ဒုတိယမြောက် တန်ခိုးရှင် အဆင့်
Vol. 5 Ch. 437
ရထားကား ဘူတာတစ်ခုသို့ ဆိုက်ရောက်လာခဲ့၏။
ထိုဘူတာမှာ မော်စကိုသို့ မဝင်ခင် နောက်ဆုံး ဘူတာ ဖြစ်ပြီး ဗလာရှီခါဟု ခေါ်သော မြို့ငယ်လေး၌ တည်ရှိသည်။ မြို့ငယ်လေး၏ လူဦးရေမှာ တစ်သိန်းခန့်သာ ရှိရာ ထိုဘူတာ၌ ခရီးသည် အဆင်းအတက် သိပ်မရှိလှချေ။
ရထားရပ်သည်နှင့် ခရီးသည် အချို့မှာ ဗလာရှီခါဘူတာ၌ ဆင်း၍ ကိုယ်လက် အညောင်းအညာ ဖြေကြသည်။ ထူးဆန်းစွာပင် ထိုဘူတာ၌ စစ်သားတစ်ယောက်မျှ မတွေ့မြင်ရချေ။
မော်စကိုနှင့် ကီလိုမီတာ ဒါဇင်မျှသာ ဝေးကွာတော့သည့် မြို့ငယ်လေးမှာ ချန်းဖန်၏ ရောက်ရှိလာမှုကို သတိမပြုမိသည့် အလား တိတ်ဆိတ်စွာပင် အိပ်စက်နေခဲ့၏။
"ဆရာ ... တစ်ခုခုတော့ တစ်ခုခုပဲ ထင်တယ် ..."
နာတာရှာက တစ်ခုခု လွဲချော်နေကြောင်း သတိပြုမိလိုက်၏။
ပုံမှန်အတိုင်းဆိုလျှင် မော်စကိုနှင့် အလွန် နီးကပ်နေပြီ ဖြစ်သောကြောင့် ဤဘူတာ၌ လုံခြုံရေးကို ပိုမို တင်းကျပ်လေ့ရှိသည်။ သို့သော်လည်း ယခုတွင်မူ အခြေအနေများက အလွန်ပင် ထူးဆန်းနေသည်။
"ဖျပ် ... ဖျပ် ... ဖျပ် ..."
ထိုအခိုက်တွင်ပင် အမိုက်စား ခန္ဓာကိုယ်ပေါ်တွင် လည်သာကိုယ်ကြပ် ဝတ်ဆင်ထားသည့် ဆံပင်ကုတ်ဝဲ မိန်းမငယ် တစ်ယောက်က ချန်းဖန်ထံသို့ တည့်တည့်မတ်မတ်ပင် လျှောက်လာခဲ့၏။ ထို့နောက် သူမက အနားသို့ တိုးတပ်ရင်း ပြောလိုက်၏။
"မစ္စတာ ချန်းပေ့ရွှမ်း ... ရှင့်ကို တစ်ယောက်က တွေ့ချင်လို့တဲ့ ..."
"ပျံလွှားနီလေး ..."
