မော်စကိုသို့
Vol. 5 Ch. 435
ရုရှားနိုင်ငံမှာ အာရှနှင့် ဥရောပ တိုက်ကြီး နှစ်ခုလုံး၌ ကျယ်ပြန့်သော ဧရိယာကို ဖုံးလွှမ်းထားသည်။
ရုရှားမြောက်ပိုင်း ဆိုက်ဘေးရီးယား ဒေသနှင့် မော်စကိုမြို့တို့အား မီးရထားလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်ထားသည်။ မီးရထားလမ်းမှာ မြောက်ပိုင်း ဆိုက်ဘေးရီးယား ဝင်ရိုးစွန်း ဒေသအတွက် အဓိက သွေးကြောမကြီးဟုပင် ဆိုနိုင်သည်။
ချန်းဖန်က လေကြောင်းလမ်း အစား မီးရထားလမ်းကိုသာ ရွေးချယ်ခဲ့၏။ အကယ်၍ သူသာ လေကြောင်းလမ်းဖြင့် သွားကြောင်း သိပါက ရုရှားများမှာ ထိုလေယာဉ်ကို ကျိန်းသေ ဖောက်ခွဲပစ်လိမ့်မည် ဖြစ်သည်။ ချန်းဖန်အတွက် ထိုဖောက်ခွဲမှုမှာ အန္တရာယ် မရှိနိုင်သည့်တိုင် အခြား ခရီးသည်များကို သူ့ကြောင့် ဒုက္ခ မရောက်စေလိုပေ။
"ဂျုန်း ... ဂျက် ..."
ရထားဘီးများက သံလမ်းပေါ်၌ စည်းချက်ညီညီ လှုပ်ရှားနေ၏။ ပြတင်းပေါက်၏ အပြင်ဘက်တွင်မူ ကမ္ဘာကြီး တစ်ခုလုံးမှာ ဖြူလွှလွှ နှင်းများ၏ စိုးမိုးခြင်းအား ခံနေခဲ့ရ၏။
ချန်းဖန်နှင့် နာတာရှာတို့ကား အပန်းဖြေခရီး ထွက်လာသည့် လူငယ်စုံတွဲဟုပင် ထင်ရသည်။ ချန်းဖန်မှာ မူလရုပ်ရည်ကို ထုတ်ဖော် ပြသထားခြင်း မရှိရာ လူအများ၏ စိတ်ဝင်စားခြင်းအား အထူးတလှယ် မခံရပေ။
"ဆရာ ... ရထားမှတ်တိုင်တိုင်းမှာ စစ်ဆေးရေးတွေ ရှိတယ် ... ကျွန်မတို့ အဆင်ပြေပါ့မလား ..." နာတာရှာက ချန်းဖန်အား ခပ်တိုးတိုး မေးလိုက်သည်။
သူမသည် လည်ပင်းရှည် ဆွယ်တာ အင်္ကျီ အပေါ်မှ ကုတ်အင်္ကျီကို ထပ်ကာ ဝတ်ဆင်ထားပြီး အောက်ပိုင်းတွက်မူ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ ဖက်ရှင်ကျသော ဝတ်စားဆင်ယင်မှုနှင့် ချောမောသော ရုပ်ရည် ပေါင်းစပ်မှုဖြင့် နာတာရှာမှာ မော်ဒယ်တစ်ယောက် ဟုပင် ထင်မှတ်ရသည်။
"စိတ်မပူနဲ့ ... ငါ ပုံရိပ်ယောင် အစီအရင် တစ်ခု ခင်းထားတယ် ... စစ်သားတွေ ငါတို့ရဲ့ ပုံစံ အစစ်ကို မြင်မှာ မဟုတ်ဘူး ..." ချန်းဖန်က မျက်လုံး ပိတ်ထားရင်းဖြင့်ပင် ပြန်ဖြေလိုက်၏။
