သူပြန်လာပြီ
Vol. 5 Ch. 434
"ချန်းပေ့ရွှမ်း ... သူ ပြန်လာပြီ ..."
ထိုသတင်းက တောမီးအလား ကမ္ဘာ တစ်ဝန်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ သတင်းနှင့် တွဲပါလာသော အချက်အလက်များ အရ ခါဘာရို့မြို့နှင့် ချန်းပေ့ရွှမ်းမှာ လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာခဲ့တော့သည်။
ချန်းပေ့ရွှမ်းမှာ ကမ္ဘာ့ စင်မြင့်ထက်မှ တစ်နှစ်တိုင်တိုင် ပျောက်ကွယ်နေခြင်း ဖြစ်ရာ လူတိုင်းက သေဆုံးသွားပြီဟု မှတ်ယူခဲ့ကြသည်။
ရေခဲဝံပုလွေ ချိုင့်ဝှမ်း တိုက်ပွဲ၌ ရုရှားက နျူကလိဗုံးကို ထုတ်သုံးခဲ့သည်။ ထိုဗုံးမှာ တန်ခိုးရှင် အဆင့်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်အထိ စွမ်းအား ကြီးမားလှသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာ ထိုတိုက်ခိုက်မှုက လွတ်မြောက်ခဲ့ပုံ ရသည်။
သူက ပြန်လည် ပေါ်ထွက်လာလာချင်းပင် ရုရှား ခြေလျင်တပ်မ ၁၁၆ နှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ရုရှား ခြေလျင်တပ်မ ၁၁၆ မှာ အလွန် အင်အားကြီးပြီး ခေတ်မီလက်နက်များ ပိုင်ဆိုင်ထားသော တပ်မကြီး ဖြစ်ကာ ကမ္ဘာ့ ထိပ်ဆုံး ခြေလျင်တပ်မ ၁၀ ဖွဲ့ စာရင်းဝင် ဖြစ်သည်။
သို့သော်လည်း ချန်းပေ့ရွှမ်းမှာ မိနစ်ပိုင်း အတွင်းတွင်ပင် သံချပ်ကာ တင့်ကား တစ်ရာကျော်ကို ဖျက်ဆီး၍ တပ်မ၏ ကွန်မန်ဒါကို သတ်ဖြတ်ပစ်ခဲ့သည်။
ရုရှားမှာမူ ထိုသတင်းများအား မပြန့်အောင် အစွမ်းကုန် တားဆီးနေခဲ့သည်။ ခြေလျင် တပ်မ ၁၁၆ ၏ စစ်သားများအား သတင်းမဖြန့်စေရန် အမိန့်ဖြင့် တင်းကျပ်စွာ တားဆီးထားသလို အင်တာနက်ပေါ်ရှိ သတင်းများကိုလည်း ဖျက်ချပစ်နေခဲ့သည်။ သူတို့ အဓိက ဖျက်ချနေရသည့် သတင်း ရင်းမြစ်ကား ဂလိုဘယ်မေး ဂျာနယ်လစ် ထံမှ ဓာတ်ပုံများ ဖြစ်သည်။
ထိုဓာတ်ပုံများအား ကံကောင်းထောက်မစွာ တွေ့မြင်လိုက်ရသူတိုင်းကား ဆွံ့အသွားကြသည် ချည်းသာ ဖြစ်သည်။
ထိုပုံများထဲ၌ ချန်းပေ့ရွှမ်းမှာ သေနတ် ကျည်ဆန်များအား ခန္ဓာကိုယ် သက်သက်ဖြင့် ခုခံရင်း တင့်ကားများကို ဖျက်ဆီးနေပုံများ ပါဝင်သည်။ ပုံတစ်ပုံချင်းစီ တိုင်းက ချန်းပေ့ရွှမ်းအား စစ်မြေပြင်မှ နတ်ဘုရား တစ်ပါး အလား ထင်မှတ်ရစေသည်။
"ချန်းပေ့ရွှမ်းက လွန်ခဲ့တဲ့ တစ်နှစ်ကထက် ပိုပြီး အစွမ်းထက်လာတာပဲ ... သူ ဂျပန် စစ်တပ်ကို ဖြိုခွင်းတုန်းက တင့်ကားတွေနဲ့ မတွေ့အောင် ရှောင်ခဲ့သေးတယ် ... ဒါပေမဲ့ ခုတော့ တင့်ကားတွေက သူ့အတွက် ဂရုစိုက်စရာ မလိုတော့ပုံပဲ ..."
ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများစွာက ဓာတ်ပုံများအား အမိအရယူရင်း ခန့်မှန်းချက်၊ ထင်မြင်ချက်များဖြင့် ဝေဝေဆာဆာ ဖော်ပြကြသည်။ သူတို့၏ အချက်အလက်များမှာ ခန့်မှန်းချက်များသာ ဖြစ်သော်လည်း သေချာစွာ တွက်ချက် ဖော်ပြကြခြင်း ဖြစ်ရာ အများအားဖြင့် မှန်ကန်သည်ဟု ဆိုနိုင်သည်။
"သာမန် သံချပ်ကာ တင့်ကားတွေက သူ့ကို မခြိမ်းခြောက်နိုင်ဘူး ဆိုရင် နျူကလိယ လက်နက်တွေပဲ သုံးဖို့ ရှိတော့တာပေါ့ ..."
လူများစွာက ချန်းပေ့ရွှမ်း အကြောင်း စိတ်ဝင်တစား ဆွေးနွေးပြောဆိုကြသည်။
ယခုအချိန်၌ ချန်းပေ့ရွှမ်းမှာ နိုင်ငံများစွာ အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ နျူကလိယ လက်နက်များကသာ ချန်းပေ့ရွှမ်းနှင့် ရင်ဆိုင်ရာ၌ အသုံးဝင်မည် ဆိုပါက နျူကလိယ ပိုင်ဆိုင်ထားသည့် အင်္ဂလန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ အမေရိကန် စသည့် နိုင်ငံ ငါးနိုင်ငံသာ ချန်းပေ့ရွှမ်းအား အနိုင်ရရန် အခွင့်အရေး ရှိတော့မည် ဖြစ်သည်။
"ဒါပေမဲ့ သေချာကြည့်မယ် ဆိုရင် ချန်းပေ့ရွှမ်းက သံချပ်ကာ တင့်ကားတွေရဲ့ အမြောက်ဆံနဲ့ ထိပ်တိုက် မတွေ့အောင် ရှောင်နေတာ တွေ့ရတယ် ... ငါ့အထင် တင့်ကား အမြောက်ဆံတွေက သူ့ကို ထိခိုက်အောင် လုပ်နိုင်သေးပုံ ရတယ် ..." အစည်းဝေးပွဲ တစ်ခု၌ တစ်ယောက်က ထ၍ တင်ပြသည်။
"မင်းအပြောအရ ဆိုရင် ချန်းပေ့ရွှမ်းက လေဆာလက်နက်တို့၊ တင့်ကား အမြောက်တို့ကို ထိပ်တိုက် ရင်ဆိုင်နိုင်ဖို့ မသေချာသေးဘူးပေါ့ ..." ဗိုလ်ချုပ်တစ်ယောက်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"ဟုတ်တယ် ... ချန်းပေ့ရွှမ်းကို ရင်ဆိုင်ဖို့ လက်နက် တော်တော်များများက အသုံးမဝင်ပေမဲ့ အထူး လက်နက်ကြီးတွေကတော့ သူ့ကို ခြိမ်းခြောက်နိုင်မယ် ထင်တယ် ..." ပထမ တစ်ယောက်က ပြောလိုက်သည်။
ဗိုလ်ချုပ်က ခေါင်းညိတ်လိုက်သည်။
"အင်း ... မင်း တင်ပြတာကို နိုင်ငံ ကာကွယ်ရေး ရုံးချုပ်ကို အစီရင်ခံပေးမယ် ... နောက်ပြီး တန်ခိုးရှင် အဆင့် ပညာရှင်တွေနဲ့ ရင်ဆိုင်ဖို့ ပေါက်ကွဲနှုန်းမြင့် လက်နက် အသစ်တွေကို သုတေသန လုပ်ဖို့ တောင်းဆိုလိုက်မယ် ..."
