သဘောထား
Vol. 018 Ch. 1781
ရီဖူရှင်းက သူကြားသိသောသတင်းများအား အရှင်ထိုက်ရွှမ်ကို ပြောပြ၏။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် အချိန်အတိုင်းအတာတစ်ခုအထိ ကျောင်းတော်တွင် လာရောက်နေထိုင်ရန် သူတို့၏ ကျင့်ကြံသူများကို ဖိတ်ခေါ်ဖို့ရာ တပည့်များကို မဟာမိတ် အင်အားစုများဆီ စေလွှတ်ခဲ့၏။ သူတို့က ဖြစ်လာနိုင်ခြေအားလုံးကို ရင်ဆိုင်ရန် ပြင်ဆင်လို၏။
တစ်ဖက်တွင်မူ အထက်ကောင်းကင်ဘုံက ရတက်မအေး ဖြစ်နေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်၌ ရွှေရောင်နတ်ပြည်ထောင်သည် အထက်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သည့် နတ်နန်းတော်ကို လာရောက်တိုက်ခိုက်နိုင်သည်ဟူ၍ ကောလာဟလများ ပျံ့နေသည်။
ရှန့်ရှောင်းနတ်နန်းတော်သည် ထူးချွန်ထက်မြက်သောကျင့်ကြံသူများကို လေ့ကျင့်ပေးခဲ့သည်။ အခြားသော ဘုံများမှ ရန်ဟောင်တချို့ပင် ထိုနေရာတွင် သင်ယူခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်ကို အမှန်တကယ် လိုချင်နေသည်ဆိုပါက သာမန် ရန်ဟောင်များအဆင့်ဖြင့် ဖျန်ဖြေနိုင်သည့် အရည်အချင်း မရှိပေ။ အဆင့်မြင့် ရန်ဟောင်များပင် ဝင်စွက်ဖက်ရန် ခက်ခဲ၏။
ယခုအချိန်တွင် ထိပ်တန်းအင်အားစုမှ လာရောက် ကျင့်ကြံကြသည့် တပည့် အများစုက နတ်နန်းမှ ထွက်သွားကြပြီဖြစ်သည်။ အခြေအနေက ထိလွယ်ရှလွယ်ဖြစ်နေပုံကို မှန်းဆရန် လွယ်ကူ၏။
သို့သော် ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ရှိ တခြားလူများသည် ရွှေရောင်နတ်ပြည်ထောင်က ရှန့်ရှောင်းနတ်နန်းတော်ကို တိုက်ခိုက်သည့် သတင်း မကြားကြပေ။ သို့သော် မထင်မှတ်ထားသော ကိစ္စဖြစ်ပေါ်လာ၏။
ရွှေရောင်နတ်ပြည်ထောင်က စတင်တိုက်ခိုက်ခဲ့၏။ ပစ်မှတ်ကတော့ ရှန့်ရှောင်းနတ်နန်းတော်ကို မဟုတ်ပေ။
သတင်းပို့ချက်ရောက်လာသောအခါ ကောင်းကင်အာဏာစက် ကျောင်းတော်အတွင်းရှိ အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းက အံ့သြသွားသည်။
“လီနတ်ဓားမိသားစု သုတ်သင်ရှင်းလင်း ခံလိုက်ရတာလား”
အရှင်ထိုက်ရွှမ်က သတင်းပို့သူကို စိုက်ကြည့်ပြီး ပြန်လည်၍ မေးခွန်းထုတ်လိုက်၏။ သူသည် အထက်ကောင်းကင်ဘုံရှိ ထိုက်ရွှမ်တောင်ထဲတွင် ကျင့်ကြံခဲ့ဖူးရာ အထက်ကောင်းကင်ဘုံထဲရှိ အင်အားစုများနှင့် အတော်လေး ရင်းနှီးပေ၏။
လီနတ်ဓားမိသားစုက မည်သည့်သက်ရှိဒဏ္ဍာရီအဆင့်တန်ခိုးရှင်မှ မရှိသော်ငြား စွမ်းအားကြီးပြီး အမွေအနှစ်ကြွယ်ဝသည့် မိသားစုတစ်ခု ဖြစ်သည်။ သူတို့သည် အထက်ကောင်းကင်ဘုံတွင် ဓားပညာ၌ စွမ်းရည်မြင့်မားကြ၏။
အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းသည် လီနတ်ဓားမိသားစုနှင့် သက်ဆိုင်သည့် သတင်းအချို့ကို သိပ်မကြာခင်က ကြားခဲ့သည်။ လီနတ်ဓားမိသားစုတစ်စုလုံး အသတ်ခံလိုက်ရကြောင်း ကြားလိုက်ရသည်က သူတို့အတွက် ထိတ်လန့်သွားစေ၏။
“ဒါက..”
