တရုတ်သို့ အပြန်
Vol. 5 Ch. 442
၂၀၁၀၊ မတ်လ ၁၀ ရက်၊ ကျောင်းဟိုင် နိုင်ငံတကာ လေဆိပ် …
ချန်းဖန်က ကျောင်းဟိုင်လေဆိပ်မှ လက်နှစ်ဖက်အား နောက်ပစ်ရင်း ထွက်လာခဲ့၏။ သူ၏ ရှည်လျား နက်မှောင်သော ဆံပင်များမှာမူ လေနှင့် အတူ မြောလွင့်နေခဲ့သည်။ သူ၏ နောက်ပိုင်တွင် ဆံပင်ကုပ်ဝဲနှင့် ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ဦးက ကပ်လိုက်လာခဲ့သည်။
သူတို့၏ သာမန်ထက် ထူးကဲ့နေသော အသွင်အပြင်များက များစွာသော လူများ၏ အာရုံစူးစိုက်မှုများကို သိမ်းကျုံး ဆွဲငင်နေခဲ့၏။
သို့သော်လည်း သူတို့နှစ်ယောက်မှာ အခြားလူများ၏ အကြည့်များအား အာရုံစိုက်ပုံ မရပဲ ကြိုတင် စီစဉ်ထားသော ကားအတွင်းသို့သာ ဝင်လိုက်ကြ၏။ ကားအတွင်းသို့ ရောက်သည်နှင့် ချန်းဖန်က ပျံလွှားနီလေးအား ကြည့်ရင်း …
"တရုတ်ကို ပြန်ရောက်ပြီ ဆိုတော့ … ငါမရှိတဲ့ အတောအတွင်း ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတာ ပြောပါဦး …"
"အမ် …"
ပျံလွှားနီလေးက ချန်းဖန်၏ အစမရှိ၊ အဆုံးမရှိသော မေးခွန်းကြောင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ငါ့မိဘတွေ၊ နောက်ပြီး ရှောင်ချုံး သူတို့ ဘယ်လိုနေလဲ မေးတာ …" ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"စိတ်မပူပါနဲ့ … ရှင့်ရဲ့ မိသားစုရော၊ ကောင်မလေးရောကို ငါတို့ ကာကွယ်ပေးထားပါတယ် … ဒါပေမဲ့ သူတို့ သိပ်တော့ အဆင်ပြေပုံ မရဘူး …"
"ဘယ်သူက ချန်းမိသားစုကို ထိရဲတာလဲ …"
ချန်းဖန်က မျက်လုံးများအား ကျဉ်းမြောင်းရင်း ပျံလွှားနီလေးအား စူးရဲစွာ ကြည့်လိုက်သည်။
ချန်းဖန် ဟန်မိစားစုနှင့် စွန်းမိသားစုတို့အား ရှင်းထုတ်ပြီးချိန်မှ စ၍ ချန်းမိသားစုမှာ ကျင်းလင်မြို့တော်တွင် အင်အား အကြီးဆုံးမိသားစု ဟုပင် ဆိုနိုင်နေပြီ ဖြစ်သည်။ ထို့အပြင် ချန်းမိသားစု၌ ဝေ့မိသားစု၊ စုမိသားစု တို့ကဲ့သို့သော မဟာမိတ်များလည်း ရှိနေသေးသည်။ ထို့ကြောင့် ချန်းမိသားစုအား ထိရဲသည့် မိသားစု ရှိလိမ့်မည်ဟု မထင်မိချေ။
"ရှင်က တစ်နှစ်လောက် ပျောက်နေတာဆိုတော့ သူတို့က ရှင်သေသွားပြီလို့ ယူဆ နေကြတာလေ … ဒါကြောင့်ပဲ …"
ပျံလွှားနီလေးက ဖြူရော်စွာ ပြုံးရင်း စကားကို တစ်ဝက်တစ်ပျက် ရပ်လိုက်သည်။
