အခန်း (၅၂၇)
Vol. 36 Ch. 527
ထိုအခါ အဆင့်(၉) ဓားရည်ရွယ်ချက်ဖြင့် ထောက်ပံ့ပေးထားသော ကြက်သွေးရောင် ဓား(၇)စင်းက ကောင်းကင်တစ်ခုလုံးကို ကြက်သွေးရောင်သမ်းသွားစေခဲ့ကာ ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ အင်ပါယာလျူယန် ရှိရာသို့ ချက်ချင်း ရောက်ရှိသွား၏။
ဘန်း…
ပတ်ဝန်းကျင်သို့ သွေးမိုးများ ရွာသွန်းသွားပြန်သည်။
ထို့နောက် အင်ပါယာလျူယန်၏ ထာဝရနတ်ဘုရားစင်မြင့်က တစ်ဖန်ထပ်မံ၍ တုန်ခါသွားပြန်၏။
ဤသို့ဖြင့် လျူယန် ပြန်လည်မွေးဖွားလာခဲ့သော်လည်း သူ၏မျက်နှာကမူ စတင်ထွက်ပေါ်လာစဉ်ကကဲ့သို့ အနီရောင်သမ်းနေခြင်း မရှိတော့ချေ။
ယင်းက သိပ်ပြီး မသိသာသည့်တိုင်အောင် ကျင့်ကြံသူအများအပြား သတိပြုမိကြဆဲပင်။
လျူယန်၏ မျက်နှာက လက်ရှိအချိန်တွင် ဖြူဖျော့နေပြီဖြစ်၏။
အမှန်တွင် ဆန်းကြယ်ပုလ္လင်အဆင့်အင်ပါယာများ၏ ထာဝရနတ်ဘုရားစင်မြင့် အသုံးပြုမှုက အောက်အဆင့်မှ အင်ပါယာများထက် များစွာသာလွန်ခြင်း မရှိပေ။
ထို့အပြင် ကျင့်ကြံမှု မြင့်လေ ပြန်လည်ရှင်သန်ရန် အသုံးပြုရသောစွမ်းအင် ပိုမိုများပြားလေဖြစ်သည်။
အမွှေးတိုင်တစ်ချောင်း ကုန်စာပင် မရှိသေးသော အချိန်တိုလေးအတွင်း အင်ပါယာလျူယန်က ရွှမ်ယီထံတွင် သုံးကြိမ်တိုင်တိုင် သတ်ခံခဲ့ရသည်။
သူက လျူယန်မြို့တော်တွင် ရှိနေခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရန်အတွက် မြို့တော်မှ အစီအစဉ်ကြီးကို သုံးနိုင်စွမ်း ရှိသော်လည်း ထာဝရစင်မြင့်ဖြင့် ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်က ထိုမျှမရိုးရှင်းချေ။
ဤသို့ဖြင့် အင်ပါယာလျူယန် ရွှမ်ယီအား ထိတ်လန့်တကြား ကြည့်လိုက်ကာ
“ ဂိုဏ်းချုပ်ရွှမ်… ကျုပ် လျူယန် ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်… ပြီးတော့ ဂိုဏ်းချုပ်ရွှမ်ရဲ့ နက်နဲခြင်းအင်ပါယာဂိုဏ်းကိုလည်း ဝင်ချင်ပါတယ်… ဖြစ်ခဲ့တာတွေ အားလုံးကို ခွင့်လွှတ်ပေးပါ…”
လျူယန် အမှန်တကယ် ကြောက်လန့်နေခဲ့သည်။
ရွှမ်ယီက သူ့အား သုံးကြိမ်တိုက်ခိုက်ခဲ့သည်။ ထို တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်း၌ ဆန်းကြယ်ပလ္လင်အထွတ်အထိပ်အဆင့် အင်ပါယာတစ်ယောက်ကို သတ်ဖြတ်နိုင်သော စွမ်းအားများ ပါဝင်နေ၏။
သာမန်အားဖြင့်ဆိုလျှင် ရွှမ်ယီ၏စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားသင့်နေချေပြီ။
သို့သော် လက်တွေ့တွင်မူ ရွှမ်ယီက အနည်းငယ်မျှ အားနည်းသွားဟန်မရှိဘဲ ယခင်အတိုင်း ရှိနေဆဲပင်။
ထို့အပြင် သူ၏ ထာဝရနတ်ဘုရားစင်မြင့်၌ သိမ်းဆည်းထားသော စွမ်းအင်များက သူ့အား နှစ်ကြိမ်ခန့် ထပ်ပြီးပြန်လည်ရှင်သန်စေရန် လုံလောက်သည်။
သို့သော် ထိုအချိန်ကျလျှင် သူ၏ အင်ပါယာအဆင့် ပင်မဗဟိုအူတိုင်ကို ထိခိုက်သွားပေလိမ့်မည်။
ဤသို့ဖြင့် ရွှမ်ယီနှင့် ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှမ်ယီက နက်နဲခြင်းအင်ပါယာဂိုဏ်း၏ အခြေခံအုတ်မြစ်ကို အသေအချာ တည်ထောင်ရန် စဉ်းစားထားခဲ့သည်။
ယခင်တုန်းက ဂျီကျူးယွဲ့ ဂိုဏ်းထဲသို့ ဝင်ရန် ခွင့်တောင်းခဲ့စဉ်တုန်းကပင် တပည့်များ၏ စည်းရုံးမှုကြောင့်သာ လက်ခံခဲ့ခြင်းဖြစ်သည်။
