အခန်း (၄၁၃-၄၁၅)
Vol. 9 Ch. 413-415
အပိုင်း (၄၁၃)
ဂုဏ်သရေတွေက သူမအပိုင်ပဲဖြစ်သင့်တာ။
အကယ်၍ ဧကရာဇ်ကို ရင်ဆိုင်ရတာကသာ လွယ်ကူမည်ဆိုလျှင် သာ့ရှန်းသည် ယနေ့အား ကြုံခဲ့ရမှာတောင် မဟုတ်ပေ။
မြို့စားဟောင်းကတော်၏ မွေးနေ့ပွဲမှာ တဖြည်းဖြည်း နီးကပ်လာနေသည်။ လုလျန့်ဝေဟာ ဤရက်ပိုင်းများတွင် အတော်လေး အလုပ်ရှုပ်နေခဲ့သည်။ သို့သော်လည်း ကျောင်းကန်သည် ဘာသာရေးဆိုင်ရာအမတ်ဝန်ကြီးများနှင့်အတူ နန်းတော်မှထွက်သွားသောကြောင့် သူ(မ)ပြဿနာမများတော့ဘဲ သူ(မ)အဘွား၏ ရက်ကြီးရက်ကောင်းအတွက် စိတ်နှစ်ပြီး ပြင်ဆင်နေခဲ့သည်။ မြို့စားဟောင်းကတော်မှာ အရာရာပြည့်စုံပါသော်လည်း ဗုဒ္ဓကျမ်းစာများကိုမူ အထူးလေးစားကြည်ညိုပေသည်။ ထို့ကြောင့် သူ(မ)အတွက် လက်ရေးမူကူယူပေးဖို့ရန် ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် ဤရက်ပိုင်းတွင် သူ(မ)ဟာ ထျန်းကျိုးတောင်ပေါ်သို့ သွားရန် အခွင့်အရေးရခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆရာတော်ရှန်းသည် သူ့ခရီးရှည်ကို မသွားရသေးပေ။ ဒါကြောင့် သူ(မ)က သူ့ဆီက တစ်ချို့အရာတွေကို တောင်းဆိုခဲ့သည်။ မြို့စားမင်းအိမ်တော်ရှိ အစေခံများမှာလည်း ရက်အတော်ကြာ အလုပ်ရှုပ်နေခဲ့ကြသည်။ သူတို့သည် စံအိမ်တော်အား ပြန်လည်ပြင်ဆင်မွမ်းမံပြီးသည့်နောက် နောက်ဆုံးတွင်တော့ မြို့စားဟောင်းကတော်၏မွေးနေ့ပွဲဟာလည်း ကျရောက်လာတော့သည်။
ပွဲတော်ကျင်းပသည့်ရက်တွင် မြို့စားဟောင်းကတော်၏မွေးနေ့ပွဲကို လာရောက် ဆုတောင်းပေးကြတဲ့သူတွေဟာ နန်းတော်အပြင်လမ်းတွေမှာပါ ပြည့်နှက်နေခဲ့သည်။ လာရောက်တဲ့လူအရေအတွက်ဟာ များပြားလွန်းနေခဲ့ပြီး ဧည့်သည်တွေကို ထိန်းချုပ်ဖို့ရန်အတွက် နန်းတော်အစောင့်တွေကပါ အပြည့်အဝအလုပ်ရှုပ်နေကြသည်။ လုလျန့်ဝေဟာလည်း သူ(မ)ဘာသာပင် အတော်လေး အလုပ်ရှုပ်နေခဲ့သည်။ သူ(မ)သည် လူတိုင်းအား လိုက်ပြီး ဧည့်ခံနေရတာမဟုတ်သော်လည်း သူ(မ)သည် အနာဂတ်မှာ ကြင်ယာတော်ဖြစ်လာမည်ဖြစ်သောကြောင့် သူ(မ)ဆီက မျက်နှာသာရဖို့ ကြိုးစားနေတဲ့သူတွေကိုပင် သူ(မ)မနည်း ကိုင်တွယ်နေရသည်။
