အခန်း (၅၂၉)
Vol. 36 Ch. 529
ကောင်းကင်ဘုံ အတိဒုက္ခ စက်ကွင်းအတွင်းသို့ ရွှမ်ယီ ၀င်ရောက်သွားသည်နှင့် ကောင်းကင်ယံ၌ ရှေးကျပြီး အားကောင်းသော စိတ်ဆန္ဒတစ်ခုက ကြောက်မက်ဖွယ်မိုးကြိုးလျှပ်စီးများနှင့်အတူ လိုက်ပါ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ဘုံ အတိဒုက္ခမှ ထွက်ပေါ်လာသည့် စိတ်ဆန္ဒနှင့် မိုးကြိုးလျှပ်စီး အရှိန်အဝါက အားကောင်းလွန်းသည်ဖြစ်ရာ အဝေးမှ ကြည့်ရှုနေကြသူများပင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ကြရ၏။
အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများပင် ခြွင်းချက် မရှိပေ။
“ ဘာတွေဖြစ်နေတာလဲ…?”
ကောင်းကင်ထက်မှ ထွက်ပေါ်လာသော စိတ်ဆန္ဒ၏ ဖိအားက အလွန်ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းလှပြီး ရှေးဟောင်း သူတော်စင် တစ်ပါး ပြန်လည်နိုးထလာသကဲ့သို့ပင် ခံစားနေရ၏။
၎င်းက သူတို့အား အလွယ်တကူသတ်ဖြတ်ပစ်ရန် လုံလောက်သည်။
တိုက်ပွဲကြည့်နေသူများ ဒူးများပင် တုန်ယင်လာခဲ့ပြီး ကျားရှေ့မှ ယုန်ငယ်တစ်ကောင်အလား ခံစားနေရကာ ထွက်ပြေးရန်ပင် သတ္တိမရှိတော့ချေ။
တစ်ခုခု မှားယွင်းကာ နားလည်မှု လွဲသွားပါက ချက်ချင်းအသတ်ခံရမည်ကို စိုးရိမ်နေကြ၏။
ကံကောင်းထောက်မစွာနှင့် ထိုစိတ်ဆန္ဒက ကောင်းကင်ဘုံ အတိဒုက္ခနှင့် ချည်နှောင်ထားဟန်ရပြီး ပြင်ပသို့ ထွက်လာနိုင်ခြင်းမရှိချေ။
ယင်းက လူအများကို သက်ပြင်းချနိုင်စေခဲ့သည်။
“ အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံအတိဒုက္ခ…! ဟုတ်တယ် အဲ့တာ အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံအတိဒုက္ခပဲ…”
“ လျူယန်က ဒီလို ကြောက်စရာ မိုးကြိုးကပ်ဘေးကိုတောင် စွဲဆောင်နိုင်ခဲ့တယ်… သူ ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ…”
မူဝူ ထိတ်လန့်တကြား ရေရွတ်လိုက်၏။
ကောင်းကင်ထက်မှ ကောင်းကင်ဘုံအတိဒုက္ခအား မှတ်မိသွားပြီးနောက် ဒူးများပင် ခွေကျချင်သလို ဖြစ်သွားခဲ့ရသည်။
“ အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခ… အဲ့တာဘာကြီးလဲ…?”
“ မိုင်(၃၀၀၀) ကပ်ဘေး မိုးတိမ်တွေ… ဒီလောက် ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံ အတိဒုက္ခက ဘယ်လိုလုပ်ပြီး ကျရောက်လာတာလဲ…”
လူပေါင်းများစွာတို့ စိတ်ရှုပ်ထွေးနေခဲ့ကြပြီး သံသယများ ပြည့်နှက်နေကြ၏။
ယခုအချိန်ထိ တိုက်ပွဲအား ဆက်လက်ကြည့်ရှုနိုင်စွမ်းရှိသူများအနေဖြင့် သူတို့အာလုံး အားနည်းသူများမဟုတ်ကြပေ။
သူတို့အထဲတွင် အနိမ့်ဆုံးက ကောင်းကင်ဘုရင်အဆင့်ဖြစ်၏။
ကောင်းကင်ဘုံ အတိဒုက္ခနှင့် ကပ်ဘေး မိုးကြိုးများအား ၎င်းတို့ကိုယ်တိုင် တွေ့မြင်ခံစားဖူးကြသော်လည်း ယခု မျက်စိရှေ့၌ မြင်နေရသော အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခက သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
