အစိတ်အပိုင်းခုနစ်ခု၏ တည်နေရာ
Vol. 130 Ch. 1798
ထိုပုံရိပ်ယောင်အတွင်း၌ ကောင်းကင်သည် သွေးနီရောင်သန်းနေသလို မြေပြင်မှာလည်း အလားတူပင်။ သွေးနံ့များ ထူထဲနေ၏။ ဝမ်လင်း ပေါ်လာသည့်နောက် သူ့ရင်ဘက်မှ အောင့်သလို ခံစားလိုက်ရသည်။ သူ့အဖို့ အသက်ရှုဖို့ ခက်ခဲသွားစေသည်။
ဘေးပတ်လည်သို့ ကြည့်လိုက်ရာ ဝမ်လင်းသည် မြေပြင်တွင် ဖုံးလွှမ်းနေသော ခန္ဓာကိုယ်အပိုင်းအစများကို မြင်သည်။ ထိုခန္ဓာကိုယ်များက နေရာအနှံ့ပင်။ သို့သော် ပြည့်ပြည့်စုံစုံ ရှိနေသော ခန္ဓာကိုယ်က အနည်းငယ်သာ ရှိသည်။
ထိုလူသေခန္ဓာကိုယ်များ၏ မျက်လုံးထဲ၌ မသေခင်ရှိခဲ့သော အကြောက်တရား ရှိနေဆဲသာ။ သူတို့၏မျက်လုံးထဲ၌ ဝိုးတဝါးပုံရိပ်တစ်ခု ခပ်နှိပ်ထားသည်။
ဤသည်က သေမျိုးနန်းတော်တစ်ခု ဖြစ်၏။ ပုံမှန်ဆို ဒီနေရာမှာ တောက်ပနေရပေမည်။ သို့ပေမည့် ခုခါတွင်မူ သွေးလွှမ်းနေရာ မရဏနန်းတော်တစ်ခုအလား ဖြစ်နေသည်။
အကွာအဝေးတစ်ခုမှ ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဖုန်မှုန့်များ လွင့်စင်ထွက်လာရင်း ဝမ်လင်းက အဝေးရှိ နန်းတော်ပျက်စီးမှုကို လှမ်းတွေ့သည်။ သွေးအလိမ်းလိမ်းနှင့် အမျိုးသားတစ်ယောက် ရှိနေပြီး သူ၏အကြည့်က အေးစက်ကာ အရူးအမူး သတ်ဖြတ်လိုစိတ်က သူ့အား ခြုံလွှမ်းထားသည်။
“မင်းရဲ့မိသားစုဟာ ငါ့မိသားစုကို အရင်ဖျက်စီးခဲ့တာ။ ဒီနေ့ ငါ အဲ့အတွက် လက်စားပြန်ချေတာပဲ…” ထိုလူက သူ့ညာလက်ကို ညှစ်ချေလိုက်ရာ တော်ဝင်ဝတ်ရုံဖြင့်လူသည် ပေါက်ကွဲသွားတော့သည်။
တစ်ချိန်တည်းမှာ ဓားစွမ်းအင်တန်းများ နီးကပ်လာ၏။ ရှေးဟောင်းကျင့်ကြံသူ ရာချီ နီးကပ်လာပြီး နန်းတော်အပေါ်သို့ ရောက်ရှိလာကြသည်။
သို့ပေမည့် သူတို့နီးကပ်လာရုံ ရှိသေး ထိုလူက ရုတ်တရက် မော့ကြည့်ပြီး နတ်ဆိုးဆန်ကာ နီရဲသောအကြည့်ကို လှစ်ဟဖော်သည်။ အနီရောင်အလင်း ပျံသန်းထွက်ကာ အနီရောင်လျှပ်စီးတန်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်ထက်သို့ ပျံသန်းတက်ကာ ထိုကျင့်ကြံသူအားလုံးကို ထွင်းဖောက်သွားသည်။
ထိုကျင့်ကြံသူအားလုံး ပျက်စီးသေဆုံးဖို့ ခဏသာ ကြာလိုက်သည်။
“ဂျီနယ်ပယ်…” ဝမ်လင်းက သူ့ဘေးပတ်လည်သို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်သည်။ သူက သွေးစွန်းနေသောလူကို ကြည့်ကာ သူ့မျက်လုံးထံမှ ဉာဏ်အလင်း လှစ်ဟပေါ်၏။
“ဒါဟာ အတိတ်တုန်းက ကြယ်လင်သောရေနိုင်ငံရဲ့ ပထမဆုံးပုံရိပ်ယောင်ပဲ…”
ဝမ်လင်းက သွေးလွှမ်းသော မြေပြင်ကို ဖြတ်လျှောက်လာပြီး ထိုလူ့ထံ ဦးတည်လာသည်။
သွေးစွန်းနေသောမြေပြင်က ချင်းရွှေ၏ အမုန်းတရားကို သယ်ဆောင်ထားသည်။