ထိုမိန်းကလေးအား တွေ့သည်နှင့် ချန်းဖန်၏ မျက်လုံးများမှ ကျည်းမြောင်းသွားသည်။
ချန်းဖန် ချင်းကျင်းထားသော ပုံရိပ်ယောင် အစီအရင်မှာ သာမန်လူများအား အရူးလုပ်နိုင်သော်လည်း ပျံလွှားနီလေး ကဲ့သို့သော လူများ မပါဝင်ချေ။ ပျံလွှားနီလေး၏ အဆင့်ဖြင့် ဆိုပါက လူတစ်ယောက်၏ ဝိညာဉ် အငွေ့အသက်ကို ခံစားပြီး သိရှိနေနိုင်ပြီ ဖြစ်သည်။
အထွတ်အထိပ် တစ်ယောက်၏ နှာခေါင်းမှာ ခွေးများ၏ နှာခေါင်းထက် ပိုမို အနံ့ခံနိုင်သည်။ သူတို့၏ မျက်လုံးများမှာလည်း သိမ်းငှက်များထက် ပိုမို စူးရှသည်။ ထိုမျှမကချေ။ အထွတ်အထိပ်များ၏ အကြားအာရုံမှာ အဝေးတစ်နေရာမှ အပ်ကျသံကိုပင် ကြားနိုင်အောင် ပါးလှ၏။ ထို့ကြောင့်ပင် ပျံလွှားနီလေးမှာ ချန်းဖန်၏ ဖုံးကွယ်ထားသော ရုပ်ရည်ကို ချက်ချင်း တွေ့မြင်ခဲ့ခြင်း ဖြစ်သည်။
"မင်းငါ့ကို ဘယ်လို ရှာတွေ့တာလဲ ..." ချန်းဖန်က နာတာရှာကို တိတ်တဆိတ်နေရန် အချက်ပြရင်း ပျံလွှားနီလေးအား မေးလိုက်၏။
"ရှင်ချန်ခဲ့တဲ့ သဲလွန်စတွေကို ကောက်ပြီး ဒီမှာရှိနေတာကို သိတာပေါ့ ..." ပျံလွှားနီလေးက အေးဆေးစွာ ပြန်ဖြေလိုက်သည်။
သူမကား ချန်းဖန်နှင့် မဆုံဖြစ်သည့် တစ်နှစ်ခန့် ကာလအတွင်း အပြုအမူ၊ သဘောထား အတော်လေး ပြောင်းလဲသွားပုံရသည်။ ပျံလွှားနီလေးက ခေါင်းငုံ့ရင်း ဆက်ပြောလိုက်သည်။
"မစ္စတာချန်း ... သူတို့ ရှင့်ကို စောင့်နေတယ် ..."
"အင်း ...အာ့ဆိုလည်း သွားတွေ့ကြတာပေါ့ ..."
ချန်းဖန်က ထိုင်ရာမှ ထကာ နာတာရှာအား ရထားပေါ်တွင်သာ စောင့်ရန် မှာကြားရင်း ပျံလွှားနီလေးနှင့် အတူ ရထားပေါ်မှ ဆင်းလာခဲ့တော့သည်။
ဤနေရာကား မော်စကိုမြို့နှင့် ကီလိုမီတာ ဒါဇင်မျှသာ ကွာဝေးတော့ရာ ရုရှား စစ်တပ် အနေဖြင့် နျူကလိယဗုံးအား သုံးလိမ့်မည် မဟုတ်ချေ။ ရုရှား စစ်တပ်မှာ နျူကလိယဗုံးမပါပဲ ချန်းဖန်အား မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
"ပျံလွှားနီလေး ရည်ညွှန်းတဲ့ တစ်ယောက် ဆိုတာက ဝံပုလွေ သွေးနှောတွေရဲ့ ခေါင်းဆောင် အင်ဒရူးများလား ..." ချန်းဖန်က လမ်းလျှောက်ရင်း တွေးလိုက်မိ၏။
သူကား အင်ဒရူးနှင့် ရင်ဆိုင်ရန် အတွက် ဆိုက်ဘေးရီးယားမှ မော်စကိုအထိ ခရီးစဉ်ကို နှင်ခဲ့ခြင်း ဖြစ်သည်။ အင်ဒရူး ပေါ်ထွက်လာစေရန် အတွက်ပင် များစွာသော လျှို့ဝှက် အေးဂျင့်များ၊ ဝံပုလွေသွေးနှောများကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ရေခဲဝံပုလွေ ချိုင့်ဝှမ်း တိုက်ခိုက်ခံရမှု၌ အဓိက ပါဝင်နေသူ တစ်ဦးကို လွယ်ကူစွာ ခွင့်မလွှတ်နိုင်ချေ။
ချန်းဖန်နှင့် ပျံလွှားနီလေးတို့မှာ လျင်မြန်စွာပင် ဘူတာရုံ၏ ဆိုက်ကပ်နေရာသို့ ထွက်ခွာလာခဲ့တော့သည်။ ပုံမှန် အတိုင်းဆိုလျှင် ထိုနေရာ၌ အလုပ်သမားများစွာ ရှိရမည် ဖြစ်သော်လည်း ယခုတွင်မူ ရုရှားလူမျိုး နှစ်ယောက်သာ ရှိနေခဲ့သည်။ တစ်ယောက် ငယ်ရွယ် ချောမောသော လူငယ်တစ်ယောက် ဖြစ်သည်။
