← Chapters

ထူးကဲယင်ပြိုင်ပွဲတရားဝင်စတင်ပြီ

Vol. 23 Ch. 325

ထူးကဲယင်ပြိုင်ပွဲတရားဝင်စတင်ပြီ

Vol. 23 Ch. 325

အခန်း (၃၂၅) ထူးကဲယင်ပြိုင်ပွဲတရားဝင်စတင်ပြီ

ဖန်ချိုးပြောသည့် “ယောင်ယောင်” ဆိုသည်မှာ ကြည့်လင်လျှို့ဝှက်ရေကန် ၊ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ရန်ကျောက်ကဲနှင့် ဆုံတွေ့ဖူးသည့် “ကျန်းယောင်” ကို ပြောခြင်း ဖြစ်သည်။

ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲတွင် ကျန်းယောင် ၊ လီကျင်းဝမ်နှင့် အခြားသူများ လျိုရှန်းဖုန်းတို့အုပ်စု ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ရန်ကျောက်ကဲ ကယ်တင်ခဲ့သောကြောင့် အသက်ရှင်သန်ခွင့်ရခဲ့သည်။

ဖန်ချိုးနှင့် ကျန်းယောင်က သက်တူရွယ်တူဖြစ်‌‌သောကြောင့် အ‌တော်လေးလည်း ခင်မင်ကြဟန်ပင်။

ရန်ကျောက်ကဲက အနည်းငယ်ပြုံးရင်း သူမကို ခေါင်းညိတ်ပြသည်။

“ညီမလေး’ဖန်ချိုး’က အားနာနေပြန်ပြီ”

လှည့်ကြည့်လိုက်တော့ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေသည့် ဖန်းယွင်ရှန်းနှင့် မန်ဝမ်ကို တွေ့ရသည်။ ရန်ကျောက်ကဲ အကြည့်များ မန်ဝမ်ထံအလိုလိုကျရောက်သွားပြီး မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

မန်ဝမ်က ဖန်းယွင်ရှန်းထံမှ အကြည့်လွှဲလိုက်ပြီး ရန်ကျောက်ကဲကို အေးဆေးစွာကြည့်ကာ ယဉ်ကျေးသမှုဖြင့် ပြုံးပြသည်။ သူမက ရန်ကျောက်ကဲနှင့် ရင်းနှီးခြင်းမရှိသော်လည်း မလေးမစားအမူအရာ မပြခဲ့ပေ။

ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်း၏ ဆက်ဆံရေးက လုံးဝပြိုလဲသွားခဲ့ပြီဖြစ်ရာ ရန်ကျောက်ကဲအပေါ် သူမ၏တုံ့ပြန်မှုက သာမန်အပေါ်ယံဟု ယူဆနိုင်သည်။

သို့သော် အရင်က ရေခဲကန်ထဲတွင် ဖြစ်ပျက်ခဲ့သည်များအတွက် မကျေမချမ်း ဒေါသထွက်နေခြင်းမျိုး သူမထံတွင် မတွေ့ရပေ။

မန်ဝမ်တို့အဖွဲ့ကို ဦးဆောင်လာသူမှာ နေသူတော်စင်ဂိုဏ်း၏ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သော နေဘုရင် (၇)ပါးအနက်မှ “ညနေခင်းအရှင်” ဖြစ်သည်။

“ညနေခင်းအရှင်” က ငြိမ်သက်နေပြီး သူ့မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ မတွေ့မြင်ရပေ။ သို့သော် ရန်ကျောက်ကဲကို အလေးအနက် စူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲရှေ့မှ အကြီးအကဲ’မုန့်’ ကလည်း “ညနေခင်းအရှင်” ကို မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေသည်။  သူတို့နှစ်ယောက် အကြည့်ချင်းဆုံသည်နှင့် လေထဲတွင် မီးတောက်များတောင်လောင်လာသည့်အလား ထင်မှတ်ရ၏။