“ကောင်းကင်ဘုံက ငါ့ကို တားဖို့ ကြိုးစားရင် ငါ ကောင်းကင်ဘုံကို သတ်ပစ်မယ်။ ကောင်းကင်ဘုံသားတွေ ငါ့ကို တားဆီးရင် ငါ သူတို့ကိုပါ သတ်ပစ်မယ်…” ချင်းရွှေက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်စဉ် ကျင့်ကြံသူရာချီသည် ပျက်စီးကြေမွကုန်လေပြီ။ သူ၏မျက်နှာထက်တွင်လည်း သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေလျက်ပင်။
“ငါ ဒီလောကကို သွေးနဲ့ ဆေးကြောပစ်ချင်တယ်…” ချင်းရွှေ၏ အသံက ဒီလောကအနှံ့ ပဲ့တင်ထပ်၏။ သူ၏ရင်ထဲမှ ရူးသွပ်မှုကို လှစ်ဟပြသည်။
ဝမ်လင်း နီးကပ်လာသည့်အခါ သူက သွေးအလိမ်းလိမ်းနှင့် ချင်းရွှေ၏နောက်ကျောကို ကြည့်၏။ သူ၏ပုံရိပ်မှာ ဝမ်းနည်းဖွယ် ကောင်းလှ၊ အထီးကျန်ဆန်လှ၏။ လက်စားချေခြင်း အောင်မြင်သွားသော်လည်း ပျော်ရွှင်မှု ရှိမနေ၊ ဝမ်းနည်းမှုနှင့်ပူဆွေးမှုသာ အသက်ရှင်ရ၍ မောပန်းခြင်းတို့နှင့်အတူ ရှိနေသည်။
ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်သည်။ “စီနီယာအစ်ကို…”
သူ ထိုသို့ ပြောလိုက်သည့်အခိုက်တွင် ချင်းရွှေသည် ရုတ်တရက် လှည့်လာ၏။ သူ၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေသည်။ သူက ဝမ်လင်းထံသို့ ကြည့်၏။ တခြားတစ်ယောက်ယောက်သာ ဆိုပါက သွေးနံ့၊သတ်ဖြတ်လိုစိတ်တို့ဖြင့် တုန်လှုပ်ကာ ကြောက်လန့်မိပေလိမ့်မည်။
သို့ပေမည့် ဝမ်လင်းက ထိုသို့ မဖြစ်ပေ။ ချင်းရွှေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ဝမ်လင်းသည်လည်း အတူတူသာ ဖြစ်၏။ အဆုံးသပ်၌ သူတို့က တူညီသောလူစားများပင်။
သူတို့ နက်နက်ရှိုင်းရှိုင်း မိတ်ဆွေဖြစ်ခဲ့ရပြီး တစ်ယောက်အတွက် တစ်ယောက် သေဆုံးဝံ့ခြင်းမှာလည်း သည်အချက်ကြောင့်ပင်။
ချင်းရွှေ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က ဝမ်လင်းကို မတုန်လှုပ်စေနိုင်ပေ။ ဝမ်လင်းကလည်း ချင်းရွှေ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ဟု မမြင်ပေ။ သူက နာကျင်မှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှုတို့ကိုသာ မြင်နေရ၏။
“ဒါဟာ ပုံရိပ်ယောင်တစ်ခုပဲ။ ဒါဟာ အမှန်၊အမှားပဲ။ ဒါပေမဲ့ ဒါက ငါတို့ ပန်းတိုင် မဟုတ်သေးဘူး။ စီနီယာအစ်ကို…ထိုင်လိုက်ပါ။ ငါတို့ ဒုတိယပုံရိပ်ယောင်ထဲ ဝင်ရောက်ကြမယ်…” ဝမ်လင်းသည် ချင်းရွှေထံ လှမ်းလာရင်း ခပ်တိုးတိုး ရေရွတ်သည်။
ချင်းရွှေသည် ဝမ်လင်း သူ့ဘေးနား ရောက်လာချိန်ထိ ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူက တဖြည်းဖြည်း မျက်လုံးမှိတ်လိုက်သည်။ သို့ပေမည့် မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာပြီး သူ့မျက်နှာပေါ်ရှိ သွေးကွက်များကို ဆေးကြောပစ်သည်။ မျက်ရည်များက သူ့လည်တိုင်ကနေ တဆင့် မြေပြင်ထိ ကျရောက်ကာ သွေးများဖြင့် ရောနှောသွားသည်။