အခြား တစ်ယောက်ကမူ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူ အဘိုးကြီး ဖြစ်သည်။ သူ၏ ယူနီဖောင်းမှာ မီးပူတိုက်ထားသောကြောင့် ခေါက်ရိုးများ သေသပ်ညီစွာ ရှိနေသည်။ ထိုအဘိုးအိုကား စစ်ယူနီဖောင်းကို အတော်လေး နှစ်သက် တန်ဖိုးထားပုံ ရသည်။
"သွေးနှောဝံပုလွေ တပ်ဖွဲ့ ခေါင်းဆောင်... ရုရှား ထောက်လှမ်းရေး ဌာနရဲ့ လက်ထောက် ဒါရိုက်တာ ... အင်ဒရူး ပီတာရော့ပါ ..." လူငယ်က ချန်းဖန်အား နှုတ်ဆက်လိုက်သည်။
ချန်းဖန်မှာ များစွာသော လျှို့ဝှက် အေးဂျင့်များ၏ စိတ်ဝိညာဉ်များအား ရှာဖွေထားသည် ဖြစ်ရာ အင်ဒရူးကို မြင်သည်နှင့်ပင် မှတ်မိလိုက်သည်။ ချန်းဖန်က အင်ဒရူးအား စိတ်ဝင်တစား ကြည့်လိုက်သည်။ သူ ရက်ပေါင်းများစွာ ရှာဖွေနေသော ရန်သူကား ယခု သူ၏ ရှေ့တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်က အလျင်လိုခြင်း မရှိချေ။
"သခင်ကြီး ... ချန်းပေ့ရွှမ်း ရောက်လာပါပြီ ..." ပျံလွှားနီလေးက အဘိုးအို၏ ရှေ့သို့သွားရင်း ခေါင်းငုံ့ကာ ပြောလိုက်သည်။
"အဟွတ် ... အဟွတ် ..." အဘိုးအိုက ချောင်းဆိုးရင်း ချန်းဖန် ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအဘိုး၏ မျက်လုံးများမှာ မှုန်ရီနေပြီ ဖြစ်သလို သူ၏ မျက်နှာတွင်လည်း အရေးအကြောင်းများက နက်နဲစွာ နေရာယူထားသည်။ ထိုအဘိုးအို၏ အသွင်အပြင်ကြောင့် ချန်းဖန်မှာ သူ၏ အဘိုး ချန်းဟွိုက်အန်းကိုပင် ပြန်လည် သတိရလာမိသည်။
"အင်း ... အံ့ဩစရာပဲ ... မင်းက ဒီလောက်ငယ်လိမ့်မယ် လို့ ငါမထင်ခဲ့မိဘူး ... ဒီကမ္ဘာပေါ်မှာ တန်ခိုးရှင် အဆင့်ကို မတွေ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ... မင်းကို တွေ့ရတာ ဗိုလ်ချုပ်ကိုတောင် ပြန်သတိရလာမိတယ် ... ငယ်ရွယ်တယ် ... သန်စွမ်းတယ် ... အရည်အသွေး ပြည့်ဝတယ် ..." အဘိုးအိုက တရုတ်တွင် နှစ်ပေါင်းစွာ နေခဲ့သူ တစ်ယောက်ကဲ့သို့ တရုတ်စကားကို ပီသစွာ ပြောလိုက်၏။
"ခင်ဗျားက ဘယ်သူလဲ မသိဘူး ..." ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
ထိုအဘိုးအို၏ ပုံစံမှာ အလွန်အမင်း အိုမင်းရင့်ရော်နေပုံ ပေါ်သော်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများမှာမူ ချန်းဖန် ရင်ဆိုင် တိုက်ခိုက်ဖူးသမျှ ပုဂ္ဂိုလ်အားလုံးထက် ပိုမို ပြင်းထန်နေသည်။
ထိုအဘိုးအိုမှာ ကမ္ဘာပေါ်၌ ချန်းဖန် တွေ့ဖူးသမျှ အားလုံးထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ပေလိမ့်မည်။ နှင်းဝံပုလွေ ဘုရင် ဂေါ့ဒင်ပင်လျှင် ထိုအဘိုးအိုနှင့် ယှဉ်ပါက မှေးမှိန်ရပေလိမ့်မည်။ ချန်းဖန် ပို၍ အံ့အားသင့်ရသော အချက်မှာ ထိုအဘိုးအိုနှင့် နှင်းဝံပုလွေ ဘုရင်တို့ကြားမှ စွမ်းအားများက ဆင်တူနေခြင်းပင်။
"သူက သာမန် တန်ခိုးရှင် အဆင့် မဟုတ်ဘူး ... သူက ..." ချန်းဖန်၏ မျက်လုံး၌ အလင်းတစ်ခုက ဖျတ်ခနဲ တောက်ပသွား၏။ "သူက ... တန်ခိုးရှင် အလယ်အဆင့်မှာပဲ ..."