သူ(မ) မြို့စားဟောင်းကတော်အား မွေးနေ့လက်ဆောင်ပေးလိုက်သည့်အခါ လူများသည် ချက်ချင်းဆိုသလို သူ(မ)ဘေးနားဝိုင်းပတ်လိုက်ပြီး သူ(မ)ကို အလယ်ခေါင်သို့ ပို့လိုက်သည်။
လုလျန့်ဝေ သူတို့ကိုပင် မသိတာတောင်မှ သူ(မ)နှင့် မိတ်ဆွေဆက်ဆံရေးတည်ဆောက်ချင်ကြတဲ့ သူတွေရဲ့ ဆန္ဒကိုတော့ တားလို့မရပေ။
“ ဒုတိယသခင်မလေးလု၊ သင့်ရဲ့ ဆံထိုးက အရမ်းကိုလှတာဘဲ။ ဘယ်မှာများလုပ်ထားတာလဲ “
“ ဒုတိယသခင်မလေးလု၊ ဒီဝတ်ရုံက သိပ်ကို ကျက်သရေရှိတာဘဲ။ ကျွန်မလည်းတစ်စုံလောက်လိုချင်မိပါတယ်။ ဘယ်ပန်းထိုးအတတ်ပညာရှင်ကများ ဒီလိုလက်ရာမြောက်တဲ့အထည်ကို ချုပ်ပေးထားတာပါလိမ့် “
လုလျန့်ဝေမှာ ပွဲအခမ်းအနားနှင့် လိုက်ဖက်သင့်တော်မည့် ဤပန်းနုရောင်ဝတ်ရုံကို သာမန်ကာလျှံကာရွေးလိုက်တယ်ဆိုတာကို ကောင်းကင်ဘုံကသာသိပေလိမ့်မည်။ ထို့အပြင် ဝတ်ရုံပုံစံမှာလည်း ရိုးရှင်းလှသည်။
“ မြို့စားမင်းဟောင်းကတော်က မြေးတစ်ယောက်ကို ဘယ်လို ပြုစုပျိုးထောင်ပညာသင်ပေးရမလဲဆိုတာကို သေသေချာချာကြီးသိတာဘဲ။ ဘယ်လောက်ထက်မြက်လိုက်သလဲ။ ကျွန်မ မိသားစုလိုမဟုတ်ဘူး........ “
ထိုစကားသံကြားတဲ့အခါ ဆူညံနေတဲ့လူအုပ်ကြီးက တိတ်ဆိတ်သွားပြီး စကားပြောလိုက်သည့်သူကို လှမ်းကြည့်လိုက်ကြသည်။
မြို့စားမင်းဟောင်းကတော်က ပြောပြီးနောက် သခင်မလင်းရဲ့ မသိမသာလှောင်ပြောင်မှုပါတဲ့ စကားလုံးတွေကို မကြားသယောင်ဖြင့် ကြင်နာတဲ့အပြုံးတစ်ခုနှင့်သာ အဆုံးသတ်လိုက်သည်။
သခင်မလင်းက တင်းမာမှုကို သတိပြုမိလိုက်ပြီး ကြောင်ကြောင်အအနဲ့ ပြောလိုက်သည်။
“ ဒါက သခင်မကြီးရဲ့ ရက်ကြီးရက်မြက်ပါ။ ကျွန်မ ဒီလို မပြောသင့်...... “
“ ကိစ္စမရှိပါဘူး သခင်မလင်း။ စိတ်ထဲမထားပါနဲ့။ ဒါနဲ့ ရှင် ကိုယ်ဝန်ဆောင်နေရတယ်လို့ကြားတယ်။ ရှင် ထိုင်နေသင့်တယ်နော်။ လန်ရှင်း၊ သခင်မလင်းအတွက် ခုံယူပေးပါဦး “
ဒေါ်လေးလန်က ခုံတစ်လုံအမြန်ဆွဲယူလိုက်ပြီး သခင်မလင်းကို ထိုင်ဖို့ ညွှန်ပြလိုက်သည်။
“ ကျေးဇူးတင်ပါတယ်၊ သခင်မကြီး “
မြို့စားဟောင်းကတော်က ခပ်ချိုချိုအပြုံးတစ်ခုပြုံးပြီးနောက် လူအုပ်ကြီးကိုပြောခဲ့သည်။
လုလျန့်ဝေက စိတ်သက်သာရာရသွားသကဲ့သို့ တိုးလျလျသက်ပြင်းတစ်ချက်ချလိုက်ပြီး အမြန်လျှောက်သွားလိုက်ကာ သူ(မ)အဘွားဘေးနားတွင် ဝင်ထိုင်လိုက်သည်။
