← Chapters

အခန်း (၅၃၂)

Vol. 36 Ch. 532

အခန်း (၅၃၂)

Vol. 36 Ch. 532

လိုအပ်သော အတွေ့အကြုံများအတွက်မူ…!

ရွှမ်ယီ အပေါ်သို့ မော့ကြည့်လိုက်ပြီးနောက် လက်ကောက်ဝတ်အား လှုပ်ခါရင်း အသာအယာ ရယ်မောလိုက်ကာ ခမ်းနားကြီးကျယ်သော နဂါးကြီးတစ်ကောင်အလား ဝုန်းကနဲထရပ်လိုက်သည်။

ထို့နောက်ချက်ချင်း တိုင်ရှုဓားနယ်မြေက ကပ်ဘေးမိုးတိမ်များအကြား ပျံ့နှံ့သွားခဲ့ပြီး ကြက်သွေးရောင် ဓားရည်ရွယ်ချက်ကလည်း ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။

မကြာမီ မိုင် (၃၀၀) ကျယ်ဝန်းသော ကောင်းကင်ဘုံအတိဒုက္ခအတွင်း၌ နဂါးတစ်သောင်း ပျံဝဲနေသော မြင်ကွင်းမျိုး ဖြစ်ပေါ်လာ၏။

ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး တုန်ခါသွားလေသည်။

နဂါးကြီး၏ ကြီးမားသော စွမ်းအားများက မိုးကြိုးတိမ်တိုက်များအတွင်းမှ ကျဆင်းလာသည့် မိုးကြိုးလျှပ်စီးများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဆန်းကြယ်ပုလ္လင်အဆင့် ကျင့်ကြံသူများ မဆိုထားနှင့်၊ အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူများပင်လျှင် ဤတိုက်ခိုက်မှုများအား အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ဟိန်းဟောက်နေသော နဂါးများအရှေ့တွင် မိုးကြိုးလျှပ်စီးများအားလုံး ကွဲကြေပျက်စီးသွားရ၏။

သို့သော် ယင်းက အစသာ ရှိသေးသည်။

ရွှမ်ယီက တိုင်ရှုဓားနယ်မြေကို အခြေခံကာ ဓားချက်များ တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းနေခဲ့ပြီး တစ်ခုချင်းစီက နဂါးသတ်ဓားပညာအဖြစ်သို့ ပြောင်းလဲသွားသည်။

ကြီးမားသော စွမ်းအားများက အရာအားလုံးကို ဖြတ်ကျော်သွားကာ ကောင်းကင်ဘုံအတိဒုက္ခ၏ ပင်မအူတိုင် ရှိရာဆီသို့ တိုက်ရိုက်ရောက်ရှိသွားလေသည်။

အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခ…!

စနစ်ထံမှ တာဝန်အသစ် လက်ခံရရှိပြီးနောက် လက်ရှိ သူရင်ဆိုင်နေရသော မိုးကြိုးကပ်ဘေးနှင့် ပတ်သက်သော အရာများကို စနစ်ထံမှ သိခဲ့ရ၏။

စနစ်၏ အဆိုအရ ဤအစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခအတွင်း၌ သန့်ရှင်းဝိညာဉ်၏ အကြွင်းအကျန်ဝိညာဉ် ရှိသည်။

ဤသို့ဖြင့် ရွှမ်ယီ ကောင်းကင်ဘုံအတိဒုက္ခအတွင်းသို့ ဝင်ရောက်လာချိန်၌ ခံစားခဲ့ရသော ကြီးမားသည့်ဖိအားကို ပြန်လည်တွေးမိလိုက်၏။

ထိုအချိန်ကတည်းက သူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုအား နားလည်ခဲ့သည်။

