ရုရှား၏ အညံ့ခံမှု
Vol. 5 Ch. 441
"ရုရှားက အရှုံးပေးပါတယ် …"
ချန်းဖန်က လက်ဝါးကို ပြန်လည် ရုပ်သိမ်းရင်း အသံလာရာဆီသို့ စိတ်ဝင်တစား ကြည့်လိုက်သည်။
ထိုနေရာတွင်မူ ထောက်လှမ်းရေး ဝတ်စုံ ဝတ်ဆင်ထားသည့် ဆံပင် အနက်ရောင် လူငယ်တစ်ယောက်အား တွေ့လိုက်ရသည်။ အကယ်၍ ဧဒင်သာ ဤနေရာတွင် ရှိပါက ထိုလူငယ်အား ချက်ချင်းပင် မှတ်မိပေလိမ့်မည် ဖြစ်သည်။ သူကား ရေခဲဝံပုလွေ ချိုင့်ဝှမ်း၌ အင်ဒရူးနှင့် အတူ ရှိနေခဲ့သူ ဖြစ်သည်။
"အရူးကောင် …" အိုလက်က လူငယ်အား ကျိန်ဆဲလိုက်သည်။ "ငါဆက်ပြီး တိုက်ခိုက်နိုင်သေးတယ် … နောက်ပြီး ရုရှားမှာ မီလျံနဲ့ ချီတဲ့ စစ်သားတွေလည်း ရှိသေးတယ် … သူ့ကို ကြောက်စရာ မလိုဘူးကွ …"
ဆံပင်ဖြူ အဘိုးကြီးကား အလွန်အမင်း ဒေါသထွက်နေပုံ ရသည်။ သူက လူငယ်၏ ပခုံးအား လက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်ရင်း …
"အိုင်ဗန် … ဒီအမိန့်ကို ဘယ်သူပေးတာလဲ … သမ္မတလား … ဝန်ကြီးတွေလား …"
လူငယ်က ခေါင်းကို ငုံ့ရင်း အဘိုးအို၏ အမေးကို ပြန်ဖြေလိုက်၏။
"ဆရာ … ဒါက ဆီးနိတ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် …"
"ဘယ်လို …"
အိုလပ်၏ မျက်နှာ၌ စိတ်ပျက်ခြင်းများ ပေါ်လာခဲ့သည်။
"ကောင်းပြီ … ကောင်းပြီ … နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ငါလေးစားရမှာပေါ့ …"
အဘိုးအိုက ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။
"ငါက ရုရှားကို ကျေအေးပေးမယ်လို့ ပြောပြီးပြီလား …" ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"မင်း လုပ်ရဲလား …" အိုလက်က ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်သည်။
"လေးစားရပါတဲ့ မစ္စတာ ချန်းပေ့ရွှမ်း ခင်ဗျာ … ခုအချိန်က ဖြစ်ပျက်ခဲ့သမျှကို ခဝါချသင့်တဲ့ အချိန်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် …"
အိုင်ဗန်က ဦးအနည်းငယ် ညွှတ်ရင်း ချန်းဖန်အား ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဒီပြဿနာက ကျွန်တော်တို့ စခဲ့တဲ့ အမှားပါ ခင်ဗျာ … ဒါကြောင့် ရေခဲဝံပုလွေ ချိုင့်ဝှမ်း တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ လူတွေကို ထိုက်တန်နဲ့ အပြစ်ဒဏ်တွေ ချမှတ်တော့မှာပါ … နောက်ပြီး နိုင်ငံရဲ့ ခေါင်းဆောင်တွေကလည်း တောင်းပန်တဲ့ အနေနဲ့ ဆရာ အလိုရှိတာတွေကို ဖြည့်ဆည်းပေးဖို့ ဆန္ဒ ရှိပါတယ် ခင်ဗျာ …"
"တောင်းဆိုတာကို ဖြည့်ဆည်းပေးမယ် … ဆိုတော့ကာ ငါ ဘာတောင်းတောင်းပေါ့ ဟုတ်လား …" ချန်းဖန်က စဉ်းစားရင်း မေးလိုက်၏။