အစောပိုင်းက သူ(မ)နှင့် မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေသည့် အခြားမိန်းကလေးတွေရဲ့ အပြုအမူများဟာလည်း ခဏရပ်သွားခဲ့ပေမဲ့ သူတို့ပြောခဲ့တဲ့စကားလုံးတွေကတော့ လုလျန့်ဝေကို မျက်နှာပူစေနေဆဲဖြစ်သည်။
လုလျန့်ဝေဟာ ကြောင်အခြင်းနဲ့ ရှက်ရွံမှုတို့ကြား နစ်မြုပ်နေခဲ့သည်။ ဒီလူတွေမှာ ဒီထက်ပိုကောင်းတဲ့ အခြားလုပ်စရာတွေ မရှိတော့ဘူးလား။
ဒါက သူ(မ)အဘွားရဲ့ မွေးနေ့ပွဲဖြစ်ပေမဲ့ လူတွေက ဘာလို့ သူ(မ)နားမှာဘဲ ဝိုင်းပတ်နေကြတာလဲ။
လုယွင်ရွှမ်း စားပွဲခန်းမထဲဝင်လာသည်နှင့် သူ(မ)မြင်သမျှဟာ အမျိုးသမီးတစ်စုက လုလျန့်ဝေအား အဆုံးမရှိသည့် စကားမျှင်တန်းတွေ ပြောနေခြင်းဖြစ်သည်။
သူ(မ)နှင့် စကားပြောနေခြင်းက သူတို့အား ကိုယ်ရောင်ဝါတက်စေသည့်အလား အဆက်မပြတ်ပြောနေကြသည်။
တစ်စုံတစ်ယောက် ဝင်လာသည်ကိုမြင်တဲ့အခါ စကားပြောသံတို့ဟာ လူအုပ်ထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
“ အိမ်ရှေ့စံမင်းသမီးရောက်လာပါပြီ “
မည်သူပြောလိုက်လဲဆိုသည်အား မသိကြသော်ငြား။ လူအုပ်ကြီးဟာ တစ်ခဏမျှရပ်ကာ ကြောင်အသွားကြပြီး အသိစိတ်ပြန်ဝင်လာသည့်အခါ အိမ်ရှေ့စံမင်းသမီးအား အရိုအသေပေးဖို့ ရန် ထရပ်လိုက်ကြသည်။
လုယွင်ရွှမ်းဟာ သူ(မ)ရဲ့ လက်ကိုင်ပဝါအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် လူအုပ်ကြီးကို ချိုချိုသာသာ နှုတ်ဆက်လိုက်သည်။
“ အမျိုးသမီးတို့ ဒီလိုပျူငှာဖို့မလိုပါဘူး “
အဆုံးတွင် သူ(မ)အသံတိတ်သွားတဲ့အခါ လူတိုင်းက သူ(မ)ကို ဆက်အာရုံမထားတော့ဘဲ သူတို့ရဲ့ စိတ်အားထက်သန်တဲ့အကြည့်တို့ကို လုလျန့်ဝေရှိရာသို့ ပြန်ပြောင်းလိုက်ကြသည်။
သူတို့မျက်နှာပေါ်က အမူအရာတွေဟာ လုယွင်ရွှမ်းကို အလုံးစုံဒေါသထွက်လာစေသဖြင့် သ(မ)အံကြိတ်ကာ မေးရိုးကိုတင်းလိုက်သည်။
အလေးစားခံရတဲ့ဂုဏ်သရေတွေက သူမအပိုင်ပဲဖြစ်သင့်တာ။
လုလျန့်ဝေကြောင့်သာမဟုတ်ခဲ့ပါက ထိုလူအားလုံးသည် သူ(မ)ခန်းမထဲဝင်လာသည့်အချိန်၌ သူ(မ)ကိုသာ ခရီးဦးကြိုပြုကြမှာဖြစ်သည်။
အပိုင်း (၄၁၄)
သဘောထားတွေက တစ်ခါတည်း မြင်သာနေတယ်။
ဒါပေမဲ့ အခုတော့......
