← Chapters

အခန်း (၄၀၄-၄၀၆)

Vol. 9 Ch. 404-406

အခန်း (၄၀၄-၄၀၆)

Vol. 9 Ch. 404-406

အပိုင်း (၄၀၄)

သူဒါလေးတောင်မသိဘူးလား

လုလျန့်ဝေ နင်သွားပြီး ပြန်ဖြေဖို့ အချိန်ယူလိုက်ရသည်။

“ သူ(မ)ကို ကြိုက်ရမယ်လို့ မပြောပါဘူး။ ဒါပေမဲ့ အားကျူက တော်တော်လေးကောင်းမွန်တဲ့သူတစ်ယောက်ပါ။ အစ်ကိုတော်က သူ(မ)ကို အမြဲတမ်း မပြုံးမရွှင်မျက်နှာကြီးနဲ့မကြည့်သင့်ဘူးလေ။ ဘာဘဲဖြစ်ဖြစ် သူ(မ)က မိန်းကလေးတစ်ယောက်ဘဲကို “

လုထင်ချန်းက ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား အသံအနည်းငယ်မြှင့်ကာ ကြိတ်ရယ်လျက်

“ မိန်းကလေး ဟုတ်လား “

ချူယွီသည် ဖရဲသီးတစ်ချို့စိတ်ပြီးယူပြီး လာပို့ဖို့လုပ်စဉ် အရေးပေါ်အိမ်သာသွားချင်လာ၍ ချူးကျူကို ကိုယ်စားပို့ခိုင်းလိုက်သောကြောင့် သူ(မ)က တံခါးအပြင်ဘက်မှာ ရပ်နေခဲ့လေသည်။

ချူးကျူက ဖရဲသီးပန်းကန်ကို ကိုင်ကာ တံခါးဆီသို့လျှောက်လာရင်း အထဲသို့ ဝင်မည်အလုပ် လုထင်ချန်းပြောတဲ့ စကားလုံးတွေကို ကြားလိုက်ရသည်။

ထိုသူ့ရဲ့ တင်စီးလှောင်ရိပ်သန်းတဲ့အသံအနေအထားက သူ(မ)စိတ်ကို စနိုးစနောင့်ဖြစ်သွားစေသည်။

သူ(မ)၏ရုတ်တရက်ဆန်သော လုပ်ရပ်ကြောင့် လုထင်ချန်းလန့်ပြီး ထခုန်မိသွားသည်။

ချူးကျူက သူ့ကို လျစ်လျူရှုကာ ထွက်သွားဖို့ လှည့်လိုက်သည်။

လုထင်ချန်းကလည်း သူ(မ)ကို အလွတ်မပေးချေ။ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး သူ၏ မျက်နှာအမူအရာဟာ အေးစက်မှောင်မည်းနေသည်။

“ မင်းက အရှင်မင်းကြီးရဲ့ဘေးက လျှို့ဝှက်သက်တော်စောင့်ဖြစ်တာနဲ့ဘဲ တခြားသူတွေထက် သာတယ်လို့ ထင်နေတာလား။ မင်းက ဒီမှာ တာဝန်ကျတယ်ဆိုမှတော့ ဒီနေရာက စည်းကမ်းတွေကို လိုက်နာသင့်တယ်။ မင်းရဲ့ အခုလို အပြုအမူကိုသာ အရှင်မင်းကြီးဆီ တင်ပြလိုက်မယ်ဆိုရင် သူက မင်းရဲ့ဒီက တာဝန်တွေကြောင့်နဲ့ ချက်ချင်းခွင့်လွှတ်ပေးမယ် ထင်နေလား “