ဗိုလ်ချုပ်က ဆုံးဖြတ်ချက် ချရင်း အစည်းအဝေးအား ရုပ်သိမ်းလိုက်သည်။
ထိုကဲ့သို့သော အစည်းဝေးပွဲများကား အဓိက နိုင်ငံကြီး များစွာ၌ ဖြစ်ပျက်နေခြင်း ဖြစ်သည်။ သူတို့၏ နောက်ဆုံး ဆုံးဖြတ်ချက် များမှာလည်း အတူတူပင်။ နျူကလိယဗုံး မဟုတ်သည့် ပေါက်ကွဲနှုန်းမြင့် လက်နက်များအား စမ်းသပ်ပြီး ချန်းပေ့ရွှမ်း၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ကြရန် ဖြစ်သည်။
ဤသို့ဖြင့် အဓိက နိုင်ငံကြီး များစွာကား ချန်းပေ့ရွှမ်းအား ရင်ဆိုင်ရန် လက်နက် သုတေသန ပြလုပ်ခြင်းများဖြင့် အလုပ်ရှုပ်သွားကြတော့သည်။
ထိုအချိန်၌ အမှောင်ကမ္ဘာတွင်လည်း ချန်းပေ့ရွှမ်း၏ သတင်းမှာ ဗုံးတစ်လုံး အလား ပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။
"ချန်းပေ့ရွှမ်း ပြန်လာပြီ ..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...နျူကလိယဗုံးကြောင့် သူသေပြီ မလား ..."
"တကယ်ပါဆိုကွာ ... သူက ရုရှား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ယောက်ကိုတောင် သတ်ပစ်လိုက်တယ် တဲ့ ..."
လူများစွာမှာ စီအိုင်အေ၏ လျှို့ဝှက်ဆာဗာ၌ ထိုသတင်းကို စိတ်အား ထက်သန်စွာ ဆွေးနွေး နေခဲ့ကြတော့သည်။
"အိုးမိုင်ဂေါ့ ... ငါတို့ အမှောင်ကမ္ဘာမှာ ဒီလောက် သောက်ရမ်းကြမ်းတဲ့ လူရှိနေတာလား ..."
"သူက နျူကလိယဗုံးကနေတောင် လွတ်ခဲ့တာပေါ့ ..."
"နောက်ပြီး သူက ရုရှား ခြေလျင်တပ်မ ၁၁၆ ကိုတောင် အနိုင်ယူခဲ့သေးတယ်တဲ့ ..."
ချန်းပေ့ရွှမ်း ပြန်လာနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ချေ။ သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းကား ကမ္ဘာတစ်ခုလုံးအား ကိုင်လှုပ်ကာ ပြန်လည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်းနှင့် ယှဉ်ပါက အမှောင်ကမ္ဘာမှာ လူတိုင်း မှေးမှိန်ရသည်။
"ချန်းပေ့ရွှမ်းက တကယ့်ကို အစွမ်းထက်လွန်းတယ် ... အခုဆို မဟာအင်အားကြီး နိုင်ငံတွေတောင် သူ့ရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီ ..." မစ္စတာ လေ့လာသူက မှတ်ချက်ရေးသည်။
"မစ္စတာ လေ့လာသူ ... ချန်းပေ့ရွှမ်းသာ ရေခဲ ဝံပုလွေ ချိုင့်ဝှမ်း တိုက်ပွဲက လွတ်ခဲ့ရင် ကမ္ဘာ့အစွမ်း အထက်ဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို ရလိမ့်မယ် လို့ ခင်ဗျားပြောခဲ့တယ် မလား ..." တစ်ယောက်က မစ္စတာ လေ့လာသူအား မေးလိုက်သည်။
"ကျုပ် အဲ့လို မပြောခဲ့ပါဘူး ... ဒါပေမဲ့ အဲဒီ စကားကိုတော့ သဘောတူတယ် ..." လေ့လာသူက ပြန်ရေးသည်။ "ချန်းပေ့ရွှမ်းက သူ့ကိုသူ အကြိမ်များစွာ သက်သေပြခဲ့ ပြီးပြီ ... သူ့ရဲ့ အဆင့်က ကမ္ဘာပေါ်မှာ ရှိတဲ့ တန်ခိုးရှင် အဆင့်တွေထဲမှာ ထိပ်ဆုံး သုံးယောက် မဟုတ်ရင်တောင် ထိပ်ဆုံး ငါးယောက်ထဲ ပါမှာ သေချာတယ် ..."
