သစ္စာဖောက်
Vol. 23 Ch. 328
အခန်း (၃၂၈) သစ္စာဖောက်
ရန်ကျောက်ကဲက သူ့မျက်စိရှေ့မှ ထူးကဲယင်ပြိုင်ပွဲကို တည်ငြိမ်စွာ ကြည့်နေသည်။
လွန်ခဲ့သောထူးကဲယင်ပြိုင်ပွဲများတွင် ဂိုဏ်းမှအကြီးအကဲများ ယူဆောင်လာသော မှတ်တမ်းများကိုသာ ရန်ကျောက်ကဲ ကြည့်ရှုခဲ့ရသည်။ ယခု ကိုယ်တိုင် သေသေချာချာ မျက်မြင်ကြည့်ရှုရသည့်အခါ သူက ထူးကဲယင်မိန်းမပျိုများ၏ စွမ်းအားကို အတိအကျသိရှိနိုင်ရန် အခဲဖြတ်လျှက် ရှိသည်။
ရန်ကျောက်ကဲဘေးနားမှ အားဟူက သိချင်စိတ်ဖြင့် စကားဆိုသည်။
“သခင်လေး... ကြည့်ရတာ မန်ဝမ်က အားလုံးထက်သာနေသလိုပဲ”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရှင်းပြသည်။
“ထူးကဲယင်မိန်းမပျိုတွေကို တစ်ချက်တည်းကြည့်ပြီး အကဲဖြတ်လို့မရဘူး”
သူက ဆက်ပြောသည်။
“ထူးကဲယင်မိန်းမပျိုတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့် ၊ ထူးကဲယင်စွမ်းအားဘယ်လောက်ကောင်းသလဲ ၊ သူကျင့်ကြံတဲ့ ထူးကဲယင်ပညာကရော ဘယ်လောက်မြင့်မားသလဲ ၊ ပြီးတော့ ထူးကဲယင်သရဖူက ထုတ်လွှတ်တဲ့ ထူးကဲယင်စွမ်းအားကို ဘယ်လောက်နားလည်နိုင်သလဲဆိုတဲ့ အချက် (၄)ချက်အပေါ်ကြည့်ပြီး ဆုံးဖြတ်ရတယ် ၊ ပြီးတော့ တကယ့်ပြိုင်ပွဲမှာဆိုရင် ထူးကဲယင်သရဖူက ထုတ်လွှတ်တဲ့ ထူးကဲယင်စွမ်းအားကို ဘယ်လောက်နားလည်နိုင်သလဲဆိုတာနဲ့ သိုင်းစွမ်းဘယ်လောက်မြင့်မားသလဲဆိုတာကိုလည်း ထည့်ပြီးစဉ်းစားရတယ်”
ရန်ကျောက်ကဲ မန်ဝမ်ကို ကြည့်လိုက်သည်။
သူမ၏ဦးခေါင်းထက်တွင်ရှိနေသော ဇာမဏီငှက်က အတောင်ပံများဖြန့်လျှက် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်ကို တွေ့မြင်ရသည်။
ဇာမဏီသဏ္ဌန်သည် အနက်ရောင်တစ်ဝက် ၊ အဖြူရောင်တစ်ဝက် ဖြစ်သည်ကို ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် နေသူတော်စင်ဂိုဏ်းနှင့် မန်ဝမ်တို့၏ ယင်ယန်တည်ရှိမှုကျင့်စဉ်အပေါ် နားလည်မှုက များစွာတိုးတက်လာကြောင်း သိရှိနိုင်သည်။ မန်ဝမ်က စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ယင်ယန်တည်ရှိမှုကျင့်စဉ် အခြေမငြိမ်သေးသဖြင့် စွမ်းအားများ ဆုတ်ယုတ်နေခဲ့သော်လည်း ယခုတော့ အခြေအနေက ဆန့်ကျင်ဘက်ဖြစ်ပြီး အလွန်စွမ်းအားမြင့်မားနေပြီ ဖြစ်သည်။
နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ရှေ့သို့ ခြေသုံးလှမ်းတိုးသည်ဆိုသောအချက်ကို မန်ဝမ်က အပြည့်အဝ ပြသခဲ့သည်။