“ထိုင်လိုက်ပါ…အဆင်ပြေရဲ့လား…” ဝမ်လင်းက ချင်းရွှေရှေ့တွင် ရပ်ကာ သူ့လက်နှစ်ဖက်ကို ချင်းရွှေ၏ ပုခုံးနှစ်ဖက်ပေါ်သို့ တင်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် ချင်းရွှေက ခေါင်းညိတ်ကာ ခါးသီးဟန်အမူအရာဖြင့် ထိုင်ချ၏။ သူက အသက်ခပ်ပြင်းပြင်း ရှုထုတ်ပြီးနောက် မျက်လုံးဖွင့်လာသည်။
“ဝမ်လင်း…ဒါဟာ ပထမပုံရိပ်ယောင်ပဲ ရှိသေးတာလား…”
ဟုတ်ပါတယ်…” ဝမ်လင်းကလည်း ထိုင်ချလိုက်ပြီး ချင်းရွှေ၏မျက်လုံးကို ကြည့်၏။
“တကယ့်ကို အစစ်အမှန်ဆန်လွန်းတဲ့ ပုံရိပ်ယောင်ပဲ…” ချင်းရွှေက ခပ်တိုးတိုး ရေရွတ်ကာ သူ့ဘေးပတ်လည်သို့ ကြည့်၏။ အဆုံးသပ်၌ သူ့အကြည့်က အကွာအဝေးတစ်ခုထိ မထိမခိုက်မပျက်စီးသေးသော နန်းတော်အတွင်းမှ သစ်ပင်ထံ ကျရောက်သွားသည်။ ထိုသစ်ပင်က အချိန်ကြာမြင့်စွာတည်းက တည်ရှိခဲ့ပုံရကာ ရှင်သန်ဖို့ ရုန်းကန်ခဲ့သည့်နှယ်။
ထိုသစ်ပင်ကို ကြည့်၍ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်သည် တဖြည်းဖြည်း လျော့ပါးသွားသည်။ အဆုံးသပ်၌ သူက သက်ပြင်းချမိ၏။
“ဒုတိယပုံရိပ်ယောင်ထဲ ဝင်ကြရအောင်…”
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ဖြန့်ကားလိုက်သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ပထမပုံရိပ်ယောင်လောကသည် ပုံပျက်ယွင်း၏။ တုန်ဟည်းသံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ သွေးများထံမှ အနက်ရောင်အခိုးအငွေ့များ ထွက်လာကာ လက်အကျိုးအပြတ်များက စတင် လှည့်ပတ်သည်။
အဆုံးသပ်၌ ပထမပုံရိပ်ယောင်အတွင်းရှိ အရာအားလုံးသည် အနက်ရောင်အခိုးအငွေ့ကို ပေးစွမ်းကာ ဝမ်လင်းနှင့်ချင်းရွှေတို့၏ အထက်၌ စုဝေးပြီး ကြီးမားသောတစ္ဆေမျက်နှာအသွင် ဖြစ်ပေါ်သည်။
ထိုတစ္ဆေမျက်နှာက ငြိမ်သက်စွာအော်မြည်သံပေး၍ သူတို့နှစ်ယောက်ကို ဝါးမြိုသွားသည်။
၎င်းက သူတို့ကို ဝါးမြိုလိုက်သည့်အခိုက်တွင် ဝမ်လင်းနှင့်ချင်းရွှေတို့၏ စိတ်နှလုံးမှာ တုန်ဟည်းသွား၏။ ဧရာမဝဲကတော့တစ်ခု ပေါ်လာကာ သူတို့၏စိတ်ဝိညာဉ်များနှင့် နတ်ဘုရားအာရုံများသည် ရှေးအတိတ်ကာလသို့ ရောက်ရှိသွားသည်။
ထိုလောကမှာ ဗရမ်းဗတာ ဖြစ်နေ၏။ သည်လှိုဏ်ဂူလောကထံ ဦးတည်သော တံခါးချပ် တည်ရှိရာ၊ ဗဟိုချက်နေရာလည်း ဖြစ်သည်။
သည်အခိုက်တွင် သည်ဗဟိုချက်ဧရိယာ၌ ကောင်းကင်ဘုံတာအိုက ၎င်း၏ပါးစပ်ကို ဟကာ လျန်တောက်ဖေကို ဝါးမြိုသည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေစဉ် ဝမ်လင်း ပေါ်လာ၏။