"ဟုတ်ပါတယ် ခင်ဗျာ … ကျွန်တော်တို့ တတ်နိုင်တဲ့ ဘယ်အရာ မဆို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပါပဲ …"
အိုင်ဗန်က ယုံကြည်ချက် ရှိစွာ ပြုံးလိုက်၏။
ရုရှားကား ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံကြီး ဖြစ်သည်။ သူတို့တွင် ကမ္ဘာအား ပြောင်းလဲ ပစ်နိုင်ရန်ပင် အစွမ်းရှိ၏။ ထို့ကြောင့်ပင် ချန်းဖန်၏ မည်သည့် တောင်းဆိုမှုကို မဆို ဖြည့်ဆည်းပေးနိုင်ရန် လူငယ် အနေဖြင့် ယုံကြည်ချက် ရှိနေခြင်း ဖြစ်သည်။
"အဲ့လိုဆိုတော့လည်း …" ချန်းဖန်က သူ၏ တောင်းဆိုချက်ကို အိုင်ဗန်၏ စိတ်အတွင်း တိုက်ရိုက် ဆက်သွယ်ကာ ပြောဆို လိုက်သည်။
ချန်းဖန်၏ ဆန္ဒအား ကြားရချိန်၌ အိုင်ဗန်မှာ ဆွံ့အသွားပုံ ပေါ်သည်။ သို့သော်လည်း သူက ချက်ချင်းပင် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ချန်းဖန်၏ တောင်းဆိုမှုမှာ လုံးဝ ခက်ခဲနေသော အရာ မဟုတ်သည့်တိုင် နိုင်ငံတော် အဆင့် လျှို့ဝှက်ချက် ဖြစ်သည်။ ရုရှား အနေဖြင့် ချန်းပေ့ရွှမ်းအား တိုက်ခိုက်ရန် နောက်တစ်ကြိမ် စဉ်းစားတော့မည် မဟုတ်ပေ။
အိုလက်မှာ ထိုနှစ်ယောက်၏ စကားကို မကြားလိုက်ရသော်လည်း အနည်းအကျည်း ခန့်မှန်းနိုင်ခဲ့သည်။ ချန်းဖန်၏ တောင်းဆိုမှုက ပေါ့သေးသေး ဖြစ်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူ့၌ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိချေ။
"ငါတောင်းဆိုတာကို ရပြီးတာနဲ့ ချက်ချင်း တရုတ်ကို ပြန်မယ် … သံသယဝင် မနေနဲ့ …" ချန်းဖန်က အိုင်ဗန်အား တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ …"
အိုင်ဗန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက စဉ်းစားရင်း ဆက်မေးလိုက်၏။
"ဆရာ … ပစ္စည်းတွေကို နေ့ဘက်မှာ သယ်ဖို့က အခက်အခဲ ရှိမယ် ထင်တယ် … ကျွန်တော် ပြောတာကို သဘောပေါက်တယ် မလား …"
"စိတ်မပူနဲ့ … ငါ့မှာ ကိုယ်ပိုင် နည်းလမ်းရှိတယ် …"
ချန်းဖန်က လက်နှစ်ဖက်အား နောက်ပစ်ရင်း ဘူတာထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
ချန်းဖန် ပျောက်ကွယ်သွားသည်နှင့် အိုင်ဗန်က အဘိုးအို အိုလက်ထံသို့ သွားရောက်ကာ ဖေးမလိုက်သည်။
"ဆရာ … ကံကောင်းပေလို့ပဲ … ကျွန်တော်သာ မိနစ်ပိုင်းလောက် နောက်ကျသွားရင် ဆရာ့ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး …"
"အင်း …"
အဘိုးအို အိုလက်က သက်ပြင်း တစ်ချက်ချလိုက်သည်။
"ငါလည်း သေပြီ ထင်နေတာ … ချန်းပေ့ရွှမ်းက ငါမျှော်လင့် ထားတာထက် အများကြီး ပိုအစွမ်းထက်တယ် … သူနဲ့ တိုက်ခိုက်ရတာက ဗိုလ်ချုပ်နဲ့ တိုက်ခိုက်ရသလိုပဲ …"
"ဆရာပြောတာ တရုတ်က ဗိုလ်ချုပ်ရဲ့လား …"