သူမ၏စွမ်းအားများက တဟုန်ထိုးမြင့်တက်လာပြီး အခြားသူများအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိနေလေသည်။
“အခု အဲဒီအချက် (၄)ချက်လုံးမှာ မန်ဝမ်က ဦးဆောင်နေတယ် ၊ လက်ရှိမှာ စွမ်းအားအမြင့်မားဆုံး ထူးကဲယင်မိန်းမပျိုကိုပြောပါဆိုရင် ‘မန်ဝမ်’ ပါပဲ”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
မန်ဝမ်က မူလကပင် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး နေသူတော်စင်ဂိုဏ်း၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်လည်း ဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းအတွက် အကျိုးရှိစေမည့် ထူးကဲယင်သရဖူကိုလည်း (၂)နှစ်တိုင်တိုင် လက်ဝယ်ပိုင်ဆိုင်ခဲ့သည်။ ထို့ပြင် သူမက ရှန်ထျန်းကနဦးအဆင့် သိုင်းပညာရှင်ဖြစ်လေရာ ပြိုင်ပွဲဝင်ထူးကဲယင်မိန်းမပျိုများထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ဖြစ်သည်။
မန်ဝမ်က သူမ၏ ထူးကဲယင်စွမ်းအားကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူမ၏ပင်ကိုယ် ‘ယင်’ စွမ်းအားကလည်း ယင်ယန်တည်ရှိမှုကျင့်စဉ်ကြောင့် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်။
တိုက်ပွဲအတွေ့အကြုံအရဆိုလျှင်လည်း မန်ဝမ်က အထွတ်ထိပ်အဆင့်တွင် ရပ်တည်နေသည်။
သူမက တိုက်ပွဲပေါင်း (၁၀၀)ကျော် ရင်ဆိုင်ကြုံတွေ့ဖူးသူ မဟုတ်သော်လည်း တိုက်ခိုက်ရေးအတွေ့အကြုံ အလွန်ကြွယ်ဝသူ ဖြစ်သည်။
ထူးကဲယင်သရဖူကို ပထမဆုံး ရယူပိုင်ဆိုင်ပြီးသည့်နောက် သရဖူကိုကိုင်ဆောင်ကာ အရှေ့ပင်လယ်မှ မီးတောက်မိစ္ဆာများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ထိုတိုက်ပွဲတွင် ဒဏ်ရာရခဲ့သောကြောင့် ဒုတိယထူးကဲယင်ပြိုင်ပွဲတွင် သူမ ရှုံးနိမ့်ခဲ့ရခြင်းပင်။
အရှေ့ပင်လယ်တွင် သိုင်းသူတော်စင်အဆင့်ရှိသော ရန်သူနှင့် တိုက်ခိုက်ခဲ့ရသည့်တိုင် သူမက ဒဏ်ရာသာရရှိပြီး အသက်ရှင်သန်နိုင်ခဲ့သည်။ ထိုတိုက်ပွဲအတွေ့အကြုံက သူမအတွက် များစွာအကျိုးရှိခဲ့သည်။
ဖန်းယွင်ရှန်း ပြောဖူးသည်မှာ...
“မန်ဝမ်နှင့်သာ ရင်မဆိုင်ရလျှင် ထူးကဲယင်ပြိုင်ပွဲတွင် ထူးကဲယင်သရဖူက သူမလက်ထဲ သေချာပေါက် ရောက်လာမည်” ဟူ၍ ဖြစ်၏။
ထိုစကားများက ဖန်းယွင်ရှန်း အလေးအနက်ပြောခဲ့သည့် စကားများ ဖြစ်သည်။
ရန်ကျောက်ကဲပ ပြိုင်ပွဲပထမအချီ ယှဉ်ပြိုင်နေကြသော ထူးကဲယင်မိန်းမပျိုများကို အကဲခတ်ရင်း...