“ဟုတ်တယ်.. လီနတ်ဓားမိသားစုက ရွှေရောင်နတ်ပြည်ထောင်နဲ့ ရှီလင်နတ်မြို့တော်က လူတွေရဲ့ အမိန့်ကို လိုက်နာချင်ယောင်ဆောင်တယ်။ ဒါပေမဲ့ ဖြစ်ရပ်နောက်ကွယ်က အထက်ဘုံထဲမှာ မဟာမိတ်တွေကို တဖြည်းဖြည်း လှိုက်စားရအောင်လို့ ဆွေးနွေးခဲ့တာ။ ပြီးတော့ အင်အားစုတွေကြားမှာ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့ ဖြစ်စဉ်ကိုလည်း နှောင့်နှေးစေခဲ့ပြီး ဘုံရဲ့အနာဂတ်ကို ထိခိုက်စေခဲ့တယ်။ ဒါကြောင့် သူတို့တွေက လှုပ်ရှားခဲ့တာပဲ။ လီနတ်ဓားမိသာစုတစ်ခုလုံးကို မသုတ်သင်ခဲ့ပေမဲ့ သူတို့ရဲ့ ထိပ်တန်းကျင့်ကြံသူတွေကို သတ်ခဲ့တယ်။ ဒါ့အပြင် တိုက်ခိုက်ခဲ့တဲ့သူတွေထဲမှာ ရွှေရောင်နတ်ပြည်ထောင်က တန်ခိုးရှင်နှစ်ဦးတင် မကဘူး၊ တခြားအင်အားစုက လူတွေလည်းပါတယ်” သတင်းပို့သူက အကြောင်းပြန်သည်။
“ပြင်ပဘုံက အင်အားစုတွေလား..” အရှင်ထိုက်ရွှမ်က မေးလိုက်၏။
“ဟုတ်ပါတယ်” သတင်းပို့သူက ခေါင်းညိတ်သည်။
“ထိုက်ချူတော်ဝင်မြေလား..” အရှင်ထိုက်ရွှမ်က မေးလိုက်သည်။
“ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့အခေါက်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာခဲ့တဲ့ ထိုက်ချူတော်ဝင်မြေကလူတွေနဲ့ တစ်ဖွဲ့တည်းတော့ မဟုတ်လောက်ဘူး။ ပြင်ပဘုံက ကျင့်ကြံသူတွေကြောင့် ကျွန်တော်တို့ များများစားစား မသိတာ။ သူတို့ ဘယ်အင်အားစုကလဲ ဆိုတာ မဖော်ထုတ်နိုင်ဘူး။ ဒါပေမဲ့ ထိုက်ချူတော်ဝင်မြေက ရွှေရောင်နတ်ပြည်ထောင်နဲ့ လက်တွဲခဲ့တဲ့ တစ်ခုတည်းသော အင်အားစုမဟုတ်ကြောင်း အထက်ဘုံမှာ ကောလာဟလတစ်ခု ပြန့်နေတယ်။ တခြားအင်အားစုတွေလည်း ပါတဲ့ပုံပဲ” သတင်းပို့သူက ဆက်ပြောသည်။
အရှင်ထိုက်ရွှမ်၏ အမူအရာက သုန်မှုန်သွား၏။ ရွှေရောင်နတ်ပြည်ထောင်က လီနတ်ဓားမိသားစုကို ဦးစွာ ရိုက်ချလိမ့်မည်ဟု သူ မထင်ထားပေ။
သူတို့က လီနတ်ဓားမိသားစုနှင့် ဆက်သွယ်မှုတချို့ရှိ၏။ သို့တိုင်အောင် ရင်းနှီးသည့် ဆက်ဆံရေးတော့ မဟုတ်ပေ။