အိုင်ဗန်၏ မျက်လုံးများတွင် လေးစားမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ဘာပဲဖြစ်ဖြစ်လေ … တော်လောက်ပါပြီ …"
အိုလက်က ခေါင်းအား ခါယမ်းရင်း စိတ်ရှုပ်ထွေးစွာ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ရုရှားက သူ့ကို ဘာလို့ အလျှော့ပေးလိုက်တာလဲ ဆိုတာ နားမလည်နိုင်ဘူး … ငါတို့မှာ နျူကလိယ အသေးစားတွေ ရှိသေးတယ် မလား … သူ့ကို တကယ် သတ်ချင်ရင် သတ်လို့ ရပါတယ် …"
"ဆရာ … တကယ်က ဒီလိုပါ …"
အိုင်ဗန်က ဖြူရော်စွာ ပြုံးရင်း ရှင်းပြလိုက်သည်။
"သူ့ကို သတ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အသက်တွေ အများကြီး ရင်းရလိမ့်မယ် … ပြီးတော့ ကျွန်တော်တို့ နိုင်ငံကလည်း USSR ကျဆုံးပြီး ကတည်းက ပုံရိပ်တွေ ဆိုးဝါးနေခဲ့တာ … နောက်ပြီး ရန်ကီးတွေကလည်း ကျုပ်တို့ကို ကမ္ဘာနဲ့ မတည့်အောင် သွေးထိုးနေကြတာ … ဒါကြောင့် ချန်းပေ့ရွှမ်း အတွက်နဲ့ တရုတ်နဲ့ မဟာမိတ်ကို မဖျက်ချင်ဘူး …"
"နောက်ပြီးတော့ ချန်းပေ့ရွှမ်းကို ကျွန်တော်တို့ အရှုံးပေးလိုက်တယ် ဆိုတာ အမှောင်ကမ္ဘာက လူအချို့က လွဲရင် ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ … ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမှာ မဟုတ်ဘူး …"
"အင်း … အမှန်ပဲ …"
အိုလက်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
ချန်းဖန်နှင့် အိုင်ဗန်၊ အိုလက်တို့ နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံချိန်၌ အဘိုးအို အိုလက်၏ ဒဏ်ရာများမှာ အတော်ပင် သက်သာနေခဲ့ပြီ ဖြစ်သည်။ သူကား စစ်ယူနီဖောင်းဖြင့် ခန့်ညားနေဆဲပင်။
"ဒီမှာပါ ဆရာ …"
အိုင်ဗန်က ရှေ့သို့ အနည်းငယ် တိုးရင်း ချန်းဖန်အား ငွေရောင် သေတ္တာ တစ်ခုကို လက်လွှဲပေးလိုက်သည်။ ထို့နောက် သူက ချန်းဖန်၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုအား တီးတိုးပြောလိုက်သည်။
ချန်းဖန်က ခေါင်းညိတ်ရင်း ငွေရောင် သေတ္တာကို အဝါရောင် ကျောက်မျက်အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်သည်။
အခြားလူများ၏ အမြင်တွင်မူ ငွေရောင် သေတ္တာမှာ မျက်လှည့်ပြသကဲ့သို့ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ပင် သူတို့မှာ ချန်းဖန်အား ပိုမို ကြောက်ရွံ့လာကြတော့သည်။
နာတာရှာအား နှုတ်ဆက်ပြီးနောက် ချန်းဖန်မှာ ပျံလွှားနီလေးနှင့် အတူ တရုတ်သို့ ပြန်လည် ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
သူတို့ မထွက်ခွာခင် အိုလက်က ပျံလွှားနီလေးအား ကြည့်ရင်း …