လုယွင်ရွှမ်းသည် သူ(မ)ဘဝတွင် ဤကဲ့သို့ အေးစက်သည့် ပြုမူမှုမျိုး ဘယ်တုန်းကမှ မရရှိဖူးပေ။ သူ(မ) စိတ်နောက်သွားရပြီး လုလျန့်ဝေကို စိတ်ထဲကနေ ကြိမ်းမောင်းလိုက်သည်။ စောစောစီးစီး သူ(မ)ကို ရှင်းမထုတ်ပစ်ထားမိလိုက်သည့်အတွက်လည်း နောင်တရနေသည်။
ဒီအရူးအနှမ်းကို ကြောက်စရာမကောင်းဘူးဟု သူ(မ) တွက်ထားပါသော်လည်း ဤမျှတိုတောင်းတဲ့အချိန်အတွင်းမှာတင် သူ(မ)အား အရှက်ရမည့်အဖြစ်မျိုးကြုံစေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
သူ(မ) စိတ်ထဲအသည်းထဲကနေ ဒေါသထွက်နေသော်လည်း ကျက်သရေရှိပြီးရက်ရောသည့်အပြုံးအား ဆက်ပြုံးလျက် မြို့စားမင်းဟောင်းကတော်ရှေ့သို့ လျှောက်သွားလိုက်သည်။
“ ဒီနေ့က အဘွားရဲ့ မွေးနေ့ဖြစ်တာကြောင့် ဒီက မြေးမကလည်း အဘွားအတွက် လက်ဆောင်ပြင်ထားပါတယ် “
ထိုအကြောင်းအားကြားသည့်အခါ လုယွင်ရွှမ်းသွေးအန်ထွက်မတတ်ဖြစ်သွားတော့သည်။
‘ဘာ။ လုလျန့်ဝေကလည်း အဘွားအတွက် ဗုဒ္ဓကျမ်းစာ ပုံစံတူကူးပေးထားတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့ဒီကျပ်မပြည့်က ဘယ်လိုဖြစ်ပြီး အဲ့လောက်စဉ်းစားပေးတတ်မှာလဲ ‘
ထိုအချိန်တွင် မြို့စားမင်းဟောင်းကတော်က အနီရောင်အဝတ်စအား ဖြည်ချလိုက်သည့်အခါ အထဲ၌ ထည့်စည်းထားသော လက်ရေးစာဗုဒ္ဓကျမ်းကို တွေ့လိုက်ရလေသည်။
ထိုလက်ဆောင်အားမြင်သည့်အခါ အမယ်အိုကြီးရဲ့အမူအရာမှာ ပျော်ရွှင်မှုရော ဒေါသရောမပြဘဲ မထူးခြားနားရှိနေသည်။ သူ(မ) ဘေးကို မချလိုက်ခင်တွင် စာမျက်နှာ အနည်းငယ်အား လှန်ကြည့်လိုက်သည်။
“ ဒီအမယ်အိုကြီးအတွက် စဉ်းစားပေးတဲ့ အိမ်ရှေ့စံမင်းသမီးရဲ့လက်ဆောင်ကို ကောင်းကောင်းလက်ခံရရှိပါတယ် “
မြို့စားမင်းဟောင်းကတော်ရဲ့ မျက်နှာအမူအရာကိုမြင်သည့်အခါ လုယွင်ရွှမ်း၏ စိတ်များလေးလံသွားရသည်။ သူ(မ)က ပြုံးလိုက်ပြီး
