အရှုံးပေးခြင်း
Vol. 5 Ch. 440
"ဘုန်း …"
ခပ်လှမ်းလှမ်းမှ ကြည့်နေသော ပျံလွှားနီလေး၏ မျက်လုံးတွင်မူ သွေးရောင် အလင်းတစ်ခု နောက်သို့ လွင့်ပျံသွားသည်ကိုသူ မြင်တွေ့ရသည်။ သို့သော်လည်း ထိုအလင်းမှာ မြေပြင်သို့ ကျကျချင်းပင် ပြန်လည် ထလာကာ အဇူရာ အလင်းဆီသို့ တိုးဝင်သွားတော့၏။
ပျံလွှားနီလေးကား တိုက်ပွဲအား မျက်တောင်ပင် မခတ်ပဲ ငေးကြည့်နေမိခဲ့သည်။ သို့သော်လည်း သူမ အနေဖြင့် ရှင်းလင်းစွာ မတွေ့မြင်ရချေ သွေးရောင် အလင်းတန်းမှာ အဘိုးအို အိုလက်ဖြစ်ပြီး အဇူရာ အလင်းတန်းမှာ ချန်းဖန် ဖြစ်သည်ဟုသာ သူမ မှန်းဆနိုင်ခဲ့သည်။
"ဇီဝကျည်ကာ …" ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြန်လည်ထလာသော အိုလက်အား ကြည့်လိုက်၏။
အကယ်၍ ထိုဇီဝကျည်ကာ ဝတ်စုံကြောင့်သာ မဟုတ်လျှင် ချန်းဖန်၏ တိုက်ခိုက်မှုကြောင့် အိုလက် မသေလျှင်ပင် ဒဏ်ရာပြင်းစွာ ရရှိလိမ့်မည် ဖြစ်သည်။
"ဘယ်လို တိုက်ခိုက်မှုမျိုးလဲ …"
ချန်းဖန်၏ နည်းတူ အိုလက်မှာလည်း မျက်မှောင်ကြုတ် နေခဲ့ပြီ ဖြစ်သည်။ သူက သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်သည်။
"ငါ့ရဲ့ နှစ်ရာချီ အသက်ရှင်ခဲ့တဲ့ ကာလအတွင်းမှာ သိုင်းပညာရှင် တစ်ရာမကနဲ့ တိုက်ခိုက်ခဲ့ဖူးတယ် … ဒါပေမဲ့ မင်းတိုက်ခိုက်သလို နည်းစနစ်မျိုး တစ်ခါမှ မတွေ့ဖူးဘူး … မင်းက တကယ်ပဲ ကမ္ဘာအဆင့် နတ်ဘုရား ဖြစ်နေပြီလား …" အိုလက်က ချန်းဖန်အား မေးလိုက်၏။
ကမ္ဘာပေါ်၌ ကမ္ဘာအဆင့် နတ်ဘုရားများ သို့မဟုတ် အနောက်တိုင်း အခေါ်အဝေါ် သူတော်စင်များကား ဆွေးမြေ့နေသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ သိုင်းပညာဖြင့် အလွန်ကျော်ကြားသော တရုတ်တွင်ပင်လျှင် ဓားလျှို့ဝှက်ချက် နောက်ပိုင်း ကမ္ဘာအဆင့် တစ်ယောက်မျှ မပေါ်လာခဲ့ချေ။ အိုလက်နှင့် အခြား တန်ခိုးရှင် အဆင့်များစွာမှာ နှစ်ပေါင်းများစွာတိုင် ကြိုးစား၍ ကျင့်ကြံခဲ့သော်လည်း တန်ခိုးရှင် အဆင့်မှ မတက်နိုင်ခဲ့ချေ။
ထို့ကြောင့်ပင် ကမ္ဘာပေါ်မှ ကျင့်ကြံသူပေါင်း များစွာမှာ တန်ခိုးရှင် အဆင့်ကိုသာ ကျင့်ကြံခြင်း လမ်းစဉ်၏ အဆုံးသတ်ဟု မှတ်ယူလာခဲ့ကြသည်။ အိုလက်ပင်လျှင် ယခုနှစ်များ အတွင်း ထိုကဲ့သို့ မကြာခဏ တွေးလာခဲ့မိသည်။