"ကျွန်မတို့က KGB နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း ဆယ့်ခုနစ်ခုကို ရှင်းပစ်ခဲ့တာ ဆိုတော့ သူတို့ ကသိကအောက် ဖြစ်နေမယ် ထင်တယ် ..." နာတာရှာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူမကား လွန်ခဲ့သည့် ရက်များအတွင်း ကြုံတွေ့ခဲ့ရသော သည်းထိပ်ရင်ဖို အတွေ့အကြုံများကို မေ့သေးဟန် မတူချေ။ ထိုအကြောင်းများအား ပြန်လည် သတိရသည်နှင့် သူမ၏ သွေးများက ဆူပွက်လာပုံ ရသည်။
ချန်းဖန်မှာ ရှာချန်းအား သတ်ဖြတ်ပြီးသည်နှင့် ခါဘာရို့မြို့မှ စမစ်ဒေါ့ဗော့စကီးသို့ ပြန်လာခဲ့သည်။ ထိုမှ တစ်ဆင့် နာတာရှာနှင့် အတူ မော်စကိုမြို့သို့ ဦးတည် ထွက်ခွာခဲ့သည်။ လမ်းတစ်လျှောက်လုံး၌ ချန်းဖန်မှာ KGB နှင့် ဆက်နွှယ်သော အဖွဲ့တိုင်းကို ရှာဖွေကာ ရှင်းလင်းပစ်ခဲ့သည်။
ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံအောက်မှ လွတ်အောင် ရှောင်တိမ်းနိုင်သော အဖွဲ့အစည်း ဟူ၍ မရှိချေ။ တစ်နှစ်ခန့် တံခါးပိတ် ကျင့်ကြံပြီး နောက်၌ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှာ တစ်ဆယ် ကီလိုမီတာ ပတ်ဝန်းကျင်ကို လွှမ်းခြုံနေနိုင်ပြီ ဖြစ်သည်။
ရထားလမ်း တစ်လျှောက်ရှိ ရုရှား မြို့များ၏ သေးငယ်သော ဧရိယာနှင့် နည်းပါးသော လူဦးရည်တို့ကြောင့် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှာ တစ်မြို့လုံးအား လွယ်ကူစွာ ဖုံးအုပ်နိုင်ခဲ့သည်။ ထို့အပြင် နာတာရှာ၏ နယ်မြေဒေသ ကျွမ်းကျင်မှု အကူအညီဖြင့် ချန်းဖန်၏ လုပ်ငန်းများမှာ ပိုမို လွယ်ကူကဲ့သည်။
ချန်းဖန်သည် ပစ်မှတ်အား အတည်ပြုပြီးသည်နှင့် ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်ဖြင့် ရန်သူများ၏ ဦးနှောက်ကို ရှာဖွေ စစ်ဆေးသည်။ ထို့နောက် ရန်သူထံမှ ရလာသော အချက်အလက်များဖြင့် အခြေစိုက် စခန်းများကို လွယ်ကူစွာ ရှာဖွေ ဖျက်ဆီးပစ်သည်။