"သူ့ရဲ့ ရုရှား အပေါ် အနိုင်ရမှုက အမေရိကန်က လွဲရင် အခြား နိုင်ငံတွေကို သူနဲ့ ဝေးဝေးနေဖို့ တပ်လှန့်ပေးလိုက် သလိုပါပဲ ..." မစ္စတာ လေ့လာသူက အဓိပ္ပာယ် ရှိစွာ ပြောရင်း နိဂုံးချုပ်လိုက်သည်။
များစွာသော လူများကလည်း သူ၏ စကားကို စိတ်ထဲမှ ကြိတ်၍ သဘောတူလိုက်ကြသည်။
ရုရှား စစ်တပ်ကား ကမ္ဘာ့ အစွမ်းအထက်ဆုံး စစ်တပ် သုံးခု၌ တစ်ခု အပါအဝင် ဖြစ်သည်။ ချန်းပေ့ရွှမ်းကား ထိုစစ်တပ်ကို အနိုင်ယူခဲ့ရာ သူ၏ အစွမ်းအစကို ခန့်မှန်း၍ ရနေပြီ ဖြစ်သည်။
သို့သော်လည်း ရုရှား၌ နျူကလိယ လက်နက်ဟူသော ဝှက်ဖဲက ရှိနေသေးသည် ဖြစ်၏။ အကယ်၍ ရုရှားသာ သူတို့၏ ဝှက်ဖဲကို ထုတ်သုံးပါက ချန်းပေ့ရွှမ်းအား ရင်ဆိုင်နိုင်မည်လား ဆိုသည့် မေးခွန်းကား စိတ်ဝင်စား စရာပင်။
***
ချန်းပေ့ရွှမ်း ပြန်လာပြီ ဆိုသော သတင်းက ဆက်လက် ပြန့်နေဆဲ ဖြစ်သည်။
"ချန်းပေ့ရွှမ်း အသက်ရှင် နေတုံးပဲ တဲ့ ... သူက ရုရှား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးကိုတောင် သတ်ခဲ့တယ် တဲ့ ..."
ကိုရီးယား၊ ဆမ်ဆောင်း လုပ်ငန်းစု၏ လီမိသားစု ခေါင်းဆောင်ကြီးမှာ သတင်းကို ကြားသည်နှင့် ထိုင်ခုံပေါ်မှပင် ပြုတ်ကျတော့မလို ဖြစ်သွားခဲ့၏။ ထရီလီယံနှင့် ချီသော ပိုင်ဆိုင်မှုများမှာလည်း သူ၏ တုန်လှုပ်မှုကို မတားဆီးနိုင်ပေ။
ချန်းပေ့ရွှမ်းမှာ ရုရှား စစ်အကြီးအကဲ တစ်ယောက်ကို သတ်၍ တစ်ကမ္ဘာလုံးအား သတိပေးလိုက်ခြင်း ဖြစ်သည်။ သူကား တားဆီး၍ မနိုင်အောင် အထိန်းအကွပ်မဲ့သူ ဖြစ်သည်။ အကယ်၍ ချန်းပေ့ရွှမ်းက လီမိသားစုကို ဖျက်ဆီးခဲ့လျှင်ပင် ကိုရီးယား အစိုးရ အနေဖြင့် မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။
"မိသားစု အစည်းအဝေး မြန်မြန်ခေါ်စမ်း ... နောက်ပြီး သမ္မတကြီးကိုလည်း ငါသွားတွေ့ရဦးမယ် ..."
မိသားစု ခေါင်းဆောင်က လက်ထောက်အား အလောတကြီး ပြောလိုက်တော့၏။
***
"ဘာ ... ချန်းပေ့ရွှမ်း အသက်ရှင် နေသေးတယ် ဟုတ်လား ..."
