← Chapters

ပန်းလေးနှစ်ပွင့်

Vol. 23 Ch. 326

ပန်းလေးနှစ်ပွင့်

Vol. 23 Ch. 326

အခန်း (၃၂၆) ပန်းလေးနှစ်ပွင့်

ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် ၎င်းတို့၏မဟာမိတ်များကြား ပဋိပက္ခဖြစ်မည်ကို တားဆီးရန်အတွက် မတူညီသောကျွန်း (၂)ကျွန်းပေါ်တွင် အုပ်စု (၂)စု သီးခြားစီ တည်းခိုနေထိုင်ရန် လှိုင်းနက်ဂေဟာက စီစဉ်ပေးသည်။

ပင်မအစီအရင်ဖြင့် ဝန်းရံထားသည့်အတွက် နှစ်ဘက်အကြား ပဋိပက္ခတစ်စုံတစ်ရာဖြစ်ပွားပါက လှိုင်းနက်ဂေဟာက ချက်ချင်းသိရှိပြီး ရန်ပွဲကို ပြတ်တောက်သွားစေမည် ဖြစ်သည်။

အဆုံးမရှိကျယ်ပြန့်သော ကန်ရေပြင်ထက်တွင် လှေငယ်လေးတစ်စင်း လွင့်မျောလျှက် ရှိသည်။ လှေငယ်လေးက မည်သည့်ကျွန်းနှင့်မှ နီးကပ်ခြင်းမရှိဘဲ ရေပြင်ကျယ်ထက်တွင် တရွေ့ရွေ့သွားနေသည်။

လှေပေါ်မှ လှမ်းကြည့်မည်ဆိုလျှင် ကြည့်လေရာရာတွင် အဆုံးမရှိသည့် ရေကန်ကြီးကိုသာ တွေ့မြင်ရမည် ဖြစ်သည်။

လှေပေါ်တွင် မိန်းကလေးတစ်ယောက်ထိုင်နေပြီး များပြားလှစွာသော ပုလင်းများ ၊ သံဗူးများ သူမရှေ့တွင်ချထားသည်။ ထို့ပြင် သူမရှေ့တွင် မီးမမွှေးရသေးသော ထင်းမီးဖိုတစ်ခုလည်း ရှိနေသည်။ သူမလက်ထဲမှာတော့ သံတံကျင်တစ်ခုရှိနေပြီး အမွှေးနှုတ်ကာ သေသေချာချာ ဆေးကြောထားသော ငှက်တစ်ကောင်ကို ထိုးစိုက်ထားသည်။

သူမဘေးတွင်လည်း ထိုသို့ သံတံကျင်ဖြင့် ထိုးဖောက်ထားသော ငှက်များစွာ ချထားသည်။

မိန်းမပျိုလေးက သူမရှေ့မှလေထုကို ဖမ်းဆုပ်သည့်အလား လက်ချောင်းလေးများကို အသာကွေးလိုက်သည်။ သူမ၏ကြယ်တာရာချီစွမ်းအားက ထင်းမီးဖိုကို ဝန်းရံသွားပြီး ထင်းများကို လွှမ်းခြုံသွားသည်။

ထင်းမီးဖို စတင်မီးလောင်ကျွမ်းလာသော်လည်း မိန်းမပျို၏ ကြယ်တာရာချီစွမ်းအားဖြင့် ထိန်းချုပ်ထားသည့်အတွက် ထင်းမီးဖိုက လေထဲတွင် ပျံဝဲနေကာ လှေငယ်ကို မီးကူးစက်လောင်ကျွမ်းသွားခြင်း မရှိပေ။

သူမက လက်ထဲတွင်ကိုင်ထားသည့် ငှက်ကို မီးဖိုပေါ်တွင် ကင်လိုက်သည်။ တစ်ချိန်တည်းပင် ကျွမ်းကျင်စွာဖြင့် ဟင်းခတ်အမွှေးအကြိုင်နှင့် အရသာမှုန်းများကို ငှက်ကင်ထက်တွင် ဖြူးလိုက်သည်။

ထိုအချိန်...