သူ၏ နဂါးသတ်ဓားပညာရပ်က ဤဒုတိယအကျော့ မိုးကြိုးကပ်ဘေးအောက်၌ ပြီးပြည့်စုံသွားခဲ့ပြီဖြစ်သော်လည်း ကန့်သတ်ချက်အား ချိုးဖျက်ကာ နတ်တန်ခိုးစွမ်းရည်အသစ်တစ်ခု ဖန်တီးရန်အတွက်မူ ၎င်းက လုံလောက်ခြင်း မရှိသေးချေ။

“ သန့်ရှင်းမိုးကြိုးဝိညာဉ်ရဲ့ အကြွင်းအကျန်ဝိညာဉ်က ဘယ်လောက်ထူးခြားလဲ ကြည့်ရအောင်…”

စကားဆုံးသည်နှင့် ရွှမ်ယီ လက်တွင်းမှ ဓားနှင့် နောက်တစ်ကြိမ် အလျားလိုက် ခုတ်ချလိုက်သည်။

ထိုအခါ နဂါးကြီးတစ်ကောင်ပုံရိပ်က ရှေ့သို့ပြေးထွက်သွားပြီး လမ်း၌ ရှိသော အတားအဆီးများအားလုံး ဖျက်ဆီးကာ ကောင်းကင်ဘုံအတိဒုက္ခ၏ ပင်မအူတိုင်အား ဖော်ထုတ်လိုက်သည်။

ထိုနေရာ၌ မီးခိုးရောင်ဘက် နည်းနည်းသမ်းသော ခရမ်းရောင်ချီများ ပျံ့နှံ့နေပြီး ဥပဒေသစွမ်းအားများကလည်း ၎င်းအနီးတွင် လှည့်ပတ်နေကာ လူတိုင်း၏ နှလုံးခုန်သံများကို မြန်သွားစေနိုင်လောက်သော ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ဤလျှပ်စီးရေကန်၏ အလယ်ဗဟိုတွင် ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

သို့သော် ၎င်း၏ မျက်နှာက မှုန်ဝါးနေခဲ့ကာ အစစ်အမှန်မျက်နှာကို မြင်နိုင်ခြင်း မရှိချေ။

ကောင်းကင်ဘုံအတိဒုက္ခ ပင်မအူတိုင်နေရာတွင် ရွှေရောင်မျဉ်းကြောင်းများ ရောယှက်နေခဲ့ပြီး ကြီးမားသော ခရမ်းရောင် နတ်ဘုရားတံဆိပ်တစ်ခု တည်ဆောက်ထားကာ ၎င်းအတွင်း စွမ်းအားများ တဟုန်ထိုးတိုးမြင့်လာနေသည်။

ထိုနတ်ဘုရားတံဆိပ်ရှေ့တွင် ဆန်းကြယ်ပုလ္လင်အဆင့်အင်ပါယာတစ်ယောက်ပင်လျှင် အသက်ရှူကျပ်သွားသည်အထိ ဖိအားပေးခံရလိမ့်မည်။

အန္တိမအင်ပါယာအဆင့် ကျင့်ကြံသူများသာ ထိုနတ်ဘုရားတံဆိပ်ရှေ့၌ ရပ်တည်ရန် အရည်အချင်းပြည့်မီသည်။

၎င်းက အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခ၏ တတိယအကျော့ဖြစ်သော အပြင်းထန်ဆုံး မိုးကြိုးကပ်ဘေး ဖြစ်ပေသည်။

သန့်ရှင်းမိုးကြိုးဝိညာဉ်…!

“ ဂျုန်း…”

ရွှမ်ယီ လျှပ်စီးရေကန်အတွင်းသို့ ဝင်ရောက်လာသည်အား ခံစားမိလိုက်သည်နှင့် ခမ်းနားသော ပုံရိပ်၏ လက်ဖဝါး၌ မိုးကြိုးလျှပ်စီးများ လင်းလက်လာကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။