အဆုံးမဲ့တောင်တန်း ၊ ကျောက်စိမ်းပင်လယ်မြို့တော်က တစ်ဖက်ခြမ်းတွင်ထိုင်နေပြီး နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမက အခြားတစ်ဖက်တွင်တိုင်နေသည်။ တစ်ဖက်နှင့်တစ်ဖက် ရောထွေးခြင်းမရှိဘဲ  ပြတ်ပြတ်သားသား ရပ်တည်နေကြသည့်သဘောပင်။

လှိုင်းနက်ဂေဟာမှ သိုင်းသမားများက မည်သည့်ဘက်မှမရပ်ဘဲ အလယ်တည့်တည့်တွင် ထိုင်နေသောကြောင့် သူတို့အားလုံး တိတ်တဆိတ် သက်ပြင်းချမိကြသည်။

ထိုအချိန် သူတို့အားလုံးရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က အလယ်ဗဟိုနေရာတွင်ပေါ်လာခြင်းဖြစ်ပြီး မည်သူ့ဘက်မှ ဘက်လိုက်ခြင်းမရှိဘဲ ကြားနေဝါဒကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည့်ပမာ ဖြစ်သည်။

ထိုပုံရိပ်က အရပ်မြင့်မြင့်သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၏အသွင်အပြင်က သာမန်ထက်နက်ရှိုင်းတည်ကြည်ပြီး တွင်းနက်ကြီးတစ်ခုအလားနက်နဲမှုနှင့် ပင်လယ်ပြင်အလား ကျယ်ပြန့်သည့် ခံစားချက်ကို ပေးစွမ်းသည်။ သူမ၏တန်ခိုးစွမ်းအား အဘယ်မျှမြင့်မားကြောင်း မည်သူမှ မသိနိုင်ပေ။

ထိုအမျိုးသမီး၏အသွင်အပြင်က အစွန်းရောက်ရှစ်ပါးတစ်ခွင် ပျံ့နှံ့ခဲ့သည်မှာ အချိန်ကြာမြင့်လှပြီဖြစ်သောကြောင့် ဤနေရာတွင်ရောက်နေသူများအားလုံး သူမကို သိရှိကြသည်။

သူမသည်ကား...

လှိုင်းနက်ဂေဟာ၏ ဂေဟာသခင်မ ၊ လွင့်မျောတိမ်လွှာသိုင်းသူတော်စင် ၊ “လှိုင်းနက်လွင့်မျောတိမ်လွှာ” အန်းချင်လင်...

ဖြစ်လေ၏။

သူမက အစွန်း‌ရောက်ရှစ်ပါးကမ္ဘာတွင် နံပါတ် (၁) အမျိုးသမီး သိုင်းကျင့်ကြံသူဖြစ်သလို တစ်ဦးတည်းသော အမျိုးသမီးသိုင်းသူတော်စင်လည်း ဖြစ်သည်။

အကြီးအကဲ’မုန့်’ နှင့် ‘ညနေခင်းအရှင်’ ကဲ့သို့သော အမတလက်ဖွဲ့သိုင်းဆရာသခင်များမှအစ ရန်ကျောက်ကဲတို့ ကဲ့သို့သော မျိုးဆက်သစ်တပည့်များအဆုံး လူတိုင်းက သူမကို ဦးညွှတ်ဂါရပြုကြသည်။

“ဂေဟာသခင်မ’အန်း’ ကို နှုတ်ဆက်ပါတယ်”

အန်းချင်လင်က သက်လတ်ပိုင်းအသွင်အပြင်ရှိသော်လည်း လှိုင်းနက်ဂေဟာကို နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ခဲ့သူဖြစ်လေရာ တကယ်တမ်း သူမအသက်က ငယ်ရွယ်ခြင်း မရှိတော့ပေ။

