← Chapters

အဆုံးသတ်လိုက်ကြစို့

Vol. 5 Ch. 438

အဆုံးသတ်လိုက်ကြစို့

Vol. 5 Ch. 438

ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များ အောက်တွင် ပျံလွှားနီလေးနှင့် အင်ဒရူးတို့မှာ တောင်ကြီး ဖိထားသည့် အလား ဖိအားများ ခံစားနေခဲ့ရသည်။ ထိုဖိအား၏ အောက်၌ သစ်ပင်များသာ ရှိပါက အကိုင်းအခက်များ ကိုင်းညွှတ်ကာ မြေပြင်သို့ပင် ဝပ်တွားသွားနိုင်သည်။

ပျံလွှားနီလေးက နောက်သို့ အနည်းငယ် ဆုတ်လိုက်ရင်း ချန်းဖန်အား အံ့အားသင့်စွာ ကြည့်လိုက်၏။

အင်ဒရူးကလည်း ထူထဲသော မျက်ခုံးများကို ပင့်တင်ရင်း ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ့ အနေဖြင့် ချန်းဖန်၏ ဓာတ်ပုံကို အကြိမ်များစွာ တွေ့ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာ မျက်လုံးများနှင့် တေ့တေ့ဆိုင်ဆိုင် တွေ့မြင်ရခြင်း ဖြစ်၏။

"သူ့ခန္ဓာကိုယ်က အငွေ့အသက်ကတောင် အရမ်း ပြင်းထန်တာပဲ ... ငါ့ဆရာလောက်ကို အစွမ်းထက်နေပြီ ... ဒါက တန်ခိုးရှင် အဆင့်တစ်ယောက်ရဲ့ စွမ်းအားလား ..." အင်ဒရူးက ခေါင်းကိုငုံ့ရင်း တွေးလိုက်သည်။

အိုလက်ကမူ မတုန်မလှုပ် ရှိနေတုန်းပင်။ သို့သော်လည်း ကြမ်းတမ်းသော အငွေ့အသက်များ အောက်၌ သူ၏ ဖြူလွလွ ဆံပင်များမှာမူ လူးလွင့်နေခဲ့ပြီ ဖြစ်၏။

ချန်းဖန်၏ မျက်လုံးများက အဇူရာရောင် တောက်ပလာသကဲ့သို့ အိုလက်၏ မျက်လုံးများမှာလည်း သွေးနီရောင် ပိုမို တောက်ပလာနေခဲ့၏။ ထိုအခိုက်အတန့်၌ ပညာရှင် နှစ်ယောက်မှာ မျက်လုံးများဖြင့် တိုက်ခိုက်နေသည် ဟုပင် ထင်ရသည်။

"မစ္စတာ ချန်းပေ့ရွှမ်း ... မင်းက တကယ်ပဲ မဟာအင်အားကြီး နိုင်ငံတစ်ခုကို စိန်ခေါ်တော့မှာလား ..." အိုလက်က အဆုံးမရှိသော စွမ်းအားများကို ထုတ်လွှတ်ရင်း ချန်းဖန်အား မေးလိုက်၏။

သူ၏ စွမ်းအားများကား ရိုင်းစိုင်း ပြင်းထန်လွန်းရာ ခံစားမိသည့် လူတိုင်း၏ စိတံ အနိဋ္ဌာရုံ မြင်ကွင်းများကိုပင် ဖန်တီးနိုင်စွမ်း ရှိ၏။ အိုလက်နှင့် နှိုင်းယှဉ်ပါက ဂေါ့ဒင်၏ စွမ်းအားများကပင် တည်ငြိမ်သယောင် ရှိသည်။ ဖြစ်နိုင်သည်က အိုလက်မှာ သူ၏ စွမ်းအားကို လူသားများ အကူအညီဖြင့် မြှင့်တင်ခဲ့ခြင်း ဖြစ်ပုံရသည်။

တန်ခိုးရှင် နှစ်ယောက်၏ စွမ်းအားလှိုင်းများကား မျက်လုံးမှ လှိုင်းများသဖွယ် ဖြာထွက်လာကာ မောင်းနှင်လာသော ရထားနှစ်စင်းကဲ့သို့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့၏။ သူတို့နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် အသာစီးရရန် စစချင်းပင် ကြိုးစားနေကြပုံ ပေါ်၏။

