖြင့် ချာချာလည်လာခဲ့၏။
“ဒီရတနာတွေရဲ့ တန်ဖိုး …” မန်ဟိုက ရေရွက်သည် “ဒါတွေက တန်ဖိုးဖြတ်မရတဲ့အရာတွေပဲ။ အင်မော်တယ်တွေအတွက် အလုပ်လုပ်လို့ရတဲ့ ကြေးတွေက အရမ်းမိုက်တာပဲ”
သူက ကျောက်စိမ်းသေတ္တာတစ်ခုအား ကျော်ဖြတ်သွားပြီးနောက် စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ရှေ့ကို ကြည့်လိုက်သည်။ ရတနာစံအိမ်၏တတိယထပ်တွင် ရှိသော အရာများမှာ သည်ရတနာများနှင့် အတူတူလား၊ သို့မဟုတ်လျှင် ပိုမို၍ တန်ဖိုးကြီးမည်လား သူတွေးနေသည်။
“အင်မော်တယ်တွေက တကယ် ချမ်းသာတာပဲ” မန်ဟိုက သက်ပြင်းချသည်။ ရုတ်တရက် သူ၏မျက်လုံးက ထူးဆန်းသော အရာတစ်ခုအား သတိထားမိ၏။ ကျောက်စိမ်းသတ္တာတစ်ခု၌ သူက ကြေးမုံတစ်ခုကို မြင်သည်။
ကြေးမုံကား ဟောင်းနွမ်းနေပြီဖြစ်သည်။ ထိုအရာက အရောင်အဝါများလည်း တောက်ပြောင်ခြင်းမရှိသလို ထူးခြားသည့်ပုံစံလည်း မရှိပေ။ တခြားသော ရတနာများနှင့်ယှဉ်ပါက သည်ကြေးမုံမှာ ရတနာဟုပင် မပြောနိုင်။
အံ့အားသင့်စွာဖြင့် မန်ဟိုက ကြေးမုံကို ကောက်ယူကာ အနီးကပ်ကြည့်သည်။ ကြေးမုံကား လူသားတို့လောကထဲမှ သာမန် ကြေးမုံတစ်ချပ်အလား ထင်ရ၏။ သို့သော်လည်း သည်ကြေးမုံမှာ ရတနာစံအိမ်ထဲ၌ ရှိနေရာ တန်ဖိုးရှိသော တစ်စုံတစ်ခုဖြစ်မည်ဟု တွေးမိသည်။
“ဂိုဏ်းတူညီလေးရဲ့ အမြင်က တကယ်ကောင်းတာပဲ”
သူ့နောက်မှ အသံတစ်သံကို ကြားရသည်။ ပါးသိုင်းမွှေးဖြင့်လူက သူ့နောက်ကို မည်သည့်အချိန်က ရောက်လာမှန်း မသိပေ။ သူက အန်မတန် လေးနက်သော လေသံဖြင့် ပြောသည်။
“မင်းက ကြေးမုံကို ကောက်လိုက်မှတော့ ဒါက ကြေးမုံနဲ့ ကံကြမ္မာပါတယ်လို့ ပြောနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတွေ အများကြီးရှိတယ်။ အထူးဆန်းဆုံးကိစ္စက ကံကောင်းမှုတွေနဲ့ ကုသိုလ်ကောင်းမှုတွေ အများကြီးရှိတဲ့သူတွေကမှ ဒါကို ပိုင်ဆိုင်နိုင်တာပဲ။ ကြည့်ရတာ ဂိုဏ်းတူညီလေးက ဒီလိုလူမျိုးပဲဖြစ်ရမယ်။ ဒီကြေးမုံနဲ့ဆိုရင် မင်းဟာ ကောင်းကင်နဲ့မြေကြီးကို အစိုးရနိုင်တယ်။”
လူကြီးက ပြောကာ တစ်ကြိမ်ပြီးတစ်ကြိမ် သက်ပြင်းချသည်။ သူ၏စကားက မန်ဟိုအား သူ၏စကားကို နားထောင်ရန် ထူးဆန်းသော အစွမ်းများ ပါနေဟန်ရ၏။
“ဒီမှန် …” မန်ဟိုက ကြေးမုံအား ကြည့်ကာ ထူးဆန်းသော အမူအရာများဖြစ်လာသည်။ ကြေးမုံတွင် ရှုပ်ထွေးသော အဆင်တန်ဆာများပင် မပါဝင်ဘဲ အလွန်သာမန်ဆန်လွန်းနေ၏။