“ ညီမလေးကလည်း ဗုဒ္ဓကျမ်းစာကို ကူးပြီး အဘွားကိုပေးဖို့ ပြင်ဆင်ထားတာဖြစ်နေတာဘဲ။ ညီမလေးနဲ့ ကြိုပြီးတိုင်ပင်ခဲ့သင့်တာပါ။ တကယ်လို့ သူ(မ)ကသာ ဒီလိုဆုံးဖြတ်ထားတယ်ဆိုရင် တခြားဟာပေးပါတယ်။ ကံကောင်းထောက်မလို့ အဘွားအတွက် နောက်ထပ်လက်ဆောင်တစ်ခုပြင်ထားပါသေးတယ်။ အဘွားနှစ်သက်မယ်လို့ မျှော်လင့်ပါတယ် “
သူ(မ)စကားရပ်သွားတာနဲ့ အနောက်မှာရပ်နေတဲ့ ဟုန်ရှို့က လက်ထဲကအရာကို ချက်ချင်းပြသလိုက်သည်။ သူ(မ)က ဖုံးထားသည့် အနီရောင်အဝတ်စအား ဖယ်လိုက်ကာ ပြုံးလျက်
“ သခင်မကြီး၊ အိမ်ရှေ့စံမင်းသမီးက ဒီကြိုးကြာကျောက်စိမ်းကို အချိန်အကြာကြီးရှာခဲ့ရတာပါ။ ကြိုးကြာတွေက အသက်ရှည်ခြင်းကို ကိုယ်စားပြုပါတယ်။ အိမ်ရှေ့စံမင်းသမီးက သခင်မကြီးကို တက်ကြွသန်မာပြီး ရှည်ကြာတဲ့ဘဝမှာ ထူးခြားဆန်းကြယ်တဲ့ကြိုးကြာတွေထက်ကို ပိုပြီး အသက်ရှည်စေဖို့ မျှော်လင့်ပါတယ် “
“ အရမ်းတွေးတတ်တာဘဲ၊ ရွှမ်အာ။ ဒီမွေးနေ့လက်ဆောင်ကို အတော်လေးနှစ်ခြိုက်ပါတယ် “
လုယွင်ရွှမ်းပျော်သွားသလို အနည်းငယ်လည်း ဂုဏ်ယူမိသွားသည်။
သူ(မ)က ဗုဒ္ဓကျမ်းစာကို အရင်ပေးလိုက်သည့်အခါတွင် ထိုအခွင့်အရေးအား လုလျန့်ဝေကရပြီးသားဖြစ်သောကြောင့် တူညီသောလက်ဆောင်အား သူ(မ)ထပ်ပေးသည့်အခါ အဘွားကသိပ်မကြိုက်တော့ပေ။ သို့သော်လည်း သူ(မ)သည် ဤကြိုးကြာကျောက်စိမ်းအား အချိန်အကြာကြီးပေး၍ ရှာထားခဲ့ခြင်းဖြစ်သည့်အပြင် ကြိုးကြာကိုယ်တိုင်မှာလည်း နိမိတ်ကောင်းကို ကိုယ်စားပြုလေသည်။ လုလျန့်ဝေက သူ(မ)ပေးတာထက် ပိုကောင်းတဲ့လက်ဆောင်ပေးနိုင်မယ်လို့တော့ သူ(မ) မထင်ပါ။
လုလျန့်ဝေသည် ဗုဒ္ဓကျမ်းစာအပြင် အခြားဘာမှထပ်ပြင်ဆင်ထားပုံမပေါ်ချေ။
သဘောထားတွေဟာ တစ်ခါတည်းမြင်သာနေသည်။ အကယ်၍ အဘွားကသာ သူ(မ)အတွက် မည်သူက ပိုပြီးစဉ်းစားပေးတတ်လဲဆိုသည်ကို ယခုထိ မသိသေးလျှင် သံသယဝင်စရာကောင်းပေတော့မည်။
“ အစ်မတော်က စဉ်းစားပေးတတ်တာဘဲ။ ညီမလေးပေးတဲ့လက်ဆောင်က အစ်မပေးတာနဲ့ ယှဉ်လို့မရပါဘူး။ ဒါပေမဲ့ အရေးအကြီးဆုံးက အဘွားပျော်ရွှင်ဖို့ပါဘဲ “