“ အရှင်မင်းကြီးက ကျွန်မကို ဒီလွှတ်လိုက်တာ ဒုတိယသခင်မလေးလုကို စောင့်ရှောက်ဖို့ဘဲ။ ဒီမှာ အစေခံဖြစ်ဖို့ ရောက်လာခဲ့တာမဟုတ်ဘူး။ ရှင်က အရမ်းကို မြင့်မြတ်တဲ့အဆင့်အတန်းကမလို့ ကျွန်မက အမှုထမ်းဖို့မသင့်တော်ပါဘူး။ ကျွန်မရှိနေလို့ မနှစ်မြို့ဘူးဆို အရှင်မင်းကြီးကို အချိန်မရွေးတင်ပြလို့ရပါတယ်။ အရှင်မင်းကြီးက ကျွန်မကို ဒီကတာဝန်တွေဖယ်ချမယ်ဆိုရင်တောင် ကျွန်မ လက်ခံမှာပါ “

သူ(မ)က သူ့အပေါ်ကိုသာ ဒီလိုမျိုး ရိုင်းစိုင်းပြတာမျိုးဆို တော်သေးသည်။ ဒါပေမဲ့ သူမရှိတဲ့အချိန်တွေမှာ ဝေဝေ့အပေါ်ကိုရော ဒီလိုဆက်ဆံနေမလားဆိုတာကို ဘယ်သူသိမှာလဲ။

သူတို့နှစ်ဦးသား တစ်ယောက်နဲ့တစ်ယောက် ရန်ထောင်နေတာတွေ့ရတဲ့အခါ လုလျန့်ဝေပင် ခေါင်းကိုက်လာရသည်။ သူတို့နှစ်ယောက်ကြား အမြန်ကြားဝင်လိုက်ပြီး

“ ကျွန်မပြောမယ်၊ နှစ်ယောက်လုံး၊ ကျွန်မကိုဘဲ ထောက်ထားပြီးတော့ဘဲဖြစ်ဖြစ် ငြင်းခုံနေတာကို ရပ်လိုက်ကြပါတော့လား၊ ဟင် “

“ ဝေဝေ၊ အစ်ကိုက သူ(မ)နဲ့ ငြင်းခုံနေတာမဟုတ်ဘူး။ သူ(မ) အခုလေးတင် လုပ်လိုက်တဲ့ အပြုအမူကိုတွေ့လိုက်တယ်မလား။ သူ(မ)က ညီမလေးကို ကာကွယ်ပေးရတဲ့အလုပ်ကို ကြိုက်ပုံမပေါ်ဘူး။ အစ်ကိုတို့ ဒီလို ကြီးကြီးကျယ်ကျယ်ကိုယ်ရံတော်မျိုး သုံးဖို့ မလိုအပ်ဘူး။ အရှင်မင်းကြီး ပြန်လာတဲ့အခါ သူ(မ)ကို ပြန်ခေါ်ဖို့ ပြောလိုက်မယ် “

သူ(မ)က ဝေဝေ့ကို ကာကွယ်ပေးတာကြောင့် အခုကစပြီး သူ(မ)အပေါ် အနည်းငယ်သက်ညှာပြီးဆက်ဆံပေးဖို့ ယနေ့တွင် တွေးထားခဲ့သော်လည်း ဘယ်သူထင်မှာလဲ သူကကောင်းပေးဖို့ ကြံရွယ်နေတုန်းမှာ သူ(မ)က ဒီလိုမျိုးရိုင်းပြတဲ့ အမူအရာမျိုး ပြလာလိမ့်မယ်လို့။

လုလျန့်ဝေ ပြောဖို့ နှုတ်ခမ်းတို့ တွန့်ဆုတ်သွားရသည်။ အားကျူရဲ့ အမူအရာက အစောတုန်းက သူမအကြောင်းပြောနေတုန်း အစ်ကိုတော်ရဲ့ လှောင်ပြောင်သံကြောင့်ဆိုတာ လုလျန့်ဝေကောင်းကောင်းကြီးသိလေသည်။

သူ(မ)အစ်ကိုတော်က ပုံမှန်ဆို ဒီလိုစိတ်ထားမသေးသိမ်ပါဘူး။ ပြီးတော့ အားကျူက မိန်းကလေးတစ်ယောက်လေ။ သူက သူ(မ)ကို အဲ့လိုမြင်ကြောင်း ပြောတဲ့အခါ ဘယ်လိုလုပ်စိတ်ထဲမထားဘဲ နေနိုင်မှာလဲ။