မန်ဟိုက ကြေးမုံကို သေတ္တာထဲသို့ ပြန်ထည့်ရန် ဟန်ပြင်လိုက်စဉ်မှာပင် လူကြီးက သူ့အား တားဆီးရန် အလောတကြီး ရှေ့ကို တိုးလာကာ လေးနက်စွာ ပြောသည်။
“ဂိုဏ်းတူညီလေး၊ ကြေးမုံရဲ့ သွင်ပြင်ကို မကြည့်နဲ့။ တကယ့်ရတနာတွေဟာ များသောအားဖြင့် သာမန်ပစ္စည်းတွေအတိုင်းပဲ။ သူတို့က သိုသိုသိပ်သိပ် နေလေလေ တန်ဖိုးကြီးလေလေပဲ”
“ဂိုဏ်းတူညီလေး၊ မင်းက ဒီကြေးမုံကို ကောက်လိုက်တယ်ဆိုကတည်းက မင်းနဲ့ကံကြမ္မာဟပ်စပ်နေလို့ပဲ။ တကယ်ပဲ သာမန်သွင်ပြင်နဲ့မို့လို့ ပြန်ထားလိုက်တော့မှာလား။ ငါက ရတနာစံအိမ်မှာ တာဝန်ကျတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒီကရတနာတွေအကုန်လုံးရဲ့ ဇာစ်မြစ်ကို ငါသိတယ်။ ဒါက ကောင်းကင်က ကျလာတဲ့ ရောင်ခြည်တစ်ခုနဲ့ဖန်တီးထားတာပဲ။”
“ဒါကို ရရှိပြီးနောက် မှီခိုရာဂိုဏ်းချုပ်က ကောင်းကင်ရတနာလို့ ယူဆပြီး လျှို့ဝှက်လေ့လာခဲ့ပေမဲ့ သူဟာ အဆုံးသတ်မှာ ကြေးမုံရဲ့လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ခဲ့ဘူး။ သူကောက်ချက်ချတာက ကံကြမ္မာစပ်ဟပ်တဲ့သူရဲ့လက်ထဲမှာမှ ရတနာဟာ အသက်ဝင်ပြီးတော့ သူဟာ ကောင်းကင်နဲ့မြေကြီးကို အစိုးရမှာတဲ့”
မန်ဟိုက မှီခိုရာဂိုဏ်းချုပ်၏နာမည်ကို ကြားလျှင် အနည်းငယ် တွန့်ဆုတ်သွား၏။ သူသည် ဂိုဏ်းအပြင်စည်းကို ယခုမှ စရောက်လာခြင်းဖြစ်ရာ သူနှင့် မရင်းနှီးသော အရာများစွာ ရှိနေသေးပေသည်။
“မှီခိုရာဂိုဏ်းချုပ်က ဒါကို လေ့လာခဲ့ပြီးတော့ နားမလည်ခဲ့ဘူး။ ကျွန်တော်က …”
“မင်းပြောတာ မှန်တယ် ဂိုဏ်းတူညီလေး။ မင်းရဲ့အစ်ကိုကြီးကို ရှင်းပြခွင့်ပေး…။ ဂိုဏ်းချုပ်ကိုယ်တိုင်တောင်မှ လေ့လာပြီး နားမလည်မှတော့ ဒါက လုံးဝ သာမန်ဆိုတာ မဖြစ်နိုင်ဘူး။ မင်းမတိုင်ခင်က လူဆယ်ယောက်လောက်ဟာ ဒါကို ယူပြီး လေ့လာခဲ့ပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။ ဒါပေမဲ့လည်း ဘယ်သူမှလည်း သူတို့ရဲ့ ဆုံးဖြတ်ချက်ကို နောင်တမရကြဘူး”
“တကယ်လို့ မင်းက ကြေးမုံကို ပိုင်ဆိုင်နိုင်တဲ့ ကံကြမ္မာရှိနေရင် …။ မင်းစိတ်ချပါ။ တခြား ဒီကြေးမုံကို ယူသွားတဲ့တပည့်တွေဟာလည်း သုံးလအတွင်းပြန်လာလေ့ရှိကြပြီးတော့ ငါက သူတို့တွေကို တခြားရတနာတွေနဲ့ လဲခွင့်ပေးခဲ့တယ်။ မင်းငါနဲ့ ဆက်ဆံကြည့်ရင် ငါဟာ အရမ်းသဘောကောင်း ဖော်ရွေတာကို သိလိမ့်မယ်။ ငါက ဂိုဏ်းတူညီလေးတွေကို ခက်ခဲအောင် မလုပ်ပါဘူး”