လုယွင်ရွှမ်း၏စူးရှနေသော မျက်လုံးအကြည့်တို့အား လျစ်လျူရှု၍ လုလျန့်ဝေက အပြုံးမပျက်ပြောလေသည်။
မြို့စားမင်းဟောင်းကတော်က သူ(မ)ဘက်ကို လှည့်လိုက်သည်။ သူ(မ)က လုလျန့်ဝေရဲ့ခေါင်းအား ပွတ်သပ်ပေးလိုက်ပြီး ရယ်မောကာ ဆူပူသလိုပြောလေသည်။
“ အမြဲတမ်း အကုန်အကျနည်းနည်းနဲ့ လုပ်တတ်တာပဲ၊ ကျီစယ်နောက်ပြောင်ပြီးတော့ ဒီအမယ်အိုကြီးကို အရူးလုပ်ဖို့ ဗြုတ်စဗျင်းတောင်းတွေ ယူယူလာတယ် “
“ အဘွားသိတာဘဲ ကျွန်မက အပျင်းကြီးတယ်ဆိုတာကို။ အစ်မတော်ကသာ တွေးပေးအတတ်ဆုံးသူပါ။ ကျွန်မအထင် ကြိုးကြာက ရှာဖို့ခက်ရုံတင်မဟုတ်ဘဲ အစ်မတော်အတွက် ငွေအတော်လေးကုန်ကျခဲ့မယ်ထင်တယ် “
အပိုင်း (၄၁၅)
လုလျန့်ဝေက သူ(မ)အား ထပ်ပြီး အနိုင်ယူသွားပြန်သည်။
လုယွင်ရွှမ်း ထိုစကားလုံးတွေအား ကြားတဲ့အခါ သူ(မ)ကို စက်ဆုပ်ရွံရှာသွားသည်။
လုလျန့်ဝေလို အရူးမကဘဲ ဒီစကားကို သာမန်ကာလျှံကာတွေးမှာဖြစ်သည်။
“ အဘွားသာနှစ်ခြိုက်တယ်ဆို ပိုက်ဆံက အရေးမကြီးပါဘူး “
လုယွင်ရွှမ်းပြုံးလိုက်သည်။
လုလျန့်ဝေက သူ(မ)ကို ပြုံးပြလိုက်ပြီး ဆက်ပြောလိုက်သည်။
“ အစ်မတော်၊ အိမ်ရှေ့စံမင်းသမီးအနေနဲ့ ပိုက်ဆံတွေအများကြီးရတယ်ထင်တယ်။ အစ်မတော်အသံက အရမ်းကို ရက်ရောနေသလိုဘဲ “
လုယွင်ရွှမ်းပိုပြီးတောက်တောက်ပပပြုံးလိုက်သည်။
“ ညီမလေး၊ ဘာလို့ ငွေစတွေအကြောင်းဘဲ ပြောနေရတာလဲ။ လူတွေက လှောင်ပြောင်သရော်ကြမှာကို မကြောက်ဘူးလား “
ထိုစကားပြောပြီးနောက် ကျန်ရှိနေတဲ့သူတွေအား တစ်ချက်လှမ်းကြည့်လိုက်သည်။
“ တောင်းပန်ပါတယ်၊ အစ်မတော်။ အစ်မလို အိန္ဒြေရှိပြီး မြင့်မြတ်တဲ့သူမဟုတ်ဘဲ ကျွန်မက တကယ်ကို အရှက်မရှိတဲ့သူပါ။ ငွေစကလွဲပြီး အခြားဘယ်ဟာကို တန်ဖိုးကြီးမှန်းလဲ မသိပါဘူး “
‘ ဒါဆို ဒုတိယသခင်မလေးက ငွေစတွေကို ကြိုက်တာလား ‘