သို့သော်လည်း ချန်းဖန်၏ တန်ခိုးရှင် အဆင့်ထက် ကျော်လွန်နေသော လက်သီးချက်က သူ၏ အတွေးအမြင်များကို ပြောင်းလဲစေသည်။
"အဲဒီ တိုက်ကွက်ကို ငါ ခုပဲ ဖန်တီးလိုက်တာလေ … နာမည်တောင် မပေးရသေးဘူး … မင်းခေါ်ချင်ရင်တော့ တန်ခိုးရှင် လက်သီး … အာအိုလက်သီး … ဒါမှမဟုတ်လည်း မင်းကြိုက်သလို ခေါ်ပါ …" ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
"ဒါက မင်း ဖန်တီးထားတာလား … မဖြစ်နိုင်ပါဘူး …" အိုလက်က ခေါင်းခါလိုက်သည်။
ချန်းဖန်က သူနှင့် ဖက်၍ မငြင်းတော့ပဲ ပြုံးရုံသာ ပြုံးလိုက်၏။
သူကား စကြဝဠာကို နှစ်ပေါင်းငါးရာ လွှမ်းမိုးခဲ့သည့် မြောက်ပိုင်း ကောင်းကင် အရှင်သခင် ဖြစ်သည်။ ထို့ကြောင့် သူဖန်တီးလိုက်သော သာမန်ကာလျှံကာ နည်းစနစ်လေးက ပင်လျှင် အခြားလူများ အတွက် အဖိုးမဖြတ်နိုင်သော ကျင့်စဉ်မျိုး ဖြစ်နေတတ်၏။
ထို့အပြင် ကမ္ဘာ၏ စွမ်းအင် ကျင့်စဉ်၊ တိုက်ခိုက်ရေး နည်းစနစ်များမှာလည်း အလွန်တရာပင် နိမ့်ကျလွန်းလှသည်။ ကျင့်ကြံခြင်း လောက၏ အနိမ့်ကျဆုံးသော နည်းစနစ် ကျင့်စဉ် တစ်ခုကပင်လျှင် ဤကမ္ဘာ၏ အစွမ်းထက်ဆုံးသော နည်းစနစ်များထက် အဆများစွာ ပိုမို အစွမ်းထက်နေသေး၏။
"ထပ်ချကြတာပေါ့ …"
အိုလက်က ကြုံးဝါးရင်း လေထုအား ဖမ်းဆုပ်လိုက်ပြန်၏။ သူ၏ ဆင့်ခေါ်မှု အောက်၌ သွေးရောင် လက်သည်း နှစ်ခုက လေထုအား ပိုင်းဖြတ်ရင်း ပေါ်လာခဲ့သည်။ ထိုလက်သည်း နှစ်ခုကား အိုလက်၏ ချီအမတေများဖြင့် ဖန်တီး ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုလက်သည်းများကား အလွန်တရာ အစွမ်းထက်လှရာ အမှန်တရား လေးပါးကဲ့သို့သော အကာအကွယ် အလင်းကိုပင် စက္ကူတစ်ချပ် အလား ဖျက်ဆီးနိုင်စွမ်း ရှိသည်။
ထိုလက်သည်း နှစ်ခုက အိုလက်၏ နတ်ဘုရား စိတ်ဝိညာဉ်အောက်၌ နည်းစနစ်ကျနစွာ စတင်လှုပ်ရှားသည်။ ထိုအရာသည်ကား တန်ခိုးရှင် အဆင့်၏ စစ်မှန်သော စွမ်းအားပင်။ ထိုတိုက်ခိုက်မှုက ရန်သူ၏ ခန္ဓာကိုယ်အား တိုက်ခိုက်နိုင်သည့် အပြင် ဝိညာဉ်စွမ်းအင်ကိုပါ ထိခိုက်စေနိုင်စွမ်း ရှိသည်။
"မင်း ဘယ်လောက် တိုက်ခိုက် တိုက်ခိုက် ငါ့ကို မနိုင်ပါဘူး …"
ချန်းဖန်က ပေါ့ပါးစွာ ပြောဆိုရင်း တိုက်ကွက် တစ်ကွက်အား ဖော်ထုတ်လိုက်ပြန်၏။ ထိုတိုက်ကွက်က ပထမတိုက်ကွက်နှင့် အလားတူစွာပင် သာမန်ဆန်လွန်းနေခဲ့သည်။
သို့သော်လည်း ထိုတိုက်ကွက်က အိုလက်၏ လက်သည်းများအား အလွယ်တကူပင် ချေဖျက် ပစ်လိုက်ပြန်သည်။