“တကယ်လို့ မင်းက ယူသွားပြီး ကြေးမုံရဲ့ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ဘူးဆိုရင် အချိန်မရွေး ပြန်လာလဲပါ။ ဒါပေမဲ့ မင်းက ဒါကို စွန့်လွှတ်လိုက်ရင် မင်းဟာ ဒါကို ပိုင်ဆိုင်ဖို့ ကံကြမ္မာ မပါဘူးလို့ ဆိုလိုပြီးတော့ မင်းဘဝတစ်လျှောက်လုံး နောင်တရနေလိမ့်မယ်”
လူကြီးက မန်ဟိုအား စတင်၍ သွေးဆောင်သည်။ မန်ဟို တွန့်ဆုတ်နေသည်ကို မြင်လျှင် သူက ရယ်မောလိုက်၏။ တပည့်သစ်များကား အမှန်ပင် လှည့်စားရန် လွယ်ကူပေသည်။ သူလုပ်ရန်လိုသည်ကား ကြီးကြီးကျယ်ကျယ်များအား လျှောက်ပြောခြင်းပင်။
“ဒါပေမဲ့ …”
မန်ဟိုကား ငယ်စဉ်ကတည်းက စာပေများကို ဖတ်ရှုလေ့လာခဲ့သူဖြစ်ရာ အတော် ဉာဏ်ကောင်းပေသည်။ လူကြီး၏အမူအရာမှ တစ်ဆင့် ကြေးမုံသည် ထင်သလောက်မဟုတ်ကြောင်း ရိပ်မိလာသည်။ သို့သော်လည်း သူ့ရှေ့မှ လူကား ကြေးမုံကို ပြန်ထားမည့်သူ့ရည်ရွယ်ချက်ကို မဖြစ်မနေ တားရန် ဆုံးဖြတ်ထားဟန်ရ၏။ သူ့အနေဖြင့် ကြမ်းပြင်ပေါ်ကို ပြစ်ချလိုက်လျှင်ပင် အသုံးဝင်မည့်ပုံမပေါ်ပေ။ သူက ကြေးမုံကို ကောက်မိလေခြင်းဟုပင် စိတ်ထဲတွေး၍ နောင်တကြီးစွာ ရလာသည်။
“ဂိုဏ်းတူညီလေး”
လူကြီးက အသံကို နှိမ့်ကာ ပြောသည် “ပထမဆုံးနေ့မှာ စည်းကမ်းကို မချိုးဖောက်နဲ့။ မင်းက ရတနာစံအိမ်မှာ ပစ္စည်းတစ်ခုကို ကောက်ကိုင်ပြီးရင် အဲဒါကို ကြမ်းပြင်မှာ ပြစ်ချခွင့်မရှိဘူး”
လူကြီးက လုံလောက်ပြီဟု ယူဆသည်။ ဤကပင် ကြေးမုံကို ယူဆောင်စေရန် သူ၏လုပ်ထုံးလုပ်နည်းလည်းဖြစ်သည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် လေပြင်းတစ်ချက်က မန်ဟိုအား သယ်ဆောင်သွားကာ အပြင်သို့ ရောက်သွားစေ၏။
ထို့နောက် ဝုန်းခနဲမြည်သံနှင့်အတူ ရတနာစံအိမ်၏ပင်မတံခါးကြီးက ပိတ်သွား၏။
အတွင်းမှ လူကြီး၏အသံသည် လှိုက်သံပေးကာ ထွက်ပေါ်လာသည် “ငါက ဂိုဏ်းတူတပည့်တွေအပေါ်မှာ စိတ်အရမ်းကောင်းတယ်။ မင်းသာ ကြေးမုံနဲ့ ကံမစပ်ခဲ့ရင် ရက်ပိုင်းအတွင်း ပြန်လာပေးနိုင်တယ်”
ဒေါသတကြီးဖြင့် မန်ဟိုက တင်းတင်းပိတ်ထားသော တံခါးအား ကြည့်၏။ ထို့နောက်တွင် သူက သက်ပြင်းချကာ လက်ထဲမှ ကြေးမုံကို ကြည့်သည်။
စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်း၏ပထမစာမျက်နှာတွင် ရေးထားသော ဂိုဏ်းချုပ်၏စကားကို ပြန်တွေးကာ မန်ဟိုက တွန့်ဆုတ်မိသည်။
အမှန်တကယ်သာ ဂိုဏ်းချုပ်က သည်ကြေးမုံကို လေ့လာခဲ့သည်ဆိုပါက တန်ဖိုးတစ်ခုခုတော့ ရှိရပေမည်။ ခေါင်းယမ်းကာ သူက မှန်ကို အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ရတနာစံအိမ်ကို မုန်းတီးစွာဖြင့် နောက်ဆုံးတစ်ချက်ကြည့်ကာ နောက်လှည့်ထွက်လာခဲ့သည်။
သူက ကျောက်စိမ်းပြားကလေးထဲမှ သတင်းအချက်အလက်၏လမ်းညွန်မှုဖြင့် ဂိုဏ်းအပြင်စည်း၏ အစမ်းရောင်လမ်းကလေးအတိုင်း လျှောက်လာခဲ့သည်။ နေ့လည်ခင်းတွင် သူ၏နေအိမ်ကို ရှာတွေ့သည်။ သူ၏နေအိမ်ကား မြောက်ဘက်အစပ်နားတွင်ဖြစ်ကာ ဂိုဏ်းအပြင်စည်း၏အလွန်ခေါင်သော နေရာလည်းဖြစ်၏။ အနီးတွင် တခြားအိမ်ကလေးများ ရှိသည်။
သူက တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ အတွင်း၌ကား စားပွဲတစ်လုံးနှင့် အိပ်ရာတစ်ခုရှိသည်။ မန်ဟိုကား ထိုနေရာတွင်ပင် စိတ်ကျေနပ်စွာဖြင့် ရပ်နေသည်။ သည်နေရာကား တောင်ဘက်အစေခံတန်းလျားထက် သာပေသည်။
သူက အိပ်ရာပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ သက်ပြင်းတစ်ချက်ရှိုက်၍ သူ့အင်္ကျီအိတ်ထဲမှ ကြေးမုံကို ဆွဲထုတ်လိုက်သည်။ သူသည် ကြေးမုံအား နေမင်းကြီး အနောက်ဘက်တောင်တန်းများသို့ ဝင်ရောက်သွားသည့်အချိန်အထိ လေ့လာနေခဲ့သည်။ သို့သော်လည်း ကြေးမုံက မည်သို့ အသုံးဝင်သည်ကို သူမသိပေ။
သူက ကြေးမုံကို မည်သို့ပင် ကြည့်ပါစေ၊ သာမန်မှန်တစ်ချပ်ထက် မပိုပေ။
ညဘက်ရောက်လာသောအခါ မန်ဟိုသည် ကြေးမုံကို ဘေးတွင် ချကာ ပြင်တင်းပေါက်မှနေ၍ လကို ကြည့်သည်။ သူက ဖက်တီးလေးနှင့် သူ၏ဟောက်သံများကို တွေးမိကာ သူ့အား သတိရမိသည်။
အပြင်ဘက်တွင် လရောင်ထိန်ထိန်သာနေခဲ့ကာ အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။ တစ်ခါတစ်ရံ သစ်ပင်များမှ သစ်ရွက်လှုပ်ခတ်သံများကို ကြားရတတ်သည်။ မန်ဟိုက သက်ပြင်းတစ်ချက်ချသည်။
“ငါ ယွင်ကျဲစီရင်စုက စာသင်သားတော့ ထပ်အဖြစ်မခံနိုင်တော့ဘူး။ ငါက အခု မှီခိုရာဂိုဏ်းရဲ့ အပြင်စည်းတပည့်ဖြစ်နေပြီ”