‘ သူ(မ)ကို ပေးတဲ့လက်ဆောင်တွေကို ထိတောင်မထိဘဲ ပြန်ပေးခဲ့တာ မထူးဆန်းတော့ဘူးဘဲ ‘
‘ ငါတို့လည်း နောက်တစ်ခါ ရွှေစ၊ ငွေစတွေ ပို့ပေးသင့်လား ‘
လုယွင်ရွှမ်း အခြားသူများ၏မျက်နှာအားကြည့်လိုက်သည့်အခါ သူတို့သည် လုလျန့်ဝေအပေါ် အထင်သေးနေသည့်အရိပ်အယောင်မျိုး မတွေ့ရပေ။ ထိုအစား သူတို့ရဲ့လျှို့ဝှက်သည့်အကြည့်များနှင့် တစ်ခုခုကို သဘောပေါက်သွားသည့် အကြည့်များသာဖြစ်ကြောင်း သိလိုက်ရသည်။
လုယွင်ရွှမ်းအနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
‘ ဒီလူတွေက ဘာဖြစ်နေကြတာလဲ။ လုလျန့်ဝေ ဘယ်လောက်အသိတရားမရှိလဲဆိုတာကို မြင်လိုက်ရတယ်မဟုတ်လား။ အဲ့တာကို ဘယ်လိုဖြစ်ပြီး သူ(မ)ကို အထင်မသေးကြသေးတာလဲ ‘
မြို့စားမင်းဟောင်းကတော်က လုလျန့်ဝေရဲ့ ရှေ့နဖူးကို ငြင်ငြင်သာသာလေး တို့လိုက်သည်။
သူ(မ) အခု ဒေါသထွက်သင့်လား၊ ရယ်မောသင့်လားပင် မသိတော့ပေ။ လူတွေရဲ့ပိုက်ဆံကို လုလျန့်ဝေလောက် မက်မောတဲ့သူရောရှိသေးရဲ့လား။
ဒေါ်လေးလန်ဟာလည်း ထိန်းမထားနိုင်ဘဲ ရယ်မောလေသည်။
ဤကမ္ဘာတွင် သူ(မ)မိသားစုထဲက ဒုတိယသခင်မလေးလုသာလျှင် ဤကဲ့သို့သောနည်းလမ်းမျိုးနှင့် ငွေစတောင်းရဲမှာဖြစ်သည်။ အပြစ်ကင်းကင်း၊ ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်တာကိုတော့ ထည့်ပြောစရာပင်မလိုတော့ချေ။
လာမည့် နှစ်ရက်အတွင်းတွင်တော့ ဒုတိယသခင်မလေးလု၏ ဘဏ္ဍာတိုက်လေးကတော့ ပြည့်နေတော့မှာပင်ဖြစ်သည်။
မြို့စားမင်းဟောင်းကတော်သည် သူ(မ)လက်ကောက်ဝတ်က ပုတီးကိုထိပြီး ရယ်လိုက်သည်။
“ ကောင်းပြီ၊ ကောင်းပြီ။ မင်းတို့ညီအစ်မတွေရဲ့လက်ဆောင်တွေကို ဒီအဘွားအိုကြီးက သဘောကျကျေနပ်ပါတယ် “
သူ(မ)က လက်ကောက်ဝတ်ရှိ ပုတီးအား ပွတ်နေတာကို မြင်လိုက်သည့်အခါ လုယွင်ရွှမ်းချက်ချင်းမကောင်းတဲ့ခံစားချက် ရလိုက်သည်။
သူ(မ)အဘွား အရင်တုန်းက ဒီပုတီးဝတ်တာကိုမမြင်ဖူးပါဘူး။ ဘယ်လို ........
