တိုက်ပွဲ
Vol. 5 Ch. 439
သူ၏ အမည်က အင်ဒရူး ပီတာရော့ ဖြစ်၏။ သူကား ဝံပုလွေသွေးနှော တပ်ဖွဲ့တွင် အထူးချွန်ဆုံး လူငယ် တစ်ယောက် ဖြစ်ပြီး အိုလက်၏ မျက်စိအောက်တွင်ပင် ကြီးပြင်းလာသူခဲ့သည်။
အဘိုးအို အိုလက်မှာ အင်ဒရူးကို ငယ်ရွယ်စဉ်ကပင် ပြုစု ပျိုးထောင်ခဲ့ပြီး သူ၏ ကလေးနှယ် စောင့်ရှောက်ခဲ့သည်။ အင်ဒရူးကလည်း အိုလက်၏ အမွေကို အရည်အချင်း ပြည့်မီစွာ ဆက်ခံခဲ့ပြီး ဝံပုလွေသွေးနှော တပ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူ၏ အစွမ်းအစက အဇူရာ နဂါး၊ ရဲ့နန်ထင်း၊ အရူး၊ ဧဒင်၊ ဇူးရပ် တို့နှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း သူ မည်မျှပင် အစွမ်းထက် စေကာမူ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ ဆိုက်ဘေးရီးယားမှ မော်စကို အထိ ရှည်လျားသော ခရီးစဉ်ကို ချန်းဖန် လာခဲ့ရသည့် အဓိက အကြောင်းရင်းမှာလည်း အင်ဒရူးကို သတ်ဖြတ်ရန်သာ ဖြစ်သည်။
"ဘုတ် …"
အင်ဒရူး၏ ခေါင်းက ခန္ဓာကိုယ်မှ ကင်းကွာကာ ကြမ်းပြင်ထက်သို့ ပြုတ်ကျသွားတော့၏။
"ဟူး ... လား ... လား …"
အိုလက်၏ မျက်လုံးမှ အနီရောင် အလင်းတန်း တစ်ခုက ရုန့်ရင်း ကြမ်းတမ်းစွာ ထွက်ပေါ်လာ၏။ ချန်းဖန်၏ အပြုအမူမှာလည်း လေးနက် နေပြီ ဖြစ်သည်။ ရုရှား လျှို့ဝှက်အေးဂျင့်များ၏ ကျောရိုး တန်ခိုးရှင် အဆင့်အား သူ အထင်မသေးဝံ့ချေ။
"ဘုန်း …"
အိုလက်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် ခန္ဓာကိုယ် အတွင်းမှ စွမ်းအားများက ရုန့်ရင်း ကြမ်းတမ်းစွာ ထွက်ပေါ်လာခဲ့၏။ သူက လက်ချောင်းများအား ဆန့်ထုတ်ရင်း လေထဲရှိ အရာတစ်ခုခုကို ဆုပ်ကိုင်ဟန် ပြုလိုက်၏။
ရုတ်တရက် ကောင်းကင်မှာ အရောင်ပြောင်းလဲ သွားပြီး ကြီးမားသော စွမ်းအင်လှိုင်း တစ်ခုက အိုလက်၏ ခန္ဓာကိုယ်ကို ဗဟိုပြုရင်း ထွက်ပေါ်လာ၏။ အိုလက်က ထိုစွမ်းအင်များကို သုံးမီတာခန့် ရှည်လားသော သွေးရောင် ဝံပုလွေ လက်သည်းများ အသွင် ပြောင်းလဲလိုက်၏။
အလင်း၏ အရှိန်ဖြင့် သွေးရောင် လက်သည်းများက ချန်းဖန်အား ခုတ်ပိုင်းလိုက်၏။
"ဘုန်း …"
ချန်းဖန်က ထိုလက်သည်းများအား ချင်နလက်ဝါးဖြင့် ပြန်လည် ခုခံလိုက်၏။ ချန်းဖန်ကား ဉာဏ်အလင်း စုဆောင်းခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ရာ သူ၏ ချင်န လက်ဝါးမှာလည်း ပိုမို အစွမ်းထက် လာခဲ့ပြီ ဖြစ်သည်။
"အံ့ဩစရာပဲ …"
ချန်းဖန်က ပြုံးရင်း အိုလက်အား ကြည့်လိုက်၏။
ထို့နောက် သူက လက်ချောင်းများအား ဆန့်ထုတ်လိုက်၏။ ချန်းဖန်မှာ ယခုတိုက်ပွဲ၌ ချီအမတေများအား မသုံးပဲ နတ်ဘုရား စိတ်အာရုံနှင့် သစ်သား ဒြပ်စင်စွမ်းအားများကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။