မန်ဟိုက အတွေးများကို ပြန်စုစည်းကာ စတင်ကျင့်ကြံသည်။ ချီစွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲ၌ စတင်လှည့်ပတ်လာ၏။ သူကား သည်နည်းအတိုင်း နေထိုင်ခဲ့သည်မှာ ရက်သတ္တပတ်များစွာ ကြာပြီဖြစ်ရာ အသားကျနေပြီဖြစ်သည်။
အပြင်စည်းတပည့်နှင့် အစေခံတန်းလျား၏ကွဲပြားခြားနားမှုမှာ သည်နေရာ၌ မည်သူမှ သင့်အတွက် အစားအစာ ပြင်ဆင်ပေးမည် မဟုတ်ပေ။ လူတိုင်းက မိမိကိုယ်ကို ရှာဖွေစားသောက်ရပေသည်။ သင်က အစာရေစာပြတ်လတ်၍ သေဆုံးသွားလျှင်လည်း မည်သူကမှ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း မှီခိုရာဂိုဏ်း၌ မည်သူမှ ငတ်ပြတ်၍ မသေဖူးပေ။
စဦးချီဖွဲ့စည်းခြင်းအဆင့်၁ကို ရောက်ပါက ထိုသူသည် ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ပေသည်။ ထိုစွမ်းအားက လူတစ်ယောက်အား အဆာမပြေစေသော်လည်း အသက်မသေအောင်တော့ ထိန်းထားနိုင်ပေသည်။
ရက်အနည်းငယ် ကြာမြင့်ခဲ့၏။ ညနေခင်းတစ်ခုတွင် မန်ဟိုသည် သူ့အခန်းထဲ၌ တရားထိုင်နေစဉ် အပြင်မှ နာကျင်စွာ အော်ဟစ်သံများအား ကြားရ၏။
မန်ဟိုက ပြတင်းတံခါးကို ဖွင့်ကာ ကြည့်လျှင် အပြင်စည်းတပည့်တစ်ဦးသည် မြေပြင်ပေါ်တွင် လဲကျကာ ပြင်းထန်စွာ အရိုက်ခံနေရသည်ကို မြင်၏။ သူ့အား ရိုက်နေသူမှာ နောက်ထပ် အပြင်စည်းတပည့်တစ်ဦးဖြစ်သည်။ လဲကျနေသူသည် ရင်ဘတ်တွင် သွေးများ ထွက်နေကာ မသေသော်လည်း ဒဏ်ရာများတော့ ရထားသည်။ သူ့အား ကန်ကျောက်နေသောသူသည် ဒဏ်ရာရနေသောသူ၏ သိုလှောင်အိတ်ကို ကောက်ယူကာ နှာခေါင်းတစ်ချက်ရှုံ့လျှက် ထွက်သွား၏။
ဒဏ်ရာရနေသော တပည့်သည် ကြိုးစားထရပ်၏။ သူ၏မျက်လုံးများက ကြမ်းကြုတ်ရက်စက်သော အငွေ့အသက်များဖြင့် ပြည့်နေသည်။ သူက အဝေးကို ဒရွက်တိုက်ထွက်သွားသည်။ ပတ်ဝန်းကျင်မှ တပည့်များသည် သူ့အား အေးစက်စွာဖြင့် စားမတတ် ဝါးမတတ် ကြည့်နေကြသည်။
မန်ဟိုက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်သည်။ သူကား သည်ရက်ပိုင်းအတွင်း မရေမတွက်နိုင်သော ဆင်တူဖြစ်ရပ်မျိုးအား မြင်ဖူးခဲ့ပြီဖြစ်သည်။ ဂိုဏ်းအပြင်စည်း၏သဘောသဘာဝကိုလည်း ပိုမိုနားလည်လာခဲ့သည်။
အချိန်တစ်ပတ်ခန့် ကြာမြင်ခဲ့ပြီဖြစ်သည်။ ၎င်းအချိန်အတွင်း မန်ဟိုသည် တပည့်အများအပြား လုယက်ခံရသည်ကို မြင်တွေ့ခဲ့၏။ တိုက်ခိုက်ခြင်းနှင့် လုယက်ခြင်းမှာ ဂိုဏ်းအပြင်စည်း၌ သိပ်ထူးခြားသည် မဟုတ်ပေ။
