အခန်း (၅၂၆)
Vol. 36 Ch. 526
သို့သော် ထိုအချိန်တွင် အင်ပါယာလျူယန် သေဆုံးသွားခဲ့သောနေရာ၌ ဆန်းကြယ်သော အတက်အကျလေးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။
ထို့နောက် ထိုနေရာရှိ လေဟာနယ်က အနည်းငယ်တုန်ခါသွားပြီး နတ်ဘုရားအမှတ်အသား (၅)ခုပါဝင်သော အနက်ရောင် ထာဝရနတ်ဘုရားစင်မြင့်တစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် မျက်စိကျိန်းမတတ် တစ်ဖျပ်ဖျပ်လင်းလက်နေသော အနက်ရောင်ထာဝရနတ်ဘုရားစင်မြင့်မှနေ၍ အင်ပါယာလျူယန်၏ပုံရိပ် တစ်ဖန်ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
ထာဝရနတ်ဘုရားစင်မြင့်မှ ပြန်လည်မွေးဖွားလာခဲ့သော လျူယန်၏မျက်နှာထက်တွင် ရှက်ရွံ့ဟန်များ စွန်းထင်းနေခဲ့ပြီး ရွှမ်ယီအား အေးစက်စွာ စိုက်ကြည့်နေ၏။
“ ကျုပ်ပြောတာ မှန်သားပဲ… ခင်ဗျားက အခွံထဲမှာ ပုန်းနေတဲ့ လိပ်အိုကြီးတစ်ကောင်ထက် ဘာမှမပိုဘူး…”
ရွှမ်ယီက လျူယန် ပြန်လည်မွေးဖွားလာခြင်းအား မအံ့ဩဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
အင်ပါယာအဆင့်ကျင့်ကြံသူများကို တစ်ကြိမ်တည်းဖြင့် သတ်ဖြတ်၍ မရပေ။
ပြီးပြည့်စုံစွာ ဖျက်ဆီးခြင်းနှင့် ရုပ်ခန္ဓာကို ဖျက်ဆီးခြင်းအကြားမှ ခြားနားချက်ကို ရွှမ်ယီ ကောင်းစွာနားလည်ထား၏။
တစ်ဖက်တွင်မူ လျူယန်၏ပုံစံက အလွန်မောက်မာဟန်ရှိနေဆဲဖြစ်သော်လည်း အမှန်တွင် သူအလွန်သတိထားနေခဲ့သည်။
ဤသို့ဖြင့် သူ ထာဝရစင်မြင့်မှ ပြန်လည်မွေးဖွားလာပြီးနောက် ထာ၀ရနတ်ဘုရားစင်မြင့်အား လေဟာနယ်အက်ကြောင်းအတွင်း ချက်ချင်း ပြန်လည်၍ ဝှက်ထားလိုက်၏။
ရွှမ်ယီက ပတ်ဝန်းကျင်သို့ နတ်အသိစွမ်းအား ထုတ်လွှတ်လိုက်ပြီး လျူယန်၏ ထာဝရနတ်ဘုရားစင်မြင့် ရှိခဲ့သော နေရာသို့ စူးစမ်းကြည့်လိုက်သည်။
ထို့နောက် ရွှမ်ယီ၏ မျက်ဝန်းထဲ၌ တောက်ပသော အလင်းတစ်ခု ဖြစ်ပေါ်လာ၏။
ထိုနေရာသို့ သူ၏နတ်အသိစွမ်းအား ဖောက်ဝင်နိုင်စွမ်း မရှိချေ။ ကြည့်ရသည်မှာ လေဟာနယ်ကို ပိတ်ဆို့ထားသော အစီအရင်တစ်မျိုး ရှိဟန်တူသည်။
ရွှမ်ယီ၏ စူးစမ်းမှု ရပ်တန့်သွားသည်ကို မြင်လျှင် လျူယန်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး
“ ဂိုဏ်းချုပ်ရွှမ်… မင်းရဲ့ ဓားပညာက မဆိုးဘူးဆိုတာကိုတော့ ငါဝန်ခံပါတယ်… ဒါပေမဲ့ မင်းက အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတုန်းပဲ… အခု ငါ့ရဲ့ ထာဝရနတ်ဘုရားစင်မြင့် ဘယ်မှာရှိတယ်ဆိုတာ မင်း မမြင်နိုင်တော့ဘူး… ဟမ့်... စောနက တိုက်ခိုက်မှုမျိုး မင်း ဘယ်နှစ်ကြိမ်လုပ်နိုင်မလဲ ကြည့်ရတာပေါ့…”