တစ်ဖက်တွင် မူဝူ စိတ်များ ပြန်လည် တည်ငြိမ်သွားခဲ့ပြီး နောက်ဘက်၌ စိတ်ရှုပ်ထွေးစွာ ရပ်နေသည့် ပုန်းကွယ်ခြင်း နဂါးဂိုဏ်းမှ လူ(၃၀၀၀)အား လှည့်ကြည့်လိုက်ကာ
“ ကပ်ဘေးမိုးတိမ်တွေ ကျယ်ပြန့်လေ မိုးကြိုးကပ်ဘေးက ပိုပြီး ပြင်းထန်လေပဲ… ဒါပေမယ့် အဲ့တာက သာမန် သဘောအနေနဲ့ဘဲ ယူဆလို့ရတယ်… တချို့ ကောင်းကင်ဘုံ အတိဒုက္ခတွေက သာမန် အသိနဲ့ ဆုံးဖြတ်လို့မရဘူး…”
ကောင်ကင်ဘုံ အတိဒုက္ခဆိုသည်မှာ မိုးကောင်းကင်၏ အလိုကို ထင်ဟပ်နေခြင်းဖြစ်ပြီး မတူညီသော ကျင့်ကြံခြင်းအဆင့်မှ လူများအတွက် မတူညီသော မိုးကြိုးကပ်ဘေးများ ဆင်းသက်စေသည်။
ထို့အပြင် ကျင့်ကြံသူများအကြား ပါရမီ ၊ ကျင့်စဉ် ၊ စွမ်းအား စသည့်တို့အပေါ် မူတည်၍ အဆင့်တူလျှင်ပင် ကျဆင်းလာသော မိုးကြိုးကပ်ဘေးက ကွားခြားသွားပေလိမ့်မည်။
ဤသို့ဖြင့် ကောင်းကင်ဘုံ အတိဒုက္ခများ၌ ခြားနားချက်များ ရှိနေ၏။
သာမန် အတိဒုက္ခများကို ၎င်းတို့ အရှိန်အဝါအပေါ်မူတည်၍ အကဲဖြတ်နိုင်သည်။
သို့သော် အလွန် ထူးချွန်သော ပါရမီရှင်များနှင့် အခြေခံအုတ်မြစ် နက်ရှိုင်းသူများ အတွက်မူ အဆင့်ချိူးဖျက်ရာ၌ ရင်ဆိုင်ကြုံတွေ့ရမည့် ကောင်းကင်ဘုံ အတိဒုက္ခများက ခြားနားသွားချေပြီ။
ဥပမာအားဖြင့် ဆိုရမည်ဆိုလျှင် လျူယန်အတွက် ကျဆင်းလာသည့် အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခဖြစ်၏။
၎င်း၏ စွမ်းအားကို သာမန်စံနှုန်းများဖြင့် ဆုံးဖြတ်၍ မရတော့ချေ။
လက်ရှိအချိန်တွင် မူဝူ၏ စကားသံအတွင်း၌ ၀မ်းမြောက်မှူများ ပါ၀င်နေ၏။
လျူယန်အတွက် ကျဆင်းလာသော မိုးကြိုးကပ်ဘေးက အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခဖြစ်ကြောင်း သိသွားပြီးနောက် နှလုံးသားထဲ၌ ရွှမ်ယီအား အလွန်ကျေးဇူးတင်နေခဲ့သည်။
လျူယန်မင်းဆက်နှင့် ပုန်းကွယ်ခြင်းနဂါးဂိုဏ်းတို့က မဟာမိတ်ဆက်ဆံရေးဖြစ်သော်လည်း လုံး၀ ခွဲခြားမရခြင်းတော့မဟုတ်ချေ။
အကယ်၍ လျူယန်သာ အန္တိမ အင်ပါယာအဆင့်သို့ သာမန်အတိုင်း ချိုးဖျက်ရောက်ရှိသွားပါက မဟာမိတ်များအနေဖြင့် သူတို့လည်း ၀မ်းသာကြမည်သာ။
သို့သော် ယင်းက လျူယန်၏ ကျင့်ကြံမှု အန္တိမ အင်ပါယာ အစောပိုင်းနှင့် အလယ်အလတ်ပေါ်တွင်သာ မူတည်ခြင်းဖြစ်၏။
လျူယန်သာ အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခအား အောင်မြင်စွာ ဖြတ်ကျော်လိုက်နိုင်ပါက ၎င်း၏ ကျင့်ကြံမှုက တစ်ဟုန်ထိုး တိုးတက်သွားကာ အဆင့်သေး (၃)ခု ကျော်ဖြတ်ရောက်ရှိသွားပေလိမ့်မည်။
အဆင့်မြင့် အန္တိမအင်ပါယာအဆင့်၌ မကသေးဘဲ အထွတ်အထိပ်အဆင့်သို့ပင် ရောက်သွားရန် ဖြစ်နိုင်ချေရှိ၏။
ထိုအခါ လျူယန်မင်းဆက်နှင့် နယ်မြေခြင်းထိစပ်နေသော အင်အားစုခုဖြစ်သည့် ပုန်းကွယ်ခြင်းနဂါးဂိုဏ်းက လျူယန်မင်းဆက် လက်အောက်ခံ အင်အားစု ဖြစ်လာလျှင် ကောင်းမွန်သော အဆုံးသတ်ဟု ဆိုနိုင်သည်။
အဆိုးဆုံးအနေနှင့် လျူယန်မင်းဆက်၏ တိုက်ရိုက်သိမ်းပိုက်ခြင်းကိုပင် ခံရနိုင်သည်။