အိုလက်၏ လက်သည်းများကား ဝိညာဉ် စွမ်းအင်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည့်တိုင် ချန်းဖန်၏ တန်ပြန် တိုက်ခိုက်မှုအား ကျော်ဖြတ်နိုင်စွမ်း မရှိပေ။
"ဘုန်း …"
ချန်းဖန်၏ တန်ပြန် တိုက်ခိုက်မှုက ပထမ တစ်ခါကလိုပင် အမှန်တရား လေးပါး အကာအကွယ် အလင်းကို ချိုးဖျက်ကာ အိုလက်၏ ဘယ်ဘက် ရင်အုံပေါ်သို့ ကျရောက်သွားပြန်၏။
"ဘုန်း …"
အိုလက်၏ ခန္ဓာကိုယ်ကား နောက်တစ်ကြိမ် လွင့်စဉ်ကာ မြေပြင်နှင့် မိတ်ဆက်သွားပြန်သည်။
"ဇီဝကျည်ကာက တကယ်ပဲ စိတ်ပျက်ဖို့ ကောင်းတာပဲ …" ချန်းဖန်က မျက်မှောင်ကြုတ်ရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
သူ၏ လက်သီးချက်ကား သာမန်ဟု ထင်ရသည့်တိုင် အသံထက်မြန်သော လက်သီးချက်ထက်ပင် ပိုမို ပြင်းထန်သည်။ ထိုလက်သီးချက်ဖြင့် ဆိုပါက ဂေါ့ဒင်၏ ခန္ဓာကိုယ်ပင်လျှင် အပေါက်ကြီး ဖြစ်သွားလိမ့်မည်ဟု ချန်းဖန် ယုံကြည်ချက် ရှိသည်။
သို့သော်လည်း ဇီဝကျည်ကာ၏ ကာကွယ်မှုအောက်၌ အိုလက်မှာ ဒဏ်ရာရသည့်တိုင် သေဆုံးခြင်း မရှိသေးချေ။ ထိုဒဏ်ရာမှာ သာမန် လူတစ်ယောက်၏ အသက်ကို ဆယ်ခါပြန် သေစေနိုင်သည့်တိုင် အိုလက်မှာမူ သွေးဝံပုလွေ ဘုရင်ဖြစ်သည်။ သူ၏ ပြန်လည် ကုစားနိုင်စွမ်းမှာ နှင်းဝံပုလွေ ဘုရင်အောက် မလျော့ချေ။
"မင်းရဲ့ တိုက်ခိုက်မှုက သာမန် အထွတ်အထိပ်တွေကို သတ်ဖို့ လုံလောက်ချင် လုံလောက်မယ် … ဒါပေမဲ့ အဲဒီ အထဲမှာ ငါတော့ မပါဘူး …" အိုလက်က ပြုံးရင်း ပြန်ထလာခဲ့ပြန်သည်။
ထိုမြင်ကွင်းအား ကြည့်ရင်း ချန်းဖန်၏ စိတ်ရှည်ခြင်းများ ကုန်ဆုံးသွားပြီ ဖြစ်သည်။
"ပျက်စမ်း …"
ချန်းဖန်က ကျယ်လောင်စွာ အော်ဟစ်ရင်း ကြမ်းပြင်အား ဖနောင့်ဖြင့် ပေါက်လိုက်၏။
သူ၏ ခြေထောက်အောက်၌ တမံတလင်းပြင်ကား ပင်ကူအိမ်ကဲ့သို့ အဆင့်ဆင့် အက်ကွဲသွားကာ မီတာများစွာနက်သော အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာလည်း အသံ၏ အမြန်နှုန်းကို ချိုးဖျက်သွားကာ အိုလက်ထံ တိုးဝင်သွားတော့သည်။
"ဘုန်း …"
အိုလက်က ထိုတိုက်ခိုက်မှုအား တွေ့သည်နှင့် ထိုက်ကျိ သင်္ကေတ သဏ္ဌာန် လက်ဟန်ကို ဖော်ထုတ်လိုက်သည်။ သို့သော်လည်း ချန်းဖန်၏ လက်သီးက ထိုက်ကျိ သင်္ကေတကို ချိုးဖျက်ကာ အိုလက်အား တတိယ အကြိမ်မြောက် လွင့်စဉ်သွားစေပြန်သည်။
