အခန်း (၅၃၁)
Vol. 36 Ch. 531
အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံးကို ခြုံငုံ၍ ကြည့်လိုက်မည်ဆိုလျှင် ဓားတာအို၌ အမြင့်ဆုံးရောက်ရှိခဲ့သူပင် ဓားရည်ရွယ်ချက် အဆင့်(၆)၌သာ ရှိခဲ့၏။
ထိုလူအား ဓားအင်ပါယာဟု ခေါ်ဆိုသမုတ်ခဲ့ကာ အသက်ရှိစဉ် အချိန်တုံးက အလွန် ကျော်ကြားခဲ့သည်။
ဆန်းကြယ်ပလ္လင်အဆင့်သို့ ရောက်ရှိချိန်၌ ပိုင်ဟောင် အမည်ရသော ဓားမြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့၏။
၎င်း၏ အရှိန်အဝါက နှစ်သန်းပေါင်းများစွာတိုင် မပျက်စီးဘဲ ဆက်လက် ရှိတည်နေခဲ့သည်။
တဖက်တွင် ရွှမ်ယီ စတင်ထွက်ပေါ်လာစဉ်ကတည်းက အဆင့်ကျော်တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့၏။
ထို့အပြင် တိုက်ပွဲတိုင်း၌လည်း ကျင့်ကြံခြင်းအဆင့်ကို လျစ်လျူရှု၍ အင်ပါယာအဆင့်ကျင့်ကြံသူများအား ကြက်သတ်သည့်အလား အလွယ်တကူ သတ်ဖြတ်ခဲ့သည်။
ယင်းက ဟိုတုန်းက ဓားအင်ပါယာ ချန်ခဲ့သော မှတ်တမ်းများထက်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ရွှမ်ယီ၏ ဓားရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အင်အားစုကြီးများက ဓားအင်ပါယာထက် ကျော်လွန်ပြီး အဆင့်(၇) အဖြစ် ကောက်ချက်ချခဲ့ကြသည်။
အလွန်ဆုံး အဆင့်(၈)၌သာ ရှိနိုင်၏။
အဆင့်(၉) ဓားရည်ရွယ်ချက်အတွက်မူ…
ရွှမ်ယီ ၎င်း၏ မိခင်၀မ်းအတွင်း၌ ရှိနေစဉ်ကတည်းက ဓားတာအိုကို လေ့ကျင့်ခဲ့လျှင်တောင် ဤအသက်အရွယ်နှင့် ထိုအဆင့်သို့ ရောက်ရန် မဖြစ်နိုင်ပေ။
ရွှမ်ယီကမူ ပြင်ပမှ ကောလဟာလများအား အနည်းငယ်မျှ ဂရုစိုက်ခဲ့ခြင်းမရှိချေ။
လက်ရှိအချိန်သို့ ပြန်သွားမည်ဆိုလျှင် ကောင်းကင်အတိဒုက္ခအတွင်း၌ ရွှမ်ယီက ဗဟိုနေရာသို့ ၀င်ရောက်နေပြီဖြစ်၏။
သို့သော် ရှေ့ဆက်မသွားတော့ဘဲ ဒူးနှစ်ဖက်ပေါ် လက်တင်လျက် တင်ပလင်ခွေထိုင်ချလိုက်သည်။
မိုးကြိုးလျှပ်စီးများကိုလည်း ယခင်ကဲ့သို့ စုပ်ယူခြင်းမရှိတော့ချေ။
သူ့ရှေ့တွင်မူ သတ်ဖြတ်ခြင်းဓား (၇)ချောင်းက ယခင်တုန်းကကဲ့သို့ အကာအကွယ်ပုံစံဖြင့် အလျားလိုက် ရှိနေခဲ့သည်။
အနီးကပ်ကြည့်မည်ဆိုပါက သတ်ဖြတ်ခြင်းဓား(၇)ချောင်းက အသွင်းမပြောင်းမီ အချိန်ကနှင့် ကွဲပြားသွားကြောင်း မြင်တွေ့နိုင်သည်။
၎င်းတို့ လှုပ်ရှားလိုက်တိုင်း သတ်ဖြတ်လိုစိတ်အပြည့်နှင့် နဂါးတစ်ကောင် လှည့်ပတ်နေသည့်ပုံရိပ် ဝိုးတဝါး ထွက်ပေါ်လာနေ၏။
နဂါးသတ်ဓားပညာ…!