ချူးကျူဘက်ကို လှည့်ကြည့်လိုက်သောအခါ သူမက ဘာမှမပြောလာခဲ့ပေ။ သို့သော် လက်သီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမ ဘယ်လောက်ခံစားနေရသလဲဆိုတာကို ဖော်ပြနေသည်။

လုံယန်ရဲ့ လျှို့ဝှက်သက်တော်စောင့်ဖြစ်လာဖို့အတွက် ဘာလိုအပ်ချက်တွေရှိလဲဆိုတာ လုလျန့်ဝေမသိပေမဲ့ အခု ချူးကျူရဲ့အမူအရာကိုကြည့်ရုံနဲ့ အတော်လေးမလွယ်ကူခဲ့မည်ဆိုသည်ကိုတော့ သိနိုင်ပေသည်။

“ အစ်ကိုတော်၊ အားကျူကို အဲ့လိုမပြောပါနဲ့။ အစ်ကိုက အရင်မှားတာလေ။ သူ(မ)အကြောင်းကို အစ်ကိုကသာ အဲ့လိုမပြောဘူးဆိုရင် ကျူကလည်း စိတ်ဆိုးမှာမဟုတ်ဘူး “

“ အစ်ကိုတော်၊ အစ်ကိုက ယောက်ျားလေးတစ်ယောက်လေ။ ကျူက မိန်းကလေး။ အစ်ကိုက အလျော့ပေးသင့်တယ် “

လုထင်ချန်းက ချူးကျူကို ရိုင်းရိုင်းပြပြနဲ့ လှောင်သလို စောင်းကြည့်လိုက်သည်။

“ သူ(မ) ပုံစံက ဒီလိုဖြစ်နေတာကို သူ(မ)ကို မိန်းကလေးလို့ သတ်မှတ်ရမယ်ပေါ့ “

အပိုင်း (၄၀၅)

သူတို့အချင်းချင်း ဆက်နွယ်နေတာ ဖြစ်နိုင်မလား။

လုလျန့်ဝေသည် နှုတ်ခမ်းတို့ တုန်လှုပ်လျက် စိတ်ဆိုးမာန်ဆိုးဖြင့်

“ အစ်ကိုတော့်မျက်လုံးတွေက ခေါင်းပေါ်ရောက်နေလို့လား။ ဘယ်လိုလုပ်ပြီး မိန်းကလေးမဟုတ်ရမှာလဲ။ မိန်းကလေးတစ်ယောက်မှာရှိတာမှန်သမျှ သူ(မ)မှာလည်းရှိတယ်လေ။ မိန်းကလေးတွေကို ဘယ်လိုစကားပြောရမလဲဆိုတာ အနာဂတ်မှာ ပိုသတိထားသင့်တယ်။ မဟုတ်ရင် ကျန်တဲ့ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းဘဲ ဖြတ်သန်းနေရလိမ့်မယ်‌နော် “

“ မဟုတ်လည်း လက်ထပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားထားဘူး “

လုထင်ချန်းက စိတ်ထဲတောင်မထားပေ။

လုလျန့်ဝေက ပြောစရာစကားပင် မရှိတော့ပေ။ သူမသည် ချူးကျူဘက်သို့ လှည့်၍ လက်ကိုဆွဲကာ နှစ်သိမ့်ပေးလေသည်။

“ ကျွန်မအစ်ကိုတော်က အမြဲတမ်းစကားကို အကောင်းမပြောတတ်ပေမဲ့ သူက အတော်ကို နှလုံးသားနူးညံ့တဲ့သူပါ။ သူပြောတဲ့စကားတွေကို စိတ်ထဲထားမနေပါနဲ့။ အရှင်မင်းကြီးကလည်း ဒီကတာဝန်ကနေ ဖယ်ပစ်မှာမဟုတ်ပါဘူး။ ကျွန်မ အာမခံတယ်။ ရှင့်ကို ကျွန်မက အများကြီး သဘောကျပါတယ် “