တစ်နေ့တွင် သူက လူမြင်ကွင်း၌ စဦးချီဖွဲ့စည်းခြင်းအဆင့်၂ တပည့်တစ်ဦး အသတ်ခံရသည်ကို မြင်ခဲ့၏။ ထိုအဖြစ်က မန်ဟိုအား အပြင်သို့ထွက်ရာတွင် ပိုမိုသတိထားဖြစ်စေခဲ့၏။
ကံကောင်းသည်ကား သူ၏ကျင့်ကြံခြင်းအဆင့်က နိမ့်ရာ သူ့တွင် တန်ဖိုးကြီးပစ္စည်းမရှိသောကြောင့် လူအများက သူ့အား လျစ်လျူရှုထားကြပေသည်။
အမှန်တကယ်အားဖြင့် မန်ဟိုသည် ကျင့်ကြံခြင်း၌ အဆင့်မတက်ဘဲ ရပ်နေခဲ့ပြီဖြစ်သည်။ စဦးချီစုဖွဲ့ခြင်းအဆင့်၂ကား ပထမအဆင့်နှင့် ကွဲပြားပေသည်။ သူ့အနေဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကို လိုအပ်သေးသော်လည်း ကျင့်စဉ်ကျမ်း၏ဖွင့်ဆိုမှုအရ သူ၏လူသားခန္ဓာသည် စတင်ပြောင်းလဲနေပြီဖြစ်သည်။
ဒုတိယအဆင့်ကို ရောက်ရန် သူသည် ပထမအဆင့်ထက် များပြားသော စိတ်ဝိညာဉ်စွမ်းအင်များ လိုပေသည်။
တူညီစွာပင် မန်ဟိုသည် ဗီဇပါရမီနှင့်ပတ်သက်၍ နားလည်သဘောပေါက်လာခဲ့၏။ ခန္ဓာကိုယ်က စိတ်ဝိညာဉ်စွမ်းအင်ကို စုတ်ယူနိုင်စွမ်းသည် ဗီဇပါရမီဖြစ်သည်။ ပါရမီနည်းလေလေ စွမ်းအင်စုပ်ယူမှုနည်းလေလေဖြစ်သည်။ ပါရမီနည်းသူအတွက် အဆင့်တက်ရန်မှာလည်း အလွန်နှေးကွေးပေသည်။
သူ၏တွက်ချက်မှုအရ သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၂ကို ရောက်ရန် အနည်းဆုံး ၁နှစ်မှသည် ၂နှစ်ကြာပေမည်။ စဦးချီဖွဲ့စည်းခြင်းအဆင့်၃ကို ရောက်ရန်မှာ ပိုမိုကြာမြင့်ပေလိမ့်မည်။
မှန်သည်၊ သူ့အနေဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကို တိုးမြင့်စေသော ဆေးဝါးများ မှီဝဲရလျှင် ထိုမျှအချိန်ကြာမြင့်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် ဂိုဏ်းအပြင်စည်း၌ လစဉ်လတိုင်း ဆေးဝါးများ ခွဲဝေပေးသောအခါ လုယက်သတ်ဖြတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“အားကောင်းတဲ့လူက ပိုအားကောင်းလာမယ်။ အားနည်းတဲ့လူက ပိုအားနည်းလာမယ်။ ဒါဟာ မှီခိုရာဂိုဏ်းရဲ့ တပည့်တွေကို မွေးထုတ်တဲ့စနစ်ပဲ” မန်ဟိုက ရေရွတ်သည်။
တစ်နေ့သော နံနက်ခင်းတွင် ကောင်းကင်ရောင်နီစတင်သန်းလာသောအချိန်၌ မန်ဟိုသည် ပုံမှန်အတိုင်း အိပ်ရာထသည်။ သူက ပုံမှန်အတိုင်း တရားထိုင်၏။ သူ့တွင် စိတ်ဓာတ်ခိုင်မာခြင်းမှလွဲ၍ တခြားသော အထောက်အပံ့များ မရှိပေ။ ထို့ကြောင့် သူက ကျင့်ကြံခြင်းနှင့် အသက်ရှုလေ့ကျင့်ခန်းများကို အချိန်ရသရွေ့ အားထုတ်ပေသည်။