"ဘုန်း …"
အိုလက်က သွေးရောင်လက်သည်းများအား နောက်တစ်ကြိမ် ဖော်ထုတ်လိုက်ပြန်၏။
"ဟူး … လား … လား …"
ချန်းဖန်၏ ကိုယ်မှ အဇူရာ အလင်းများက သွေးရောင် လက်သည်း၏ အရွယ်အစားထိ ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွား၏။
"ဘုန်း …"
ထိုတိုက်ခိုက်မှု နှစ်ခု ထိပ်တိုက်တွေ့ရာ မရေမတွက်နိုင်သော ပေါက်ကွဲခြင်းလှိုင်းများ ထွက်ပေါ်လာတော့၏။ ထိုလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံရပါက သာမန်လူသား မဆိုထားနှင့် သတ္တုပြားများပင်လျှင် အပိုင်းပိုင်း ပြတ်ထွက်သွားမည်မှာ သေချာသည်။
"ဘုန်း … ဘုန်း … ဘုန်း …"
အိုလက်က မရေမတွက်နိုင်သော သွေးလက်သည်းများအား ဆင့်ခေါ်ကာ ချန်းဖန်အား ထပ်ကာ ထပ်ကာ တိုက်ခိုက်လိုက်၏။ ချန်းဖန်၏ ခန္ဓာကိုယ်မှ အဇူရာ အလင်းများကလည်း အဆက်မပြတ် ထွန်းတောက်ကာ လက်သည်းများအား ရင်ဆိုင်သည်။ တစ်ခဏမျှ အချိန်အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ ဆယ်ကြိမ် မက တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သည်။
"ဘုန်း … ဘုန်း … ဘုန်း …"
အဆက်မပြတ် ကြမ်းတမ်းစွာ ရိုက်ခတ်နေသော စွမ်းအင်လှိုင်းများ၏ လမ်းတစ်လျှောက်ရှိ ဘူတာရုံ အဆောက်အဦများကား လွင့်ပျံ ပျက်စီးကုန်ကြပြီ ဖြစ်သည်။ စွမ်းအင်လှိုင်း ရိုက်ခတ်မှုကပင် အလွန်တရာ ရိုင်းစိုင်း ပြင်းထန်လွန်းပေသည်။
"နောက်ဆုတ် …"
ပျံလွှားနီလေးကား တိုက်ပွဲ၌ ပါဝင် တိုက်ခိုက်ခြင်း မရှိသည့်တိုင် နောက်သို့ ခြေလှမ်းများစွာ အကြိမ်ကြိမ် ဆုတ်ခွာနေရသည်။ မကြာခင် အချိန်အတွင်းမှာပင် ပျံလွှားနီလေးမှာ တိုက်ပွဲ ဖြစ်နေရာ နေရာမှ မီတာတစ်ရာခန့် အထိ ဆုတ်ခွာလိုက်ရ၏။
"ဒါက တန်ခိုးရှင် အဆင့်တွေရဲ့ စွမ်းအား အစစ်အမှန်လား …"
မီတာ တစ်ရာခန့် အကွာအဝေးမှ ကြည့်နေသော ပျံလွှားနီလေးမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေခဲ့၏။ တိုက်ပွဲနေရာ တစ်ခုလုံးတွင်မူ လူပုံရိပ်များကိုပင် မမြင်တွေ့ရတော့ပဲ အနီရောင် အလင်းနှင့် အဇူရာ အလင်းတို့ ပြင်းထန်စွာ ရောယှက်နေသည်ကိုသာ တွေ့မြင်နေရသည်။
ပျံလွှားနီလေးမှာ သူမ၏ ဘဝ၌ တစ်ယောက်မကသော တန်ခိုးရှင် အဆင့်များအား တွေ့မြင်ခဲ့ဖူးသည်။ သို့သော်လည်း ယခုကဲ့သို့ အလွန်အမင်း အစွမ်းထက်သော စွမ်းအားများကိုမူ မတွေ့မြင်ခဲ့ဖူးချေ။ တိုကျို မျှော်စင်ထက်မှ ချန်းဖန်နှင့် တာကီမီယာ ဟီရိုတို့၏ တိုက်ပွဲပင်လျှင် ယခုလောက် မပြင်းထန်ချေ။