လျူယန်၏အမြင်တွင် ဆန်းကြယ်ပလ္လင်အဆင့်အင်ပါယာတစ်ယောက်အား တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသော ရွှမ်ယီ၏ အစောပိုင်းတိုက်ခိုက်မှုက အဆုံးစွန်သော ဝှက်ဖဲတစ်ခုဖြစ်ရမည်။
ထိုကဲ့သို့ သဘာဝကို လွန်ဆန်နေသော တိုက်ခိုက်မှုမျိုး ရွှမ်ယီပြုလုပ်နိုင်ရန်အတွက် အသုံးပြုရသော စိတ်ဝိညာဉ်စွမ်းအင်က အလွန်များပြားမည်မှာ မလွဲပေ။
လျူယန်၏စကားကို ကြားလျှင် ရွှမ်ယီက အသာအယာခေါင်းယမ်းလိုက်ပြီး မျက်ဝန်းများအတွင်း အထင်သေးမှုတချို့ ဖြစ်ပေါ်လာ၏။
လျူယန်၏ ခန့်မှန်းချက်က အတိုင်းအတာတစ်ခုအထိ မှန်ကန်ခဲ့သည်။
သူ၏အဆုံးစွန်သော တိုက်ခိုက်မှုဖြစ်သည့် အဆင့်(၉) ဓားရည်ရွယ်ချက်၊ ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်နှင့် သူအပြည့်အဝကျွမ်းကျင်ခြင်း မရှိသေးသော တိုင်ရှုဓားနယ်မြေ...
၎င်းတို့အား အသုံးပြုရန် လိုအပ်သော စွမ်းအားမှာ အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံမှုဖြင့် လွယ်ကူသော အရာတစ်ခု မဟုတ်သည်က အမှန်ပင်။
သို့သော် ကိစ္စမရှိချေ။ သူ့ထံတွင် စနစ်အား ပိုင်ဆိုင်ထား၏။
တိတိကျကျ ပြောရမည်ဆိုလျှင် စနစ်ထံမှ ဆုလာဘ်အဖြစ် ရရှိထားသော ကမ္ဘာငယ်ဖြစ်ပေသည်။
သူ၏ကျင့်ကြံမှု တိုးတက်လာခြင်းနှင့်အတူ ခန္ဓာကိုယ်ထဲ၌ ရှိနေသော ကမ္ဘာငယ်လေးမှ ထောက်ပံ့ပေးနိုင်သည့် စိတ်ဝိညာဉ်စွမ်းအင်ပမာဏကလည်း အလွန်ကြီးမားလာခဲ့၏။
အထူးသဖြင့် ဒဏ္ဍာရီလာကန့်သတ်ချက်များကို ချိုးဖျက်ပြီး စိတ်ဝိညာဉ်ဒြပ်စင် (၈၁)ခု တည်ဆောက်ခဲ့ပြီးနောက် ဖြစ်သည်။
ကမ္ဘာငယ်လေးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ကို သန့်စင်ခြင်း အရှိန်အဟုန်က အဆပေါင်းများစွာ တိုးမြင့်လာခဲ့၏။
ဤသို့ဖြင့် အစောပိုင်းက တိုက်ခိုက်မှု၌ သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအင်များအားလုံး ကုန်ဆုံးသွားခဲ့သော်လည်း ကမ္ဘာငယ်လေး၏ ထောက်ပံ့မှုဖြင့် အသက်တစ်ချက်ရှူလိုက်ရုံနှင့် ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိသည်။
ရွှမ်ယီ၏ အထင်သေးသောအကြည့်အား မြင်လိုက်လျှင် လျူယန်၏စိတ်နှလုံးအတွင်း အနည်းငယ် ပူပန်သွားလေသည်။
ဤသို့ဖြင့် ပြင်းထန်သော စွမ်းအားများ တဟုန်းဟုန်းတောက်လောင်ကာ ထွက်ပေါ်လာခဲ့ပြီး ထာ၀ရ နတ်ဘုရားစင်မြင့်အား ပို၍ ခိုင်ခိုင်မာမာ ဖုန်းကွယ်ထားလိုက်၏။
သူက ရွှမ်ယီ၏ကျင့်ကြံမှုနှင့် ပတ်သက်ပြီး နှိမ့်ချနေခဲ့သည့်တိုင်အောင် ယခင် ရွှမ်ယီအသုံးပြုခဲ့သော ဓားချက်က အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
ရွှမ်ယီက သူ၏ထာဝရနတ်ဘုရားစင်မြင့်အား ရည်ရွယ်ကာ အစောပိုင်းကကဲ့သို့ ထိတ်လန့်ဖွယ်တိုက်ခိုက်မှု အသုံးပြုလိုက်လျှင် မည်သို့လုပ်မည်နည်း...?