ချူးကျူသည် စိတ်ထဲမှာ နွေးထွေးသွားပြီး ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

“ ကောင်းပါပြီ “

ချူးကျူ သူ(မ)စကားအား နားဝင်သွားသဖြင့် လုလျန့်ဝေ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

သို့သော်လည်း လုထင်ချန်းကတော့ အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည်။ သူက သူ(မ)ခေါင်းအား နာနာလေးခေါက်လိုက်ပြီး

“ ဒီသစ္စာဖောက်လေးကတော့။ ငါက မင်းအစ်ကိုတော်ပါ။ ဒါပေမဲ့ မင်းကတော့ အပြင်လူဘက်ကို လိုက်နေတာဘဲ “

“ ညီမလေးခေါင်းဒဏ်ရာရသွားရင် ပြန်ပေးဆပ်ရမှာနော် “

“ နောက်တစ်ခေါက်လောက် ထပ်ခေါက်ပြီးမှ ဒဏ်ရာဖြစ်သွားလား မဖြစ်သွားလား ကြည့်ရအောင် “

လုထင်ချန်းက သူ(မ)ကို ထပ်ခေါက်ရန် နောက်တစ်ခါထပ်၍ လက်မြှောက်လိုက်သည်။

ထိုစဥ် ရုတ်တရက် ချူးကျူက သူ(မ)ကို အနောက်သို့ ဆွဲပို့လာသည်။

လုထင်ချန်းကလည်း သူ(မ)က ရုတ်တရက်ကြီး လုလျန်ဝေရှေ့ရပ်မယ်ဟု မထင်ထားသောကြောင့် သူ့လက်က ထိန်းမရတော့ဘဲ မတော်တဆ ချူးကျူမျက်နှာပေါ်ကျသွားတော့သည်။

လုလျန့်ဝေသည် ချူးကျူအနောက်တွင် ရပ်နေသောကြောင့် ဘာဖြစ်သွားလဲဆိုသည်အား မသိလိုက်ပေ။ ချူးကျူက သူ(မ)ကို ကာပေးထားတာ မြင်တဲ့အခါ အားတက်သွားပြီး ပျော်ရွှင်စွာနဲ့ လုထင်ချန်းကို ပြောသည်။

“ အားကျူဘေးမှာရှိနေရင် အစ်ကိုတော် ညီမကို ခေါင်းခေါက်လို့ မရတော့ဘူး “

လုထင်ချန်းက တိတ်ဆိတ်နေတဲ့ ချူးကျူကို တစ်ချက်ကြည့်လိုက်သည်။ သူတမင်တကာရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်သော်လည်း အနေအထားက အနည်းငယ် ကိုးရိုးကားရားနိုင်လေသည်။ ထို့ကြောင့် သူက ဘာမှမဖြစ်လိုက်သလိုဘဲ ဟန်ဆောင်နေလိုက်သည်။

ဝေဝေက ချူးကျူအပေါ် အတော်လေးမှီခိုအားထားတဲ့ လေသံမျိုးနဲ့ ပြောတာကို ကြားတဲ့အခါ လုထင်ချန်းမတတ်နိုင်ဘဲ အနည်းငယ် မနာလိုသလို ခံစားလိုက်ရသည်။

လူတွေက တစ်ယောက်ပြီးတစ်ယောက် ဝေဝေ့ကို သူ့ဆီကနေ ဆွဲခေါ်နေကြသည်။

အစတုန်းကတော့ သူ့ဖခင်နဲ့ အဘွားတင်သာ ဖြစ်ခဲ့ပေမဲ့ နောက်ကျ ရုတ်တရက်ကြီး ဧကရာဇ်က ပေါ်လာကာ အခုနောက်ထပ်တစ်ယောက်က ချူးကျူဖြစ်သည်။