“ရွှေရောင်နတ်ပြည်ထောင်က အခုတစ်ခေါက် အပြည့်အဝ ပြင်ဆင်ထားတဲ့ပုံပဲ..” အရှင်ထိုက်ရွှမ်က ပြော၏။
“ရွှေရောင်နတ်ပြည်ထောင်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို အမြဲတမ်း ပစ်မှတ်ထားချင်နေတာ။ နတ်နန်းနဲ့ ကျုပ်တို့ရဲ့ဆက်ဆံရေးကိုလဲ သိတာပေါ့။ သူတို့တွေက အရင်တည်းက ကျုပ်တို့ နတ်နန်းနဲ့မဟာမိတ်ဖွဲ့ထားတာကို သိတယ်။ ပြီးတော့ ကျုပ်တို့ အရည်အချင်းအစစ်ကို နားလည်တယ်လေ။ ဒီလို အခြေအနေအောက်မှာ သူတို့ ဝင်တိုက်ခိုက်ဖို့ ဆုံးဖြတ်တာက အခြေအနေကို တွက်ချက်ပြီး ဖြစ်ရမယ်။ နတ်နန်းတော်အပြင် သူတို့မှာ တခြားသူတွေ ရှိအုံးမှာ” ရီဖူရှင်းက အေးတိအေးစက်အသံဖြင့် ပြောလိုက်၏။
“မင်းပြောပုံအရ ပြင်ပဘုံက အင်အားစုတွေ ရောက်လာတာ ငါတို့ကြောင့်ပဲ” အရှင်ထိုက်ရွှမ်က ရီဖူရှင်း ဆိုလိုသည်ကို နားလည်၏။
ကောင်းကင်အာဏာစက်ဘုံအနေဖြင့် နတ်နန်းတော်ကို ကူညီပါက ပြင်ပဘုံအင်အားစုများကို ဆန့်ကျင်ခြင်းဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက သူတို့တွင် ရန်သူများ ပိုများလာပေမည်။
“ရွှေရောင်နတ်ပြည်ထောင်က ဖုံးကွယ်ထားတဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ သူတို့က လီနတ်ဓားမိသားစုကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ လီနတ်ဓားမိသားစုက သူတို့ရဲ့ပစ်မှတ်အမှန်တော့ မဟုတ်ဘူး” ရီဖူရှင်းက ပြော၏။ ရွှေရောင်နတ်ပြည်ထောင်က အထက်ဘုံထဲရှိ ကျန်သည့်အင်အားစုများကို ဟန့်တားရန်အတွက် လီနတ်ဓားမိသားစုကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့် တခြားအင်အားစုများက ရပ်ကြည့်ရန်ပင် မဖြစ်နိုင်တော့ပေ။ နတ်နန်းတော်အနေဖြင့် ကူညီရန် ပိုခက်ခဲသွားပေလိမ့်မည်။ သူတို့က ဘက် ရွေးရတော့မည်မှာ သေချာ၏။ သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ ရွှေရောင်နတ်ပြည်ထောင်၏မဟာမိတ်ထဲ ဝင်ရမည် ဖြစ်ကာ နောက်ဆုံးတွင် သူတို့၏ လွတ်လပ်သော နယ်မြေများ ဆုံးရှုံးရပေလိမ့်မည်။