လှေငယ်အနားသို့ လူတစ်ယောက်ချဉ်းကပ်လာသည်။

လှေပေါ်မှမိန်းကလေးက ချဉ်းကပ်လာသူကို သတိပြုမိသော်လည်း သူမနံဘေးတွင်ချထားသော အနက်ရောင်ဓားကို ဆွဲကိုင်ခြင်းမရှိသလို တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိဘဲ ငြိမ်သက်နေသည်။

ချဉ်းကပ်လာသူက လှေပေါ်သို့ ခုန်ဆင်းလိုက်ပြီး မိန်းကလေးကို ဝမ်းသာအားရ အော်ဟစ်နှုတ်ဆက်လိုက်သည်။

“ဂိုဏ်းတူအစ်မ...”

ရောက်လာသူသည်လည်း မိန်းကလေးတစ်ယောက်ပင် ဖြစ်သည်။ သူမက ကြည်လင်သောမျက်ဝန်း ၊ ဖော်ရွေ‌သောအပြုံးများဖြင့် အလွန်တရာချောမောလှပပြီး ဆွဲဆောင်မှုရှိလှသည်။

အခြားသူမဟုတ်ပေ။ နေသူတော်စင်ဂိုဏ်း၏ ပင်မတိုက်ရိုက်တပည့် ‘မန်ဝမ်’ ပင် ဖြစ်သည်။

လှေပေါ်တွင်ထိုင်နေသည့်မိန်းမပျိုလေးက မန်ဝမ်ကို တွေ့သည်နှင့် ရယ်မောလိုက်သည်။

သူမ၏ဆံနွယ်များက ကျောပြင်ထက်ဖြာကျနေပြီး သူမ၏မျက်ဝန်းများက စွမ်းအားနှင့် ပြည့်လျှံလျှက် ရှိသည်။ သူမကတော့ ဝါဒတောင်သို့ ဝင်ရောက်ခဲ့‌သော ‘ဖန်းယွင်ရှန်း’ ပင် ဖြစ်သည်။

ဖန်းယွင်ရှန်းက ...

“ဝမ်လေးရောက်လာတာ မြန်လိုက်တာ ၊ ဒီမှာ တစ်ကောင်တောင် ကင်လို့မပြီးသေးဘူး”

မန်ဝမ်က ဖန်းယွင်ရှန်းရှေ့တွင် ထိုင်ချလိုက်ပြီး သူမပုံစံအတိုင်း ဣန္ဒြေအပြည့်ဖြင့် မဟုတ်တော့ဘဲ ဖန်းယွင်ရှန်းကင်နေသည့် ငှက်ကင်ကို စားချင်စိတ်ပြည့်ဖြင့် ကြည့်နေသည်။

“ဂိုဏ်းတူအစ်မ... ကျွန်မအတွက် အရသာစူးစူးလေး ကင်ပေးနော်”

ဖန်းယွင်ရှန်းက...

“၀မ်လေး ဘယ်လိုအရသာကြိုက်တတ်လဲဆိုတာ ငါ သိပါတယ်”

မန်ဝမ်က ဖန်းယွင်ရှန်းကိုကြည့်ရင်း ပြုံးလိုက်သည်။ သူမတို့ (၂)ယောက် ပြန်လည်ဆုံတွေ့ရသည်က ဂိုဏ်းထဲသို့ အတူတူရောက်ရှိခဲ့ချိန် ငယ်ရွယ်စဉ်ကာလများသို့ ပြန်ရောက်သွားသလို ခံစားရသည်။

ဖန်းယွင်ရှန်းက မန်ဝမ်ကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချသည်။

“ငါတို့အမှတ်တရတွေကို ပြန်စဉ်းစားမိတော့... အင်း... ငါတို့ မတွေ့ဖြစ်တာ (၄)နှစ်ကျော်တောင် ရှိပြီနော် ၊ ဝမ်လေးလည်း အပျိုကြီးဖားဖား ဖြစ်လာပြီနော်”

မန်ဝမ်က ပြုံးရင်း...