နတ်ဆိုးသခင် လေးယောက်၊ ဂျပန် ဆယ့်လေးခုမြောက် ကြည်းတပ်၊ ရုရှား ခြေလျင်တပ်မ ၁၁၆ တို့နှင့် တိုက်ပွဲများ၌ ချန်းဖန်မှာ ခန္ဓာကိုယ် စွမ်းအားကိုသာ သုံးခဲ့သည်။ ချီအမတေကို ဖော်ထုတ်၍ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြု တိုက်ခိုက်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း ယခုတွက်မူ ချန်းဖန်မှာ စွမ်းအား အလုံးစုံကို ဖော်ထုတ် အသုံးပြုနေဟန် ရသည်။ သူ၏ သေးငယ်သော လှုပ်ရှားမှုတိုင်းက ပင်လျှင် သဘာဝ၏ ချီစွမ်းအားကို အသုံးပြုကာ ကမ္ဘာ့တာအိုကို အသက်သွင်းနေဟန် ရ၏။
ထိုစွမ်းအင်လှိုင်းများ၏ အရှိန်ကြောင့် ကီလိုမီတာ ရာချီ အတွင်း၌ နေထိုင်ကြသော ပညာရှင်များစွာမှာ လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။ သူတို့က အံ့အားသင့်စွာဖြင့် စွမ်းအင်လှိုင်း ထွက်ပေါ်လာရာ ဘက်သို့ မျှော်ကြည့်မိကြသည်။
"ဂြိုဟ်ကမ္ဘာကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ နတ်ဘုရားလို တည်ရှိမှုမျိုးကို ငါ ခံစားနေရတယ် … သူက ဘယ်အဆင့်များလဲ … အထွတ်အထိပ် အဆင့်တော့ မကလောက်ဘူး … အနည်းဆုံး တန်ခိုးရှင် အဆင့် ဖြစ်ရမယ် … ချန်းပေ့ရွှမ်းများ ဖြစ်နေမလား …"
များစွာသော ပညာရှင်များမှာ တွေးလိုက်မိကြ၏။ သို့သော်လည်း သာမန်လူများမှာမူ တစ်ခုခု လွဲချော်နေကြောင်း သတိ မပြုမိကြချေ။
ထိုအချိန်၌ ပျံလွှားနီလေးကမူ အလွန် ကြမ်းတမ်း ရိုင်းစိုင်းသော တိုက်ပွဲအား လုံခြုံသော နေရာမှ မျက်တောင် မခတ်စတမ်း ကြည့်နေခဲ့၏။
"အထွတ်အထိပ်နဲ့ တန်ခိုးရှင် အဆင့်ရဲ့ ကြားမှာ ကွာခြားတာက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို အသုံးပြုတာပဲ လို့ အဘိုးကြီးက ငါ့ကို ပြောဖူးတယ် … တန်ခိုးရှင် အဆင့်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ကိုယ်ပိုင် အဖြစ် ပြောင်းလဲ နိုင်တယ် တဲ့ … အဲဒီစကားက တကယ် မှန်နေပုံပဲ …" ပျံလွှားနီလေးက တွေးနေမိ၏။ "တန်ခိုးရှင် အဆင့်က တကယ့် ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ အစ ဆိုတာ အံ့အားသင့်စရာ မရှိဘူးပဲ …"
"ဘုန်း …"
ထိုအခိုက်၌ ချန်းဖန်၏ ဓားအလင်းက သွေးရောင် လက်သည်းများအား ခုတ်ပိုင်းကာ အိုလက်၏ အမှန်တရား လေးပါး အကာအကွယ် အလင်းအား ထိမှန်သည်။ ထိုဓားအလင်း၏ အရှိန်ကြောင့် အဘိုးကြီး အိုလက်မှာ နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရ၏။
"မင်းက အခြား သမန်းဝံပုလွေတွေလို မတိုက်ဘူးလား …" ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