သူတို့က ရွှေရောင်နတ်ပြည်ထောင်ကို ဆန့်ကျင်ပါက လီနတ်ဓားကလန်၏ကံကြမ္မာအတိုင်း တွေ့သွားနိုင်၏။
“ကျုပ်နတ်နန်းတော်ကို သွားမယ်” ရီဖူရှင်းက ပြော၏။
“မင်းသွားမှာလား..” အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ကြည့်ပြီး မေးလိုက်၏။
“ဟုတ်တယ်.. ကျုပ်သွားမယ်” ရီဖူရှင်းက ပြန်ပြောပြီး ခေါင်းညိတ်လိုက်သည်။
နတ်နန်းတော်ကို တစ်ခေါက် လည်ပတ်ခြင်းဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်၏ သဘောထားကို ဖော်ပြနိုင်မည် ဖြစ်ကာ နတ်နန်းတော်နှင့် တစ်ညီတစ်ညွှတ်တည်း ဆောင်ရွက်လိုစိတ်ကိုလည်း ဖော်ပြရာ ရောက်ပေလိမ့်မည်။ သူ၏ သွားရောက်လည်ပတ်မှုက နတ်နန်းတော်ထဲရှိ ကျင့်ကြံသူများ၏ ယုံကြည်မှုကို မြင့်တင်ပေးနိုင်သည်။ ထိုနည်းဖြင့် အထက်ဘုံထဲရှိ ကျန်သည့်အင်အားစုများကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်သွားစေနိုင်ပြီး သူတို့ကျဆင်းသည့် အချိန်တွင် နတ်နန်းတော်ကို ဝင်မရှုပ်ရန် သူတို့ကို သတိပေးလိုက်နိုင်မှာပဲ ဖြစ်သည်။ ယခုအခေါက် ခရီးစဉ်ကို သွားရန်အတွက် ရီဖူရှင်းထက် သင့်တော်သူ မရှိပေ။
မှော်နက်စစ်တပ်က ကျောင်းတော်ကို ကျူးကျော်လာသည့်အခါက နတ်နန်းတော်သည် တွေဝေခြင်းမရှိ ကောင်းကင်အာဏာစက် ကျောင်းတော်ဘက်တွင် ရပ်တည်နေပြီး စစ်ကူများ ပို့ပေးခဲ့သည်။ သူတို့က မဟာမိတ်များ မဟုတ်လျှင်ပင် ကောင်းကင်အာဏာစက် ကျောင်းတော်သည် ယခုအခေါက်တွင် ဘေးထွက် မနေနိုင်ပေ။
ထို့ကြောင့် ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်ကို တိုက်ခိုက်လိုပါက ရီဖူရှင်းတို့ကလည်း နတ်နန်းတော်ကို ကူညီရပေတော့မည်။
အနည်းငယ် တိတ်ဆိတ်နေပြီးနောက် အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ သွား..”