ငါးခုမြောက် အခြေစိုက် စခန်းကို ဖျက်ဆီးပြီးချိန်၌ KGB မှာ တစ်ခုခု လွဲချော်နေကြောင်း သတိပြုမိလာသည်။ အမဲလိုက် ခံနေရကြောင်း အတည်ပြု ပြီးချိန်တွင်မူ နေရာဌာနများကို ပြောင်းလဲစေကာ ချန်းဖန်၏ တိုက်ခိုက်မှုအား ရှောင်တိမ်းရန် ကြိုးစားကြသည်။
သို့သော်လည်း သူတို့ကား ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံအောက်မှ လွတ်အောင် ပြေးနိုင်စွမ်း မရှိကြချေ။ KGB နှင့် ပတ်သက်သည့် လျှို့ဝှက် စုံထောက်များ၊ လုပ်ကြံသူများ၊ အရှင်သခင်များ အားလုံးမှာ ချန်းဖန်၏ အလွယ်တကူ ရှင်းပစ်ခြင်းကို ခံနေရဆဲ ဖြစ်သည်။
ယခုအချိန်၌ ချန်းဖန်မှာ စစ်တပ်နှင့် ထိပ်တိုက် မတွေ့အောင် ရှောင်တိမ်းနေခဲ့သည်။ စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းဖြင့် သူ၏ အချိန်များကို မဖြုန်းချင်ပေ။ သူ၏ ယခု ပစ်မှတ်မှာ လျှို့ဝှက် အေးဂျင့်များ ဖြစ်သည်။
ရုရှား စစ်တပ်မှာ ရထားဂိတ်များ၊ လေယာဉ်ကွင်းများ၌ လုံခြုံရေး တင်းကျပ်စွာ စစ်ဆေးနေခဲ့သော်လည်း ချန်းဖန်တို့၏ အရိပ်အယောင်ပင် မမြင်တွေ့ရချေ။
"ဆရာ ... အော့မြို့က ထွက်လာတည်းက လျှို့ဝှက် အေးဂျင့်တွေကို တစ်ယောက်မှ ရှာမတွေ့တော့ဘူး ... သူတို့ သိများ သိသွားတာလား ..." နာတာရှာက ချန်းဖန်အား ကြည့်ရင်း မေးလိုက်၏။
သူမကား ချန်းဖန်ကို နတ်ဘုရား တစ်ပါးဟုပင် မှတ်ယူထားခဲ့ပြီးပြီ ဖြစ်သည်။ ချန်းဖန်မှာ မည်သည့် နေရာတွင် ပုန်းနေသော လူကိုမဆို တွေ့အောင် ရှာဖွေနိုင်ခြင်းက သူမကို အထင်ကြီး လေးစားစေသည်။
ထို့အပြင် လျှို့ဝှက် အေးဂျင့်များ၊ အခြေစိုက် စခန်းများကို ချန်းဖန် မည်ကဲ့သို့ ရှာဖွေခဲ့ကြောင်း သူမ အမှန်ပင် စိတ်ဝင်စားမိသည်။ ချန်းဖန်အား သတင်း အချက်အလက်များ ထောက်ပံ့ပေးနိုင်သည့် အဖွဲ့အစည်း တစ်ခု ရှိရမည်ဟုပင် သူမ တွေးနေမိခဲ့သည်။
"KGB က လူတွေက အကြောက်အလန့် မရှိတဲ့ စပိုင်တွေပဲ ... ငါ့ကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး ..." ချန်းဖန်က ခေါင်းခါရင်း ဆက်ပြောလိုက်သည်။ "ငါ့အထင် သူတို့ ငါ့ကို ဖမ်းဖို့ ထောင်ချောက်ဆင်နေတာ ဖြစ်ရမယ် ..."