ချန်းဖန်နှင့် အိုလက်တို့၏ စွမ်းအားများမှာ မီတာရာချီသော ပတ်ဝန်းကျင်ကိုပင် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်၏။ ထိုဧရိယာ၏ အပြင်ဘက်မှ ကြည့်ပါက မည်သို့မျှ ထူးခြားပုံ မပေါ်သော်လည်း အတွင်းပိုင်းတွင်မူ ပင်လယ်လှိုင်းလုံးများ အလား ပြင်းထန် ကြမ်းတမ်းစွာ ရိုက်ခတ်နေခဲ့ပြီ ဖြစ်သည်။

အလွန် ပြင်းထန်လာသော လေထုကြောင့် ပျံလွှားနီလေး ဆိုလျှင် နောက်သို့ ခြေလှမ်း သုံးဆယ်ခန့် ဆုတ်လိုက်ရပြီ ဖြစ်သည်။ အင်ဒရူးမှာမူ သူမထက် အခြေအနေကောင်းဟန် ပေါ်သေးကာ ခြေလှမ်း ဆယ်လှမ်းခန့်သာ ဆုတ်လိုက်ရ၏။

"ငါ အမုန်းဆုံးက ခြိမ်းခြောက်ခံရတာပဲ ..." ချန်းဖန်က တင်းမာစွာ ပြောလိုက်၏။

ယခုမျှ ပြင်းထန်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသော်လည်း ချန်းဖန်မှာ အေးအေးဆေးဆေးပင် စကားပြောနေနိုင်သေးသည်။ အခြား တစ်ဖက်တွင်မူ အိုလက်၏ မျက်နှာက အနည်းငယ် တွန့်ရှုံ့နေပြီ ဖြစ်သလို  သူ၏ လက်များမှာလည်း လက်သီးကို ကျစ်ကျစ် ဆုပ်ထားခဲ့၏။ သူကား အဆုံးစွန်သော စွမ်းအားများကို ထုတ်သုံးနေရပုံ ပေါ်သည်။

"ငါ့မှာ တန်ဖိုးထားရတဲ့ မိဘနဲ့ မိတ်ဆွေတွေ ရှိတယ် ... ဟုတ်တယ် ... ဒါပေမဲ့ ငါ့လိုပဲ မင်းတို့မှာ သန်းတစ်ရာ့ လေးဆယ်လောက်ရှိတဲ့ ရုရှားပြည်သူတွေ ရှိတယ် ... မင်းကရော သူတို့ရဲ့ လုံခြုံရေးအတွက် စိတ်မပူမိဘူးလား ..."

ချန်းဖန်၏ စကားက အိုလက်၏ နှလုံးသားကို ပြင်းပြင်းထန်ထန် တုန်ခါ သွားစေသည်။ ထိုအရာကား အဘိုးအိုကြောက်သည့် တစ်ခုတည်းသော အရာပင် ဖြစ်သည်။

ချန်းဖန်ကား အိုလက်၏ ခြိမ်းခြောက်မှုကို ရုရှား တစ်နိုင်ငံလုံး၏ အသက်၊ အိုး၊ အိမ်များကို ပြန်လည် ခြိမ်းခြောက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ သူ၏ စကားလုံးတိုင်း၊ လှုပ်ရှားမှုတိုင်းက ရန်သူ၏ စိတ်ကို ကောင်းစွာ တုန်လှုပ်နိုင်စွမ်း ရှိ၏။ ချန်းဖန်၏ ဆယ်ဂဏန်းခန့် ရှိသော မိသားစုမှာ သန်းတစ်ရာ့ လေးဆယ်ရှိသော ရုရှားပြည်သူများနှင့် ယှဉ်ပါက သေးငယ်သော ပစ်မှတ်လေးသာ ဖြစ်သည်။

"မစ္စတာ ချန်းပေ့ရွှမ်း ... မဟာအင်အားကြီး နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ငြိမ်းချမ်းစွာ နေဖို့ လက်မှတ်ထိုးခဲ့ကြတယ် ... ဒါပေမဲ့ မင်းက အဲဒီ စည်းကို ကျော်ခဲ့တာပဲ ..." အိုလက်က တင်းမာသော အခြေအနေကို လျှော့ချရင်း ချန်းဖန်အား အကျိုးအကြောင်း ပြောပြရန် ကြိုးစားလိုက်သည်။