“အဆုံးမဲ့တောင်တန်းက လင်ဟွေ့က အားအနည်းဆုံးပဲ ၊ သူက စောစောကပြောတဲ့ အချက် (၄)ချက်လုံး အားနည်းတယ် ၊ မန်ဝမ်နဲ့ယှဉ်ရင် ဆန့်ကျင်ဘက်လို့ ပြောလို့ရတယ် ၊ သူ့ကို ခပ်ရိုင်းရိုင်းဝေဖန်ရရင် မိုးမြေတစ်ခုလုံးပြောင်းလဲသွားနိုင်တဲ့ အဖြစ်အပျက်မျိုးသာ ပေါ်မလာဘူးဆိုရင် ဘယ်တော့မှ ထူးကဲယင်သရဖူကို ရနိုင်မှာမဟုတ်ဘူး ၊ အမြဲတမ်း ပြိုင်ပွဲအဖြည့်ခံအဆင့်ပဲ ရှိနေရလိမ့်မယ်”
“ကောင်းကင်မိုးကြိုးခန်းမရဲ့ နျန်လေ့ကတော့... စတုတ္ထအကြိမ် ထူးကဲယင်ပြိုင်ပွဲထက်ဆာရင် စွမ်းအားတွေတိုးလာနေတယ် ၊ အကန့်အသတ်ရှိနေပေမယ့် တိုးတက်လာတာတော့ အမှန်ပဲ”
ရန်ကျောက်ကဲက နျန်လေ့ ဦးခေါင်းထက်တွင်ရှိနေသည့် ကြီးမားသော လျှပ်စီးဗုံကြီးကို တစ်ချက်ကြည့်လိုက်သည်။ ထိုဗုံကြီးသည်လည်း မန်ဝမ်၏ ဇာမဏီငှက်ကဲ့သို့ပင် အနက်တစ်ဝက် အဖြူတစ်ဝက် ဖြစ်ပေါ်နေကြောင်း တွေ့ရသည်။
သို့ပေသိ ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်းတော့ မရှိပေ။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...
“ကောင်းကင်မိုးကြိုးခန်းမကလည်း သူတို့ရဲ့ ထူးကဲယင်မိန်းမပျိုကို မြှင့်တင်ပေးဖို့အတွက် ယင်ယန်တည်ရှိမှုကျင့်စဉ်ကို စမ်းသပ်ဖို့ကြိုးစားနေကြတယ် ၊ ဒါပေမဲ့ အခုမှအစပဲ ရှိသေးတော့ သွားရမယ့်လမ်းက ရှည်ပါသေးတယ်”
ပညာရပ်တစ်ခု တီထွင်ခြင်းဆိုသည်က အစပိုင်းတွင် အခက်ခဲဆုံး ဖြစ်သည်။ လမ်းကြောင်းမှန်ပေါ် မရောက်မချင်း အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်မည် မဟုတ်ပေ။ စမ်းသပ်ကာလတွင် တစ်ဆို့မှုများကြုံတွေ့လာရပါက အောင်မြင်မှုရရှိရန် နှေးကွေးသွားဦးမည်ပင်။
ရန်ကျောက်ကဲစကားကိုနားထောင်ရင် အားဟူက ထူးကဲယင်မိန်းမပျိုများကို သေသေချာချာ အကဲခတ်ကြည့်နေသည်။
ရန်ကျောက်ကဲက အခြားဘက်သို့ လှည့်ကြည့်ရင်း...
“ကျောက်စိမ်းပင်လယ်မြို့တော်က ချန်စုထင်ရဲ့ အကြီးမားဆုံးအားသာချက်ကတော့ ကျင့်ကြံခြင်းအဆင့် မြင့်မားတာပါပဲ ၊ ပြီးတော့ ကျောက်စိမ်းပင်လယ်မြို့တော်က သူ့အတွက် လေ့ကျင့်ပေးနေတဲ့ ထူးကဲယင်ပညာကလည်း အတော်လေး ထူးခြားတယ်”
ချန်စုထင်သည် ထူးကဲယင်မိန်းမပျိုများအားလုံးတွင် အသက်အကြီးဆုံးဖြစ်ပြီး ထူးကဲယင်သရဖူကို တစ်နှစ်တာ ပိုင်ဆိုင်ခွင့်ရခဲ့သူ ဖြစ်သည်။
သူမက ရှန်ထျန်းကနဦးအဆင့်ဖြစ်ပြီး မန်ဝမ်နှင့်ကျင့်ကြံခြင်းအဆင့်တူညီသည့် တစ်ယောက်တည်းသောသူ ဖြစ်သည်။
ထူးကဲယင်ပညာဆိုသည်က ထူးကဲယင်မိန်းမပျိုမှ ကျင့်ကြံရခြင်းဖြစ်သော်လည်း ဂိုဏ်း၏အကြီးအကဲများက ကျင့်ကြံရလွယ်ကူစေရန် ကူညီသင်ပြပေးရသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းတွင် ကျောက်စိမ်းပင်လယ်မြို့တော်နှင့်လှိုင်းနက်ဂေဟာမှ ထူးကဲယင်ပညာက လိုက်လျောညီထွေရှိပြီး ပျော့ပြောင်းသောစွမ်းအားကို ပိုင်ဆိုင်သည်။