"အင်း ..." နာတာရှာက ခဏမျှ စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။
ဆိုက်ဘေးရီးယား မီးရထားလမ်းမှာ အလွန် ရှည်လျားပြီး များစွာသော မြို့များနှင့် ဆက်သွယ်ထားသည်။ KGB အတွက် ချန်းဖန် ရထားပေါ်တွင် ရှိနေကြောင်း ကောက်ချက်ချရန်မှာ လွယ်ကူသည်။
ထို့ကြောင့်ပင် ရထားလမ်း တစ်လျှောက်၌ စစ်တပ်ကို တင်းကျပ်စွာ ဖြန့်ကြက်၍ ခရီးသည်တိုင်းအား သေချာစွာ စစ်ဆေးခဲ့သည်။ သို့သော်လည်း မည်မျှပင် တင်းကျပ်ပါစေ ချန်းဖန်အား ရှာဖွေ မတွေ့ခဲ့ချေ။
ချန်းဖန်၏ ပုံရိပ်ယောင် အစီအရင်မှာ အလွန် အစွမ်းထက်သော အစီအရင်မျိုး မဟုတ်သော်လည်း သာမန်လူသားများ၏ အမြင်အာရုံကိုမူ လွယ်ကူစွာ လှည့်စားနိုင်သည်။ သူတို့ရှေ့၌ မတ်တတ်ရပ်နေစဉ်မှာပင် ချန်းဖန်အား သူတို့ သတိမထားမိကြချေ။
"ကျွန်မ အထင်ပြောရရင် သူတို့က ကြီးမားတဲ့ မြို့တစ်မြို့မှာ ကြိုစောင့်နေလောက်တယ် ထင်တယ် ... အဖြစ်နိုင်ဆုံးကတော့ ယူဖာမြို့ပဲ ..." နာတာရှာက စဉ်းစားရင်း ပြောဆိုလိုက်၏။
"ယူဖာ ..." ချန်းဖန်က မြေပုံအား ထုတ်ယူရင်း စတင် ရှာဖွေလိုက်သည်။
ယူဖာမြို့မှာ ယူရယ် တောင်တန်း အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ဘက်စကို တိုစတမ်၏ မြို့တော် ဖြစ်သည်။ ထိုမြို့တော်ကား ရုရှား၏ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး အချက်အချာ အကျဆုံး မြို့ကြီးများ အနက်မှ တစ်ခု ဖြစ်သည်။ အနောက် ရုရှားနှင့် အရှေ့ရုရှားတို့၏ အချက်အချာကျရာ ဒေသတွင် တည်ရှိသောကြောင့် ပို့ဆောင်ဆက်သွယ်ရေး ဗဟိုမြို့လည်း ဖြစ်သည်။
"အင်း ... ယူဖာမြို့မှာ သူတို့ ငါ့ကို ထောင်ချောက်ဆင်မလား ကြည့်ရသေးတာပေါ့ ..." ချန်းဖန်က ပြောရင်း မျက်လုံးများကို ပိတ်ကာ စတင် ကျင့်ကြံလိုက်တော့သည်။
နာတာရှာကလည်း မျက်လုံးများကို ပိတ်ကာ သူမ၏ ကိုယ်ပိုင် ကျင့်ကြံမှုကို စတင်လိုက်သည်။ ချန်းဖန်မှာ သူမအား အခြေခံ ကျင့်စဉ်များ သင်ကြားပေးခဲ့ ပြီးပြီ ဖြစ်သည်။ ထိုကျင့်စဉ်များမှာ တန်ခိုးရှင် ကျင့်ကြံခြင်း လမ်းစဉ်၏ အခြေခံ အကျဆုံးသော ကျင့်စဉ်များ ဖြစ်သည့်တိုင် နာတာရှာ အတွက်မူ လုံလောက်နေပြီ ဖြစ်သည်။ နာတာရှာမှာ ထိုကျင့်စဉ်များကို အားလပ်သည့် အချိန်တိုင်း၌ စာ လေ့ကျင့်နေပြီ ဖြစ်၏။
သူတို့ နှစ်ယောက် ကျင့်ကြံနေကြစဉ်မှာပင် ရထားမှာ ယူဖာမြို့နှင့် တဖြည်းဖြည်း နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။
ဘူတာသို့ ရောက်သည်နှင့် ချန်းဖန်က ရထားပေါ်မှ ဆင်းရင်း မြောက်ဘက် ကောင်းကင်သို့ လှမ်းမျှော်ကြည့်လိုက်၏။
"မင်းပြောတာ မှန်တာပဲ ... ဒီမှာ လျှို့ဝှက် အေးဂျင့်တွေ တော်တော်များများ ရောက်နေတာပဲ ... နောက်ပြီးတော့ သမန်း ဝံပုလွေတွေနဲ့ အရှိန်အဝါချင်း တူနေတဲ့ အထူးစစ်သားတွေလည်း တွေ့ရတယ် ... သူတို့ကတော့ အဲဒီ သတ္တဝါတွေကို ဝံပုလွေ သွေးနှောတွေတဲ့ ..."