အဲ့လိုတွေးနေရင်းနဲ့ဘဲ သူ့ရှေ့က ချူးကျူနားကပ်လာကာ သူ့ညီမလေးကို လှမ်းဆွဲဖို့ လက်လှမ်းလိုက်သည်။

မောင်နှမတွေ စနောက်ရန်ဖြစ်နေတဲ့မြင်ကွင်းကို မြင်ရတာ ချူးကျူ နှုတ်ခမ်းပင်စေ့မရပေ။ သူတို့ကို ဆက်ကြည့်နေဖို့ ခက်ခဲတယ်လို့ သူမခံစားလိုက်ရသည်။

ဘာဘဲဖြစ်ဖြစ် ဒါက မောင်နှမတွေကြားက ကိစ္စဖြစ်လို့ သူ(မ)က အပြင်လူတစ်ယောက်အနေနဲ့ ဝင်စွက်ဖက်ခွင့်မရှိပေ။ ထို့ကြောင့် အသိစိတ်ရှိစွာနှင့် သူမ အခန်းကနေထွက်သွားလိုက်သည်။

တစ်ချိန်တည်းမှာ ဝေးလံခေါင်ဖျားတဲ့ မြို့ငယ်လေးတစ်ခုတွင် အရိုးထဲစိမ့်အောင်အေးစက်တဲ့အော်သံတစ်ခုသည် မထင်မရှားခြံတစ်ခုဆီမှ ထွက်ပေါ်လာသည်ကို ကြားရမည်ဖြစ်သည်။

၎င်းအော်သံပြီးနောက် ချက်ချင်းဆိုသလိုပင် နောက်ထပ် ရေခဲတစ်မျှအေးစက်သည့် စကားသံမှာလည်း ထပ်မံထွက်ပေါ်လာခဲ့သည်။

“ ဒီတာဝန်ကို ရှင့်ဘာသာ လက်ခံလိုက်ဖို့ ဘယ်သူက ခွင့်ပြုပေးလိုက်လို့လဲ “

အခြားသောတာဝန်ရှိသူတစ်ချို့ကလည်း ခြံထဲ၌ တရိုတသေရပ်နေကြပြီး အားလုံးခေါင်းကို ငုံ့ထားကြသည်။သူတို့က အသက်တောင် ကျယ်ကျယ် မရှူရဲကြပေ။

သို့သော်လည်း သူတို့သည် ထူးဆန်းနေကြသည်။ သူတို့၏ ခေါင်းဆောင်သည် တာဝန်လက်ခံတာနှင့် ပတ်သက်၍ မည်သည့်အချိန်ကမှ မေးခွန်းမထုတ်ခဲ့ဖူးပေ။ အခုကျ ဘာလို့ ခြွင်းချက်ဖြစ်နေရတာလဲ။

ကြီးကြပ်သူထဲကတစ်ယောက်သည် ထိုမိန်းမရဲ့ လက်ထဲက ပန်းချီကို ရဲတင်းစွာနဲ့ တစ်ချက်လှမ်းကြည့်လိုက်သည်။

ပန်းချီထဲက လူရဲ့ပုံစံမှာ အရောင်လွင့်နေသော်လည်း သေချာအနီးကပ်ကြည့်လျှင် ထိုပန်းချီထဲက မိန်းကလေးရဲ့ အသွင်အပြင်တို့ဟာ သူ့အတွက် အတော်လေးရင်းနှီးနေပေသည်။

ထိုကြီးကြပ်သူက အသေအချာစဉ်းစားပြီးသည့်နောက် ခေါင်းဆောင်မိန်းမ၏မျက်နှာပေါ် သို့ ရုတ်တရက်အကြည့်ရောက်သွားတော့သည်။

ထိုမိန်းမ၏ မျက်နှာထက်တွင် မျက်နှာဖုံးအုပ်ထားသော်လည်း မျက်နှာဖုံးအောက်မှ ထိုးထွက်နေသည့် အလှတရားကိုမူ မြင်နိုင်ပါသေးသည်။