ဟောင်ဂိုဏ်း ခေါင်းဆောင်ကြီးက စားပွဲခုံအား ဒေါသတကြီး ထုရိုက်ရင်း မေးလိုက်သည်။
အိုဂါနှင့် ရိုမန်တို့မှာမူ တိတ်ဆိတ်စွာဖြင့် ခေါင်းများကိုသာ ငုံ့ထားခဲ့ကြသည်။ သူတို့ အနေဖြင့် ချန်းပေ့ရွှမ်းအား မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်တော့ပေ။
"တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင် ... ဟမ့် ... ငါတို့က သူ့ကို မှားပြီး ခန့်မှန်းမိတာပဲ ... သူက ကမ္ဘာပေါ်မှာ ရှိတဲ့ အထွတ်အထိပ် အားလုံးထက်တောင် ပိုအစွမ်းထက်နေတာ ... ဆိုတော့... အနည်းဆုံး တန်ခိုးရှင် အဆင့်ကိုတော့ ရောက်နေတာ ဖြစ်ရမယ် ..."
ဂိုဏ်းခေါင်းဆောင်ကြီးကား စက္ကန့်ပိုင်း အတွင်းမှာပင် နှစ်ပေါင်းများစွာ ပိုမို အိုမင်းသွားသလို ထင်ရသည်။ သူက ထိုင်ရာမှ ထရပ်ရင်း တံခါးဆီသို့ ဦးတည်လိုက်၏။
"ငါတို့ အဘိုးကြီးကို သွားတွေ့မှ ဖြစ်တော့မယ် ... လောလောဆယ် အခြေအနေကို ငါတို့ မထိန်းချုပ် နိုင်တော့ဘူး ..."
"ဒါပေမဲ့ ... ခေါင်းဆောင်ကြီး ... အဘိုးကြီးက ဂိုဏ်းပျက်စီးမယ့် အရေးမဟုတ်ရင် သူ့ကို မနှောင့်ယှက်ဖို့ ပြောထားတယ် မလား ..." ရိုမန်က ဖျော့တော့သော မျက်နှာဖြင့် မေးလိုက်သည်။
"ခုက အဲဒီ အရေးပေါ် အခြေအနေကို ရောက်နေပြီ ... မဟုတ်ရင် ဟောင်ဂိုဏ်း ပျက်စီးသွားလိမ့်မယ် ..." ဂိုဏ်းခေါင်းဆောင်ကြီးက လေးပင်စွာ ပြန်ပြောလိုက်၏။
မည်သို့ပင် ဆိုစေ သူ၏ စကားက မှန်ကန်ပေသည်။ ရုရှား စစ်တပ်ပင် မကိုင်တွယ် နိုင်ခဲ့သော ချန်းပေ့ရွှမ်းအား သူတို့ကဲ့သို့ အထွတ်အထိပ် ပညာရှင်လေးများက အနိုင်ယူရန် မဖြစ်နိုင်ပေ။ အကယ်၍ ချန်းပေ့ရွှမ်းသာ ရုတ်တရက် ရောက်လာပြီး တိုက်ခိုက်ပါက သူတို့အားလုံး လွယ်ကူစွာ အသတ်ခံလိုက်ရမည်မှာ သေချာသည်။
"ခေါင်းဆောင်ကြီး ပြောတာ အမှန်ပဲ ... ဟောင်ဂိုဏ်းက အရေးပေါ် အခြေအနေ ရောက်နေပြီ ..." အိုဂါက သက်ပြင်းချရင်း ရေရွတ်လိုက်၏။
ယခုထိ ဖိအားများ ခံစားနေရသည်မှာ ဟောင်ဂိုဏ်း တစ်ခုတည်း မဟုတ်ချေ။ ချန်းပေ့ရွှမ်း၏ ရန်သူများ ဖြစ်ကြသည့် ဂျပန် သိုင်းလောက အဖွဲ့အစည်း၊ အမှောင်တိုတမ် စသည့် ဂိုဏ်းအဖွဲ့ များစွာမှာလည်း ရင်တထိတ်ထိတ် ဖြစ်နေကြတော့သည်။
ထိုအချိန်၌ ချန်းဖန်ကမူ နာတာရှာနှင့် အတူ ရုရှား အလယ်ပိုင်း ဒေသသို့ ဦးတည် ရွေ့လျား နေခဲ့တော့၏။
***