ဤသည်က ခုနစ်ရောင်စုံတာအိုသခင် ဝင်ရောက်ခဲ့သော ပုံရိပ်ယောင်နှင့် ချွတ်ဆွတ်တူသည်။
လျန်တောက်ဖေ၏ ဒေါသတကြီးအော်သံက မြည်ဟိန်းထွက်လာပြီး ကောင်းကင်ဘုံတာအိုသည် ထက်ပိုင်းကွဲကာ ဒဏ်ရာအပြင်းအထန် ရသွား၏။ တစ်ချိန်တည်းမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသည် သနားစရာကောင်းသောအခြေအနေသို့ ဆိုက်ရောက်ကာ သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။
သူ့ခန္ဓာကိုယ်သည် လုံးဝ ဆုတ်ပြတ်သပ်သွားပြီး သူ့မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့သည် စိတ်ဝိညာဉ်သုံးခုနှင့် အစိတ်အပိုင်းခုနစ်ခုအဖြစ်သို့ ပေါက်ကွဲထွက်သွား၏။ ယင်းတို့က အဘက်ဘက်သို့ ပြန့်ကြဲသွားလေသည်။
ဤသည်က ဝမ်လင်း ခုနစ်ရောင်စုံတာအိုသခင်၏ ပုံရိပ်ယောင်အတွင်းသို့ ဝင်ရောက်ခဲ့ချိန်ကနှင့် ကွာခြား၏။ သည်တစ်ကြိမ်၌ သူက သူ့ကိုယ်ပိုင် ပုံရိပ်ယောင်အတွင်း၌ ဖြစ်ကာ ပို၍ ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။
သူ ပထမဆုံး တွေ့မြင်သည့်အရာက အစိတ်အပိုင်းခုနစ်ခုပင်။
ထိုအစိတ်အပိုင်းခုနစ်ခုက သက်တံရောင် ရှိပြီး မတူညီသော အရောင်ခုနစ်ခု အစိတ်အပိုင်းများက ပြန်လည်မွေးဖွားဖို့ငှာ ပြန့်ကြဲသွားကြသည်။
ယင်းတို့ထဲမှ တစ်ခုက အနီရောင်တောက်ပ၏။ ထိုအစိတ်အပိုင်းက သတ်ဖြတ်ခြင်းကို ထိန်းချုပ်ကာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ သတ်ဖြတ်ခြင်းစွမ်းအား ပါဝင်သည်။ ထိုအနီရောင်အစိတ်အပိုင်း ပတ်လည်၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ရှိ၏။ ယင်းတို့မှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ သတ်ဖြတ်ခဲ့သော လူများ၏ စိတ်ဝိညာဉ်များပင်။ သည်အခိုက်၌ အနီရောင်အစိတ်အပိုင်းက ယင်းတို့အားလုံးကို ဝါးမြိုကာ လွန်စွာ တောက်ပ၍ အကွာအဝေးတစ်ခုသို့ ပျံသန်းသွားတော့သည်။
ဝမ်လင်းသည် ထိုအစိတ်အပိုင်းထံမှ ချင်းရွှေ၏အော်ရာကို ခံစားမိ၏။ အနီရောင်အစိတ်အပိုင်းက ပြန်လည်မွေးဖွားဖို့ ပျောက်ကွယ်သွားသည့်အခိုက်တွင် ဝမ်လင်းသည် အတွင်း၌ ပုံရိပ်တစ်ခု သိပ်သည်းလာသည်ကို မြင်သည်။ ထိုပုံရိပ်မှာ ချင်းရွှေပင်။
အပြာရောင်အစိတ်အပိုင်းတစ်ခုလည်း ရှိသေး၏။ ထိုအစိတ်အပိုင်းက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ပါရမီပါဝင်သည်။ လေဟာနယ်အတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်စွမ်း ရှိခဲ့ခြင်းက သူသည် ကောင်းကင်ဘုံ၏ သားတော်တစ်ယောက်ကဲ့သို့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားသည်ဟု ဆိုလိုသည် မဟုတ်လား။