"ငါက စည်းကို ကျော်ခဲ့တာ မဟုတ်ဘူး ... မင်းတို့က ငါ့ကို အရင်တိုက်ခိုက်ခဲ့တာ ..." ချန်းဖန်က ပြန်လည် ချေပလိုက်၏။

အိုလက်မှာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ သူကား သေနတ် ကိုင်ထားသော်သော်လည်း ကိုယ့်ခြေထောက်ကိုသာ ပြန်လည် ပစ်ခတ်မိသူနှင့် အတူတူပင်။ ယခုပြဿနာကား KGB နှင့် ရုရှား စစ်တပ်တို့ စတင်ခဲ့သော အမှားဖြစ်၏။

ချန်းဖန်မှာ ရုရှားအား မည်သို့မျှ ထိခိုက်စေလိုခြင်း မရှိခဲ့ချေ။ သူ ရုရှားသို့ လာရောက်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သန္ဓေ အမြုတေ သစ်သီးကို ရယူရန်သာ ဖြစ်သည်။ သို့သော်လည်း ရုရှားမှာ ကျောက်ခဲ တစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်အား ပစ်ချင်ခဲ့သည်။ ဥရောပ အမှောင်ကမ္ဘာမှ လူများနှင့် ချန်းဖန်တို့အား တစ်ပြိုင်နက်တည်းလိုပင် ရှင်းပစ်ချင်ခဲ့သည်။ ထိုကဲ့သို့သော လွန်ကျူးမှုများကြောင့်သာ ချန်းဖန်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

အိုလက်က သက်ပြင်းတစ်ချက် ချလိုက်၏။ အကယ်၍ ယခုကဲ့သို့ ကြုံတွေ့ရမည် ဖြစ်ကြောင်း သိခဲ့ပါက ချန်းပေ့ရွှမ်းအား သူတို့ ဆန့်ကျင်ခဲ့လိမ့်မည် မဟုတ်ချေ။

ရုရှားမှာ အစဉ်အလာအရ အင်အားကြီး နိုင်ငံဖြစ်ရာ မည်သည့် အရေးကိစ္စကို မဆို နှစ်ကြိမ် ပြန်မစဉ်းစားပဲ ပြုလုပ်နိုင်သည်ဟု ယုံကြည်ချက် ရှိခဲ့သည်။ ရုရှား အစိုးရ၏ အမြင်၌ မည်သည့် အရေးကိစ္စကို မဆို သူတို့လုပ်လျှင် တရားမျှတမှု ရှိသည်ဟု တရားသေ တွက်ခဲ့ကြသည်။

သို့သော်လည်း ယခု ချန်းပေ့ရွှမ်းနှင့် ပြဿနာက သူတို့ မဟာအင်အားကြီး နိုင်ငံများ အတွက် သင်ခန်းစာ တစ်ခု ဖြစ်ပေလိမ့်မည်။

"အတိတ်က ဖြစ်ရပ်တွေကို ခဝါချလိုက်ရအောင် ..."

အိုလက်က သက်ပြင်းချရင်း ပြောလိုက်၏

"ရုရှားက မင်းကို အရင် တိုက်ခိုက်ခဲ့တယ် ဆိုတာ ဟုတ်ပါတယ် ... ဒါပေမဲ့ မင်းပြန်လုပ်ခဲ့တဲ့ အရာတွေက ငါတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိပါးနေပြီ ... ခုချိန်မှာ ရပ်မယ် ဆိုရင်တော့ ... ပြဿနာတွေ အားလုံးကို ကျေအေးပေးလိုက်မယ် ..."

