ရန်ကျောက်ကဲ၏အတွေးများ
Vol. 23 Ch. 327
အခန်း (၃၂၇) ရန်ကျောက်ကဲ၏အတွေးများ
အချိန်အတော်ကြာကွဲကွာပြီးနောက် ဂိုဏ်းတူညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြရသော်လည်း အချိန်တိုအတွင်း ပြန်လည်ခွဲခွာခဲ့ရသည်။ သူတို့နှစ်ယောက်လုံး မတူကွဲပြားသည့် ထိပ်သီးသိုင်းဂိုဏ်းကြီး (၂)ခုတွင် ရောက်ရှိနေပြီ မဟုတ်လား။
ထို့ပြင် ထိုထိပ်သီးသိုင်းဂိုဏ်း (၂)ခုက ရန်ဘက်ဖြစ်သော အင်အားကြီးအုပ်စု (၂)ခု ဖြစ်သည်။
ထူးကဲယင်ပြိုင်ပွဲစတင်သည့်အခါ ထပ်မံဆုံတွေ့ရမည်ဖြစ်သော်လည်း ပထမတစ်ကြိမ်တွေ့ဆုံစဉ်ကလိုပင် သူစိမ်းများပမာ ဖြစ်ကြရပေမည်။
သူ့ကိုယ်ကိုယ်ကြည့် ၊ ကိုယ့်ကိုသူကြည့်ရုံမှတစ်ပါး အခြားမတတ်နိုင်ကြပေ။ တစ်ယောက်နှင့်တစ်ဘောက် မသိချင်ယောင်ဆောင်ရန် မဖြစ်နိုင်သော်လည်း သူတို့ကြားထဲ ဘာစကားမှမပြောနိုင်သည်ကတော့ အမှန်ပင်။
ထိပ်တန်းအကြီးအကဲများက သေးငယ်သည့်ကိစ္စလေးများကိုပင် သတိပြုမိကြသူများဖြစ်လေရာ သူတို့ (၂)ယောက် အတွေးဖြင့်ပင်မဆက်သွယ်ရဲသလို မျက်လုံးခြင်းလည်း မဆုံဝံ့ကြပေ။
ထူးကဲယင်ပြိုင်ပွဲတွင် သူတို့က ပြိုင်ဘက်များသာ ဖြစ်ပေသည်။
***
ထူးကဲယင်ပြိုင်ပွဲကျင်းပချိန်က ညအချိန် ဖြစ်သည်။
ယနေ့ညတွင်တော့ လှိုင်းနက်ဂေဟာတည်ရှိရာကျွန်းပေါ်တွင် ရာသီဥတုက အေးမြနေပြီး တိမ်တိုက်များက ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းနေသဖြင့် လမင်းနှင့်ကြယ်တာရာများကို တွေ့မြင်ရခြင်းမရှိဘဲ ညကောင်းကင်က အဆုံးမရှိနက်မှောင်လို့နေသည်။
လှိုင်းနက်ဂေဟာမှ အန်းချင်လင်ကိုယ်တိုင် ထူးကဲယင်ပြိုင်ပွဲကို ဦးစီးသည်။
သူမက ဘေးနားတွင်ရှိနေသော ထူးကဲယင်မိန်းမပျို’ဖန်ချိုး’ ကို ခေါင်းညိတ်ပြလိုက်၏။
ဖန်ချိုးက နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ပြုံးရယ်ခြင်းမရှိတော့သဖြင့် သူမ၏ယုန်သွားလေးများကို မတွေ့မြင်ရတော့ပေ။
သူမ၏လက်တစ်ဖက်က လက်သီးတင်းတင်းဆုပ်လိုက်ပြီး သူမ၏ခါးဆီသို့ပြန်ဆွဲထားကာ ကျန်လက်တစ်ဖက်က အရှေ့ဆီသို့ လက်ဖဝါးဖြင့် တွန်းလိုက်သည်။
ဖန်ချိုး၏ လှုပ်ရှားမှုနှင့်အတူ သူမ၏ ဦးခေါင်းထက်တွင် အလင်းရောင်များ ချက်ချင်းလင်းလက်လာသည်။ အလင်းရောင်က အေးစက်ပြီး တိတ်ဆိတ်လွန်းသည်။
သို့သော်လည်း တောက်ပသည့်အလင်းရောင်က ညကောင်းကင်အမှောင်ကို ဖုံးလွှမ်းသွားသည်။
နေရောင်နှင့် နှိုင်းယှဉ်ရလောက်အောင် လင်းလက်တောက်သည့် လရောင်ခြည်က ဖန်ချိုး၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။ ကျက်သရေရှိစွာ လှပလွန်းသော ၊ အနုစိတ်ပြီး ဖြူစင်သော ၊ သလင်းကျောက်သားပမာ ထွင်းဖောက်မြင်နေရသော သရဖူတစ်ခုက လရောင်ခြည်အလင်းတန်းများ တောက်ပလျှက် ဖန်ချိုး၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။
ထိုသရဖူဆီမှ ရှေးကျပြီးအထီးကျန်ဆန်သော ရောင်ဝါတစ်ခု စိမ့်ထွက်လာပြီး အနီးအဝေး နေရာတိုင်းတွင်ရှိနေသော လူတိုင်း၏စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည်။