“အသက်ကြီးလာတော့ ပိုပြီးရင့်ကျက်လာသလို ပိုပြီးချောလာတာ မဟုတ်ဘူးလား”

ဖန်းယွင်ရှန်း မရယ်ဘဲ မနေနိုင်တော့ပေ။

“ဟုတ်ပါတယ် ဟုတ်ပါတယ်... ၊ ဝမ်လေးကို တန်းတန်းဆွဲနေကြတဲ့ လူငယ်သူရဲကောင်းတွေမှ... ကမ္ဘာအလင်းတောင်ထွတ်ကနေ အရှေ့ပင်လယ်အထိ တန်းစီနေတာပဲဆိုတာ သတင်းကြားပါတယ်နော် ၊ အခု ငါတို့ရောက်နေတဲ့ လှိုင်းနက်ဂေဟာက ရွမ်ပင်းတောင်မှ ဝမ်လေးအကြောင်း အမြဲစဉ်းစားနေတာ မဟုတ်လား”

မန်ဝမ်၏ အမူအရာက နူးညံ့သိမ်မွေ့သော်လည်း သူမက မာနကြီးသောဒေါင်းလေးတစ်ကောင်နှင့် တူသည်။ လူငယ်ယောကျ်ားပျိုများ သူမကို သဘောကျသည့်အတွက် ဂုဏ်ယူနေဟန်ရှိသည်။

“ဒါက သဘာဝပဲလေ ၊ ကျွန်မက ချစ်စရာကောင်းတယ် ၊ ချောမောလှပတယ် ၊ အရည်အချင်းရှိတယ် ၊ ကျွန်မက ယောကျ်ားလေးတွေရဲ့အိပ်မက်ထဲမှာ စံပြချစ်သူတစ်ယောက်ပဲ မဟုတ်လား”

ဖန်းယွင်ရှန်းက ပြုံးရင်းခေါင်းခါးယမ်းလိုက်သည်။

မန်ဝမ်ကို ဤသို့ ကလေးဆန်ဆန် တွေ့မြင်ခွင့်ရသူဆို၍ လောကတွင် ဆရာနှင့် သူမသာလျှင် ရှိသည်။

နေသူတော်စင်ဂိုဏ်းတွင် ဟွမ်ကွမ်လီမှအစပြုပြီး အသစ်ဝင်ရောက်လာသောတပည့်ငယ်များအဆုံး ၊ ဤကမ္ဘာမှ လူသားများအားလုံးရှေ့တွင် သူမသည် အမြဲတမ်း တည်ငြိမ်တိတ်ဆိတ်ပြီး ဣန္ဒြေရှိစွာဖြင့် အပြစ်ကင်းစင်သူလေးအဖြစ် နေထိုင်သူ ဖြစ်သည်။ တွေ့မြင်သူတိုင်း ရင်ကိုအေးချမ်းစေသည့် ကောင်းကင်ဘုံ၏အချစ်ခံသမီးပျိုလေးတစ်ယောက် ပမာပင်။

မန်ဝမ်က အပြင်ပန်းတွင် စိတ်ထဲဘာမှရှိဟန် မပေါ်သော်လည်း သူမမျက်နှာပေါ်ရှိ စာကြောင်းတိုင်းက တူညီသောစကားတစ်ခွန်းကို တိတ်တဆိတ်ပြောနေဟန် ရှိသည်။

"ငါ့ကို မြန်မြန် ချီးမွမ်း၊ ငါ့ကို မြန်မြန် ချီးမွမ်း၊ ငါ့ကို မြန်မြန် ချီးမွမ်း"

ဖန်းယွင်ရှန်းက မန်ဝမ်ကို စိတ်ဝင်စားစွာဖြင့် အကဲခတ်လိုက်သည်။ အချို့သောနေရာများတွင် မန်ဝမ်က လူတစ်ယောက်နှင့် ခပ်ဆင်ဆင်တူသည်ပင်။

ရန်ကျောက်ကဲ။

ဟုတ်ပေ၏။ ထိုသူသည်လည်း အပြင်ပန်းတွင် ဘာမှမဖြစ်သည့်အလား လျော်ကန်စွာနေထိုင်တတ်သော်လည်း တကယ်တမ်းတွင် အလွန်ဂုဏ်ဝင့်သူတစ်ယောက်ဖြစ်ပြီး အခြားသူများရှေ့တွင် ဝင့်ဝင့်ကြွားကြွားဖြင့် ဟန်ကြီးပန်ကြီးနေလိုသည် အမှန်ပင်။ အခြားသူများ တုန်လှုပ်ချောက်ချားကာ ကြက်သေသေသွားရလောက်အောင် အစွမ်းပြရသည်ကိုလည်း သဘောကျသူ ဖြစ်သည်။

ရန်ကျောက်ကဲက မန်ဝမ်အပေါ် အကဲဖြတ်နိုင်စွမ်းကလည်း မနိမ့်ကျလှကြောင်း ဖန်းယွင်ရှန်း သိရှိသည်။