ယင်းက သတ်ဖြတ်ခြင်းဓား(၇)လက် အသွင်ပြောင်းရမှ ရွှမ်ယီရရှိခဲ့သော နည်းစနစ်တစ်ခုဖြစ်သည်။
ဟိုး လွန်လေပြီးသော ရှေးဟောင်းခေတ်တွင် ဤ ကမ္ဘာကြီးတစ်ခုလုံး၌ အဓိက ဇာတ်လိုက်များမှာ လူသားများ ၊ နတ်ဆိုးများမဟုတ်ဘဲ သားရဲများဖြစ်ကြ၏။
၎င်းတို့တွင် သာမန်သားရဲများက မွေးဖွားလာသည်နှင့် ဘုရင်အဆင့်သို့ ရောက်ရှိနိုင်ကာ အနည်းငယ်မျှ ဆက်လက်ကျင့်ကြံရုံနှင့် နောက်တစ်ဆင့်သို့ ထပ်မံရောက်ရှိသွားနိုင်သည်။
ထို့အပြင် သန့်စင်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော သားရဲများအတွက်မူ ခေတ်အလိုက် အမည်ပေးနိုင်ပြီး ၎င်းတို့က ရှေးဟောင်းဆိုသည့် စကားလုံးကို ကိုယ်စားပြုနိုင်သည်။
ထိုသန့်စင်သောသွေး ပိုင်ဆိုင်ထားသည့် ရှေးဟောင်းသားရဲများက ပို၍ကြောက်မက်ဖွယ်ကောင်းလှ၏။
တာအိုအရှင်သခင်သို့ ရောက်ရှိခြင်းမှာ ၎င်းတို့အတွက် အသေအဖွဲ့ကိစ္စမျှသာဖြစ်သည်။
ထိုသန့်စင်သောသွေး ပိုင်ဆိုင်ထားသည့် ရှေးဟောင်းသားရဲတစ်ကောင်ချင်းစီတိုင်းက သူတော်စင်များနှင့်နတ်ဆိုးများကို နှိမ့်ချဆက်ဆံနိုင်ကာ ချင်ရွှမ်ကုန်းမြေကြီးတစ်ခုလုံးအား တုန်လှုပ်သွားစေနိုင်စွမ်းရှိ၏။
သတ်ဖြတ်ခြင်းဓား(၇)ချောင်း အဆင့်မြင့်တက်သွားချိန်တွင် ဖြစ်ပေါ်လာသော ဆင့်ကဲပြောင်းလဲမှုက အတိတ်တုန်းက သန့်စင်သောသွေး ပိုင်ဆိုင်ထားသည့် ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်သော နဂါးတစ်ကောင်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။
နဂါးသတ်ဓားပညာမှာ တစ်နည်းအားဖြင့်ဆိုရမည်ဆိုလျှင် ရွှမ်ယီ၏ အဆင့်(၉) ဓားရည်ရွယ်ချက်နှင့် ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်တို့အား ပေါင်းစပ်ကာ နဂါးစွမ်းအားတစ်စိတ်တစ်ပိုင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်၏။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အတိတ်တုန်းက နဂါးကြီးများကဲ့သို့ မိုင်သန်းပေါင်းများစွာလောက် မဖျက်ဆီးနိုင်သည့်တိုင်အောင် ဆန်းကြယ်ပုလ္လင်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဤဓားချက်ကို အနည်းငယ်မျှ ခုခံနိုင်မည်မဟုတ်ပေ။
အန္တိမအင်ပါယာအဆင့်ကျင့်ကြံသူပင်လျှင် ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။
ဂျိန်း...