ကြည်လင်သောအလင်းတန်းများ ပြန့်ကျဲသွားပြီး လရောင်က ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့်အလား ထင်မှတ်ရသည်။
အနုစိတ်ဖြူစင်သော “ထူးကဲယင်သရဖူ” ထွက်ပေါ်လာသည်နှင့် ထိုသရဖူမှထွက်ပေါ်နေသော စွမ်းအားများက နံဘေးတွင်ရှိနေသော ‘အန်းချင်လင်’ ထက် မနိမ့်ကျကြောင်း သိရှိနိုင်သည်။
တစ်မူထူးခြားပြီး မြင့်မြတ်ထူးဆန်းသော “ထူးကဲယင်သရဖူ” က လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားထားသည်။
ရန်ကျောက်ကဲသည်လည်း ထူးကဲယင်သရဖူကို ကြည့်နေသည်။ ထူးကဲယင်ပြိုင်ပွဲအပြင် သူတွေးနေသည့်အခြားအကြောင်းအရာများလည်း ရှိနေသေးသည်။
ကန္တာဒေသတွင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို သွားရောက်ရှာဖွေစဉ်က ထို ကျောက်တိုင်ကြီးကို သန့်စင်ရင်း မှတ်ဉာဏ်မြင်ကွင်းများစွာကို တွေ့မြင်ခဲ့ရသည်။
ထိုမှတ်ဉာဏ်များထဲတွင် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးနှင့် ပတ်သက်ဆက်နွယ်နေသည့် မိန်းမပျိုတစ်ယောက်ကို တွေ့မြင်ခဲ့ရပြီး ထိုမှတ်ဉာဏ်ကို ရန်ကျောက်ကဲက ဖယ်ရှားပစ်ခြင်း မရှိခဲ့ပေ။
ယခု ထူးကဲယင်သရဖူကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲက သရဖူအတွင်းမှ သဘောတရားများကို ခံစားကြည့်ရင်း အနောက်ဘက်သဲကန္တရာကြီးအတွင်းရှိ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နံဘေးတွင် တွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကျယ်သည့်မိန်းမပျို ဝတ်ဆင်ထားသည့် သရဖူဖြစ်ကြောင်း တိကျစွာ အတည်ပြုနိုင်ခဲ့သည်။ ထိုသရဖူသည် ကမ္ဘာတဝှမ်းက ရယူချင်ကြသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ထူးကဲယင်သရဖူပင် ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးက အနောက်ဘက်သဲကန္တာရအတွင်း နစ်မြုပ်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ရာ ထို ထူးဆန်းသောမိန်းမပျိုသည် မည်သည့်ခေတ် ၊ မည်သည့်အချိန်ကာလကဖြစ်ကြောင်း အတိအကျ မသိနိုင်ပေ။
သို့ပေသိ သူမက အတိတ်တစ်ချိန်က ကောင်းကင်ဘုံနန်းတော်နှင့် ဆက်စပ်ပတ်သက်နေကြောင်း ရန်ကျောက်ကဲ သတိပြုခဲ့မိသည်။
ဖန်ချိုးက လက်ဝါးရိုက်ချက်ထုတ်လွှတ်လိုက်ပြီးနောက် သူမခါးတွင်ပြန်ဆွဲထားသော လက်သီးချက်ကိုလည်း အရှေ့ဆီသို့ ဖြည်းညင်းစွာ ထိုးစိုက်ချလိုက်သည်။
သူမ၏လှုပ်ရှားမှုနှင့်အတူ “ထူးကဲယင်သရဖူ” က သူမ၏ဦးခေါင်းထက်မှ လွင့်ထွက်သွားပြီး ပြိုင်ပွဲပြုလုပ်ရာ ကွင်းပြင်အလယ်ဗဟိုသို့ ပျံသန်းသွားသည်။
ဖန်ချိုးသည် ထူးကဲယင်သရဖူနှင့် ချိတ်ဆက်မှု တဖြည်းဖြည်းအားနည်းသွားပြီး နောက်ဆုံး လုံးဝရပ်တန့်သွားသည်။
သရဖူမှဖြာလင်းနေသောလရောင်ခြည်က မိုးမြေတစ်ခွင် လွှမ်းခြုံထားဆဲဖြစ်သည့်တိုင် သရဖူအတွင်းမှ မြင့်မားသည့်တန်ခိုးစွမ်းအားများက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ယိုယွင်းပျက်ဆီးသွားခြင်း မဟုတ်ဘဲ နက်ရှိုင်စွာအိပ်ပျော်သွားဟန် ရှိသည်။
အန်းချင်လင်က...
“ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲစတင်ဖို့ အချိန်ကျရောက်ပါပြီ”
ထိုစကားကိုကြားသည်နှင့် အကြီးအကဲ’မုန့်’ ၊ ‘ညနေခင်းအရှင်’ နှင့် အခြားအကြီးအကဲများက သူတို့၏ ထူးကဲယင်မိန်းမပျိုများကို ခေါင်းညိတ်ပြလိုက်ကြသည်။
ထူးကဲယင်သရဖူနှင့် ဆက်သွယ်မှုပြတ်တောက်သွားပြီဖြစ်သော ဖန်ချိုးအပါအဝင် ထူးကဲယင်မိန်းမပျိုများအားလုံး အရှေ့သို့ တစ်ပြိုင်တည်းခုန်ဝင်လိုက်ကြပြီး ကောင်းကင်ထက်တွင် တောက်ပနေသည့် ထူးကဲယင်သရဖူအောက်သို့ စုဝေးရောက်ရှိသွားကြသည်။
မိန်းမပျိုများထံမှ ကြုံးဝါးအော်ဟစ်သံများထွက်ပေါ်လာပြီး ထူးကဲယင်သရဖူကို ခေါင်းမော့ကာ စူးစိုက်ကြည့်လိုက်ကြသည်။
သူတို့မျက်ဝန်းများထဲတွင် အလင်းရောင်ဖျော့ဖျော့ တောက်ပလာကြသည်။
ထိုအခါ ထူးကဲယင်သရဖူ အနည်းငယ်တုန်ခါသွားပြီး ပြင်းထန်ကြီးမားလွန်းသော တန်ခိုးစွမ်းအားက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရမှ တစ်ဖန်ပြန်လည်နိုးထာပုံရသည်။
ထူးကဲယင်သရဖူမှ စွမ်းအားအတက်အကျများဖြစ်ပေါ်လာသည်။ သို့သော် တိကျသည့်ဦးတည်ချက်မရှိဘဲ မိန်းမပျို (၇) ယောက်ဆီသို့ အလင်းတန်းများ ဖြာလင်းကျသွားသည်။
ထူးကဲယင်သရဖူ ဗဟိုချက် ကြည်လင်သောလရောင်ခြည်အတွင်းမှ ရွှေရောင်အလင်းတိုင် (၇)ခု ကျရောက်လာပြီး ထူးကဲယင်မိန်းမပျို (၇)ယောက်ကို လွှမ်းခြုံသွားသည်။
ကောင်းကင်ထက်မှ ထူးကဲယင်သရဖူနှင့် သူမကြား ဆက်စပ်နေသော ခံစားချက်တစ်ခုကို ဖန်းယွင်ရှန်း ခံစားလိုက်ရသည်။
အခြားသောထူးကဲယင်မိန်းမပျိုများနှင့်လည်း ထူးကဲယင်သရဖူက ချိတ်ဆက်နေသဖြင့် ထိုခံစားချက်က အားနည်းပြီး အကန့်အသတ်ရှိနေသည့်တိုင် ဖန်းယွင်ရှန်း စိတ်တစ်ခုလုံး တုန်ခါသွားသည်။
ထို သရဖူက သူမ၏ ဇာတိမြို့ဟောင်း ၊ သူမနှင့် အကျွမ်းတဝင်ရှိသော သူငယ်ချင်း ၊ မပြောင်းလဲနိုင်သော အိမ်ပမာ ခံစားရသည်။
ဝေဟင်အလယ်မှ ထူးကဲယင်သရဖူကို တိတ်ဆိတ်စွာစိုက်ကြည့်နေရင်း ဖန်းယွင်ရှန်းတစ်ယောက် ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းကို ရောပြွန်းခံစားနေရသည်။
တစ်ချိန်က...