အရှင်ထိုက်ရွှမ်က ရီဖူရှင်း၏အကြံကို ထောက်ခံသည်။ စွန့်စားမှု ဖြစ်သော်ငြား ကောင်းကင်အာဏာစက်ကျောင်းတော်က နတ်နန်းတော်အန္တရာယ်ကျနေသည့် အချိန်တွင် ဘေးထွက်ရပ်မနေနိုင်ပေ။ အတိတ်က နတ်နန်းတော်သည် ရီချင်းယောင်အတွက် တိုက်ခိုက်ပေးခဲ့၏။ ယခု နတ်နန်းတော်ကို သူတို့ ကျောခိုင်းထားခဲ့လျှင် ကောင်းကင်အာဏာစက် ကျောင်းတော်ကို ထပ်ကူညီရန် မည်သူက လာတော့မည်နည်း။
“ကျုပ်တို့ဘက်က လူတွေကို စုစည်းဖို့ သိမ်းငှက်လေးကို ပြောလိုက်မယ်။ တစ်ခုခု ဖြစ်လာတာနဲ့ ရွှေရောင်နတ်ပြည်ထောင်ကို ချက်ချင်း သွားလို့ရအောင် အာကာသခရီးသွားဝင်္ကပါကို အသက်သွင်းလိုက်မယ်” ရီဖူရှင်းက ပြော၏။
အရှင်ထိုက်ရွှမ်က ခေါင်းညိတ်ပြီး ရီဖူရှင်း ထွက်သွားသည်ကို ကြည့်နေသည်။
ရှန့်ရှောင်းနတ်နန်းတော်ထဲရှိ တင်းမာမှုက လတ်တလောရက်များထဲတွင် အလွယ်တကူ တွေ့မြင်နိုင်သည်။ နတ်နန်းတော်တွင် ကျင့်ကြံနေသည့် တပည့်များက ကြားသိသော သတင်းများကြောင့် စိတ်အေးလက်အေး မနေနိုင်ကြတော့ပေ။ ယနေ့တွင်မူ နတ်နန်းတော်၌ တပည့်များစွာ စုဝေးနေကြတော့သည်။
နန်းတော်သခင်များစွာက လူအုပ်ကြီးရှေ့တွင် ရပ်နေပြီး နတ်နန်းတော်၏ အကြီးတန်း ကျင့်ကြံသူတစ်ဦးက သူတို့ဆီ လျှောက်လာ၏။ သူက အခန်းတစ်ဝိုက်ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ဒီရက်ပိုင်း လတ်တလောအဖြစ်အပျက်တွေကြောင့် နတ်နန်းတော်တစ်ဝိုက် ကောလာဟလတွေ ပျံ့နေပြီး မင်းတို့တွေ စိုးရိမ်ပူပန်နေမယ် ဆိုတာ ငါသိတယ်”
တိတ်ဆိတ်မှုကို မည်သူမျှ မဖြိုခွင်းပေ။ အမှန်တကယ်တွင် ကျင့်ကြံသူများက သူတို့၏ အနာဂတ်အကြောင်း စဉ်းစားနေကြခြင်း ဖြစ်သည်။
“မင်းတို့အတွက် မတူညီတဲ့အစီအစဉ်တွေ ကိုယ်စီ ရှိကြမယ်ဆိုတာ ငါသိတယ်။ နတ်နန်းတော်က မျိုးနွယ်စုတစ်စု မဟုတ်ဘူး။ ဒါပေမဲ့ မဟာလမ်းကြောင်းကို သွားဖို့ ဗဟုသုတ ရှာဖွေဖို့ လူတွေအတွက် နေရာတစ်ခုပဲ။ ငါတို့ရဲ့အကြံဉာဏ်တွေကို ဖြန့်ဖြူးပေးပြီး တပည့်တွေဆီ အချက်အလက်တွေ လက်ဆင့်ကမ်းပေးရုံအပြင် မရှိဘူး။ ဒါကြောင့် နတ်နန်းတော်က မင်းတို့ကို ငါတို့နဲ့အတူ ဒီလို ဘေးဒုက္ခကို ကျော်လွှားဖို့ ပြောမှာ မဟုတ်ဘူး။ မင်းတို့ကို ဒီကိုခေါ်ရတဲ့အကြောင်းအရင်းက ထွက်သွားချင်တဲ့သူတွေ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ထွက်သွားဖို့ပဲ။ ရန်ဟောင်အဆင့်အောက်က ကျင့်ကြံသူ ဘယ်သူမဆို ပူပန်မှုကင်းကင်း လုံလုံခြုံခြုံ ထွက်သွားရမယ်။ ကပ်ဘေးကြီး ပြီးဆုံးသွားတဲ့အချိန်ကျမှ နတ်နန်းတော်မှာ ကျင့်ကြံဖို့ ပြန်လာလို့ ရတယ်” အကြီးအကဲက ပြော၏။