ချက်ချင်း အလွန်စူးရှလွန်းသော ခရမ်းရောင် မိုးကြိုးလျှပ်စီးများ စုစည်းလာခဲ့ပြီး ၎င်းထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက အလွန်စူးရှလွန်းသဖြင့် ကြည့်မိသူတိုင်း၏ မျက်လုံးများကို စူးရှနာကျင်သွားစေနိုင်စွမ်း ရှိသည်။

ထိုခရမ်းရောင်လျှပ်စီးကြောင်းက လေထဲ၌ တဒင်္ဂမျှ ဝေ့ဝဲနေခဲ့ကာ အသိစိတ်ပင်လယ်အား တုန်ခါစေနိုင်သည့် ပေါက်ကွဲသံနှင့်အတူ ရွှမ်ယီရှိရာသို့ တိုးဝင်လာလေသည်။

“ ကောင်းတယ်…”

ရွှမ်ယီ၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းက ယခင် လျူယန်နှင့် တိုက်ခိုက်ခဲ့တုန်းကထက် ကျော်လွန်သွားခဲ့ချေပြီ။

သူက အစစ်အမှန် အန္တိမအင်ပါယာများနှင့် ယှဉ်နိုင်ခြင်းတော့ မရှိသေးပေ။

သို့သော် တာအိုနှင့်ပတ်သက်ပြီး နားလည်မှုအရာတွင် သာမန်အန္တိမအင်ပါယာများအနေဖြင့် ရွှမ်ယီအား လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။

ဤသို့ဖြင့် သန့်ရှင်းဝိညာဉ်အကြွင်းအကျန်က သာမန်ကျင့်ကြံသူများအတွက် အလွန်ကြီးမားသော အတားအဆီးကြီးတစ်ခု ဖြစ်နိုင်သော်လည်း ရွှမ်ယီအရှေ့တွင် အကျိုးသက်ရောက်မှု မရှိခဲ့ချေ။

ရွှမ်ယီက သူ့ထံသို့ ပြေးဝင်လာနေသော မိုးကြိုးလျှပ်စီးများအား တစ်ချက်ကြည့်လိုက်ကာ အနည်းငယ်မျှပင် မရှောင်တိမ်းဘဲ သတ်ဖြတ်ခြင်းဓား (၇)ချောင်းဖြင့် တိုက်ရိုက်ဖြိုခွင်းပစ်လိုက်သည်။

ထို့နောက် သတ်ဖြတ်ခြင်းဓား (၇)ချောင်းက မိုးကြိုးလျှပ်စီးများအား ဖြိုခွင်းပစ်လိုက်ပြီးလျှင် မျက်စိတစ်မှိတ်အတွင်း ရွှမ်ယီအရှေ့၌ ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဤသို့ဖြင့် ဆက်လက်၍ တိုးဝင်လာသော မိုးကြိုးလျှပ်စီးများ နှင့် ခုနစ်သွယ်သတ်ဖြတ်ခြင်းဓားအစီအရင်တို့ လမ်းခုလပ်၌ တွေ့ဆုံသွားကြ၏။

ဘုန်း…

ကြောက်မက်ဖွယ် စွမ်းအားနှစ်ခု ဝင်တိုက်မိရာမှနေ၍ ကျယ်လောင်သော အသံကြီးတစ်ခု မြည်ဟည်းထွက်ပေါ်လာသည်။

၎င်းတို့နှစ်ခု ထိခတ်ခြင်းကြောင့် ပျက်စီးသွားသော လေဟာနယ်အပိုင်းအစများကို သာမန်မျက်လုံးဖြင့်ပင် မြင်နိုင်၏။

ထို့အပြင် ထိုတိုက်ခိုက်မှုကြောင့် မိုးကြိုးကပ်ဘေးတိမ်တိုက်တစ်ခုလုံး ပျက်စီးသွားလေသည်။

“ ဘုရားရေ... ငါ ဘာကို မြင်လိုက်ရတာလဲ...”

“ ဂိုဏ်းချုပ်ရွှမ်က သန့်ရှင်းဝိညာဉ်အကြွင်းအကျန်ကို တကယ်ပဲ ဖျက်ဆီးနေတာလား...”