"ဒီအလယ်အဆင့် တန်ခိုးရှင်က ရုရှားရဲ့ နောက်ဆုံး ဝှက်ဖဲဖြစ်ရမယ် ..."
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း အဘိုးအိုအား ကြည့်လိုက်၏။ သို့သော်လည်း တန်ခိုးရှင် အလယ်အဆင့်အား သူ့အနေဖြင့် ကြောက်ရွံ့ခြင်း မရှိချေ။
ချန်းဖန်မှာ အဇူရာ သက်ရှည် ခန္ဓာကိုယ်၏ စဦးအောင်မြင်ခြင်း အဆင့်သို့ ရောက်ရှိပြီး ဖြစ်ရာ ဤကမ္ဘာပေါ်၌ ပြိုင်ဘက်ကင်း ဖြစ်နေပြီဟုပင် ဆိုနိုင်သည်။ သူ့အနေဖြင့် တန်ခိုးရှင် အလယ်အဆင့် မဆိုထားနှင့် ထိပ်ဆုံး အဆင့်ဆိုလျှင်ပင် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။
"ငါက ပထမဆုံး ဝံပုလွေသွေးနှော စစ်သား အိုလက် နီကိုလာဗစ်ပါ ... ထောက်လှမ်းရေး ဌာနရဲ့ ဒုတိယ ဒါရိုက်တာဆိုလည်း မမှားပါဘူး ..." အဘိုးအိုက အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။
"မစ္စတာ အိုလက်က ပြင်သစ်တွေ ရုရှားကို ကျူးကျော်တဲ့ အချိန်တည်းက စစ်ထဲကို ဝင်ခဲ့တာ ... နောက်ပြီး သူက ဝံပုလွေသွေးနှော တပ်ဖွဲ့ကို တည်ထောင်ခဲ့တဲ့လူပဲ ..."
ပျံလွှားနီလေးက ချန်းဖန် အနားသို့ တိုးကပ်၍ တီးတိုး ရှင်းပြလိုက်သည်။
"သူက အရမ်းအစွမ်းထက်တဲ့ တန်ခိုးရှင် အဆင့် တစ်ယောက်ပဲ ... သူ့ရဲ့ နာမည်ပြောင်က သွေးဝံပုလွေ ဘုရင်တဲ့ ... ကမ္ဘာ တစ်ခုလုံးမှာ ရှိတဲ့ တန်ခိုးရှင် အဆင့်တွေ ထဲမှာတောင် သူ့ရဲ့ အဆင့်က ထိပ်ပိုင်းမှာ ရှိတယ် ..."