ကြီးကြပ်သူရဲ့ စိတ်ထဲတွင် အတွေးတစ်ခုရုတ်တရက်ဖြတ်ပြေးသွားသည်။

အခြားသောကြီးကြပ်သူတွေထက်စာရင် သူသည် ခေါင်းဆောင်နဲ့ အနည်းငယ်ပိုနီးကပ်တဲ့ဆက်ဆံရေးရှိသောကြောင့် သူ(မ)၏ မျက်နှာအစစ်ကိုတွေ့နိုင်ရန် အခွင့်အရေးရှိခဲ့ဖူးသည်။

ထိုမျက်နှာတွင် ထင်ရှားသည့်အလှတရားတစ်ခုရှိပြီး အေးစက်မှုလည်း ဖုံးလွှမ်းနေခဲ့သည်။

သူဘာကြောင့် ပန်းချီထဲကသူကိုကြည့်ရတာ ရင်းနှီးနေတယ်လို့ ခံစားနေရလဲဆိုသည်မှာ မထူးဆန်းတော့ပေ။ ထိုပန်းချီထဲက မိန်းခလေး၏ သွင်ပြင်လက္ခဏာတွေက ခေါင်းဆောင်နဲ့ အတော်လေးကို ဆင်တူလှသည်။

ပန်းချီထဲရှိ မိန်းကလေးသာ ပိုလှပြီး ပိုအသက်ကြီးမယ်ဆိုပါက သူ(မ)သည် ခေါင်းဆောင်နှင့် တစ်ပုံစံတည်းချွတ်စွပ်တူနေမှာပင်ဖြစ်သည်။

ထိုကြီးကြပ်သူရဲ့ စိတ်ဟာ သူ ခန့်မှန်းလိုက်တဲ့ အတွေးအပေါ် ထိတ်လန့်သွားရသည်။

ခေါင်းဆောင်က ဒီကိစ္စနဲ့ပတ်သက်ပြီး အတော်လေးကို သတိထားအလေးပေးနေသည်။ ပန်းချီထဲကလူက ခေါင်းဆောင်နဲ့ ပတ်သက်မှုရှိနေတာများဖြစ်နိုင်မလား။

အပိုင်း (၄၀၆)

သူမသာ တစ်ခုခုဖြစ်ရင် မင်းတို့အားလုံး အသက်နဲ့ ပြန်ပေးဆပ်ရမယ်။

ထိုအတွေးဝင်ပြီးနောက် ကြီးကြပ်သူက သတ္တိမွေးကာ

“ ခေါင်းဆောင်၊ ကျေးဇူးပြုပြီး သက်ညှာပေးပါ။ ကြီးကြပ်သူချန်က ဒါနဲ့ပတ်သက်ပြီး ဘာမှမသိတဲ့အတွက် သူ့ကို တစ်ခါလောက် ခွင့်လွှတ်ပေးလိုက်ဖို့ တောင်းဆိုပါတယ် “

ထိုအမျိုးသမီးဟာ ဒေါသထွက်နေခဲ့သည်။

“ သူ(မ)သာ တစ်ခုခုဖြစ်လို့ကတော့ မင်းတို့အားလုံး အသက်နဲ့ ပြန်ပေးဆပ်ရမယ် “

ကြီးကြပ်သူအားလုံးဟာ သုသာန်တစ်စပြင်အလား တိတ်ဆိတ်သွားခဲ့ကြသည်။

ခေါင်းဆောင်က ဒီရာထူးကို ယူလိုက်တဲ့ အစပိုင်းနှစ်တွေမှာဆိုရင် သူ(မ)ကို ဘယ်တော့မှ ခန့်မှန်းလို့မရနိုင်ခဲ့ပေ။