“ ခင်ဗျားက နက်နဲခြင်းအင်ပါယာ ဂိုဏ်းကို ဝင်ဖို့ အဆင့်မမှီသေးဘူး…”
ရွှမ်ယီ၏ စကားသံက လျူယန်အား သေမိန့်ချလိုက်သကဲ့သို့ဖြစ်နေကာ စကားဆုံးသည်နှင့် နောက်တစ်ကြိမ် ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။
ဝုန်း…
“ အား... မင်းက ငါ့ကို ဖိအားပေးနေတာပဲကွ… ဒီလိုဆိုမှတော့ သေလိုက်တော့…”
ထာဝရနတ်ဘုရားစင်မြင့်မှ ထပ်မံ၍ ပြေးထွက်လာခဲ့သော လျူယန် နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်ကာ ရုတ်တရက် ကောင်းကင်သို့ လက်များဆန့်ထုတ်လိုက်သည်။
ထိုအခါ ချက်ချင်း လျူယန်မြို့တော်အထက်ကောင်းကင်ယံက ပြောင်းလဲသွားခဲ့၏။
ပတ်ဝန်းကျင်တစ်ခွင်လုံး ပဲ့တင်ထပ်နေသော မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။
တိုက်ပွဲအား ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံး လျူယန်မြို့တော်မှ ကြီးမားသော အပြောင်းအလဲများကြောင့် ချက်ချင်း အဝေးသို့ ဆုတ်ခွာလိုက်ကြ၏။
“ အား...”
အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
အချို့သော ကျင့်ကြံသူများမှာ အချိန်မီထွက်ပြေးနိုင်ခြင်း မရှိခဲ့သောကြောင့် ချက်ချင်း ပြာများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
အန္တရာယ်ကင်းစွာ အဝေးသို့ ဆုတ်ခွာနိုင်ခဲ့ကြသော လူများကမူ မီးလျှံများနှင့်လျှပ်စီးများ ဖုံးလွှမ်းနေသော လျူယန်မြို့တော်အား ကြည့်ကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်မိကြ၏။
၎င်းက လုံးဝမမျှော်လင့်ထားသော မြင်ကွင်းတစ်ခုပင်။
လျူယန်က ဆန်းကြယ်ပလ္လင်အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့ပြီး ဖြစ်သော်လည်း ၎င်း၏ အခြေခံအုတ်မြစ်များအား ခိုင်မာအောင် မပြုလုပ်ရသေးသည့်အတွက် အန္တိမအင်ပါယာအဆင့်သို့ မချိုးဖျက်သေးခြင်းဖြစ်သည်။
သို့သော် ရွှမ်ယီ၏ ဖိအားများအောက်တွင် လျူယန် ဂရုမစိုက်နိုင်တော့ဘဲ အဆင့်(၆) အန္တိမအင်ပါယာ မိုးကောင်းကင်အတိဒုက္ခကို ဖြစ်ပေါ်စေခဲ့ပြီး သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။
သူက ရွှမ်ယီအား မိုးကြိုးကပ်ဘေး၏ စွမ်းအားဖြင့် သတ်ပစ်ချင်နေခဲ့၏။
မိုးကောင်းကင်အတိဒုက္ခ၏ အလယ်ဗဟိုတည့်တည့်တွင် လျူယန်က ၎င်း၏ ထာဝရနတ်ဘုရားစင်မြင့်နှင့်အတူ တိမ်များအထက်၌ မျောလွင့်နေခဲ့ပြီး သူ၏ ခြေထောက်အောက်တွင် ထူးဆန်းသော ခရမ်းရောင်အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအစီအရင်က ကောင်းကင်နှင့်မြေကြီးသို့ ဆက်နွယ်နေခဲ့ကာ လျူယန်မြို့တော် အောက်ဘက်မှ စိတ်ဝိညာဉ်စွမ်းအင်များကို နှိုးဆွပေးလိုက်၏။
ထိုအခါ ဘိုးဘေးခန်းမကြီးက တုန်ခါလာခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ရုန်းများ တစ်ဖျပ်ဖျပ်တောက်ပလာကာ ပတ်ဝန်းကျင်သို့ ခရမ်းရောင် ချီစွမ်းအင်များ ပျံ့နှံ့သွားစေပြီး မိုးကြိုးကပ်ဘေးအား ရွှမ်ယီရှိရာသို့ ဆွဲဆောင်လိုက်သည်။
“ မယုံနိုင်စရာပဲ… အင်ပါယာလျူယန်က ဒီလိုနည်းလမ်းမျိုးကို အရင်ကတည်းက ပြင်ဆင်ထားခဲ့တယ်… သူက အစွမ်းထက် ရန်သူတစ်ယောက် ရောက်လာမှာကို နဂိုကတည်းက ကြိုသိထားတာများလား…”