ပထမဆုံးထူးကဲယင်ပြိုင်ပွဲတွင် ချန်စုထင်သည် မန်ဝမ်၏ အကြီးမားဆုံးပြိုင်ဘက် ဖြစ်ခဲ့သည်။ ထိုစဉ်က မန်ဝမ်ကလည်း ငယ်ရွယ်သေးသည်ဖြစ်ရာ ချန်စုထင်ကို နိုင်သည်ဆိုရုံမျှသာ အနိုင်ယူနိုင်ခဲ့၏။
ဒုတိယထူးကဲယင်ပြိုင်ပွဲတွင်တော့ မန်ဝမ်ဒဏ်ရာရရှိထားသဖြင့် ချန်စုထင်က အနိုင်ရခဲ့ပြီး ကျောက်စိမ်းပင်လယ်မြို့တော်အတွက် ထူးကဲယင်သရဖူကို ရယူပေးနိုင်ခဲ့သည်။
အရှေ့ထန်တိုက်ပွဲတွင် ကျောက်စိမ်းပင်လယ်မြို့တော်မှ ဝါရင့်အကြီးအကဲက ထူးကဲယင်သရဖူနှင့်အတူ ချန်စုထင်ကို ခေါ်ဆောင်လာပြီး မြေကမ္ဘာနယ်မြေကို ဖြတ်သန်းခရီးနှင်ကာ ဝါဒတောင်နှင့်အတူ နေသူတောင်စင်ဂိုဏ်း၏ မဟာနေမင်းတိုင်းတာခြင်းပေတံကို အလစ်ချောင်းတိုက်ခိုက်ခဲ့သည်။
တတိယထူးကဲယင်ပြိုင်ပွဲတွင်တော့ မန်ဝမ်၏ဒဏ်ရာပြန်ကောင်းလာပြီး ထီးနန်းကို ပြန်လည်ရယူသည့် ဘုရင်မတစ်ပါးပမာ သရဖူကို ပြန်လည်ရယူခဲ့သည်။
စတုတ္ထထူးကဲယင်ပြိုင်ပွဲတွင်တော့ မန်ဝမ်က ယင်ယန်တည်ရှိမှုကျင့်စဉ်ကို စတင်ကျင့်ကြံနေသဖြင့် ဗျူဟာကျကျ အရှုံးပေးရန် ရွေးချယ်ခဲ့ပြီး လှိုင်းနက်ဂေဟာမှ ဖန်ချိုးက အနိုင်ရခဲ့သည်။
သို့ရာတွင် ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ချန်စုထင်က ထက်မြက်သည့်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားဆဲပင်။
လှိုင်းနက်ဂေဟာမှ ဖန်ချိုးက မန်ဝမ်ကဲ့သို့ ထူးခြားသည့် ပါရမီရှင်မိန်းမပျိုတစ်ယောက်ဖြစ်ကြောင်း ရန်ကျောက်ကဲ အကဲခတ်မိသည်။
သူမသည်လည်း မန်ဝမ်ကဲ့သို့ပင် နယ်ပယ်အားလုံးတွင် ထူးချွန်သူဖြစ်ပြီး အထူးသဖြင့် သူမ၏ထူးကဲယင်စွမ်းအားက အလွန်ပြင်းထန်သည်ဟု မှတ်ယူနိုင်သည်။
ယုန်သွားလေးများနှင့် မိန်းကလေးသည် ထူးကဲယင်မိန်းမပျိုများအားလုံးထဲတွင် ပင်ကိုယ် ‘ယင်’ စွမ်းအား အကောင်းဆုံးနှင့် အရည်အချင်းအရှိဆုံး မိန်းမပျိုလေး ဖြစ်သည်။
မန်ဝမ်သာ ယင်ယန်တည်ရှိမှုကျင့်စဉ်ကို မကျင့်ကြံဘဲ သူမ၏ပင်ကိုယ်အစွမ်းဖြင့်ဆိုလျှင် ဖန်ချိုးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထို့ပြင် လှိုင်းနက်ဂေဟာက အလွန်ထူးခြားသည့် ထူးကဲယင်ပညာကို ဖန်ချိုးကို သင်ပြပေးထားခဲ့သည်။
ဖန်ချိုး၏ ဦးခေါင်းထက်မှ ထီးလေးကိုကြည့်ရင်း ရန်ကျောက်ကဲ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရန်ကျောက်ကဲအကြည့်များက ထူးကဲယင်ပြိုင်ပွဲတွင် ပထမဆုံးပါဝင်ယှဉ်ပြိုင်သူ မိန်းမပျိုလေးတစ်ယောက်ထံသို့ ကျရောက်သွားသည်။
နေသူတော်စင်ဂိုဏ်းမှ ‘ယွင်ရှိုးချင်’။
နေသူတော်စင်ဂိုဏ်းမှ တပည့်ပင်ဖြစ်သော်လည်း ယွင်ရှိုးချင်က မန်ဝမ်နှင့် အလွန်ကွာခြားသည်။
သူမဦးခေါင်းထက်တွင် တောင်ထွတ်သဏ္ဌန် ပုံရိပ်တစ်ခု ရှိနေသည်။ ထိုတောင်ထွတ်ကြီးက နှင်းများထူထပ်စွာဖုံးလွှမ်းနေသော်လည်း မီးတောက်နှင့် ချော်ရည်များ အဆက်မပြတ် ထွက်ပေါ်လျှက် ရှိသည်။
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...