သူမက ယွမ်ကျန်းဖုန်း ၊ ဟွမ်ကွမ်လီနှင့် ချန်လီတို့ထက် အနည်းငယ်မျှ အသက်ငယ်ရွယ်သော်လည်း မျိုးဆက်အတူတူပင် ဖြစ်သည်။ သူမ၏ နာမည်ကျော်ကြားမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာကို ယခုတိုင်လှုပ်ခတ်နေစေခဲ့သည်။

အန်းချင်လင်က အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး အသိအမှတ်ပြုဟန် ခေါင်းညိတ်ပြသည်။

“အရှေ့ပင်လယ်ကို ကျူးကျော်လာတဲ့ မီးတောက်မိစ္ဆာတွေက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက လူသားတိုင်းရဲ့ ဘုံရန်သူဖြစ်တယ် ၊ ထူးကဲယင်သရဖူက မီးတောက်မိစ္ဆာတွေကို ဆန့်ကျင်ရာမှာ အလွန်အကျိုးရှိတယ် ၊ ဒါကြောင့် ထူးကဲယင်သရဖူရရှိတဲ့ ဘယ်ထိပ်သီးသိုင်းဂိုဏ်းမဆို စွမ်းအားကုန်သုံးပြီး မီးတောက်မိစ္ဆာတွေကို ရင်ဆိုင်တိုက်ခိုက်ပေးဖို့ တောင်းဆိုချင်တယ်”

သူမက ဆက်ပြောသည်။

“ဒီတစ်ခေါက် ကျွန်မတို့က ထူးကဲယင်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်ပေးမှာဖြစ်တယ် ၊ ထူးကဲယင်ပြိုင်ပွဲ လုပ်ထုံးလုပ်နည်းတွေအတိုင်း အခိုင်အမာထိန်းသိမ်းဆောင်ရွက်မှာဖြစ်ပြီး ထူးကဲယင်သရဖူကို ရရှိသူ မည်သူမဆို မီးတောက်မိစ္ဆာတွေကို ရင်ဆိုင်တိုက်ခိုက်ပေးမယ်လို့ အခိုင်အမာမျှော်လင့်ပါတယ်”

အန်းချင်လင်၏စကားက အလွန်အဓိပ္ပါယ်ရှင်းလင်းပြတ်သားလေရာ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

“အမှန်ပါပဲ ၊ ‌‌ဂေဟာသခင်မ’အန်း’ ရဲ့ စကားတွေက အဓိပ္ပါယ် ပြည့်ဝပါတယ်”

ရန်ကျောက်ကဲ အန်းချင်လင်ကို လှမ်းကြည့်လိုက်သည်။ လှိုင်းနက်ဂေဟာ၏ လုပ်ဆောင်ချက်များက သင့်တော်သည်မှာ အမှန်ပင်။

စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဖန်ချိုးက လှိုင်းနက်ဂေဟာအတွက် ထူးကဲယင်သရဖူကို ရယူပေးခဲ့ပြီး အချိန် (၁)နှစ်တိတိ ထိန်းသိမ်းထားခဲ့သည်။

ထိုအချိန်ကာလတစ်လျှောက်လုံး မီးတောက်မိစ္ဆာများက အရှေ့ပင်လယ်တွင် အကြီးအကျယ် မငြိမ်မသက်ဖြစ်နေလေရာ လှိုင်းနက်ဂေဟာနှင့် ထူးကဲယင်သရဖူတို့က ရှေ့တန်းတွင် ရပ်တည်ပေးခဲ့သည်မှာ အလွန်တရာအသိအမှတ်ပြုထိုက်သည်။

ပဉ္စမအကြိမ်ထူးကဲယင်ပြိုင်ပွဲမတိုင်မီ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏အခြေအနေက အလွန်တရာပြောင်းလဲသွားခဲ့၏။

ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ကြားတွင် သဘောထားတင်းမာမှုများဖြစ်ပွားလာပြီး ပြန်လည်သင့်မြတ်ရန်မဖြစ်နိုင်သော ရန်ငြိုးများဖြစ်တည်လာခဲ့သည်။ အခြေနေများအပေါ်တွင်လည်း နှစ်ဖက်စလုံးက ပြင်းပြင်းထန်ခုခံငြင်းဆန်နေကြဆဲပင်။

ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်း၏ အင်အားက မျှခြေတွင်ရှိနေသဖြင့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ရန်မတတ်နိုင်ကြဘဲ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေ ကျရောက်လျှက်ရှိသော်လည်း ဝါဒတောင်တိုက်ပွဲကြီးမတိုင်ခင်ကထက် အခြေအနေက ပိုမိုတင်းမာနေခဲ့သည်။

ဤသို့သောအခြေအနေမျိုးတွင် ထူးကဲယင်သရဖူကို မည်သည့်ဘက်က ရရှိပါစေ အခြားတစ်ဖက်အတွက် သတိုးဆိုးတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လောလောဆယ်တွင် ထူးကဲယင်ပြိုင်ပွဲကို ယာယီရပ်နားထားပြီး လှိုင်းနက်ဂေဟာက ထူးကဲယင်သရဖူကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက နှစ်ဖက်လုံးအတွက် အကောင်းဆုံးအခြေအနေဖြစ်မည်ပင်။

ထိုသို့ပြုလုပ်သည့်အတွက် ဝါဒတောင် ၊ သို့မဟုတ် နေသူတော်စင်ဂိုဏ်း တစ်ဂိုဏ်းဂိုဏ်းက လှိုင်းနက်ဂေဟာကို အန္တရယ်ပြုရန်ကြိုးပမ်းမည်ဆိုပါက လှိုင်းနက်ဂေဟာအား ကျန်တစ်ဖက်နှင့် မဟာမိတ်ပြုသွားစေရန် တွန်းအားပေးသလို ဖြစ်သွားပေမည်။

ထို့ပြင် လှိုင်းနက်ဂေဟာကို ထိခိုက်စေမည်ဆိုပါက လူသားမျိုးနွယ်များ၏ အတွင်းရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ မီးတောက်မိစ္ဆာများ၏ကိစ္စကိုသာ အာရုံစိုက်တိုက်ခိုက်လေ့ရှိသော အဘိုးအို’မော့’ သည်ပင် မကျေမနပ်ဖြစ်လာနိုင်သည်။ အဘိုးအို’မော့’ သည် လူသားများကြားမှ စစ်ပွဲနှင့် အားပြိုင်မှုများတွင် ဘယ်သောအခါမှ ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း မီးတောက်မိစ္ဆာများ၏ကျူးကျော်ဝင်ရောက်မှုကိုတော့ အမြဲတမ်း စိုးရိမ်ပူပန်သူ ဖြစ်သည်။

သို့ရာတွင် မည်သူမဆို ထူးကဲယင်သရဖူကို လက်ဝယ်ပိုင်ဆိုင်ချင်ကြလေရာ ထူးကဲယင်ပြိုင်ပွဲ ယာယီရပ်နားခြင်းကို မည်သူကမှ လက်ခံမည်မဟုတ်ပေ။ ထူးကဲယင်သရဖူကဲ့သို့ ရတနာပစ္စည်းမျိုးကို မည်သူက စွန့်လွှတ်ရန် ဆန္ဒရှိပါမည်နည်း။

သို့ဖြစ်ရာ ဤသို့သောအခြေအနေများအောက်မှာပင် လှိုင်းနက်ဂေဟာက စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာပြီး ထူးကဲယင်ပြိုင်ပွဲကို ပုံမှန်အတိုင်းပြုလုပ်ပေးပြီး အနိုင်ရသူထံသို့ ထူးကဲယင်သရဖူကို လွှဲပြောင်းပေးမည်ဖြစ်သည်။ သူတို့၏ဆုံးဖြတ်ချက်က ဆီလျော်သော်လည်း အနည်းငယ်တော့ တရားသေဖြစ်သည်။