“ သူက တကယ်ပဲ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ ဟုတ်မှဟုတ်ပါရဲ့လား...”

အဝေးတစ်နေရာ၌ ရပ်နေသော ကျင့်ကြံသူများအားလုံး ရွှမ်ယီနှင့် မိုးကြိုးဝိညာဉ်အကြားမှ တိုက်ပွဲအား မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေမိကြ၏။

လူတိုင်း ဦးနှောက်တစ်ခုလုံး ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။

ထိုသန့်ရှင်းဝိညာဉ်အကြွင်းအကျန်ဆိုသည်မှာ ချင်ရွှမ်ကုန်းမြေကြီး၏ သမိုင်းကြောင်းထဲမှ ဆင်းသက်လာခြင်းဖြစ်သည်။

၎င်းထံတွင် လွန်ခဲ့သော နှစ်ပေါင်းဘီလီယံများစွာအတွင်း ကောင်းကင်နှင့်မြေပြင်ကြား၌ ပေါ်ထွန်းခဲ့သော သူတော်စင်များထံမှ စွမ်းအားတစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။

ထိုစွမ်းအင်တစ်စိတ်တစ်ပိုင်းက ကြောက်မက်ဖွယ် မိုးကြိုးအတိဒုက္ခအဖြစ် ပြောင်းလဲလာခြင်းဖြစ်၏။

၎င်းက အစစ်အမှန် သူတော်စင်အဆင့်ကျင့်ကြံသူ မဟုတ်သည့်တိုင်အောင် သူတော်စင်အဆင့်ကျင့်ကြံသူ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသည်။

အားအနည်းဆုံးသော သူတော်စင်တစ်ယောက်၏ အကြွင်းအကျန်ဝိညာဉ်က သာမန်ဆန်းကြယ်ပလ္လင်အဆင့်ကျင့်ကြံသူတစ်ယောက်အား လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် သတ်ဖြတ်ရန် လုံလောက်သည်။

ယခုတွင် သူတို့ ဘာကို မြင်လိုက်ရသနည်း။

ရွှမ်ယီက ထိုမိုးကြိုးဝိညာဉ်အား တားဆီးနိုင်ခဲ့ရုံသာမက ရှုံးနိမ့်မည့်လက္ခဏာလည်း မပြသေးပေ။

“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...”

ကောင်းကင်ဘုံအတိဒုက္ခအပြင်ဘက်တွင် ရပ်နေခဲ့သော အင်ပါယာလျူယန်လည်း အလွန်ထိတ်လန့်သွား၏။

သူက သူ၏အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းကိုပင် စတေးခံခဲ့ကာ အပြင်းထန်ဆုံးသော မိုးကြိုးကပ်ဘေးအား ဆွဲဆောင်ခဲ့သည်။

သို့သော် အစစ်အမှန် စိတ်ဝိညာဉ် ကောင်းကင်ဘုံ အတိဒုက္ခ ဖြစ်ပေါ်လာသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ နှလုံးသားထဲ၌ အလွန်နာကျင်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကျဆင်းလာသော မိုးကြိုးကပ်ဘေး ပို၍ပြင်းထန်လေ ၎င်းအတွင်း၌ သူရှင်သန်နိုင်ခဲ့ပါက ရရှိမည့် နတ်ဘုရားအမှတ်အသားကလည်း ပိုမိုအားကောင်းလေဖြစ်သည်။

ထို့အပြင် သူ၏ အန္တိမအင်ပါယာအဆင့် ခန္ဓာကိုယ်ကလည်း ပိုမိုအားကောင်းလာလိမ့်မည်။

၎င်းက ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားမည့် အခွင့်အလမ်းတစ်ခုဖြစ်ပေသည်။

သို့သော် ရွှမ်ယီကြောင့် သူက ထိုအခွင့်ကောင်းနှင့် လွဲချော်ခဲ့ရသည်။

All Chapters