ကောင်းကင်ထက်မှ အဖြူရောင်သရဖူသည် နှစ်ပေါင်းများစွာ မရပ်မနားကြိုးစားကျင့်ကြံရန် သူမအတွက် တွန်းအားဖြစ်ခဲ့သည်။
၎င်းအထွတ်ထိပ်မှော်ဝင်ပစ္စည်းက နေသူတော်စင်ဂိုဏ်း၏ မျှော်လင့်ချက်နှင့် ဆန္ဒသာမက ဖန်းယွင်ရှန်းကိုယ်တိုင် ရယူပိုင်ဆိုင်လိုသော ဘဝပန်းတိုင်တစ်ခုလည်း ဖြစ်သည်။
စိတ်မကောင်းစရာမှာ...
သူမ၏ ထူးကဲယင်ခန္ဓာဆုံးရှုံးသွားပြီး အိပ်မက်များ ပျက်ဆီးသွားခဲ့သည်။
ဖန်းယွင်ရှန်းက စိတ်ဓာတ်ခိုင်မာသူဖြစ်သောကြောင့်သာ ခံနိုင်ရည်ရှိခဲ့ခြင်း ဖြစ်သည်။ ထူးကဲယင်ခန္ဓာ ပျက်ဆီးသွားသည့်တိုင် သူမက ဘဝကိုဆက်လက်ရှင်သန်နိုင်မည်ဟု အခိုင်အမာယုံကြည်ခဲ့ပြီး ဘဝပန်းတိုင်အသစ်များကို လျှင်မြန်စွာ ချမှတ်ခဲ့သည်။
သို့သော် ဝါဒတောင်သို့ရောက်ရှိသည့်အခါ သူမ၏မျှော်လင့်ချက်များ ပြန်လည်လင်းလက်လာရပြန်သည်။
အမြင့်အနိမ့် ၊ အနိမ့်အမြင့်။
ရိုလာကိုစတာစီးရသလို ကံကြမ္မာအနိမ့်အမြင့်များစွာကို ကြုံတွေ့ဖူးသူများသာ နားလည်နိုင်ပြီး မကြုံတွေ့ဖူးသူများအနေဖြင့် နားလည်နိုင်မည် မဟုတ်ပေ။
ယနေ့...
သူမကိုယ်တိုင်အတွက် ၊ ဝါဒတောင်အတွက် ၊ ထူးကဲယင်သရဖူအတွက် တိုက်ပွဲဝင်ရမည် ဖြစ်သည်။
သူမအနေဖြင့် ထူးကဲယင်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်းဖြစ်သော်လည်း ဟိုးယခင်အချိန်ကတည်းက သင်ယူခဲ့ရသော လုပ်ငန်းစဉ်များကို အပြည့်အဝမှတ်မိနေဆဲ ဖြစ်သည်။
မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတိုင်ထဲတွင် ဖန်းယွင်ရှန်းက ခပ်တိုးတိုးကြုံးဝါးသံတစ်ချက်ပြုရင်း သူမ၏အနက်ရောင်ဓားကို ဆွဲထုတ်ကာ လေထဲသို့ ခုတ်ပိုင်းချလိုက်သည်။
အခြားအလင်းတိုင် (၆)တိုင်အတွင်းတွင် မန်ဝမ်နှင့် အခြားမိန်းမပျိုများသည်လည်း ဖန်းယွင်ရှန်းနည်းတူ သိုင်းကွက်များ ထုတ်ဖော်လိုက်ကြသည်။
သူတို့ထုတ်ဖော်လိုက်သည့်သိုင်းကွက်များက သက်ဆိုင်ရာသိုင်းဂိုဏ်းများမှ ဆင်းသက်လာသော ထိပ်တန်းအဆင့် သိုင်းပညာသက်သက်မျှ မဟုတ်ပေ။ သူတို့၏ ထူးကဲယင်ပညာနှင့် ထူးကဲယင်စွမ်းအားကို ထိုသိုင်းကွက်များဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ထူးကဲယင်ပညာက သူတို့ကို ထူးကဲယင်သရဖူနှင့် ပဲ့တင်ထပ်စေပြီး ချိတ်ဆက်မှုကို မိုပိုဖြစ်ပေါ်စေသည်။