ထိုစဉ်အချိန်က ရန်ကျောက်ကဲ ဖန်းယွင်ရှန်းကို ရှာတွေ့စေရန်အတွက် မန်ဝမ်သည် အန္တရယ်များသည့် အခြေအနေမှာပင် ရှုတ်ထွေးစွာလှည့်ဖြားနိုင်ခဲ့သည်။ ဖန်းယွင်ရှန်းကို အန္တရယ်များသောအခြေအနေမှ ကူညီပေးကာ ရှောင်ရှန်းလက်မှ လွတ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမနှင့် ရှောင်ရှန်း ထိပ်တိုက်ပြဿနာတက်မည်ကိုလည်း မန်ဝမ်က ရှောင်ရှားနိုင်ခဲ့သည်။ ကျောက်ခဲတစ်ခဲဖြင့် ငှက် (၃)ကောင်ပစ်လိုက်နိုင်သည်ဟု ဆိုရမည်။

ထိုအချိန်မှစပြီး အန္တရယ်မရှိဟုထင်ရသော အနှီမိန်းမပျိုလေးသည် အခြားသူများ၏စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပြီး ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်ကာ ထင်သလောက်မရိုးရှင်းကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း သိရှိခဲ့သည်။

မန်ဝမ်နှင့်အတူတူ ကြီးပြင်းလာခဲ့သော ဖန်းယွင်ရှန်းကတော့ သူမကို ဒီထက်ပိုပြီး မသိနိုင်တော့ပေ။ သူမက မန်ဝမ်နှင့် အရင်းနှီးဆုံးဖြစ်သည် မဟုတ်ပါလား။

မန်ဝမ်ကလည်း ဆရာဖြစ်သူနှင့် ဖန်းယွင်ရှန်းရှေ့တွင်သာလျှင် သူမ၏သရုပ်မှန်ကို ထုတ်ဖော်ပြသသူ ဖြစ်သည်။

“အမှန်ပဲ ၊ ဝမ်လေးက မရေမတွက်နိုင်တဲ့ ‌‌‌ယောကျ်ားလေးတွေရဲ့ အိပ်မက်ထဲက စံပြချစ်သူပဲ ၊ မင်းကို သဘောကျနေတဲ့ ယောကျ်ားလေးတွေ ဘယ်လောက်ရှိလဲဆိုတာတောင် မသိနိုင်ဘူး ၊ ဒါပေမဲ့ မင်းကို တွန်းချချင်တဲ့ မိန်းကလေးတွေလည်း ရှိနိုင်တယ်”

ဖန်းယွင်ရှန်းက ဟင်းခတ်မှုန့်များကို ငှက်ကင်ထက်တွင်ထပ်မံဖြူးလိုက်ရင်း  တည်ငြိမ်စွာဖြင့် ဆိုသည်။

“ဝမ်လေးကို သူတို့အောက်ရောက်သွားအောင် ဆွဲချချင်တဲ့သူတွေ ရှိမှာပဲ ၊ နည်းလမ်းအမျိုးမျိုးနဲ့ပေါ့ ၊ ဒါကြောင့် သတိထားရမယ်လေ”

မန်ဝမ်က ချက်ချင်းပင် မခံမရပ်နိုင်ဖြစ်သွားပြီး...

“ဟင့်အင်း... အဲဒီလိုမျိုး မဖြစ်ချင်ပါဘူး”

ဖန်းယွင်ရှန်းက သူမကို ကြည့်ကာ ရယ်မောလိုက်သည်။

မန်ဝမ်က မကျေမနပ်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့ရင်း...

“ဟွန့်... ဂိုဏ်းတူအစ်မ ၊ ကျွန်မကို အထင်မသေးနဲ့နော် ၊ ကျွန်မက အခုချိန်ထိ အန္တရယ်ကင်းကင်းနဲ့ လှလှပပ ကြီးပြင်းလာတာ”

“အင်းပါ ၊ ဒါပေမဲ့ မင်း ငှက်ကင်စပြီးစားတာနဲ့ အဲဒါတွေအကုန်လုံး ဆုံးရှုံးသွားတော့မယ်”

ဖန်းယွင်ရှန်းက ပေါ့ပေါ့ပါးပါးလေသံဖြင့် ဆိုသည်။

မန်ဝမ်က စိတ်ဆိုးမာန်ဆိုးဖြစ်ဟန်ဆောင်ရင်း...