မိသားစု အများစုမှာ မြေအောက်ကမ္ဘာနှင့် တိုက်ရိုက် ပတ်သက်ခြင်း မရှိသည့်တိုင် စစ်တပ်၏ အဆက်အသွယ်ဖြင့် ရေခဲဝံပုလွေ ချိုင့်ဝှမ်း ပြဿနာကို သိရှိခဲ့ကြပြီး ဖြစ်သည်။ တရုတ်သိုင်းလောက ပင်လျှင် ထိုသတင်းကြောင့် အချိတ်အတန်ကြာ ဂယက်ထခဲ့သေးသည်။
"ဟမ့် … သေမျိုးတွေများ …"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးတွင်မူ လူသတ်ငွေ့များ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ပျံလွှားနီလေးက အကုန်အစင် မပြောပြသည့်တိုင် ချန်းဖန်မှာ အဖြစ်အပျက် တော်တော်များများကို ရိပ်မိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ချန်းမိသားစု၏ မဟာမိတ် အားလုံးသာ သစ္စာရှိမည် ဆိုပါက ချန်းမိသားစု ကျဆုံးစရာ အကြောင်း မရှိပေ။
"ငါ့မိဘတွေနဲ့ ရှောင်ချုံး ဘာမှ မဖြစ်ရင် ရပြီ … ချန်းမိသားစုကို ဆန့်ကျင်ရဲတဲ့ အရူးတွေကတော့ ထိုက်တန်တာကို ပြန်ပေးရမှာပဲ …"
ချန်းဖန်က အေးစက်စွာ ရေရွတ်လိုက်သည်။
"ထူးထူးခြားခြား ဖြစ်စဉ် ဘာရှိသေးလဲ …"
ချန်းဖန်က ပျံလွှားနီလေးအား ကြည့်ရင်း မေးလိုက်သည်။
"ထွေထွေထူးထူး မရှိပါဘူး … ရှင့်မိသားစုကတော့ ကျွန်မတို့ရဲ့ ကာကွယ်မှု အောက်မှာ ရှိတဲ့ အတွက် ဘေးကင်းပါတယ် …" ပျံလွှားနီလေးက ပြန်ဖြေလိုက်သည်။
"အရမ်းကောင်းတယ် …"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ အစ်မအန်ရော … သူဘယ်လိုနေလဲ …"
ချန်းဖန်၏ အမေးကြောင့် ပျံလွှားနီလေးမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပုံ ပေါ်သည်။ သူမက တစ်ခုခုအား စဉ်းစားရင်း ချက်ချင်း ပြန်မဖြေခဲ့ချေ။
ပျံလွှားနီလေး၏ အမူအရာကို ကြည့်၍ တစ်ခုခု ထူးဆန်းနေကြောင်း ချန်းဖန် ချက်ချင်းပင် သတိပြုမိလိုက်သည်။
"အစ်မအန် ဘာဖြစ်လို့လဲ …"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"မိန်းကလေး အန်ရာလည်း လုံခြုံပါတယ် … ဒါပေမဲ့ အန်မိသားစုက သူ့ကို လာခေါ်သွားတယ် …" ပျံလွှားနီလေးက ခေါင်းအား ငုံ့ရင်း ဖြေလိုက်သည်။
"အန်မိသားစု … အန်တီ အန်ကျင်းရှို့ရဲ့ မိသားစုလား …"
အန်ရာ၏ အမေ အန်ကျင်းရှို့မှာ ချန်းဖန်၏ မိခင် ဝမ်ရှောက်ယွင်နှင့် ကလေးဘဝကပင် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။