ထိုအပြာရောင်စိတ်ဝိညာဉ်က မြန်မြန်ဆန်ဆန်ပင် အဝေးသို့ ပျံသန်းသွား၏။ သို့ပေမည့် ဝမ်လင်းက ၎င်းနှင့်ပတ်သတ်၍ ရင်းနှီးသောခံစားချက်ကို ရလိုက်ပြန်၏။ သည်အော်ရာက သူ့စိတ်နှလုံးကို တုန်ယင်စေကာ သူ့အား ပင့်သက်ရှိုက်မိလုနီးနီး ဖြစ်သွားစေသည်။
ထိုအပြာရောင်စိတ်ဝိညာဉ် ပျောက်ကွယ်ကာ ပြန်လည်မွေးဖွားခြင်းသို့ ဝင်ရောက်တော့မည့် အခိုက်၌ ဝမ်လင်းက ၎င်းအတွင်းရှိ ဝိုးတဝါးပုံရိပ်ကို မြင်သည်။ ထိုပုံရိပ်မှာ စစ်ထူနန်ပင်။
“စစ်ထူရဲ့ တုန်လှုပ်ဖွယ် ပါရမီနဲ့ ဆက်တိုက် တိုးတက်လာတဲ့ ကျင့်ကြံခြင်းအဆင့်ဟာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ ပါရမီအစိတ်အပိုင်း ဖြစ်နေတာပဲကို…”
တတိယအစိတ်အပိုင်းက လိမ္မော်ရောင် ရှိ၏။ ထိုလိမ္မော်ရောင်အလင်းက ပျော့ပြောင်းသော်လည်း သမာသမတ်ကျသောအော်ရာပေးစွမ်း၏။ ထိုအဝါရောင်အလင်းက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ အသိစိတ်ဖြစ်၏။
တတိယအစိတ်အပိုင်းမှ ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်သည် ဂုဏ်သက္ခာရှိသော တစ်စုံတစ်ယောက် ဖြစ်လာပေလိမ့်မည်။ တစ်စုံတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခုကို ကာကွယ်ဖို့အတွက် သူသည် မည်သည့်အရာကို ဖြစ်ဖြစ် လုပ်ဆောင်ပေမည်။
ထိုအစိတ်အပိုင်း ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရောက်တော့မည့်အချိန်၌ ဝမ်လင်းသည် ယင်းအတွင်းရှိ ပုံရိပ်မှာ ချင်းလင် ဖြစ်နေသည်ကို တုန်လှုပ်ဖွယ် တွေ့ရှိလိုက်ရသည်။
ချင်းလင်က မိုးကောင်းကင်ဘုံနယ်မြေ၏ အင်ပါယာ ဖြစ်၏။ သူက အုပ်စိုးသူကြောင့် ဒုက္ခတော်တော် ရောက်ခဲ့ပြီး အသတ်ခံရလုနီးနီး ဖြစ်ခဲ့သည်။သို့ပေမည့် သူသည် မိုးကောင်းကင်ဘုံနယ်မြေကို စောင့်ရှောက်ဖို့ လုပ်ဆောင်ခဲ့သည်ပင်။ အကြောင်းရင်းမှာ သူက တတိယအစိတ်အပိုင်း ဖြစ်နေခြင်းကြောင့်တည်း။
လေးခုမြောက်အစိတ်အပိုင်းလည်း ရှိသေး၏။
လေးခုမြောက်အစိတ်အပိုင်းက အဝါရောင် ရှိကာ ၎င်း၏အလင်းက သည်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လင်းလက်သွားစေဖို့ လုံလောက်သည်။ ထိုအဝါရောင်အလင်းက ကံကောင်းမှုကို ကိုယ်စားပြု၏။ ထိုစိတ်ဝိညာဉ်သည် ကောင်းကင်ကို ဖိဆန်မည့် ကံကောင်းမှုမျိုး ပိုင်ဆိုင်သူ ဖြစ်လာပေလိမ့်မည်။
သူ သွားသောနေရာတိုင်း၌ ရတနာများ ရှိနေလိမ့်မည်။
ကံကောင်းမှုကို ကိုယ်စားပြုသော လေးခုမြောက်စိတ်ဝိညာဉ်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်း ပျောက်ကွယ်တော့မည့်အခိုက်၌ ဝမ်လင်းက လောဘကြီး၏ဝိုးတဝါးပုံရိပ်ကို မြင်လိုက်ရသည်။