"သွေးဝံပုလွေဘုရင် ... ခင်ဗျားက နှင်းဝံပုလွေ ဘုရင်နဲ့ ဘယ်လို ပတ်သက်နေလဲ ..." ချန်းဖန်က ပြုံးရင်း မေးလိုက်သည်။
"ငါတို့က လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တည်းက မိတ်ဆွေတွေ ဆိုပါတော့ ... ငါတို့ ကလန်ပိုင်နက်တွေကလည်း ဆက်စပ်နေတာ ... ဒါပေမဲ့ နှင်းဝံပုလွေ ဘုရင်က လူသားတွေနဲ့ သိပ်ပြီး မပတ်သက်ချင်ဘူး ... နောက်ဆုံးမှာတော့ မော်ဒန် ကမ္ဘာနဲ့ အဆက်ပြတ်တဲ့ အထိ သူတစ်ယောက်တည်းပဲ နေခဲ့တာလေ ..."
အဘိုးအိုက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအခိုက်အတန့်မှာပင် ချန်းဖန်အား ကြည့်သည့် သူ၏ အကြည့်များက ပိုမို အေးစက်လာခဲ့၏။
"မစ္စတာ ချန်းပေ့ရွှမ်း ... မင်းက ခြေလျင်တပ်မ ၁၁၆ နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းတို့ကို သတ်ပြီး တရုတ်နဲ့ ရုရှားရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးပစ်ခဲ့တယ် ... နောက်ပြီး မော်စကိုကို လာတဲ့ လမ်းတစ်လျှောက်မှာလည်း KGB ရဲ့ အေးဂျင့်တွေကို ရှင်းပစ်ခဲ့သေးတယ် ... အဲဒီ အပြုအမူတွေက အရမ်းကို ရိုင်းစိုင်းလွန်းတယ် ... ငါတားတာကြောင့်သာ မဟုတ်ရင် နိုင်ငံ ခေါင်းဆောင်တွေက မင်းကို နျူကလိယဗုံးကြဲပြီး သတ်ပစ်ပြီးလောက်ပြီ ..."
"သူတို့ လုပ်ရဲရင် လုပ်ကြည့်ပေါ့ ..."
ချမ်းဖန်က နှာခေါင်းရှုံ့လိုက်သည်။ သူ၏ အသံကမူ ယုံကြည်ချက်များဖြင့် တည်ကြည်နေ၏။
"ဒါဆို မင်းက ရုရှားရဲ့ ရန်သူဖြစ်ဖို့ ဆန္ဒ ရှိတယ်ပေါ့ ... ငါတို့ နှစ်နိုင်ငံကြားက ငြိမ်းချမ်းရေးကို မင်းက ဖျက်ချင်တာလား ..." အဘိုးအိုက တင်းမာစွာ မေးလိုက်သည်။
"ချန်းဖန် ... ဒါရိုက်တာရှောင်ကလည်း ရှင့်ကို ရပ်စေချင်နေပြီ ... ရှင်က အဖွဲ့အစည်း ဆယ့်ခုနစ်ခုနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ယောက်ကို သတ်ပြီးနေပြီ ဆိုတော့ သူတို့ ရှင့်အပေါ် လုပ်ခဲ့တာတွေနဲ့ သင်ပုန်းချေဖို့ သင့်နေပြီ ..." ပျံလွှားနီလေးကလည်း ဝင်ပြောလိုက်သည်။
"မလုံလောက်သေးဘူး ..." ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
သူ့အနေဖြင့် အင်ဒရူးကို သတ်ဖြတ်ရမှ ဖြစ်ပေလိမ့်မည်။ ထိုအင်ဒရူးအား သတ်ဖြတ်ရန် အတွက်ပင် ယခုကဲ့သို့ အပင်ပန်းခံကာ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။
"တန်ခိုးရှင် အဆင့်တွေတောင် သူတို့ ကြောက်ရတဲ့ အရာဆိုတာ ရှိတယ် ... မင်းအတွက် နျူကလိယဗုံးက အန္တရာယ် မရှိဘူး ဆိုရင်တောင် မင်းမိဘတွေ ... မိတ်ဆွေတွေရော ..." အဘိုးအို အိုလက်က အဓိပ္ပာယ် ပါပါပြောသည်။
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား ..." ချန်းဖန်၏ အမူအရာက တင်းမာနေပြီ ဖြစ်သည်။
အခန်း၏ လေထု အခြေအနေကား တဖြည်းဖြည်း အေးစက်လာခဲ့ပြီ ဖြစ်တော့၏။
***