လှိုင်းနက်ဂေဟာက ကြားနေဝါဒကိုဆုပ်ကိုင်ပြီး ရှေးရိုးဆန်သော်လည်း သူတို့တွင် ရည်မှန်းချက်များ ရှိနေကြောင်း ရန်ကျောက်ကဲ ရိပ်မိသည်။

မည်သည့်ဘက်မှမလိုက်ဘဲ တစ်ကိုယ်တော်ဆက်လက်ရပ်တည်လိုလျှင် သူတို့အား ကျောထောက်နောက်ခံပြုပေးသည့် ကြီးမားသောစွမ်းအားတစ်ခု မလွဲမသွေ လိုအပ်သည်။ ထို့ကြောင့် လှိုင်းနက်ဂေဟာက သူတို့ကိုယ်ပိုင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန်အတွက် တစ်လျှောက်လုံး ကြိုးစားနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူတို့က ရေကန်နယ်မြေ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ရန်သာ အာရုံစိုက်မည်ဖြစ်ပြီး အခြားသူများ၏နယ်မြေကို သိမ်းပိုက်မည်မဟုတ်ပေ။ ထို့အတူ အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ပဋိပက္ခများတွင်လည်း ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

“သူတို့က ထူးကဲယင်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို တရားသေချထားပေမယ့်... ဖန်ချိုးအပေါ်မှာတော့ အတော်လေး ယုံကြည်မှုရှိပုံရတယ်”

ရန်ကျောက်ကဲ တွေးရင်းဖြင့် ယုန်သွားများပိုင်ရှင် အလှလေးကို တစ်ချက်လှမ်းကြည့်မိသည်။

အန်းချင်လင်က အကြီးအကဲ’မုန့်’ ၊ ‘ညနေခင်းအရှင်’ နှင့် အခြားသူများကို တစ်ချက်ဝေ့ကြည့်ရင်း စကားဆက်ပြောသည်။

“ဆိုတော့... ထူးကဲယင်ပြိုင်ပွဲကို နောက် (၃)ရက်နေရင် ကျင်းပဖို့ စီစဉ်ထားတယ် ၊ ရောက်ရှိလာကြသူတွေအားလုံး အနားယူရင်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နိုင်ပါတယ် ၊ လိုအပ်တာရှိရင် ကျွန်မတို့လှိုင်းနက်ဂေဟာက တပည့်တွေကို ပြောလို့ရပါတယ်”

“အရင်က ထူးကဲယင်ပြိုင်ပွဲ ပထမအချီအပြီးမှာ အနိုင်ရသူ (၂)ယောက်ပဲ ကျန်ခဲ့လေ့ရှိတယ် ၊ သူတို့ (၂)ယောက် ဒုတိယအချီ ယှဉ်ပြိုင်မှုက နောက်ဆုံးတိုက်ပွဲပါပဲ”

သူမ၏အကြည့်များက မန်ဝမ် ၊ ဖန်းယွင်ရှန်း ၊ ယွင်ရှိုးချင်နှင့် အခြားသော ထူးကဲယင်မိန်းမပျိုများဆီသို့ ဖြတ်သန်းသွားသည်။

“ဒီတစ်ခေါက်မှာတော့ ထူးကဲယင်ပြိုင်ပွဲမှာ ပါဝင်မယ့်မိန်းမပျို (၇) ယောက်အထိ ရှိလာတယ် ၊ ဒီတော့... ပထမအချီ ပြိုင်ပွဲပြီးတဲ့အခါမှာ (၄)ယောက်ကျန်ရှိမယ်လို့ ကျွန်မ ဆိုချင်တယ် ၊ ကျန်ရှိတဲ့ (၄)ယောက်က (၂)ယောက်တစ်ဖွဲ့ တိုက်ခိုက်ပြီးတဲ့နောက်မှာ အနိုင်ရသူကို ဆုံးဖြတ်ပေးမယ် ၊ အားလုံး ဘယ်လိုယူဆပါသလဲ”