လူအုပ်ကြီးက သူ့ကြေညာချက်ကြောင့် အံ့သြဆွံ့အနေကြသည်။ နတ်နန်းတော်က သူတို့ကို ထွက်သွားရန် ပြောနေ၏။
ကပ်ဘေးနှင့် ရင်ဆိုင်ရသည့် အချိန်တွင် နတ်နန်းတော်ထဲ၌ ကျင့်ကြံနေသော တပည့်များကို ထွက်သွားခိုင်းနေ၏။ ထို့အပြင် ရန်ဟောင်အဆင့်အောက်ရှိ လူတိုင်းကို ဘေးကင်းရာသို့ ရွေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။
လတ်တလောအတွင်း နတ်နန်းတော်၏လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ကောလာဟလအချို့ ရှိ၏။ အချို့သော ကျင့်ကြံသူများကလည်း ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် နတ်နန်းတော်ကြားရှိ ရင်းနှီးသော ဆက်ဆံရေးကြောင့် သံသယများ ရှိနေကြသည်။ ဘိုးဘေးနယ်မြေကို နတ်နန်းတော်၏ တပည့်များအတွက် ဖွင့်ပေးခြင်း မရှိခဲ့ပေ။
ယခုမူကား သံသယများအားလုံးကို လွှတ်ချ၍ ရပြီ ဖြစ်သည်။
နတ်နန်းတော်သည် ကျင့်ကြံခြင်းလမ်းစဉ်ကို ညွန်ကြားပြသရာနေရာဖြစ်သည်။ နန်းတော်ထဲရှိ အကြီးအကဲများက ပဋိပက္ခဆန်သော အခြေအနေမျိုးကို ရင်ဆိုင်ရသည့် အချိန်တွင် တပည့်များကို လွတ်လွတ်လပ်လပ် ထွက်သွားခွင့် ပေးသည်။ သူတို့၏မြင့်မြတ်သောစိတ်သဘောထားမှာ ထင်ရှားနေ၏။
နတ်နန်းတော်သည် လူအများကို ကူညီပေးဖို့ရာ တည်ထောင်ထားသည့် နေရာတစ်ခု ဖြစ်သည်။
“အကြီးအကဲ... နတ်နန်းတော်ထဲက နန်းဆောင်တွေ အားလုံးက သန်မာကြတာပဲ။ ရွှေရောင်နတ်ပြည်ထောင်မှာ ရှည်ကြာတဲ့သမိုင်းကြောင်း ရှိပေမဲ့ သူတို့က ကျုပ်တို့ နတ်နန်းတော်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်ပါ့မလား” တပည့်ငယ်တစ်ဦးက မေးသည်။ သူသည် ရန်ဟောင်အဆင့်သို့ မရောက်သေးပေ။ သို့တိုင် နတ်နန်းတော်အား စိုးရိမ်ပူပန်သော်ငြား စွန့်ပစ်မသွားလိုပေ။
“ငါတို့ နတ်နန်းတော်က ရွှေရောင်နတ်ပြည်ထောင်ပဲ ဆိုရင် ဒီလောက် ဂရုစိုက်မှာ မဟုတ်ဘူး” အကြီးအကဲက ယုံကြည်ချက်ရှိရှိဖြင့် ပြုံးကာ ပြောလိုက်သည်။ “ဒါပေမဲ့ အခြေအနေက မင်းထင်ထားတာထက် ရှုပ်ထွေးတယ်။ ရန်ဟောင်အဆင့်အောက်က လူတိုင်း ထွက်သွားရမယ်။ ညှိနှိုင်းစရာ မရှိဘူး။ နတ်နန်းတော်အတွက် ဝန်ထုတ်ဝန်ပိုး မပေးနဲ့”