တိုက်ပွဲအား ကြည့်ရှုနေသော ကျင့်ကြံသူတချို့က ထိတ်လန့်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် တီးတိုးပြောလိုက်ကြသည်။
ထိုကဲ့သို့ အလွန်အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အစီအရင်မျိုးအား တစ်ရက်အတွင်း တည်ဆောက်၍ မရပေ။
၎င်း၌ ပါဝင်သော ရုန်းများကို တည်ဆောက်ရန် ခက်ခဲရုံသာမက အစီအရင်၌ လိုအပ်သော စိတ်ဝိညာဉ်ပစ္စည်းများမှာလည်း ရှာဖွေရန် ခက်ခဲလွန်းလှသည်။
“ အဲဒီအစီအရင်က ဂိုဏ်းချုပ်ရွှမ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာ မဟုတ်လောက်ဘူး… လျူယန်မင်းဆက်က သူတို့ရဲ့ ရန်သူကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးပြုဖို့ ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်ရမယ်…”
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူတချို့ သက်ပြင်းချလိုက်ပြီး လျူယန်အား ထိတ်လန့်မှုများ ပြည့်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ကြသည်။
ထိုလူကား အမှန်တကယ်ကို ရက်စက်သူတစ်ယောက်ဖြစ်သည်။ ရန်သူအပေါ်တွင်သာမက မိမိကိုယ်၌ အပေါ်တွင်ပါ ရက်စက်ရဲ၏။
အင်ပါယာ လျူယန်အနေဖြင့် ရွှမ်ယီကဲ့သို့ ကြောက်မက်ဖွယ် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းမရှိချေ။
သူ အန္တိမ အင်ပါယာအဆင့်ကို ချိုးဖျက်တော့မည့် သတင်းက တောင်ပိုင်းနယ်စပ်တစ်လျှောက် ပျံ့နှံ့နေခဲ့သည်။
လျူယန်မင်းဆက်နှင့် ရန်ငြိုးရှိသူများက ထိုမြင်ကွင်းအား လက်ပိုက်ရပ်ကြည့်နေကြမည်မဟုတ်ပေ။
သူ့အား ကြားဖြတ်နှောက်ယှက်ရန် ရောက်လာကြမည်မှာ သေချာသည်။
ဤသို့ဖြင့် ဝှက်ဖဲအနေဖြင့် ဤအစီအရင်ကြီးအား တည်ဆောက်ခဲ့ခြင်းဖြစ်၏။
သူ၏ လက်အောက်ငယ်သားများသာ ကျရောက်လာမည့် ဘေးရန်များကို တားဆီးနိုင်မည်ဆိုပါက ၎င်းအား အသုံးပြုစရာမလိုပေ။
သို့သော် တားဆီးနိုင်ခြင်းမရှိလျှင်မူ သူ့အပေါ်ကျရောက်မည့် မိုးကြိုးကပ်ဘေးအား ရန်သူထံသို့ လမ်းလွှဲပေးလိုက်မည်။
ဤ ဝှက်ဖဲက အလွန် တန်ကြေးကြီးမားသည်ကတော့ အမှန်ပင်။
၎င်းအား တည်ဆောက်ရာတွင် အသုံးပြုခဲ့သော ကုန်ကျစရိတ်များအား ထည့်တွက်ထားခြင်းမဟုတ်သေးချေ။
အစီအရင် အကူအညီဖြင့် အင်ပါယာလျူယန်က မိုးကြိုးကပ်ဘေးအား မည်သည့် ခွန်အားမျှ မစိုက်ထုတ်ဘဲ ကျော်ဖြတ်နိုင်မည်ဖြစ်သော်လည်း အဆင့်တူ အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူများနှင့် ယှဉ်လျှင် ခွန်အား များစွာ နိမ့်ကျသွားမည်ဖြစ်သည်။
ထို့အပြင် ဖွဲ့စည်းတည်ဆောက်ခဲ့သော နတ်ဘုရားအမှတ်အသားကလည်း အားနည်းသွားမည်ဖြစ်ကာ နောက်တစ်ဆင့်သို့ရောက်ရှိရန် မျှော်လင့်ချက် ရှိတော့မည်မဟုတ်ပေ။
ယင်းအား တွေးကြည့်လိုက်ရင်း လျူယန် နီရဲနေသော မျက်၀န်းများနှင့် ရွှမ်ယီအား ကြည့်ကာ
“ ငါက နှစ်ပေါင်း (၅၈၀၀၀) ရှင်သန်ခဲ့ပြီးပြီ… ဟားဟားဟား အခုချိန်မှာ အညွန့်တလူလူတက်နေတဲ့ ဂိုဏ်းချုပ်ရွှမ်နဲ့ အတူသေရမယ်ဆိုတော့လည်း နောင်တ မရှိတော့ပါဘူးလေ…”
အံကြိတ်ရင်း ပြောလိုက်၏။