ထူးကဲယင်မိန်းမပျိုတစ်ယောက်အနေဖြင့် ထူးကဲယင်သရဖူကို ရရှိပါက တာအိုအဖြစ်အသုံးပြုကျင့်ကြံနိုင်သလို အံ့သြဖွယ်ရာလက်နက်တစ်ခုအဖြစ်လည်း အသုံးပြုနိုင်သည်။ သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိသည့် ထူးကဲယင်မိန်းမပျိုတိုင်း တန်ခိုးစွမ်းအားမြင့်မားသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သည့် “ထူးကဲယင်သရဖူ” ကို ကိုင်ဆောင်နိုင်မည် ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမမှ ထူးကဲယင်မိန်းမပျို ‘နျန်လေ့’ က များစွာသောလက်သီးချက်များထုတ်ဖော်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး မိုးကြိုးစွမ်းအားများ ပျံ့နှံ့သွားစေသည်။ သူမကို ဖုံးအုပ်ထားသည့် အလင်းတိုင်အတွင်းမှ ထူးဆန်းသော ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ထိုအသွင်သဏ္ဌန်က ကြီးမားသော ဗုံကြီးတစ်လုံးဖြစ်ပြီး မိုးကြိုးပစ်သံများက အဆက်မပြတ်ပေါက်ကွဲ ထွက်ပေါ်နေသည်။
အဆုံးမဲ့တောင်တန်းမှ ထူးကဲယင်မိန်းမပျို လင်ဟွေ့ကတော့ သူမ၏ ထူးကဲယင်သိုင်းပညာနှင့် ထူးကဲယင်သရဖူကို ပဲ့တင်ထပ်စေကာ တောင်များကို ထိုးဖောက်သွားနိုင်ပုံရသည့် ချွန်မြသည့် တောင်ထွတ်ပုံသဏ္ဌန်အား ဖော်ထုတ်လိုက်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်ကတော့ လေစီးကြောင်းများကို ဖြတ်ကျော်ရွက်လွှင့်နေသည့် ရွက်လှေကြီးတစ်စင်းကို ထုတ်ဖော်ပြသသည်။
လှိုင်းနက်ဂေဟာမှ ဖန်ချိုးကတော့ လေထဲတွင် လွင့်မျောနေသည့် ထီးတစ်လက်ကို ထုတ်ဖော်လိုက်သည်။
ထူးကဲယင်သရဖူကိုယ်တိုင် အဆုံးအဖြတ်ပေးမည်ဖြစ်သောကြောင့် ပြိုင်ပွဲပထမပိုင်း အနိုင်အရှုံးရလဒ်က အတုအယောင် ဟန်ဆောင်ခြင်း မရှိနိုင်ပေ။
ထူးကဲယင်မိန်းမပျိုများ၏ ထူးကဲယင်စွမ်းအားများ မည်မျှမြင့်မားသည်ကို ထူးကဲယင်သရဖူက တစ်ချက်တည်းဖြင့် သက်သေပြမည်ဖြစ်သည်။
လက်ရှိတွင် အဆုံးမဲ့တောင်တန်းမှ လင်ဟွေ့က အားအနည်းဆုံး ဖြစ်သည်။ ကောင်းကင်မိုးကြိုးခန်းမမှ နျန်လေ့က လင်ဟွေ့ထက် အနည်းယ် ပိုမိုစွမ်းအားမြင့်မားသည်။ ကျောက်စိမ်းပင်လယ်မြို့တော်မှ ချန်စုထင်က နျန်လေ့ထက် အနည်းငယ် သာလွန်သည်။
ထိုမိန်းမပျို (၄)ယောက်တွင် အသက်အငယ်ဆုံး ‘ဖန်ချိုး’က စွမ်းအားအမြင့်မားဆုံးဖြစ်သည်။
သို့သော် ထိုအချိန်မှာပင်...
မန်ဝမ်က ဇာမဏီငှက်ပမာ ပြတ်သားသော ကြုံးဝါးသံတစ်သံ အော်ဟစ်လိုက်ပြီး ဇာမဏီတစ်ကောင်ပုံစံက သူမအားဖုံးလွှမ်းထားသော အလင်းတိုင်းအတွင်းမှ ထွက်ပေါ်လာကာ အတောင်ပံများဖြန့်လျှက် ပျံသန်းသွားသည်။
ထို ဇာမဏီငှက် အတောင်ဖြန့်လိုက်သည်နှင့် အခြားသောထူးကဲယင်မိန်းမပျိုများ၏စွမ်းအားများ ဖိနှိပ်ခံရပြီး သူတို့အားလုံး ထိန်းချုပ်ခံလိုက်ရသလို ခံစားလိုက်ကြရ၏။