သူ(မ)က နှစ်အနည်းငယ်လောက် ပျောက်ကွယ်သွားပြီးနောက် တစ်နှစ်မှာတော့ အပြင်းအထန်ဒဏ်ရာရပြီး ပြန်ရောက်လာခဲ့သည်။ အဲ့ဒီနောက် ခန့်မှန်းလို့မရတော့ဘဲ မကြာခဏစိတ်အပြောင်းအလဲမြန်လာသည်။

သို့သော်လည်း သူ(မ)သည် လုပ်ကြံမှုအိမ်တော်ရဲ့ အလုပ်တွေနဲ့ပတ်သက်၍ အနှောင့်အယှက်တော့မဖြစ်စေခဲ့ပေ။

ခေါင်းဆောင်က ဒေါသပေါက်ကွဲထွက်ပြီးနောက် အမှားလုပ်မိထားတဲ့ ကြမ်းပေါ်က သေလုမြောပါးဖြစ်နေတဲ့ ကြီးကြပ်သူကို မသတ်ဘဲ ထားလိုက်တော့သည်။

သူ(မ) အခုထိ စိတ်တိုနေဆဲဖြစ်သည်။တကယ်လို့ သူ(မ)သာ ပြန်မရောက်လာဘဲ ပန်းချီကို မတော်တဆ မတွေ့လိုက်ဘူးဆိုရင် ဒါကို သတိထားမိမှာတောင်မဟုတ်ပေ။

သူ(မ)ကို အစကတည်းက စကားပြောခဲ့တဲ့ ကြီးကြပ်သူက နောက်တစ်ကြိမ် သတ္တိမွေးကာ ဆက်ပြီး ပြောလိုက်သည်။

သူက ဒီတာဝန်ရဲ့ တာဝန်ခံမဟုတ်ခဲ့ပေ။ ကြီးကြပ်သူချန်သည် ဒီတာဝန်ရဲ့ အဓိကတာဝန်ရှိသူဖြစ်သော်လည်း ပစ်မှတ်မှာ အတော်လေး ပြဿနာတက်သွားစေခဲ့သည်။ သူတို့ နှစ်ကြိမ်တိတိ လုပ်ကြံသူများပို့ခဲ့သော်လည်း တာဝန်က မပြီးမြောက်ခဲ့ပေ။ ဤကိစ္စသည် အိမ်တော်ရဲ့အဖွဲ့သားတွေအားလုံးကို သတိချပ်သွားစေခဲ့သည့်အပြင် တာဝန်လာအပ်တဲ့သူကလည်း အလွန်မြင့်မားသည့်ကြေးကမ်းလှမ်းခဲ့ခြင်းကြောင့် သူတို့က အတော်လေးသတိထားလုပ်ကိုင်ခဲ့ကြသည်။

ခေါင်းဆောင်က အတော်လေး တည်ငြိမ်သွားခဲ့သော်လည်း သူထပ်ပြောလာသည်ကို သူ(မ)ကြားပြီးသည့်နောက် သူ(မ)နှုတ်ကဆက်ထွက်လာတဲ့ စကားလုံးတို့မှာ လူသတ်မှုအငွေ့အသက်တို့နှင့်သာ ပြည့်နှက်နေတော့သည်။

“ ကြေးဘယ်လောက်ဘဲ ဖြစ်နေပါစေ အဲ့ဒီသတ်ဖို့တာဝန်ကို ချက်ချင်းရုတ်သိမ်းလိုက်။ ငါ့ အမိန့်ကိုလွန်ဆန်ပြီး သူ(မ)ကို လုပ်ကြံဖို့ တာဝန်လက်ခံတဲ့သူမှန်သမျှ ငါ့လက်ထဲမှာ တိုက်ရိုက်သေရတာထက် ပိုဆိုးတဲ့ကံကြမ္မာခံစားစေရမယ် “

ခေါင်းဆောင်ရဲ့ အမူအရာမှာ တည်ငြိမ်စပြုလာသည်။သူမသည် ခုနတုန်းက စကားပြောခဲ့သည့် ကြီးကြပ်သူဘက်သို့လှည့်ပြီး ညွှန်ကြားလိုက်သည်။