"ပျံလွှားနီလေး … ဗိုလ်ချုပ်ကို နှုတ်ဆက်တယ်လို့ ပြောပေးပါဦး …"
"ဟုတ်ကဲ့ပါ …"
ပျံလွှားနီလေးက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
ထို့နောက် ချန်းဖန်၊ ပျံလွှားနီလေးနှင့် အိုင်ဗန်တို့ သုံးယောက်မှာ လေယာဉ်နှင့်အတူ တရုတ်သို့ စတင် ထွက်ခွာသွားကြတော့သည်။ အိုင်ဗန်မှာ ချန်းဖန်၏ အာမခံ အဖြစ် တောင်းဆိုမှုကြောင့် တရုတ်သို့ အလည်အပတ် သဘောမျိုး လိုက်လာခဲ့ခြင်း ဖြစ်သည်။
အိုလက်ကား တိမ်များကြား၌ တိုးဝင်ပျောက်ကွယ်သွားသော လေယာဉ်ပျံအား ကြည့်ရင်း တွေဝေ ငေးငိုင် နေမိသည်။
"ဟင်း … ခေတ်သစ်တစ်ခုတော့ ရောက်လာတော့မယ် ထင်တယ် … တရုတ်က ဘာလို့ ဒီလောက် ကံကောင်းရတာလဲ …"
အိုလက်က ခေါင်းငုံ့ရင်း သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
***
ချန်းဖန် ရုရှားမှ ပြန်လည် ထွက်ခွာသွားချိန်၌ ကြီးမားသော သတင်းတစ်ခုက အမှောင်ကမ္ဘာ၌ စတင် ပျံ့နှံ့သွားခဲ့တော့သည်။
ရုရှားက ချန်းပေ့ရွှမ်းထံ၌ အညံ့ခံခဲ့ခြင်း … ချန်းပေ့ရွှမ်းကား ရုရှား ကဲ့သို့ မဟာအင်အားကြီး နိုင်ငံကြီးကိုပင် တစ်ကိုယ်တော် အနိုင်ယူခဲ့ပုံရသည်။
ထိုသတင်းကား မုန်တိုင်းသဖွယ် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။ များစွာသော လူများကား ယုံပင် မယုံကြည်နိုင်ကြချေ။ အဘယ်ကြောင့် ရုရှားက ကျရှုံးခဲ့ရသနည်း။
ရုရှား၏ စစ်အင်အားမှာ ကမ္ဘာ့ အင်အားကြီး သုံးနိုင်ငံထဲတွင် အပါအဝင် ဖြစ်သည်။ ထို့အပြင် သူတို့ကား နျူကလိယ ပိုင်ဆိုင်ထားသည့် လက်တစ်ဆုပ်စာထဲတွင်လည်း ပါဝင်သည်။
ချန်းပေ့ရွှမ်းမှာ ရုရှား ခြေလျင်တပ်မ ၁၁၆ ကို အနိုင်ယူနိုင်ခဲ့သည့်တိုင် ထိုတပ်မမှာ ရုရှား၏ သေးငယ်သော အစိတ်အပိုင်းလေးသာ ဖြစ်သည်။ ထိုတိုက်ပွဲ ရှုံးနိမ့်မှုလောက်ဖြင့် ချန်းပေ့ရွှမ်းထံ၌ အညံ့ခံခြင်းမှာ ယုတ္တိ မရှိပေ။
သို့သော်လည်း ရုရှား၏ အခက်အခဲကို မြင်သည့် လူများကမူ ခေါင်းကိုသာ ခါယမ်းနေမိကြသည်။
"ရုရှားက အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို လျှော့ချဖို့ တရုတ်နဲ့ ဆက်ဆံရေးကို မပျက်စီး စေချင်ပုံရတယ် … တရုတ်နဲ့ လက်တွဲနေနိုင်သမျှ ကာလပတ်လုံး အမေရိကန်ကို သူတို့ ကြောက်ရတော့မှာ မဟုတ်ဘူး …"
အချို့လူများကမူ ချန်းပေ့ရွှမ်းမှာ ရုရှား၏ တန်ခိုးရှင် အဆင့်တစ်ယောက်နှင့် အလောင်းအစား သဘောမျိုး တိုက်ခိုက်ကြသည်ဟု ဆိုသည်။ သို့သော်လည်း သူတို့၌ ခိုင်မာသော သက်သေ အထောက်အထား မရှိချေ။
ထိုအချိန်၌ ချန်းဖန်ကမူ တောင်ဘက်စူးစူးသို့ ခရီးနှင်ကာ အိမ်သို့ ပြန်နေခဲ့ပြီ ဖြစ်၏။ သူ၏ မိသားစုများ၊ မိတ်ဆွေများ မည်ကဲ့သို့ အခြေအနေ ရှိမည်ကို သူသိချင်နေခဲ့သည်။
***