"ကျေအေးပေးမှာလား ..." ချန်းဖန်က ရယ်မောလိုက်သည်။

"ချန်းဖန် ... သူပြောတာ မှန်တယ် ... လက်လျှော့လိုက်တော့ ... ရုရှား တစ်နိုင်ငံလုံးကို ရှင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ..." ပျံလွှားနီလေးကလည်း ဝင်ရောက် ဖျောင်းဖျသည်။

"ချန်းပေ့ရွှမ်း ... ရုရှားကို အထင်မသေးပါနဲ့ ... ရေ စစ်တပ်ရဲ့ နည်းပညာတွေက မင်းထင်ထားတာထက် အများကြီး ရှေ့ရောက်နေပြီ ... တန်ခိုးရှင် အဆင့်တွေ နိုင်ငံ တစ်နိုင်ငံကို အနိုင်ယူနိုင်တယ် ဆိုတဲ့ ခေတ်က သမိုင်းထဲမှ ကျန်ခဲ့ပြီ ... နောက်ပြီးတော့ ငါတို့မှာ တစ်ယောက်ချင်းစီ သယ်သွားလို့ ရတဲ့ နျူကလိယဗုံး အသေးစားတွေလည်း တီထွင်ထားနိုင်ပြီ ... ငါတို့ ချက်ချင်းပဲ မင်းကို သတ်ပစ်လို့ ရတယ် ... မင်းက နျူကလိယဗုံး ပေါက်ကွဲမှုထက် ပိုမြန်အောင် ပြေးနိုင်မှာ မလို့လား ..."

အင်ဒရူးက ခဏမျှရပ်ကာ ဆက်ပြောလိုက်သည်။

"နောက်ပြီးတော့ အခြား အစွမ်းထက် လက်နက်တွေလည်း ရှိသေးတယ် ... လေဆာသေနတ်တို့၊ တင့်ဖျက် သေနတ်တို့ ... နောက် အများကြီး ရှိသေးတယ် ... နောက်ပြီးတော့ မင်းကိုမင်း ကမ္ဘာပေါ်က တစ်ဦးတည်းသော တန်ခိုးရှင် အဆင့်လို့ တွေးမနေနဲ့ဦး ... မင်းတစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သဘောပေါက် ..."

အင်ဒရူးက ပြောပြီးသည်နှင့် အဘိုးအို အိုလက်၏ နောက်သို့ သွား၍ တည်ငြိမ်စွာ ရပ်လိုက်၏။

"နျူကလိယ လက်နက် အသေးစား ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း နတ်ဘုရား စိတ်အာရုံကို ကီလိုမီတာ ဒါဇင်ချီအောင် ဖြန့်ကြက်လိုက်၏။

နေ စိတ်အာရုံ၏ ဖြန့်ကြက်မှု အောက်၌ မတူညီသော သုံးနေရာတွင် လျှို့ဝှက်အေးဂျင့် အုပ်စု သုံးခု ရှိနေကြောင်း ချန်းဖန် တွေ့လိုက်ရသည်။ လူအုပ်စု တစ်ခုချင်းစီကလည်း ခရီးဆောင် အိတ်များ အတွင်း၌ ဗုံးများ သယ်ဆောင်လာကြောင်း ချန်းဖန် သတိပြုမိလိုက်သည်။ ထိုဗုံးများ၏ အရွယ်အစားမှာ သေးငယ်သော်လည်း သူတို့၏ ပေါက်ကွဲမှု စွမ်းအားကိုမူ လျှော့တွက်၍ မရချေ။ ထိုသုံးခုသော ဗုံးများမှာ ချန်းဖန်၏ ပတ်လည်၌ တြိဂံ ပုံသဏ္ဌာန် နေရာယူထားခြင်း ဖြစ်ရာ လွတ်မြောက်ရာလမ်း မရှိချေ။

"နျူကလိယ လက်နက် ..." ရုရှားကား သူတို့၏ နောက်ဆုံး ဝှက်ဖဲကို ထုတ်သုံးလာခဲ့ပြီ ဖြစ်သည်။

"နျူကလိယဗုံးတွေက မင်းတို့ရဲ့ နောက်ဆုံး လက်နက်ပေါ့ ဟုတ်လား ..." ချန်းဖန်က ပြုံးရင်း မေးလိုက်၏။ "မင်းတို့ အဲ့ဗုံးတွေကို သုံးမယ်ဆိုရင် သေမယ့်သူက ငါတစ်ယောက်တည်း မဟုတ်ဘူးနော် ..."