ချန်းဖန်၏ မျက်လုံးများက တဖျတ်ဖျတ် လင်းလက်လာသည်။
ပထမ၌ ထိုသမန်း ဝံပုလွေများမှာ နှင်းဝံပုလွေ ဘုရင်အတွက် လက်စားလာချေခြင်းဟု ချန်းဖန် တွေးနေခဲ့သေးသည်။ သို့သော်လည်း ထိုအတွေးကို သူလျင်မြန်စွာပင် ပယ်ချခဲ့သည်။
ယခု သမန်းဝံပုလွေများမှာ ရေခံ ဝံပုလွေ ချိုင့်ဝှမ်း တိုက်ခိုက်မှု၌ ရုရှား စစ်တပ်နှင့် ပူးပေါင်း ပါဝင်ခဲ့ပုံ ရသည်။ ထို့အပြင် သူတို့၏ ခေါင်းဆောင်မှာ အင်ဒရူးဟု ခေါ်ကြောင်းလည်း ချန်းဖန် သိရသည်။
"သွားရအောင် ... ဝံပုလွေ သွေးနှောတွေနဲ့ သွားရင်ဆိုင်ကြတာပေါ့ ..." ချန်းဖန်က ပြုံးရင်း နာတာရှာကို ပြောလိုက်သည်။
ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဘူတာရုံမှ ထွက်ခွာ လာခဲ့တော့သည်။ နာတာရှာကလည်း ခပ်မြန်မြန်လျှောက်ရင်း ချန်းဖန်၏ နောက်မှ ကပ်လိုက်လာခဲ့သည်။
ကားလမ်းမသို့ ရောက်သည်နှင့် သူတို့ နှစ်ယောက်မှာ တက္ကစီ တစ်စီး ငှားယမ်း၍ ယူဖာမြို့ နိုင်ငံတော် ကာကွယ်ရေး ဌာနခွဲ ရှိရာသို့ ဦးတည်လိုက်တော့၏။ ယူဖာ ဌာနခွဲရှေ့သို့ ရောက်သည်နှင့် ချန်းဖန်က တက္ကစီ ကားထဲမှ ထွက်လိုက်ရင်း ...
"ဒီမှာပဲ စောင့်နေနော် ... ငါသိပ်မကြာဘူး ..."
ချန်းဖန်က ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ ယူဖာဌာနခွဲသို့ ဦးတည် လိုက်တော့၏။
"ဘုန်း ..."
ဂိတ်တံခါးမှာ ကြီးမားသော တံခါးကြီးများဖြင့် ပိတ်ထားသော်လည်း ချန်းဖန်အတွက် ပြဿနာ မရှိချေ။ သူက ဂိတ်တံခါးအား လက်သီးဖြင့် ထိုးခွဲကာ ဖျက်ဆီးရင်း ဌာနခွဲ အတွင်း ဝင်လာခဲ့တော့သည်။
"ဒက် ... ဒက် ... ဒက် ..."
ချန်းဖန် အတွင်းသို့ ဝင်သွားသည်နှင့် နာတာရှာမှာ သေနတ်သံများအား ကြားလိုက်ရသည်။ သေနတ်သံများ အပြင် ကြီးမားသော ပေါက်ကွဲသံများ တစ်ချက်တစ်ချက် ပေါ်ထွက်လာကာ မြေပြင်ပင် တသိမ့်သိမ့် တုန်နေတော့သည်။
ထိုပေါက်ကွဲသံများမှာ ဘားရတ် M82 အော်တို စနိုက်ဘာများမှ အသံဖြစ်ကြောင်း နာတာရှာ ကောင်းစွာ သိသည်။ ထိုသေနတ် ကျည်ဆန်များမှာ လူ၏ အရိုးကိုပင် အပိုင်းပိုင်း အစစ ခွဲပစ်နိုင်သည်။ ထိုသေနတ်များကား သံချပ်ကာ တင့်ကားများကိုပင် ဖောက်၍ ပစ်နိုင်စွမ်း ရှိ၏။
"ပထမ အထပ် ..."