“ ကမ်းလှမ်းလာတဲ့သူရဲ့ အသေးစိတ်အချက်တွေ ယူလာခဲ့ “

ခေါင်းဆောင်က သူ့အား စူးရှတဲ့အကြည့်တစ်ချက်ကြည့်လိုက်ပြီး

ကြီးကြပ်သူက နဖူးက ချွေးတို့ကို သုတ်လိုက်သည်။ တကယ်လို့ ဒါက ပုံမှန်အခြေအနေတွေအရသာဆိုလျှင် သူ(မ)သည် အိမ်တော်၏ခေါင်းဆောင်ဖြစ်သည့်အတွက် နှင်းပျံလွှားငှက်အိမ်တော်ရှိအသက်တွေဟာ သူ(မ)လက်ထဲမှာ ရှိနေသောကြောင့် ကိစ္စမရှိပေ။

သို့သော် ယခုလက်ရှိအခြေအနေအရ အိမ်တော်ခေါင်းဆောင်သည် သေချာပေါက် တာဝန်လာအပ်သူကို ပြဿနာရှာမှာပင်ဖြစ်သည်။ အဲ့တာကြောင့် သူ သူ(မ)ဆီ ဘယ်လိုလုပ်ပြီး အချက်အလက်တွေ ပေးရဲပါ့မလဲ။

ကြီးကြပ်သူက ခေါင်းဆောင်ထပ်ပြီး ဒေါသထွက်မလာခင် အချက်အလက်သိုလှောင်ရုံကိုပြေးတော့သည်။

ကြီးကြပ်သူရှုကသာ ခေါင်းဆောင်ကို အဲ့လိုပြောရဲတဲ့ တစ်ဦးတည်းသောသူဖြစ်သည်။

သူသည် ခဏမျှ တွန့်ဆုတ်နေခဲ့သည်။ သူ့ဘဝ နှင့် အိမ်တော်၏ဂုဏ်သရေကြား ဘယ်ဟာက ပိုအရေးကြီးလဲဆိုသည်အား တွေးနေခဲ့ပြီးနောက် အချက်အလက်တွေကို သူ(မ)လက်ထဲအပ်လိုက်တော့သည်။

အချက်အလက်ဟုဆိုသော်လည်း စင်စစ်တွင် အလုပ်အပ်သူ၏ သရုပ်မှန်၊ ရာထူး နှင့် လိပ်စာတို့အား ရေးမှတ်ထားသည့် စာရွက်အပိုင်းအစလေးတစ်ခုသာဖြစ်သည်။ ထိုစာရွက်ပေါ်တွင် တာဝန်အတွက်ရရှိသည့် ငွေပမာဏနှင့် သတ်ရမယ့်ပစ်မှတ်တို့လည်း ပါရှိသေးသည်။

ခေါင်းဆောင်က အမြန်အဆန်ဖတ်လိုက်ပြီးနောက် စာရွက်ကို လက်ထဲတွင် လုံးချေကာ အညှာအတာမဲ့စွာဖြင့် မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။

“ ဒါဆို စစ်ထူမိသားစုရဲ့ သခင်လေးပေါ့၊ ငါသူနဲ့တွေ့ချင်တယ် “

စကားဆိုပြီးနောက် သူမသည် ခြံထဲရှိ ကြီးကြပ်သူများကို လျစ်လျူရှုကာ လူတစ်ချို့နဲ့ ထွက်သွားတော့သည်။

သူ(မ)ထွက်သွားသည်နှင့် လူတိုင်းသည် သူတို့ရဲ့ ခန္ဓာကိုယ်မှ အားအင်အကုန် စုပ်ယူခံလိုက်ရသကဲ့သို့ မြေပေါ်သို့ ဘုတ်ခနဲလဲကျသွားကြတော့သည်။

ဘာလို့များ ဒီနတ်ဆိုးက မကောင်းတဲ့အကြောင်းပြချက်နဲ့ ပြန်လာရတာလဲ။

All Chapters