အန်ကျင်းရှို့မှာ အရွယ်မရောက်သေးခင် တွင်ပင် လွန်ကျူးမိသဖြင့် ကိုယ်ဝန် ရှိလာသော အခ၌ မိဘများ၏ နှင်ထုတ်ခြင်းအား ခံခဲ့ရသည်။ သို့သော်လည်း အန်ကျင်းရှို့မှာ အန်ရာအား ရအောင် မွေးခဲ့ကာ တစ်ယောက်တည်း ပင်ပန်းကြီးစွာ ရုန်းကန်၏ ပြုစု ပျိုးထောင်ခဲ့သည်။ အန်ရာ အသက်ခြောက်နှစ် ပြည့်သည့် အချိန်တွင်မူ အန်ကျင်းရှို့မှာ ပင်ပန်းမှုများ၏ ဒဏ်ကြောင့် ဆုံးပါးသွားခဲ့တော့သည်။
အန်ကျင်းရှို့ ဆုံးပါးသည်နှင့် အန်ရာလေးအား ဝမ်ရှောက်ယွင်က ဆက်လက် မွေးမြူခဲ့သည်။ ချန်းဖန်၏ မိဘများမှာ အန်ရာအား သမီးလေး အရင်းလိုပင် စောင့်ရှောက်ခဲ့ကြပြီး ချန်းဖန်နှင့် အန်ရာတို့မှာလည်း မောင်နှမ ရင်းချာများ သဖွယ် ဖြစ်လာကြသည်။ ချန်းဖန်အတွက် မိဘနှစ်ပါးနှင့် ဖန့်ချုံးပြီးရင် အစ်မအန်မှာ အခင်တွယ်ရဆုံးသူ ဖြစ်သည်။
"အင်း …" ပျံလွှားနီလေးက ခေါင်းငုံ့ရင်း ဖြေလိုက်သည်။
ထိုအချိန်၌ ချန်းဖန်၏ မျက်နှာကမူ အနည်းငယ် တင်းမာနေခဲ့၏။ အန်မိသားစုကား သူမရှိခိုက်တွင် ချန်းမိသားစုကို သွေးတိုးစမ်းခဲ့ဟန် ရသည်။ အစ်မအန်အား ချန်းမိသားစုမှ ခေါ်ထုတ်သွားခြင်းမှာ သူ့အား စော်ကားလိုက်ခြင်းနှင့် အတူတူပင်။
"ဒုတိယအဆင့် မိသားစု တစ်စုက ငါ့ရဲ့ လွှမ်းမိုးမှုကို မေးခွန်းထုတ်ချင်တယ်ပေါ့ … သူတို့က သွေးနဲ့ ပြန်ပေးဆပ် ချင်နေတာပဲ …"
ချန်းဖန်၏ မျက်နှာ၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ခဏနေပါဦး … မိန်းကလေး အန်ရာက သူ့ဆန္ဒနဲ့သူ လိုက်သွားတာပါ … အန်မိသားစုက သူ့ကို တွန်းအား မပေးပါဘူး …" ပျံလွှားနီလေးက ချန်းဖန်အား အလောတကြီး ရှင်းပြလိုက်သည်။
"သူ့ဆန္ဒနဲ့ သူလား …"
ချန်းဖန်က အေးစက်စွာ ပြုံးလိုက်၏။
သူကား အန်ရာနှင့် အတူ ကြီးပြင်းလာခဲ့ရာ အန်မိသားစုကို အန်ရာ မည်မျှ မုန်းတီးကြောင်း သူသိရှိထားသည်။ အန်မိသားစုမှာ အန်ကျင်းရှို့အား စွန့်ပစ်ခဲ့သည့် အပြင် အန်ကျင်းရှို့ သေဆုံးချိန်တွင်ပင် ခြောက်နှစ် သမီး အန်ရာလေးအား အဖက်မလုပ်ခဲ့ကြချေ။
"ဒီကိစ္စမှာ ငါတို့ မသိသေးတာတွေ ရှိမယ် ထင်တယ် … အလျင်စလို ကောက်ချက် မချနဲ့ဦး …" ပျံလွှားနီလေးက ချန်းဖန်အား ဖျောင်းဖျလိုက်သည်။