ချန်းဖန်၏ စကားအား ကြားသည်နှင့် ပျံလွှားနီလေး၏ မျက်နှာက ဖြူရော်သွားသည်။ သူမက အိုလက်အား အံ့အားသင့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ဒါက ငါရှုံးသွားတဲ့ အခါ အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ ဒုတိယမြောက် အစီအစဉ်ပါ ..." အိုလက်က သက်ပြင်းတစ်ချက် ချရင်း ရှင်းပြလိုက်သည်။ "ဒါပေမဲ့ ငါမရှုံးမှာတော့ စိုးရိမ်မိတယ် ... ငါက နှင်းတွေကြားမှာပဲ အမြဲပုန်းနေတဲ့ ဂေါ့ဒင် မဟုတ်ဘူး ... တရုတ်က ယောင်တရီ၊ လီချောင်ရှန်း၊ လင်းရှု့မင်တို့တောင် ငါ့ရဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး ..." အိုလက်က ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။

အိုလက်က ပြောရင်း အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်သည်။ ခဏအတွင်းမှာပင် သူ၏ ကိုယ်အတွင်းမှ စွမ်းအင်များမှာ ဂေါ့ဒင်၏ အမြင့်ဆုံး ဖော်ထုတ်နိုင်သည့် စွမ်းအားများထက်ပင် ပိုမို သာလွန်လာခဲ့၏။

စစ်ပွဲရာထောင်ချီ တိုက်ခိုက်ခဲ့သော ရုရှား၏ ကျောရိုး တန်ခိုးရှင် အဆင့်ကား သူ၏ စွမ်းအားများကို နောက်တစ်ကြိမ် ဖော်ထုတ်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပုံရသည်။

ထိုမြင်ကွင်းအား ကြည့်ရင်း အင်ဒရူး၏ မျက်လုံးမှာ မီးတောက်များဖြင့် ပြည့်လျှံလာတော့၏။ အခြားတစ်ဖက်၌ ပျံလွှားနီလေး၏ မျက်နှာမှာမူ တဖြည်းဖြည်း ပိုမို ဖြူရော်လာနေပြီ ဖြစ်သည်။

မကြာမီ အချိန် အတွင်း၌ ကမ္ဘာကြီး၏ အစွမ်းအထက်ဆုံးသော တန်ခိုးရှင် အဆင့်များ တိုက်ခိုက်ကြပေတော့မည်။

"အဲလိုဆိုတော့လည်း ..." ချန်းဖန်က လှောင်ပြုံးပြုံးလိုက်၏။

သူကား အဇူရာသက်ရှည် ခန္ဓာကိုယ်၌ စဦးအောင်မြင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သလို ဉာဏ်အလင်း စုဆောင်းခြင်း ထိပ်ဆုံး အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် တန်ခိုးရှင် အလယ်ဆင့် ကျင့်ကြံသူက သူ့အား ခြိမ်းခြောက်နိုင်မည်လား သိချင်နေမိသည်။

ချန်းဖန်မှာ အိုလက်၏ ကိုယ်မှ ထွက်ပေါ်နေသည့် မွေးရာပါ နတ်ဘုရားစွမ်းအား အငွေ့အသက်များကို အာရုံခံ မိနေသော်လည်း အနိုင်ရရန်မူ ယုံကြည်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်သည်။

"ဘုန်း ..."

တန်ခိုးရှင် အဆင့် ပညာရှင် နှစ်ယောက်၏ ဝိညာဉ်စွမ်းအားများက ပထမဆုံး အကြိမ် ထိပ်တိုက်တွေ့သည်။

ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်းမှာ တန်ခိုးရှင် အဆင့်၏ အစွမ်းတစ်မျိုး ဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အလွန် အစွမ်းထက်သော တိုက်ကွက်များကို ဖော်ထုတ်နိုင်စွမ်း ရှိကြသည်။ ထိုဝိညာဉ် စွမ်းအင်ကြောင့်ပင် တန်ခိုးရှင် အဆင့်များ၏ တည်ရှိမှုက နတ်ဘုရားများကဲ့သို့ ကြီးကျယ် ခမ်းနားခြင်း ဖြစ်၏။

"ဘုန်း ..."