သို့သော် ထိုစကားများအားလုံး မူဝူ တစ်ခွန်းမျှ ထုတ်မပြောခဲ့ချေ။ စိတ်ထဲ၌သာ ကျိတ်ပြီး ၀မ်းသာနေခဲ့၏။
ထိုကိစ္စနှင့် ပတ်သက်ပြီးပြောရမည်ဆိုလျှင် ရွှမ်ယီက သူတို့ ပုန်းကွယ်ခြင်းနဂါးဂိုဏ်းအပေါ် ကြီးမားစွာ အကျိုးပြုခဲ့ချေပြီ။
‘ ဒါပေမယ့် စိတ်မကောင်းစရာပဲ…’
မူဝူ ခေါင်းယမ်းလိုက်၏။
သူကြားဖူးသလောက်ဆိုလျှင် ရွှမ်ယီရင်ဆိုင်နေသော အစစ်အမှန် စိတ်ဝိညာဉ် မိုးကြိုးကပ်ဘေးက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ရွှမ်ယီ၏ အစွမ်းထက်လွန်းလှသော ဓားစွမ်းအားကို ကိုယ်တိုင်ခဲစားဖူးပြီး ဖြစ်သည့်တိုင် လက်ရှိအခြေအနေအား ရွှမ်ယီ ကျော်ဖြတ်နိုင်မည်ဟု လုံး၀ မထင်ထားပေ။
“ အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခအတွင်းမှ မိုးကြိုးကပ်ဘေးတစ်ခုလုံးကို အစိုးရတဲ့ သန့်ရှင်းဝိညာဉ် အကြွင်းအကျန်တစ်ခု ရှိတယ်…”
မူဝူ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း ရေရွတ်လိုက်၏။
တစ်ဖက်တွင် ရွှမ်ယီက မိုင်(၃၀၀၀)ကျယ်ပြန့်သော အတိဒုက္ခစက်ကွင်းအတွင်းပိုင်းသို့ ချဉ်းနင်း၀င်ရောက်နေချေပြီ။
ဤနေရာတွင် ကောင်းကင်နှင့် မြေပြင်တစ်ခွင်လုံး မီးခိုးရောင်သန်းနေ၏။
ရံဖန်ရံခါတွင် ကောင်းကင်ထက်မှ မိုးကြိုးလျှပ်စီးများက လေဟာနယ်ကို ထိုးခွင်လျက် ရွှမ်ယီထံသို့ ကျရောက်လာတတ်သည်။
ဘုန်း…
ကျဆင်းလာသော မိုးကြိုးလျှပ်စီးများ၌ ကမ္ဘာတုန်လုမတတ် စွမ်းအားများ ပါ၀င်သော်လည်း ၎င်းတို့အား ရွှမ်ယီဦးခေါင်းအထက်မှ ကြက်သွေးရောင် ဓားအရိပ်တစ်ခုက တားဆီးထားသည်။
ထို့နောက် အားလုံး သန့်စင်ပစ်လိုက်၏။
“ အရမ်းကောင်းမွန်တဲ့ တာအိုစွမ်းအား… ကြည့်ရတာ ငါနေရာကောင်းတစ်ခု ရှာတွေ့ခဲ့ပုံပဲ…”
ဤကဲ့သို့ အစွမ်းထက်သော မိုးကြိုးကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ရွှမ်ယီ ကြောက်လန့်သွားမည့်အစား တော်တော်လေး အံ့ဩနေမိ၏။
သူက ကောင်းကင်ထက်မှ မိုးကြိုးလျှပ်စီးများကို တစ်ခါနည်း ဖျက်ဆီးပစ်နိုင်စွမ်းရှိသော်လည်း မလုပ်ခဲ့ပေ။
၎င်းတို့ ကျဆင်းလာချိန်ကိုသာ စောင့်ဆိုင်းနေခဲ့၏။
ရွှမ်ယီ၏ ခန္ဓာကိုယ်နံဘေးတွင် သတ်ဖြတ်ခြင်းဓား(၇)ချောင်း လှည့်ပတ်နေခဲ့ကာ ကျဆင်းလာသော မိုးကြိုးလျှပ်စီးများကို စုပ်ယူနေသည်။
၎င်းတို့အားလုံး ပျော်ရွှင်မှုကြောင့် ကိုယ်ထည်များပင် တုန်ယင်နေခဲ့၏။
ဤမတိုင်ခင် ၎င်းတို့ကို ရွှမ်ယီက နတ်တန်ခိုးစွမ်းရည်ခန်းမ၌ ထားရှိကာ အဆုံးမဲ့သော ကောင်းကင်နှင့် မြေပြင်အကြားမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူစေကာ သန့်စင်ထားခဲ့သည်။
ယခုတွင် ၎င်းတို့က အသွင်ပြောင်းလဲမှု အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။
အလယ်အလတ် တာအိုလက်နက် အဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
လျူယန်နှင့် အင်တိုက်အားတိုက် တိုက်ခိုက်ခဲ့ပြီးနောက် ထိုလူ ဆွဲဆောင်ခဲ့သည့် မိုးကြိုးကပ်ဘေးက ရွှမ်ယီအတွက် ဘေးဒုက္ခမဟုတ်ဘဲ ကောင်းချီးတစ်ခုဖြစ်နေ၏။