အုန်း...
ဝုန်း...
ရွှမ်ယီ နားလည်မှုပင်လယ်ကြီးအတွင်းသို့ နစ်မြုပ်သွားခဲ့ပြီး ရရှိလာသော ပညာရပ်အသစ်ကို နားလည်ရန်အတွက် ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို အားကိုးကာ ဒုတိယအကျော့ မိုးကြိုးကပ်ဘေးအား ဓားသွေးကျောက်တစ်တုံးအလား အသုံးပြုနေခဲ့သည်။
ဤသို့ဖြင့် ဓားပညာအသစ်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အဆက်မပြတ် နားလည်ဆင်ခြင်နေခဲ့၏။
ဓားတစ်ချက်ခုတ်လိုက်ချိန်တိုင်း သတ်ဖြတ်ခြင်းဓား(၇)ချောင်းက ဥပဒေသစွမ်းအားများကို ဝါးမျိုသွားရုံသာမက တဖြည်းဖြည်းအသွင်ပြောင်းလဲလာနေသည်။
ဤကဲ့သို့သော ဉာဏ်အလင်းမျိုးက ရွှမ်ယီ၏ဓားရည်ရွယ်ချက်အား အမြင့်ဆုံးသို့ မြင့်တက်သွားစေခဲ့သည်။
တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ အစပိုင်းတွင် ဝိုးတဝါးဖြစ်နေသည့် နဂါးပုံရိပ်က ပိုမိုလှုပ်ရှားသက်ဝင်လာခဲ့ပြီး အစစ်အမှန်ဟု ထင်ရလုနီးပါးအခြေအနေသို့ ရောက်ရှိလာသည်။
ဘုန်း...
မိုးခြိမ်းသံအကျယ်ကြီးက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါလိုက်ပြီး နဂါးပုံရိပ်က တိမ်ပင်လယ်အတွင်းသို့ တိုးဝင်သွားလေသည်။
နောက်ဆုံးတွင် သူ့၏ ဓားရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရွှမ်ယီ ယောင်ဝါးဝါးခံစားမိလိုက်ချိန်တွင် နောက်ထပ်အတားအဆီးတစ်ခုနှင့် ကြုံတွေ့လိုက်ရ၏။
ထိုအချိန်တွင် အသိစိတ်အတွင်း၌ အချက်ပေးသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
“ ဒင်...! တာဝန်စတင်လိုက်ပါပြီ…”
“ဆရာတစ်ယောက်အနေနဲ့ သင်ကြားခြင်း၊ ဆုံးမသွန်သင်ခြင်း နဲ့ တပည့်တွေရဲ့ သံသယများကို ဖြေရှင်းပေးသင့်တယ်…”
“ တာဝန်ရည်မှန်းချက်မှာ နဂါးသတ်ဓားပညာကို အခြေခံပြီးတော့ ထူးခြားတဲ့ နတ်တန်ခိုးစွမ်းရည်ကို ဖန်တီးရမှာပဲ ဖြစ်တယ်… အဆင့်ကန့်သတ်ချက်မရှိပါ…”
“ တာဝန်ဆုလာဘ် (၁) - နတ်တန်ခိုးစွမ်းရည်၏ မူလအဆင့်က နောက်တစ်ဆင့်တိုးသွားမည်၊ ဓားတိုက်ခိုက်မှုအဆင့်တစ်ခုတိုးလာမည် ( note-Sword Intent လို့ သုံးမထားလို့ပါ ) ၊ ကျင့်ကြံခြင်းအဆင့်တစ်ဆင့်တိုးလာမည်၊ သတ်ဖြတ်ခြင်းဓား(၇)ချောင်း အဆင့်တစ်ဆင့်တိုးလာမည်...”