ထို့သော်လည်း ထိုတိုက်ကွက်က အစပျိုးခြင်းသာ ဖြစ်၏။
"ဘုန်း … ဘုန်း … ဘုန်း …"
မျက်တောင်တစ်ခတ် အတွင်းမှာပင် ချန်းဖန်က အသံ၏ အမြန်နှုန်းဖြင့် အိုလက်အား ကိုးကြိမ်တိုင်တိုင် ဆက်တိုက် တိုက်ခိုက်လိုက်၏။
"ဘုန်း … ဘုန်း … ဘုန်း …"
တိုက်ခိုက်မှု တစ်ခုချင်းစီက အလွန် ပြင်းထန်ရာ မရေမတွက်နိုင်သော ပေါက်ကွဲမှုများဖြင့် ကမ္ဘာမြေကြီးပင် တုန်လှုပ် နေခဲ့တော့သည်။ အဘိုးအို အိုလက်မှာမူ အဆုံးမရှိသော တိုက်ခိုက်မှုများ၏ အောက်၌ လေထဲ၌သာ လွင့်ပျံနေတော့သည်။ အိုလက်ကား ချန်းဖန်၏ တိုက်ခိုက်မှုများ၏ ကြမ်းတမ်း ရိုင်းစိုင်းမှုကြောင့် ပြန်လည် တိုက်ခိုက်ရန် မဆိုထားနှင့် မိမိကိုယ်ကိုပင် ကာကွယ်ရန် အခွင့်အရေး မရှိခဲ့ချေ။
"ဘုန်း …"
နောက်ဆုံး တိုက်ခိုက်မှုက မူလ လက်သီးချက် ကိုးချက်၏ အားအင်များကို သယ်ဆောင်၍ အိုလက်၏ အပေါ်၌ ဖြစ်တည်လာကာ ကြမ်းတမ်း ရုန့်ရင်းစွာ ထိုးချလိုက်၏။ ထိုလက်သီးချက်၏ အောက်တွင် အိုလက်၏ ခန္ဓာကိုယ်မှာ မြေပြင်သို့ အရှိန်ပြင်းစွာ ကျဆင်းသွားတော့သည်။
အဝေးမှ ကြည့်နေသော ပျံလွှားနီလေးမှာမူ ထိုမြင်ကွင်းအား ကြည့်ရင်း ဆွံ့အနေမိတော့သည်။ ချန်းပေ့ရွှမ်းမှာ တန်ခိုးရှင် အဆင့် ပညာရှင်အား ယခုကဲ့သို့ အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိနေသည်လား။
"ဘုန်း …"
သူမ တွေးတောနေစဉ်မှာပင် ချန်းဖန်မှာ မြေပြင်ပေါ်သို့ ဆင်းသက်ရင်း ပြန်လည်မတ်တတ်ရပ်ရန် ကြိုးစားနေသည့် အိုလက်ထံသို့ လျှောက်လာခဲ့သည်။
"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆိုရင် ငါမင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး … ဂေါ့ဒင်ကို သတ်ဖို့တောင် ငါ အစွမ်းကုန် ကြိုးစားခဲ့ရတယ် … ဒါပေမဲ့ …" ချန်းဖန်က အိုလက်အား စိတ်မကောင်းစွာ ကြည့်ရင်း ထပ်ပြောလိုက်၏။ "အခုက … လုံးဝ ခြားနားသွားပြီလေ …"
အိုလက်က မျက်လုံးများကို ပင့်တင်ရင်း အဇူရာ အလင်းရောင် တောက်ပနေသည့် ချန်းဖန်အား ကြည့်လိုက်မိသည်။ ထိုသတ္တဝါကား အသံ၏ အမြန်နှုန်းကို အဆက်မပြတ် ထုတ်ဖော်ခဲ့သည့်တိုင် မောပန်းဟန် မရချေ။