ရန်အောင်အဆင့်အောက်ရှိ ကျင့်ကြံသူများသည် စစ်ပွဲ ဖြစ်ပွားသည်နှင့် မြေစာပင်များ ဖြစ်သွားပေမည်။ ထိုအဆင့်ငယ်များဖြင့် ပြန်တိုက်ခိုက်နိုင်ရန် ခက်ခဲလွန်းသောကြောင့် သူတို့နေလျှင် အဓိပ္ပာယ်မရှိပေ။ သူတို့ကို ဝန်ထုပ်ဝန်ပိုးဟု ခေါ်ခြင်းက မမှားသော်ငြား သင့်တင့်သော အသုံးအနှုန်းတော့မဟုတ်။ ထို့အပြင် အကြီးအကဲက သူတို့ကို တမင်ပင် ထွက်သွားစေလိုသောကြောင့် ကြမ်းတမ်းသောစကားများ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“အကြီးအကဲ ကျုပ်တို့တွေ ဒီမှာ သင်ယူနေတာ ကြာခဲ့ပါပြီ။ ကျုပ်တို့ကို ဒီလိုမျိုး ဘယ်လိုလုပ် အလွယ်တကူ မောင်းထုတ်နိုင်ရတာလဲ။ ကျုပ်တို့ ထွက်ပြေးခဲ့ရင် အရှက်ရစရာဖြစ်မှာပဲ” ရန်ဟောင်အဆင့်တစ်ဦးက ပြုံးပြီး ပြောလိုက်၏။ “ကျုပ်ကတော့ ဒီမှာ ဆက်နေမှာပဲ။”
ထိုလူကပြောပြီးသည်နှင့် တစ်ဘက်သို့ လှည့်ထွက်သွားရာ သူ၏အသံက တိုးသွားတော့သည်။ လူများစွာကလည်း သူ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ပြီး သူ၏ ရိုးသားဖြောင့်မတ်မှုကို အံ့သြနေကြသည်။
ထိုစဉ် မဟာခန်းမနောက်ကွယ်မှ တောက်ပသည့် အလင်းက ရုတ်တရက် ထွန်းလင်းလာ၏။ လေဟာနယ်၏ တောက်ပသော အလင်းတန်းများက ကောင်းကင်ထဲ ပေါ်ထွက်လာသည်။
ကျင့်ကြံသူများက ထိုအရပ်မျက်နှာဖက်ဆီ ချက်ချင်း ကြည့်လိုက်သည်။ သူတို့၏ နတ်အာရုံများဖြင့် ဧရိယာကို စူးစမ်းလိုက်ကြ၏။
“အဲဒါက အာကာသခရီးသွားဝင်္ကပါ”
နတ်နန်းတော်၏ အကြီးအကဲ ကျင့်ကြံသူကလည်း ထိုနေရာကို ကြည့်လိုက်သည်။ လာနေသည့်လူကို သူသိ၏။ ယခုအချိန်တွင် နတ်နန်းတော်သို့ ကောင်းကင်အာဏာစက်ကျောင်းတော်သာလျှင် တိုက်ရိုက်လာနိုင်သည်။
ကောင်းကင်အာဏာစက် ကျောင်းတော်မှ တစ်စုံတစ်ယောက်က ဤနေရာသို့ ရောက်လာ၏။
အလင်းတန်းက အချိန်တိုအတွင်း ဖျော့သွား၏။ အားလုံး၏မြင်ကွင်းထဲသို့ လူတစ်စုပေါ်လာသည်။ ရီဖူရှင်းနှင့်သူ့အဖွဲ့သားများ ရောက်လာခြင်းဖြစ်သည်။
သူ ရောက်လာသောအခါ ရီဖူရှင်းက နတ်နန်းတော်၏ လူအများ စုဝေးနေရာဆီ တန်းသွားလိုက်၏။ လူအုပ်ကြီးကို မြင်သောအခါ သူ့မျက်နှာထက်တွင် ထူးဆန်းသည့်အမူအရာ ဖြတ်ခနဲ ပေါ်လာသည်။ သူသည် ကောင်းကင်ထက်မှ သက်ဆင်းပြီးနောက် စင်မြင့်ပေါ်ရှိ ကျင့်ကြံသူများကို အရိုအသေပေးလိုက်၏။