“ဂိုဏ်းတူအစ်မ... အား...”

ဖန်းယွင်ရှန်းက သူမလက်ထဲမှ ငှက်ကင်ကို ဝှေ့ယမ်းလိုက်ရင်း...

“ဘာလဲ... မစားတော့ဘူးလား”

မန်ဝမ်က ချက်ချင်းပင် ဖန်းယွင်ရှန်းလက်ထဲမှ ငှက်ကင်ကို ဆွဲယူသည်။ သူမပုံစံက အသားတုံးလေးနှင့် ပန်ပန်ထက်ပင် အငမ်းမရ ဖြစ်နေသေး၏။

“စားမှာပေါ့ စားမှာပေါ့”

ဖန်းယွင်ရှန်းက ငှက်ကင်ကို သူမလက်ထဲထည့်ပေးလိုက်သည့်အခါ မန်ဝမ် အလွန်ပျော်ရွှင်သွားဟန်ပင်။

ဤသည်က ဖန်းယွင်ရှန်းနှင့် မန်ဝမ်သာလျှင် သိရှိသောလျှို့ဝှက်ချက် ဖြစ်သည်။ မန်ဝမ်၏ဆရာသည်ပင် သူမ၏တပည့်ဖြစ်သူက အစားအသောက်မက်မောသူတစ်ယောက်ဖြစ်ကြောင်း မသိရှိခဲ့ပေ။

ငှက်ကင်ကို စတင်စားသောက်လိုက်သည်နှင့် နတ်ဘုရားမတစ်ပါးပမာ အေးချမ်းငြိမ်သက်စွာ ကျက်သရေအပြည့်ရှိသော မန်ဝမ်၏အသွင်အပြင်က ဖန်းယွင်ရှန်းပြောသကဲ့သို့ပင် ပျောက်ကွယ်သွားတော့သည်။

သူမက ကြမ်းကြမ်းတမ်းတမ်းစားသောက်နေခြင်း မဟုတ်သော်လည်း ‌‌ယောကျ်ားတစ်ယောက် အသားကို အငမ်းမရဝါးမျိုရင်း သေရည်ကိုမော့သောက်နေသောပုံစံမျိုး ဖြစ်သည်။

ဖန်းယွင်ရှန်းက မန်ဝမ်ကိုကြည့်ကာ ပြုံးလိုက်ရင် ဘေးနားမှသံတံကျင်တစ်ချောင်းကိုယူကာ နောက်တစ်ကြိမ် ငှက်ကင်ခြင်းအလုပ် စတင်လိုက်၏။

မိန်းမပျို (၂)ယောက် ငှက်ကင်အဝစားကြပြီးနောက် လမ်းမခွဲကြခင် ရှေးဟောင်းနှောင်းဖြစ်များကို စကားစမြည် ပြောဖြစ်ကြသည်။

သူတို့ (၂)ယောက်လုံး ထူးကဲယင်ပြိုင်ပွဲ ၊ ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းအကြား ပဋိပက္ခအကြောင်းများကို တစ်ခွန်းတစ်လေပင် မဟကြပေ။

ငှက်ကင်စားပြီးသည်နှင့် လှေငယ်လေးပေါ်တွင်ထိုင်ရင်း အဝေးဆီမှ ရေကန်ရှုခင်းကို အတူတူကြည့်ကြသည်။

မန်ဝမ်က ဖန်းယွင်ရှန်းပခုံးထက်သို့မှီရင်း တိုးလျသည့်လေသံဖြင့်...

“တကယ်လို့ ကျွန်မသာ ထူးကဲယင်သရဖူကို အမြဲတမ်းပိုင်ဆိုင်ခွင့်ရခဲ့ရင်... ၊ သိုင်းဆရာသခင်တစ်ယောက်ဖြစ်လာပြီး ထူးကဲယင်သရဖူကို ပိုပြီးအသုံးပြုနိုင်စွမ်း ရှိလာမယ်ဆိုရင်... ၊ ဂိုဏ်းချုပ်ဟောင်းဟွမ်ကွမ်လီကို ကျွန်မဖြစ်ချင်တဲ့ဆန္ဒတွေ တောင်းဆိုလို့ရမှာ ၊ အဲဒါဆိုရင် ဂိုဏ်းတူအစ်မကို နေသူတော်စင်ဂိုဏ်း ပြန်လာခွင့်ရအောင် ကူညီပေးလို့ရတယ်”