အိုလက်၏ ဝိညာဉ်စွမ်းအင်က သန့်စင်သော အနီရောင် အလင်းတန်း အသွင်ပြောင်းလဲကာ ချန်းဖန်ထံသို့ တိုးဝင်သွား၏။ ချန်းဖန်က နတ်ဘုရား စိတ်အာရုံဖြင့် ဓားအလင်းတစ်ခုကို ဖန်ဆင်းရင်း အနီရောင် အလင်းတန်းကို ဆီးကြိုလိုက်၏။

"ဘုန်း ..."

ဓားအလင်းက အနီရောင် အလင်းတန်းကို ချိုးဖျက်ပြီး အိုလက်ထံသို့ တိုးဝင်သွားကာ ခုတ်ပိုင်းရန် ပြင်လိုက်သည်။

"ဟမ့် ..."

အိုလက်က နှာခေါင်းရှုံ့ရင်း လက်သီးတစ်ချက်ကို ဖော်ထုတ်လိုက်သည်။

အိုလက်၏ လက်သီးချက်က သာမန် ဆန်နေသော်လည်း နှစ်ရာနှင့် ချီ၍ သန့်စင်ထားခြင်း ဖြစ်ရာ ဝိညာဉ်စွမ်းအင်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ချန်းဖန်၏ ဓားအလင်းအား ဖျက်ဆီးရန် အတွက် အိုလက်မှာ လက်သီးချက် သုံးချက်အထိ ဖော်ထုတ်ခဲ့ရသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုတွင်လည်း ချန်းဖန်မှာ ထင်ထင်ရှားရှားပင် အသာစီးရခဲ့၏။ သို့သော်လည်း အိုလက်ကား အနိုင်ရရန် ယုံကြည်ချက် ရှိနေသေးပုံ ပေါ်သည်။

"မစ္စတာ ချန်းပေ့ရွှမ်း ... မင်း ဆက်ပြီး တိုက်ခိုက်ချင်တာ ကျိန်းသေလား ... မင်းစိတ်ကို ပြောင်းလဲဖို့ နောက်မကျသေးဘူးနော် ... တကယ်လို့ စပြီးရင် နောက်ကိုဆုတ်လို့ မရတော့ဘူး ..."

အိုလက်က ချန်းဖန်အား အေးစက်စွာ ကြည့်လိုက်၏။

"အင်ဒရူးကို လက်လွှဲပေးမယ် ဆိုရင် ငါချက်ချင်းပဲ ရုရှားက ထွက်သွားပေးမယ် ..." ချန်းဖန်က အဖြေပေးလိုက်၏။

"မဖြစ်နိုင်ဘူး ... အင်ဒရူးက သွေးနှောတွေထဲမှာ အစွမ်း အထက်ဆုံးပဲ ... မင်းကျန်တာကို တောင်းဆိုနိုင်တယ် ... ဒါပေမဲ့ သူတော့ မပါဘူး ..." အိုလက်က ခေါင်းခါလိုက်၏။

"အိုး ..."

ချန်းဖန်က ရေရွတ်ရင်း လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်၏။

"ဟူး ... လား ... လား ..."

ရွှေရောင် အလင်းတစ်ခုက ချန်းဖန်ထံမှ ထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွား၏။ ခဏအတွင်းမှာပင် ကောင်းကင်၌ ပိုမို ကြီးထွားလာကာ အလင်း၏ အမြန်နှုန်းဖြင့် အင်ဒရူးထံ တိုးဝင်သွားတော့၏။ ထိုအလင်းက အင်ဒရူး၏ လည်ပင်းအား လျင်မြန်စွာ ရစ်ပတ်ရင်း မှေးမှိန်ပျောက်ကွယ် သွားတော့သည်။

ခဏအတွင်းမှာပင် အင်ဒရူး၏ လည်ပင်း၌ အနီရောင် အစင်းကြောင်း တစ်ခု ပေါ်လာကာ သွေးများ ပန်းထွက်လာခဲ့သည်။ ဝံပုလွေသွေးနှော အဖွဲ့၏ ခေါင်းဆောင်ကား ချန်းဖန်၏ သတိမပေးပဲ အလစ် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ပို၍ ဆိုးသော အရာကား ချန်းဖန်မှာ အင်ဒရူး၏ဆရာ တန်ခိုးရှင် အဆင့်၏ မျက်လုံးအောက်တွင်ပင် ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အပြုအမူကား အလွန်ပင် အရိုင်းဆန်လွန်းသည်။

***

All Chapters