“ရီဖူရှင်းက နတ်နန်းတော်ရဲ့အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်”
“မင်း ဘာကြောင့် ရောက်လာတာလဲ” နတ်နန်းတော်၏အကြီးအကဲက မေးလိုက်သည်။ ရီဖူရှင်းနှင့် သူ့လူများ လာရသည့် အကြောင်းအရင်းကို အကြီးအကဲက နားလည်ဟန်မတူ။
“အကြီးအကဲ ကျုပ်က လက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ကျင့်ကြံနေတယ် ဆိုပေမဲ့ နတ်နန်းတော်ရဲ့ တပည့်တစ်ယောက်ပဲ။ အရင်တုန်းက ဘိုးဘေးနယ်မြေကိုတောင် ဝင်ခဲ့ဖူးတာ။ အခုချိန် နတ်နန်းတော်မှာ ကျုပ် လာပြီးတော့ လေ့ကျင့်ပိုင်ခွင့် ရှိတယ်မလား”
ရီဖူရှင်းက ပြုံးလျက်မေးလိုက်၏။ နတ်နန်းတော်ထဲရှိ လူများက ရီဖူရှင်း၏ ရည်ရွယ်ချက်ကို နားလည်သွားကြ၏။
ရီဖူရှင်းက နတ်နန်းတော်တွင်နေကာ တစ်ဘက်ရန်သူများ၏အစီအစဉ်ကို နှောင့်ယှက်လို၏။
ရီဖူရှင်း၏ လက်ရှိအဆင့်အတန်းအရ နတ်နန်းတော်ကို လာရန် သူ့ဆုံးဖြတ်ချက်သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ သဘောထားကို ထင်ရှားစေ၏။
နတ်နန်းတော်၏ တပည့်များကလည်း ရယ်မောလိုက်ကြသည်။ ရီဖူရှင်းသည် နတ်နန်းတော်သို့ ပထမဆုံး ရောက်လာသည့် အချိန်က လွန်စွာ မောက်မာထောင်လွှားပြီး ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်ခဲ့သည်။ သူသည် နတ်နန်းတော်ထဲရှိ ပါရမီအရှိဆုံး ကျင့်ကြံသူများကို စိန်ခေါ်ပြီး အနိုင်ယူခဲ့ကာ ထိုစဉ်က လူအတော်များများကို မကျေမနပ် ဖြစ်စေခဲ့သည်။ သို့သော်ငြား အချိန်ကုန်လွန်လာသည်နှင့် ရီဖူရှင်း၏ ဂုဏ်သတင်းက ကြီးထွားလာကာ ထိုစဉ်က သူနှင့် သက်တူရွယ်တူများသည် သူနှင့် ပြိုင်ဘက် မဟုတ်တော့ချေ။ ဆိုရလျှင် သူသည် ယခုအချိန်၌ သာမန်အလယ်အလတ်အဆင့် ရန်ဟောင်ကို အလွယ်တကူ အနိုင်ယူနိုင်ပြီ ဖြစ်သည်။
ယခုအခေါက် ရီဖူရှင်း၏ လာရောက်လည်ပတ်မှုကို မည်သူမျှ မကျေမနပ် မဖြစ်ကြချေ။ လူတိုင်းက နွေးထွေးသည့် အပြုံးဖြင့် ကြိုဆိုကြ၏။
“နတ်နန်းတော်ထဲက ကျင့်ကြံသူတိုင်းက ရန်ဟောင်ရီဆီကနေသင်ယူဖို့ အခွင့်အရေး ရတာကို ဝမ်းမြောက်မိပါရဲ့”
ရန်ဟောင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ပြုံးပြီး စကားဆိုလိုက်သည်။ လူများစွာကလည်း အားပါးတရ ပြုံးနေကြ၏။ နတ်နန်းတော်ထဲမှ မည်သူမျှ မထွက်ခွာကြချေ။
***