"အဟွတ် … အဟွတ် … တရုတ်က တကယ်ပဲ ပညာရှင်တွေနဲ့ ပြည့်နေတော့တာပဲ …" အိုလက်က ချောင်းဆိုးရင်း ဆက်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တစ်ရာက လင်းရှု့မင် … လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ဗိုလ်ချုပ်ရဲ့ … အခုကျတော့ မင်း … တကယ်ပဲ မမျှတတာပဲ …"
အိုလက်က တုန်တုန်ယင်ယင် ပြောရင်း မတ်တတ်ထရပ်လိုက်သည်။ ချန်းဖန်၏ တိုက်ခိုက်မှုက သူဝတ်ဆင်ထားသော ဇီဝကျည်ကာကို မဖျက်ဆီးနိုင်သည့်တိုင် ခန္ဓာကိုယ်အား ပြင်းထန်စွာ ထိုခိုက်စေခဲ့သည်။ သမန်းဝံပုလွေများ၏ မယုံကြည်နိုင် စရာ ပြန်လည် ကုသနိုင်စွမ်းဖြင့်ပင် ထိုဒဏ်ရာ ပြန်လည် ပျောက်ကင်းရန် မိနစ်ပိုင်းခန့် အချိန်ယူရမည် ဖြစ်သည်။
"မင်းပြောလို့ ပြီးပြီလား …" ချန်းဖန်က လက်နှစ်ဖက် နောက်ပစ်ရင်း အဘိုးအိုအား မေးလိုက်၏။
"မိခင် ရုရှားနိုင်ငံကို ကာကွယ်ပေးဖို့ ငါကျိန်ဆို ပြီးပြီ … ဒါကြောင့် ဒီတိုက်ပွဲက မပြီးသေးဘူး ... သေတဲ့ အထိ တိုက်ခိုက်ကြတာပေါ့ …" အဘိုးအိုက လေးနက်စွာ ပြောရင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ သွေးရောင် မျက်လုံးများ၌မူ ဝမ်းနည်းမှု အရိပ်အယောင်များက ရစ်သိုင်းနေခဲ့တော့သည်။
"သွေးစတေးခြင်း လျှို့ဝှက် နည်းစနစ် …" အဘိုးအိုက တီးတိုး ရေရွတ်လိုက်၏။
ထိုနည်းစနစ်မှာ သူ၏ နောက်ဆုံးသော ဝှက်ဖဲဖြစ်သည်။ သို့သော်လည်း သူ၏ အသက်အရွယ်မှာ ထိုနည်းစနစ်ကို ဘေးထွက်ဆိုးကျိုး မရှိပဲ အသုံးပြုနိုင်သည့် အရွယ် မဟုတ်တော့ချေ။
သို့သော်လည်း အိုလက်ကား ဆုံးဖြတ်ပြီးပုံ ရသည်။ ခဏအတွင်းမှာပင် သူ၏ မျက်လုံး၌ ပြတ်သားသော စိတ်ဆန္ဒများ ပေါ်လာကာ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာဖြင့် သမန်းဝံပုလွေ အသွင် ပြောင်းလဲ သွားတော့သည်။
"ဘာပဲဖြစ်ဖြစ် မင်း ဒီနေ့မှာ သေရမယ် …"
ချန်းဖန်က ပြောရင်း သွေးဝံပုလွေဘုရင်အား အေးစက်စွာ ကြည့်လိုက်၏။
"ဘုန်း …"
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ သူ၏ ရှေ့၌ ဆယ်မီတာခန့် ကြီးမားသော အဇူရာ လက်ဝါးကြီး တစ်ခု ပေါ်လာခဲ့သည်။ ထိုလက်ဝါးကြီးကား အလွန်ပင် ကြီးမားလှရာ ဘူတာရုံ တစ်ခုလုံးကိုပင် ဖိချေနိုင်စွမ်း ရှိပုံရသည်။
"ယီသစ်သား မဟာ ချင်နလက်ဝါး …"
ချန်းဖန်က လက်ဝါးကြီးဖြင့် အိုလက်အား အဆုံးသတ်ရန် ပြင်လိုက်စဉ်မှာပင် အရေးပေါ် အလျင်စလို အသံတစ်ခုက ထွက်ပေါ်လာခဲ့တော့သည်။
"မစ္စတာ ချန်းပေ့ရွှမ်း …"
"ရုရှားက အရှုံးပေးပါတယ် …"