“မန်ဝမ်က ယင်ယန်တည်ရှိမှုကျင့်စဉ်ကို လမ်းတစ်ဝက်မှာ ကျင့်ကြံခဲ့ရတာ ၊ ဒါပေမဲ့ ဒီမိန်းကလေးကတော့ ခြွင်းချက်မရှိ အစကတည်းကစတင်ပြီး ကျင့်ကြံခဲ့မှာပဲ ၊ ပြီးတော့ သူ့ရဲ့ ထူးကဲယင်စွမ်းအားက အရမ်းထူးခြားတယ်”
သူက ဆက်ပြောသည်။
“သူ့ရဲ့ နားလည်နိုင်စွမ်းက မြင့်မားသလို သူမကျင့်ကြံတဲ့ ထူးကဲယင်ပညာကလည်း ထူးခြားတယ် ၊ အတွေ့အကြုံနည်းပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေတာတောင်မှ သူ့စွမ်းအားက ပြင်းထန်လွန်းတယ်”
အားဟူ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ ရန်ကျောက်ကဲထံမှ ထိုသို့သောအကဲဖြတ်မှု ရရှိရန်မှာ အလွန်ရှားပါးသည်ဟု ယူဆနိုင်သည်။
ပြိုင်ပွဲကို သေသေချာချာကြည့်လိုက်တော့ ရန်ကျောက်ကဲ ပြောသည့်အတိုင်း ယွင်ရှိုးချင်က အစွမ်းပြနေသည်ကို တွေ့မြင်လိုက်ရသည်။ သူမအစွမ်းက လင်ဟွေ့နှင့် နျန်လေ့တို့ထက်ပင် သာလွန်သည်။ အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲ (၂)ယောက်မှာ အတော်လေး ရုပ်ဆိုးပန်းဆို မျက်နှာပျက်နေကြလေပြီ။
ယွင်ရှိုးချင်က ထူးကဲယင်ပြိုင်ပွဲတွင် (၄)ကြိမ် ပါဝင်ယှဉ်ပြိုင်ဖူးသော လင်ဟွေ့နှင့် နျန်လေ့ထက်ပင် သာလွန်နေသည်မှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။
ကျောက်စိမ်းပင်လယ်မြို့တော်နှင့် လှိုင်းနက်ဂေဟာမှ အကြီးအကဲများ၏ မျက်နှာအမူအရာများကလည်း တည်ကြည်လေးနက်နေသည်။ ယွင်ရှိုးချင်သည် ချန်စုထင်နှင့် ဖန်ချိုးကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း တွေ့ရှိရသည် မဟုတ်ပါလား။
နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများကို ဦးဆောင်လာသူ ‘ညနေခင်းအရှင်’ ကတော့ ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် စကားတစ်ခွန်းမဆိုဘဲ ပြိုင်ပွဲကိုအာရုံစိုက်လျှက်ရှိ၏။
ထူးကဲယင်ပြိုင်ပွဲသို့ လိုက်ပါလာသော နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားအချို့က အေးစက်စွာပြုံးရင်း ရန်ကျောက်ကဲနှင့် အကြီးအကဲ’မုန့်’ တို့ကို လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် သူတို့အကြည့်များက ဖန်းယွင်ရှန်းဆီ ကျရောက်သွားသည်။
“ဒုတိယအချီတက်မယ့် (၄)ယောက်မှာ ချန်စုထင်နဲ့ ဖန်ချိုးတို့က အမှီလိုက်နိုင်ပေမယ့် ဟို သစ္စာဖောက်မကတော့ အရှက်ကွဲပြီး ဝါဒတောင်ကို ပြန်ရတော့မယ်ထင်တယ်”