“ တာဝန်ရည်မှန်းချက် (၂) - သင့်တော်တဲ့ တပည့်တစ်ယောက်ရှာဖွေပြီး ဖန်တီးထားသော နတ်တန်ခိုးစွမ်းရည်ကို အမွေအဖြစ် ပေးအပ်ပါ (မှတ်ချက် - တာဝန် (၁) ကို ပြီးမြောက်ရန် လိုအပ်သည်။)…”
“ တာဝန်ဆုလာဘ် - ပိုင်ရှင်၏ ကျင့်ကြံမှုအဆင့်တစ်ဆင့် တိုးမြင့်လာမှာဖြစ်ပြီး နတ်တန်ခိုးစွမ်းရည်လည်း အဆင့်တစ်ဆင့် တိုးမြင့်သွားပါမယ်…”
“ အိုး... အချိန်ကိုက်ရောက်လာတာပဲ”
စနစ်ပေးအပ်လိုက်သော တာဝန်နှစ်ခုအားကြည့်ရင်း ရွှမ်ယီမပြုံးဘဲ မနေနိုင်တော့ချေ။
အစောပိုင်းတွင် သူက နဂါးသတ်ဓားပညာကို နားလည်သဘောပေါက်ခဲ့ရုံသာမက အဆင့်(၉) ဓားရည်ရွယ်ချက်ကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် စနစ်က တာဝန်ပေးအပ်လာ၏။
“ ဒီကံကောင်းမှုကြီးအတွက် လျူယန်ကို ကျေးဇူးတင်ရမယ်…”
ရွှမ်ယီက သူ့၏အကြည့်များကို စနစ်မျက်နှာပြင်မှ ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ထက်သို့ ထူးမခြားနားဟန်ဖြင့် မော့ကြည့်ရင်း ပြုံးလိုက်၏။
ဤတစ်ကြိမ် စနစ်ပေးအပ်သော တာဝန်က ခက်ခဲခြင်းမရှိချေ။
သို့သော် လွယ်ကူလွန်းသည်ဟူ၍လည်း ပြော၍မရချေ။
နတ်တန်ခိုးစွမ်းရည်အသစ်တစ်ခု ဖန်တီးခြင်းမှာ ရွှမ်ယီအတွက်ပင် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် စနစ်က အရိပ်အမြွက်အချို့ ပေးအပ်ခဲ့သည်။
ယခုအချိန်တွင် သူက နတ်တန်ခိုးစွမ်းရည်ခန်းမအတွင်း၌ ရှိနေခြင်းမဟုတ်ဘဲ မိုးကြိုးကပ်ဘေးအကြား ရှိနေခြင်းဖြစ်သည်။
အကယ်၍ သူသာ နတ်တန်ခိုးစွမ်းရည်ကို အစမှ ဖန်တီးရမည်ဆိုပါက အချိန်တော်တော်ကြာသွားမည်ဖြစ်သည်။
သို့သော် နဂါးသတ်ဓားပညာကိုသာ အခြေခံထားလိုက်မည်ဆိုပါက ခြားနားသော ကိစ္စတစ်ခုဖြစ်သွားချေပြီ။
နဂါးသတ်ဓားပညာမှာ ရွှမ်ယီအတွက် အသစ်တစ်ခုဖြစ်သော်လည်း ၎င်းက ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်၏ ဆန်းကြယ်သော အခြေခံသဘောတရားမှတစ်ဆင့် ဆင်းသက်လာခြင်းဖြစ်သည်။
ယခင်တုန်းက ရွှမ်ယီအနေဖြင့် ခုနှစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်၏ မူရင်းပုံစံကို အခြေခံလျက် ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓားပညာ ဖန်တီးခဲ့ဖူးသည်။
ယခုတွင်လည်း နဂါးသတ်ဓားပညာကို အသုံးပြုကာ နတ်တန်ခိုးစွမ်းရည်တစ်ခု ဖန်တီးရန်အတွက် ဓားနှင့်ပတ်သက်သော သူ၏ အသိပညာများက လုံလောက်နေချေပြီ။
တစ်ခုတည်းသော လိုအပ်သည့်အရာက အတွေ့အကြုံများ စုဆောင်းရန်ပင်။