အိုလက်၏ တိုက်ခိုက်မှုများက ဂေါ့ဒင်၏ သားရဲကဲ့သို့ ရိုင်းစိုင်းသော တိုက်ခိုက်မှုများနှင့် ကွာခြားနေသည်။ အိုလက်၏ တိုက်ခိုက်မှုများမှာ ချန်းဖန် သိရှိထားသည့် တန်ဆူဒို ရှေ့ဟောင်း နည်းစနစ်များနှင့် ဆင်တူနေသည်။ အဘိုးအို၏ ခန္ဓာကိုယ်အား ကာကွယ်ထားသည့် အကာအကွယ် အလင်းမှာလည်း အတွင်းအား ပညာရှင်များ၏ အမှန်တရားလေးပါး အကာအကွယ် အလင်းနှင့် ဆင်တူနေသည်။
"တန်ခိုးရှင် အဆင့်ကို တက်လှမ်းပြီးတဲ့နောက်မှာ ကျင့်စဉ်တွေ နည်းစနစ်တွေက တစ်ခုနဲ့ တစ်ခု မတူဘူး ဆိုတာ သဘောပေါက်လာတယ် … ဂေါ့ဒင်ကတော့ ခေါင်းမာပြီး အစွဲအလမ်းကို မစွန့်လွှတ်နိုင်ဘူး … သူက ပြောင်းလဲသင့်တဲ့ အရာတွေကို မပြောင်းလဲ နိုင်ခဲ့တဲ့ အတွက် နောက်ဆုံးမှာ သေခဲ့ရတာပဲ …" အိုလက်က ချီစွမ်းအင်များကို ထိန်းချုပ်ရင်း ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။
သူ၏ ဖြူလွလွ ဆံပင်များကမူ လေအလျင်နှင့် အတူ လွင့်မြောနေကာ သူ့အား နတ်ဘုရား တစ်ပါးအလား ပိုမို ခန့်ညားစေသည်။ သူ၏ ပုံစံကား ရုရှား တိုက်ခိုက်ရေးသမား တစ်ဦးထက် တရုတ်ရှေးဟောင်း ပညာရှိ တစ်ပါး အလားပင် ထင်နေရသည်။
"အင်းပေါ့ …" ချန်းဖန်က သူ၏ စကားကို သဘောတူညီလိုက်သည်။
ချန်းဖန် ပြန်လည် မွေးဖွားပြီးချိန်မှ စ၍ တွေ့ကြုံခဲ့ရသော ပညာရှင်များထဲ၌ အိုလက်နှင့် လဲ့ချန်းကျွယ်တို့မှာ အထူးချွန်ဆုံးများ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်မှာ အစစ်အမှန် ကျင့်ကြံခြင်း လမ်းစဉ်၏ အစတွင်သာ ရှိသေးသော်လည်း ကောင်းမွန်သော အလားအလာများ ပိုင်ဆိုင်ထားသည်။ အကယ်၍ သူတို့သာ အစစ်အမှန် ကျင့်ကြံခြင်း လောက၌ လေ့ကျင့်ရလျှင် စကြဝဠာ၏ ထိပ်ဆုံးသို့ပင် ရောက်ရန် အခွင့်အရေး ရှိသည်။
"ဒီကမ္ဘာပေါ်မှာ သူတို့ မွေးလာတာ နှမြောစရာပဲ …" ချန်းဖန်က သက်ပြင်း တစ်ချက် ချလိုက်၏။
"ချန်းပေ့ရွှမ်း … အချိန်ဆွဲ မနေနဲ့ … ဒီတိုက်ကွက်ကို ခုခံစမ်း …"
"သွေးနတ်ဘုရားရဲ့ နဝမမြောက် အသွင်ပြောင်းခြင်း …"
အိုလက်က ကျယ်လောင်စွာ အော်ဟစ်ရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ ရုတ်တရက် သူ၏ ခြေထောက်အောက်၌ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်အား လေပေါ်သို့ ပင့်တင်လိုက်၏။
"ဒီတိုက်ကွက်က ဗိုလ်ချုပ်ရဲ့ အတွက် ငါတီထွင်ထားတာ … ဒါပေမဲ့ အခုတော့ မင်းကို အရင် စမ်းသပ်ရမှာပေါ့ …"
အိုလက်၏ ခန္ဓာကိုယ်၌ တောက်ပနေသည့် သွေးရောင် စွမ်းအားများက လင်းလက်သော အလင်းရောင် အသွင်ရောင် အသွင် ပြောင်းရင်း ချန်းဖန်၏ ဦးခေါင်းထက်သို့ ကျဆင်းသွား၏။ ထိုတိုက်ခိုက်မှု၌ အိုလက်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများအား အသုံးပြုထားခြင်း ဖြစ်ရာ တားဆီး၍ မရနိုင်အောင် အစွမ်းထက်သည်။