"ဒုတိယ အထပ် ..."
"တတိယ အထပ် ..."
နာတာရှာမှာ သေနတ်သံများအား နားစွင့်ရင်း ဌာနခွဲ အဆောက်အဦ၏ အထပ်များအား ရေတွက်နေခဲ့သည်။
"ဆယ်ခုမြောက် အထပ် ..."
နာတာရှာက ရေတွက်ရင်း အဆောက်အဦအား ငေးမောကြည့် နေမိသည်။ ထိုအချိန်၌ အဆောက်အဦ၏ ပြတင်းပေါက်များမှာ သေနတ်ကျည်ဆန်များ အကြား၌ ပေါက်ကွဲထွက် နေခဲ့ပြီ ဖြစ်သည်။
"ခုအချိန်ဆို ဆရာက ဝံပုလွေ သွေးနှောတွေနဲ့ တိုက်ခိုက်နေလောက်ပြီ ... သူ နိုင်မှ နိုင်ပါ့ မလား ..." နာတာရှာက မျက်မှောင်ကြုတ်ရင်း တွေးနေခဲ့၏။
သို့သော်လည်း သူ၏ စိတ်အတွင်းတွင်မူ ချန်းဖန်အား ယုံကြည်စိတ်က ကြီးစိုးနေသည်။ ဝံပုလွေ သွေးနှောများ မည်မျှပင် ကြမ်းတမ်း ရိုင်းစိုင်း စေကာမူ ချန်းဖန်သာ နိုင်လိမ့်မည် ဖြစ်ကြောင်း သိရှိနေခဲ့သည်။
ထိုအချိန် အဆောက်အဦ ဆယ်ထပ်မြောက် အတွင်းတွင်မူ ...
"ပုန်းမနေကြနဲ့ ... မင်းတို့ ရှိနေတာ ငါသိတယ် ..." ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ သူ၏ အသံက အားစိုက်ထုတ်ထားခြင်း မရှိသည့်တိုင် အဆောက်အဦ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
"ဖျပ် ... ဖျပ် ... ဖျပ် ..."
ချန်းဖန်၏ စကားဆုံးသည်နှင့် တစ်ဒါဇင်ခန့် ရှိသော လူများမှာ ပုန်းကွယ်ရာမှ ထွက်လာကြတော့သည်။ သူတို့မှာ ကြီးမားသော ကိုယ်ကာယရှိပြီး ရုရှား စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထိုအုပ်စု၏ ရှေ့ဆုံးတွင် ရပ်နေသည့် လူငါးယောက်မှာမူ ပုံမှန်ထက် ထွားကြိုင်းပြီး အရပ် နှစ်မီတာခန့် ရှည်သည်။
"မင်းတို့က ဝံပုလွေ သွေးနှောတွေလား ... အင်ဒရူးကရော ဘယ်မှာလဲ ..." ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း မေးလိုက်သည်။
"မစ္စတာ အင်ဒရူးနဲ့ မစ္စတာ အိုင်ဗန်တို့က မော်စကိုကနေ စောင့်နေပါတယ် ... မင်းသာ ငါတို့ကို ကျော်နိုင်ရင် သူတို့နဲ့ တွေ့ရမှာပါ ..." ထိုအုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန်တူသည့် အနက်ရောင်ဝတ် ပုဂ္ဂိုလ်က ပြောလိုက်၏။ အခြားလူများနှင့် ခြားနားစွာပင် သူ၏ မျက်လုံးများက နီရဲ တောက်ပနေသည်။
"ဟုတ်လား ... အာ့ဆိုလည်း မြန်မြန် အဆုံးသတ် ပေးရတာပေါ့ ..."
အဇူရာ ဓားအလင်း တစ်ခုကား ဌာနခွဲ ဆယ်လွှာမြောက်၌ လင်းလက်သွားခဲ့တော့၏။
***