သူ(မ)တွေးနေစဉ်မှာပင် ကတော်တစ်ယောက်ထံမှ မြို့စားမင်းဟောင်းကတော်၏စကားအား ထောက်ခံလိုက်သည့်အသံ ထွက်လာခဲ့သည်။
“ အမှန်ပါဘဲ။ အိမ်ရှေ့စံမင်းသမီးက သခင်မကြီးရဲ့ မွေးနေ့လက်ဆောင်အတွက် အဓိပ္ပာယ်ပြည့်ဝလှတဲ့ကျောက်စိမ်းကို ရရှိခဲ့တာကြောင့်မို့ မြေးဝတ္တရားကျေပွန်လှတယ် အဲ့အပြင် ဒုတိယသခင်မလေးကလည်း အရမ်းကို အံ့ဩစရာကောင်းလှပါပေတယ်။ ထျန်းကျိုးဘုရားကျောင်းထိတောင်သွားပြီး ဆရာတော်ချင်းကျန်ဆီကနေ ဆုတောင်းကောင်းချီးအပြည့်ရှိတဲ့ ဗုဒ္ဓပုတီးတော်ကို တောင်းဆိုနိုင်ခဲ့တယ်။ မြို့စားမင်းဟောင်းကတော်က ဒီလိုဝတ္တရားကျေပွန်ပြီးထက်မြက်တဲ့ မြေးနှစ်ယောက်တောင်ရှိတာ တကယ်ကို ကောင်းချီးရတာပါဘဲရှင်။ အလွန်ကို အားကျမိပါတယ် “
မြို့စားမင်းဟောင်းကတော်၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ ဗုဒ္ဓပုတီးစေ့တို့ကို လုယွင်ရွှမ်းချက်ချင်းကြည့်လိုက်သည်။
ဆရာတော်ချင်းကျန်ကိုယ်တိုင် ဒီပုတီးကို ပေးပြီးဆုတောင်းပေးလိုက်တာလား။
ဆရာတော်ချင်းကျန်က ဒီနှစ်တွေမှာ ခရီးနှင်နေခဲ့တာမဟုတ်ဘူးလား။ လုလျန့်ဝေက ဆရာတော်ချင်းကျန်နဲ့ တွေ့ဖို့ ဘယ်လိုစီစဉ်နိုင်သွားတာလဲ။
နောက်ကျမှရောက်လာသည့် သခင်မတွေ၊ အမျိုးသမီးတွေကလည်း ထိုသခင်မပြောတာကို ကြားပြီးတဲ့အခါ သူတို့ရဲ့မျက်နှာထက်တွင် အံ့ဩသည့်အမူအရာတို့ ပြည့်နှက်သွားကာ ထိုပုတီးကို လှမ်းကြည့်ကြလေသည်။
ဘုရားရေ၊ ဆရာတော်ချင်းကျန် ကိုယ်တိုင်ဆုတောင်းပေးအပ်လိုက်တဲ့ ပုတီးတဲ့လား။ ဘယ်လောက်တောင် ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံလိုက်မလဲ။
ထိုတဒင်္ဂတွင် အားလုံးက အားကျမှုကို ခံစားလိုက်ကြရသည်။
ဆရာတော်ချင်းကျန်သည် ထိုကဲ့သို့သောအရာမျိုးအား မည်သူ့ကိုမဆို ကြုံရာလုပ်ပေးတတ်သည့် သူမျိုးမဟုတ်ပေ။ သူကိုယ်တိုင်ဆုတောင်းထားတဲ့ ဒီလိုအရာကို လက်ခံရရှိခြင်းက တကယ့်ကို အတော်လေးဂုဏ်ယူဝမ်းမြောက်စရာကောင်းလှသည်။
ဤနေရာတွင်ရှိနေသည့်သူတိုင်းဟာလည်း ဆရာတော်ချင်းကျန်ဆီမှ ထိုကဲ့သို့အရာမျိုးလက်ခံရရှိပါက ဂုဏ်ယူခြင်းကို ခံစားရမည်ဖြစ်သည်။
“ အို၊ ဒါဆို အဲ့တာက ဆရာတော်ချင်းကျန်ဆုတောင်းပေးထားတဲ့ ဗုဒ္ဓပုတီးပေါ့။ ဒုတိယသခင်မလေးက မြို့စားမင်းဟောင်းကတော်အပေါ် တကယ်ကို တာဝန်ကျေပွန်တာပါဘဲ “
လုလျန့်ဝေကို တိုက်ရိုက်မြှောက်ပင့်ပြောဆိုတဲ့စကားလုံးတွေအား ကြားလိုက်ရသည့်အခါ လုယွင်ရွှမ်းလက်သီးဆုပ်လိုက်မိပြီး ဒေါသကြောင့် သွေးအန်ထွက်တော့မလိုပင်ဖြစ်သွားခဲ့သည်။
လုလျန့်ဝေက သူ(မ)အား နောက်တစ်ကြိမ် အနိုင်ပိုင်းလိုက်နိုင်မယ်လို့ ဘယ်သူထင်မှာလဲ။
ဒီအရူးမကတော့။