သူမက ဆက်ပြောသည်။

“အခုတော့ ရှောင်ရှန်းရော ၊ သူ့အဘိုး ‘ဖန်းပေါ်ထိုင်’ ရော သေသွားကြပြီ ၊ ဂိုဏ်းတူအစ်မကို ထိခိုက်အောင်လုပ်တဲ့သူတွေအကုန် ပျောက်ကွယ်ကုန်ပြီ ၊ ဒါပေမဲ့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး”

ဖန်းယွင်ရှန်းက စကားမဆိုဘဲ မန်ဝမ်၏ပခုံးလေးကို အသာပွေ့ဖက်လိုက်သည်။

ပြန်တွေးကြည့်မည်ဆိုလျှင် ပထမထူးကဲယင်ပြိုင်ပွဲတွင် မန်ဝမ် အနိုင်ရရှိခဲ့ပြီးနောက် နေသူတော်စင်ဂိုဏ်းက ဖန်းယွင်ရှန်းကို သိပ်ပြီး အနှောက်အယှက်မပေးတော့ပေ။ ဤသည်မှာ မန်ဝမ်က တိတ်တဆိတ်ကူညီပေးခဲ့သောကြောင့် ဖြစ်သည်။

ဤမိန်းကလေး၏ပင်ကိုယ်စရိုက်က အချို့နေရာများတွင် ရန်ကျောက်ကဲနှင့် ဆင်တူသော်လည်း ကွဲပြားမှုများတော့ ရှိနေသေးသည်။

နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲများ၏ တိတ်တဆိတ်သဘောတူထားသောအကြံအစည်များနှင့် ဘိုးဘေးအကြီးအကဲ’ဖန်းပေါ်ထိုင်’ တို့ကို မန်ဝမ်၏ပင်ကိုယ်စရိုက်အရ ဘယ်သောအခါမှ ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ပေ။ သို့သော် သူမက ဖန်းယွင်ရှန်းအပေါ် ထားရှိသည့် နေသူတော်စင်ဂိုဏ်းမှ ဖိအားများကိုလျှော့ချရန် အစဉ်အမြဲ ကြိုးစားနေခဲ့သည်။

ဖန်းယွင်ရှန်းပခုံးထက် ခေါင်းမီထားသော မန်ဝမ်၏မျက်ဝန်းများက ဝေဝါးလျှက် ရှိသည်။

သူမအတွက် တစ်ဖက်က ဖန်းယွင်ရှန်းကို ချစ်ခင်သော်လည်း တစ်ဖက်ကတော့ သူမကို ပျိုးထောင်ပေးသော နေသူတော်စင်ဂိုဏ်း၏ ကျေးဇူးကြွေးများစွာ ရှိသည်။

ဖန်းယွင်ရှန်းသည်လည်း အတူတူပင် ဖြစ်သည်။ သူမဘဝကို ဘဝသစ်ပြန်လည်မွေးဖွားနိုင်စေရန် အခွင့်အရေးပေးခဲ့သော ဝါဒတောင်အပေါ်တွင် အကြွေးများစွာတင်လျှက်ရှိသည်။

အချိန်အကြာကြီးခွဲခွာနေရပြီးမှ ပြန်တွေ့ဆုံခွင့်ရသော ဂိုဏ်းတူညီအစ်မ (၂)ယောက်အနေဖြင့် ပျော်ရွှင်နေကြသော်လည်း ထူးကဲယင်သရဖူရရှိရန် တိုက်ခိုက်ရမည့် “ထူးကဲယင်ပြိုင်ပွဲ” ကတော့ ရှောင်လွှဲမရသည့် အခြေအနေတစ်ခု ဖြစ်သည်။

ဖန်းယွင်ရှန်း၏ ထူးကဲယင်ခန္ဓာအပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဟု သတင်းကြားသည့်အချိန်ကတည်းက တစ်နေ့တွင် ဤသို့သောနေ့ရက်မျိုးရောက်ရှိလာမည်ကို ခန့်မှန်းထားသော်လည်း မန်ဝမ်၏စိတ်ထဲတွင် ရှင်းမပြနိုင်သော ဆုံးရှုံးမှုတစ်ခုကို ခံစားနေရဆဲ ဖြစ်လေသည်။

All Chapters