"ဘုန်း …"
စွမ်းအားများက ရုတ်တရက် ပေါက်ကွဲကာ လက်သည်းကြီး ကိုးခု ဖြစ်ပေါ်လာ၏။ ထိုလက်သည်းကြီး ကိုးခုက ချန်းဖန်အား အရပ်ရှစ်မျက်နှာနှင့် အထက်ကနေ၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။
"ချီးကျူးစရာပဲ …" ချန်းဖန်က ထိုတိုက်ခိုက်မှုကို ကြည့်ရင်း အထင်ကြီးမိသွားသည်။
အိုလက်၏ တိုက်ခိုက်မှုက ရန်သူအား တစ်ချက်တည်းနှင့်ပင် အဆုံးသတ်နိုင်သည် အထိ အစွမ်းထက်လှပေသည်။ ကမ္ဘာဂြိုဟ်ကဲ့သို့ အရင်းအမြစ် ရှားပါးသော နေရာ၌ ဤမျှ အစွမ်းထက်သော တိုက်ကွက်ကို တီထွင်နိုင်သည်မှာ ချီးကျူးလောက်ပေသည်။
သို့သော်လည်း အစစ်အမှန် ကျင့်ကြံခြင်း လောကမှ တန်ခိုးရှင်များ အတွက်မူ ထိုတိုက်ကွက်မှာ ရယ်စရာသာ ဖြစ်သည်။ ချန်းဖန် အနေဖြင့် အိုလက်၏ ပါရမီကို ချီးကျူးခြင်းက သူ့အား ကြောက်လန့်နေသည်ဟု မဆိုလိုပေ။
"ဒါကို ပြန်ခုခံကြည့် …"
ချန်းဖန်က ရေရွတ်ရင်း လက်သီးတစ်ချက်အား ဖော်ထုလိုက်၏။ သူ၏ လက်သီးက ရည်ရွယ်ချက် ကင်းမဲ့ကာ သုံးနှစ်ကလေး တစ်ယောက်၏ လက်သီးဟုပင် အားပျော့လှ၏။ သို့သော်လည်း ထိုလက်သီးက အိုလက်၏ ဟာကွက်နေရာသို့ ဦးတည်နေသည်။
"ဒါ … ဒါက … မဖြစ်နိုင်တာ …"
အိုလက်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့၏။
အိုလက်မှာ ဂေါ့ဒင်ကဲ့သို့ သန္ဓေ အမြုတေ သစ်သီး၏ အကူအညီဖြင့် တန်ခိုးရှင် အဆင့်သို့ ရောက်ခဲ့ခြင်း မဟုတ်ပေ။ သိုင်းပညာရှင် တစ်ယောက်ကဲ့သို့ ကျင့်ကြံပြီး တက်လှမ်းခဲ့ခြင်း ဖြစ်သည်။ သူအား လူသား တန်ခိုးရှင် အဆင့်ဟုပင် ဆိုနိုင်သည်။
ထို့ကြောင့်ပင် အစွမ်းထက်သော မွေးရာပါ ခန္ဓာကိုယ်နှင့် ကျင့်ကြံ ရရှိလာသည့် စွမ်းအားများ၏ ပေါင်းစည်းမှုဖြင့် သူ့ကိုသူ ပြိုင်ဘက်ကင်းဟုပင် အိုလက် ယူဆထားခဲ့သည်။ သို့သော်လည်း ချန်းဖန် ဖော်ထုတ်လိုက်သော လက်သီးချက်က သူ၏ အတွေး အမြင်များကို ပြောင်းလဲစေသည်။
"ဘုန်း …"
ချန်းဖန်၏ လက်သီးက လက်သည်းများနှင့် အမှန်တရား လေးပါး အကာအကွယ် အလင်းကို ဖြတ်သန်းကာ အဘိုးအို၏ ရင်ဘတ်ထက်သို့ တိုက်ရိုက်ကျသည်။
"ထန်း …"
ချန်းဖန်၏ လက်သီးနှင့် အိုလက်၏ ရင်ဘတ်တို့ ထိပ်တိုက်တွေ့ရာ သံမဏိချင်း ရိုက်ခတ်သံကဲ့သို့ အသံမျိုး ထွက်လာခဲ့၏။ သို့သော် ချန်းဖန်၏ လက်သီးက ရပ်တန့်မသွားပဲ အဘိုးအို၏ နံရိုးများသို့ ဆက်လက် တိုးဝင်သည်။
"ဘုန်း …"
လက်သီးချက်၏ ပြင်းထန်မှု အောက်၌ အဘိုးအို၏ ခန္ဓာကိုယ်ကား နောက်သို့ မီတာများစွာ လွင့်စဉ်သွားကာ မြေပြင်နှင့် မိတ်ဆက်သွားတော့၏။
***