ထိုစဉ် ဂိုဏ်းတစ်ခုလုံး ခေါင်းလောင်းသံများ ညံလာကာ မန်ဟိုက မျက်လုံးကို ဖွင့်လိုက်သည်။
“ဒီခေါင်းလောင်းသံတွေ…” မန်ဟိုက တစ်စုံတစ်ခုကို အတွေးပေါက်သွားသည်။ သူ့မျက်နှာ၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ကာ အခန်းအပြင်သို့ ထွက်လိုက်၏။ အပြင်တွင် ဂိုဏ်း၏တပည့်များသည် နေရာတိုင်းတွင်ရှိကာ အရပ်မျက်နှာတစ်ခုတည်းသို့ ပြေးလွှားနေကြသည်။
“ခေါင်းလောင်းသံတွေ မြည်တဲ့အချိန်က ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံးတွေ ဝေပေးတဲ့အချိန်ပဲ။ အဲဒါက ဒီနေ့ဖြစ်မယ်”
ပိုမိုများပြားသော လူများသည် ခေါင်းလောင်းမြည်ရာဘက်သို့ ပြေးလွှားလာကြ၏။ ကြည့်ရသည်မှာ အပြင်စည်းတပည့်များအားလုံး ထိုနေရာသို့ သွားနေကြဟန်ရသည်။
“ဆေးလုံးခွဲဝေပေးတဲ့နေ့” မန်ဟိုက အသက်ပြင်းပြင်းရှုကာ ရေရွက်သည်။ သူကလည်း လူအုပ်နှင့်အတူ ပြေးလွှားကာ ဂိုဏ်းအပြင်စည်း၏အလယ်ဗဟိုနေရာသို့ ရောက်လာသည်။
ထိုနေရာတွင်ကား ဧရာမလေးထောင့်ကွင်းကြီးတစ်ခုရှိပြီး နဂါးရုပ်များ ရေးထွင်းထားသော ကျောက်တိုင်ကိုးခုရှိသည်။ ကျောက်တိုင်ပေါ်တွင်ကား အချင်း မီတာကိုးဆယ်ခန့်ရှိသော စင်ကြီးတစ်ခုရှိကာ ရောင်စုံတိမ်များ ယှက်သန်းနေသည်။ တိမ်များအကြားတွင် အသွင်သဏ္ဍာန်မဲ့ ပုံရိပ်များအား မြင်နိုင်၏။
ထိုနေရာ၌ အပြင်စည်းတပည့်တစ်ရာကျော်ခန့်သည် အစိမ်းရောင်ဝတ်စုံများ ဝတ်ကာ ရောင်စုံတိမ်များအား မကြာခဏကြည့်ရင်း အချင်းချင်း တီးတိုးပြောဆိုလျှက် ရပ်နေကြ၏။
ထို့နောက်တွင် တိမ်များ ပျက်ပြယ်သွားကာ ရွှေရောင်ဝတ်စုံကို ဝတ်ထားကာ ကျောက်ပေါက်မာမျက်နှာဖြင့် လူကြီးတစ်ယောက်အား တွေ့ရ၏။ သူ့မျက်နှာက တည်ငြိမ်ကာ ဂုဏ်သိက္ခာကြီးရင့်သော ဟန်ပင်ရှိ၏။ သူ့မျက်လုံများက လျှပ်စီးကဲ့သို့ တဖျတ်ဖျတ်လက်နေသည်။
ကျောက်ပေါက်မာလူကြီးဘေးတွင် လူနှစ်ယောက် ရပ်နေ၏။ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်သည်။ နှစ်ဦးလုံး ငွေရောင်ဝတ်စုံကို ဝတ်ထားကြ၏။ ယောက်ျားလေးသည် အလွန်ချောမောကာ လူကြီးလူကောင်းဆန်သော ပုံဟန်ရှိသည်။
မိန်းကလေးအား မန်ဟိုမြင်လျှင် သူက မျက်မှောင်ကြုတ်လိုက်၏။ ထိုမိန်းကလေးကား သူ့ကို တာ့ချင်းတောင်မှနေ၍ ဖမ်းကာ သည်နေရာသို့ ခေါ်လာသော အမျိုးသမီးဖြစ်နေသည်။