ထိုကိစ္စနှင့် ပတ်သက်ပြီး သူ လောင်းကြေးမထပ်ဝံ့ချေ။
တစ်စုံတစ်ခု မှားယွင်းသွားပါက သူ အမှန်တကယ် သေဆုံးသွားနိုင်ခြေရှိသည်။
တစ်ချိန်တည်းတွင် ရွှမ်ယီ၏ ပုံရိပ်က ထပ်မံ၍ လှုပ်ရှားသွားခဲ့သော်လည်း အင်ပါယာလျူယန် မျှော်လင့်ထားသည့်အတိုင်း သူ၏ ထာဝရနတ်ဘုရားစင်မြင့်ကို ရည်ရွယ်ခဲ့ခြင်း မဟုတ်ချေ။
အနီရောင် ဓားချီအလင်းက ထပ်မံ၍ ပြေးထွက်လာပြန်သည်။
၎င်းက လျူယန်ထံသို့ ဦးတည်ကာ တိုးဝင်လာခြင်းဖြစ်၏။
ကြိုတင်ပြင်ဆင်ထားခြင်း မရှိသော လျူယန်အနေဖြင့် ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ချေ။
ရွှမ်ယီ အဆင့်(၉) ဓားရည်ရွယ်ချက်အား အသုံးပြုကာ တိုက်ခိုက်လိုက်သည့်အချိန်တွင် ပတ်ဝန်းကျင်က သူထိန်းချုပ်နိုင်သော နယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။
တစ်စုံတစ်ယောက်က အန္တိမအင်ပါယာအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပါက သူ့ထံမှ တိုက်ခိုက်မှုကို ရှောင်ရှားရန် လုံးဝမဖြစ်နိုင်ပေ။
ထာဝရနတ်ဘုရားစင်မြင့်မှ တစ်ဖန်ပြန်လည်၍ မွေးဖွားလာခဲ့သော လျူယန် ရွှမ်ယီအား ကြောက်လန့်တကြား ကြည့်လိုက်သည်။
သူ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
ရွှမ်ယီ ယခုလေးတင် ဒုတိယဓားချက် အသုံးပြုခဲ့သော်လည်း အနည်းငယ်မျှ မောပန်းနွမ်းနယ်သွားဟန် မရချေ။
ထိုတွေ့ရှိမှုက အင်ပါယာလျူယန်၏ နှလုံးသားအား ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားစေခဲ့သည်။
သူ ရွှမ်ယီနှင့်ပတ်သက်ပြီး ခန့်မှန်းထားမှုများက နိမ့်ကျနေသေးကြောင်း နားလည်သွား၏။
ထို့နောက် လျူယန်၏ပုံရိပ် အနည်းငယ် လှုပ်ရှားသွားသည်။
ဤနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်ခြင်းဖြစ်၏။
သူ့အနေဖြင့် ရုပ်ခန္ဓာပျက်စီးသွားပါက ထာဝရနတ်ဘုရားစင်မြင့်နှင့် အမှန်တကယ် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသည်။
သို့သော် ထိုပြန်လည်မွေးဖွားလာခြင်းလုပ်ငန်းစဉ်က အလကား ဖြစ်ပေါ်လာခြင်းမဟုတ်ချေ။
ယခုအချိန်တွင် သူက ဆန်းကြယ်ပုလ္လင်အဆင့် အထွတ်အထိပ်၌ ရှိနေခဲ့ကာ အန္တိမအင်ပါယာအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့၏။