"အင်း … သူတို့ဆီကို ငါအလည်သွားတဲ့ အခါကျမှ သူတို့ ဘယ်လို ရှင်းပြမလဲ ကြည့်ရသေးတာပေါ့ …"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ပျံလွှားနီလေးမှာမူ အန်မိသားစု၏ အနာဂတ်အား တွေးရင်း သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိတော့သည်။
***
ချန်းဖန် ပြန်လည် ပေါ်ထွက်လာမှု သတင်းကား မြေအောက်ကမ္ဘာ တစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
သူကား ပြန်လည် ပေါ်ထွက် လာလာချင်းပင် ဒုတိယ ဗိုလ်ချုပ်ကြီး ရှာချန်းကိုပင် သတ်ဖြတ်ခဲ့သည်။ ထို့နောက် ဆက်တိုက် ဆိုသလိုပင် တန်ခိုးရှင် အဆင့် အိုလက်အား အနိုင်ယူခဲ့၏။ ရုရှားပင်လျှင် သူ့ထံ၌ အညံ့ခံခဲ့ရသေးသည်ဟု ဆိုသည်။
ထိုသတင်းများကား သိပ်မကြာခင်မှာပင် မိသားစုများ၊ ကလန်များသို့ပါ ပျံ့နှံ့သွားတော့သည်။ တစ်လဆိုသော အချိန်ကား သတင်းတစ်ခု ပျံ့နှံ့ရန် လုံလောက်သော ကာလဖြစ်သည်။
ကျန်းနန်ပြည်နယ်၊ ကျင်းမြို့၊ အရှေ့တောင်ကြား ဒေသ …
အနက်ရောင် အော်ဒီကား တစ်စီး ထိုးရပ်ကာ ကားထဲမှ ချန်းဖန် ထွက်ပေါ်လာခဲ့သည်။ သူကား ပုံမှန် ချန်းဖန် သဏ္ဌာန်ကို ပြန်လည် ပြောင်းထားကာ သာမန် ဝတ်စုံအား ဆင်မြန်းထားသည်။ သူက ခြံတံခါးအား ဆွဲမဖွင့်ခင် အရှေ့တောင်ကြား အတွင်းသို့ လှမ်းမျှော်ကြည့်လိုက်ကာ လေအား တဝကြီး ရှူသွင်းလိုက်၏။
နောက်ဆုံး၌ အိမ်သို့ ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။ အိမ်ဆိုသော ခံစားချက်က နူးညံ့မှုနှင့် နွေးထွေးမှုတို့ကို သူ့ထံသို့ ယူဆောင်ပေးသည်။
ချန်းဖန်က တံခါးအား ဆွဲဖွင့်ရင်း အိမ်ဆီသို့ လျှောက်သွားလိုက်တော့သည်။ လမ်းဘေး တစ်နေရာ၌ စစ်တုရင် ကစားနေသော အဘိုးကြီး တစ်ဦးက ဖြတ်သွားသော ချန်းဖန်အား လှမ်းကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
"နေပါဦး … ဒီလူငယ်လေးကို ငါရင်းနှီးနေသလိုပဲ … မဟုတ်မှလွဲရော သူက ချန်းဟွိုက်အန်းရဲ့ သေသွားတဲ့ မြေးမလား …"
ထိုအတွေးကြောင့် အဘိုးအို၏ စိတ်က ကဆုန်ပေါက်သွားတော့သည်။
ချန်းမိသားစုကား လွန်ခဲ့သော နှစ်များအတွင်း ကျန်းနန်နယ်၏ ထိပ်သီး အင်အားစု တစ်ခု ဖြစ်လာခဲ့သည်။ သူတို့ကား ဟန်မိသားစုကိုပင် အထက်စီးမှ ဆက်ဆံနိုင်ခဲ့သည် အထိ တန်ခိုး ဩဇာ ကြီးမားခဲ့သည်။ ထို့ကြောင့်ပင် ချန်းမိသားစုနှင့် တွဲ၍ ချန်းဖန်၏ အမည်အား မသိသူ မရှိချေ။
"ကျန်းပေ့ရဲ့ ဆရာချန်းက တကယ်ပဲ ပြန်လာပြီလား …"
***