အခြားအကြီးအကဲများအားလုံးက သူမစကားကို သဘောတူကြသည်။

“ဂေဟာသခင်မ’အန်း’ ရဲ့ စကားတွေက သဘာဝကျပါတယ် ၊ ငါတို့ ကန့်ကွက်စရာ မရှိပါဘူး”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ မည်သည့်စကားမှမဆိုဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ယခင်က ထူးကဲယင်ပြိုင်ပွဲကို ပွဲစဉ် (၂)ခု ခွဲခြားသတ်မှတ်သည်။

ပထမအချီတွင် ထူးကဲယင်မိန်းမပျိုတိုင်းက ထူးကဲယင်သရဖူ၏ရောင်ဝါဖြင့် ဝန်းရံခံရပြီး ထိုရောင်ဝါနှင့်ချိတ်ဆက်နိုင်ရန် အကောာင်းဆုံးကြိုးစားကြရမည်ဖြစ်သည်။

ပြိုင်ပွဲ၏အရှုံးအနိုင်ကို ဆုံးဖြတ်သူကတော့ “ထူးကဲယင်သရဖူ” ကိုယ်တိုင် ဖြစ်သည်။

ဒုတိယအချီ ယှဉ်ပြိုင်မှုက တကယ့်တိုင်ပွဲဖြစ်သည်။

ပထမအချီ ပြိုင်ပွဲပြီးဆုံးသည့်အခါ အထူးခြားဆုံး ထူးကဲယင်မိန်းမပျို (၂)ဦးသာ ကျန်ရစ်ခဲ့ပြီး သူတို့ (၂)ယောက်က သိုင်းပညာအပြင် ထူးကဲယင်သရဖူ၏စွမ်းအားနှင့်လည်း ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်ဆုံး ပြိုင်ပွဲတွင် အနိုင်ရသူက ထူးကဲယင်သရဖူကို အချိန် (၁)နှစ် ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

ရှေ့ပိုင်းပြုလုပ်သည့် ထူးကဲယင်ပြိုင်ပွဲ (၃)ခုတွင် ဝါဒတောင်နှင့် လှိုင်းနက်ဂေဟာမှ ပါဝင်ခဲ့ခြင်းမရှိသလို နေသူတော်စင်ဂိုဏ်းကလည်း မန်ဝမ်တစ်ယောက်ကိုသာ စေလွှတ်ခဲ့သည်။ ထို့ကြောင့် ထူးကဲယင်ပြိုင်ပွဲတွင် အမြဲတမ်း ထူးကဲယင်မိန်းမပျို (၄)ယောက်သာ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင်တော့ လှိုင်းနက်ဂေဟာမှ ဖန်ချိုးပါဝင်ခဲ့သဖြင့် စုစုပေါင်း (၅)ယောက် ဖြစ်ခဲ့သည်။

ယခု ပဉ္စမအကြိမ်မှာတော့ ဝါဒတောင်မှ ဖန်းယွင်ရှန်းနှင့် နေသူတော်စင်ဂိုဏ်းမှ ယွင်ရှိုးချင်တို့ ပါဝင်လာသဖြင့် စုစုပေါင်းပါဝင်သူ (၇)ယောက်အထိ ဖြစ်လာသည်။

ယှဉ်ပြိုင်မှုက တဖြည်းဖြည်းပိုမိုပြင်းထန်လာပြီး မည်သူမှ အဖြည့်ခံသက်သက် အဖြစ်မခံချင်ကြဘဲ ထူးကဲယင်သရဖူကို ဆွတ်ခူးရယူလိုကြသည်။

All Chapters