အကယ်၍ ဤတိုက်ပွဲ၌ စွမ်းအားများကို အကန့်အသတ်ထိရောက်အောင် အလွန်အကျွံ သုံးစွဲလိုက်ပါက အန္တိမအင်ပါယာအဆင့်သို့ တက်လှမ်းမည့် သူ၏ခရီးစဥ်က နှစ်ပေါင်းများစွာ နှောင့်နှေးသွားနိုင်သည်။
ဤသို့ဖြင့် အင်ပါယာလျူယန် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းနောက်သို့လှည့်ကာ ထွက်ပြေးတော့၏။
“ ဘာ... ဘာတွေဖြစ်နေတာလဲ… အင်ပါယာလျူယန်က မတိုက်ခိုက်တော့ဘဲ ထွက်ပြေးသွားတာလား…”
တိုက်ပွဲအား ကြည့်ရှုနေသူများ အလွန်အံ့ဩမှင်သက်သွားကြသည်။
နောက်နေတာများလား...?
အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူနှင့် ဆန်းကြယ်ပုလ္လင်အဆင့်ကျင့်ကြံသူတို့အကြားမှ တိုက်ပွဲတွင် ဆန်းကြယ်ပုလ္လင်အဆင့်ကျင့်ကြံသူက ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။
ဆက်လက် တိုက်ခိုက်ရန်ပင် သတ္တိမရှိခဲ့ချေ။
သူ တကယ်ပဲ ထွက်ပြေးသွားတာလား...?
မိမိကိုယ်တိုင် မျက်စိဖြင့် မြင်ရခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်ထံမှ ကြားရခြင်းဖြစ်ပါက ဤကိစ္စအား လုံးဝမဖြစ်နိုင်ဟု သတ်မှတ်မိကြပေလိမ့်မည်။
တိုက်ပွဲအား ကြည့်ရှုနေသူတိုင်း ရင်ခုန်သံ မြန်နေကြသည်။
တစ်ဖက်တွင် လျူယန်မင်းဆက်မှ ကျင့်ကြံသူများကမူ အလွန်တုန်လှုပ်နေကြ၏။
သူတို့ခေါင်းဆောင် အင်ပါယာလျူယန် ထွက်ပြေးသွားခြင်းကြောင့် သူတို့၏မျှော်လင့်ချက်များအားလုံး ပျက်စီးသွားခဲ့ရသည်။
မိမိ၏ဘိုးဘေးအား နတ်ဘုရားတစ်ပါးအဖြစ် အမြဲတစေခံယူထားခဲ့သော ကျင်းယန်ကမူ မြေပြင်ထက်သို့ ဝုန်းခနဲ ပစ်လဲကျသွားတော့၏။
ထို့နောက် အချိန်အတိုင်းအတာတစ်ခုထိ လျူယန်မြို့တော်တစ်ခုလုံး သေမင်းနယ်မြေကြီးတစ်ခုအလား တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လူတိုင်း အင်ပါယာလျူယန် လွတ်မြောက်သွားတော့မည်ဟု ထင်နေကြချိန်တွင် ရွှမ်ယီထံမှ ထူးမခြားနားဟန်ရသော စကားသံတစ်ခု ထွက်ပေါ်လာ၏။
“ ခင်ဗျား ထွက်ပြေးဖို့ နောက်ကျလွန်းနေပြီလို့ မထင်ဘူးလား…”
ဝုန်း…
စကားဆုံးသည်နှင့် ရွှမ်ယီက လက်တွင်းမှ ဓားအား ဝှေ့ယမ်းလိုက်သည်။