← Chapters

အခန်း (၅၃၃)

Vol. 36 Ch. 533

အခန်း (၅၃၃)

Vol. 36 Ch. 533

သို့သော် မိုးကြိုးကပ်ဘေးအတွင်း၌ ဝှက်ဖဲများ တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြသကာ ပိုမိုအစွမ်းထက်လာနေသည့် ရွှမ်ယီအား မြင်လျှင် လျူယန်၏ နှလုံးသားအတွင်းမှ ဝမ်းနည်းမှုက ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အနှီ ရွှမ်ယီဆိုသည့်လူငယ် ပြသသော စွမ်းအားများက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုလူငယ်ထုတ်ဖော်ပြသနေသော စွမ်းအားများက အန္တိမအင်ပါယာတစ်ဝက်အဆင့်တွင် နှစ်ပေါင်းသောင်းနှင့်ချီ ကျင့်ကြံနေခဲ့သူများနှင့် ယှဉ်နိုင်စွမ်းရှိနေ၏။

ထို့အပြင် ရွှမ်ယီက အင်ပါယာတစ်ဝက်အဆင့်၌သာ ရှိနေသေးသည်။

သူသာ အင်ပါယာတစ်ယောက်ဖြစ်လာပါက မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကို တွေးကြည့်၍ပင် မရပေ။

ထိုအချိန်မတိုင်မီ ရွှမ်ယီအား ရအောင်သတ်ရမည်။

သို့မဟုတ်ပါက သူ့ဘဝအဆုံးသတ်က အလွန်ဆိုးရွားသွားမည်ဖြစ်၏။

ဤသို့ဖြင့် သန့်ရှင်းဝိညာဉ်အကြွင်းအကျန်အား မြင်လိုက်သောအချိန်တွင် ရွှမ်ယီ၏ခွန်အားနှင့် ပတ်သက်၍ ခံစားခဲ့ရသော လျူယန်၏ နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုများအားလုံး တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ထိုသန့်ရှင်းဝိညာဉ်အကြွင်းအကျန်၏ တိုက်ခိုက်နိုင်စွမ်းက အထွတ်အထိပ်ဆန်းကြယ်ပလ္လင်အဆင့် အင်ပါယာနှင့် ယှဉ်နိုင်စွမ်းရှိသည်။

သို့သော် ၎င်းက ရွှမ်ယီအား သတ်ဖြတ်ရန် လုံလောက်ပြီလော…?

လျူယန် မျက်နှာအား လက်ဖြင့်တစ်ချက်ပွတ်သပ်လိုက်၏။

“ မိုးကြိုးဝိညာဉ်တောင်မှ ရွှမ်ယီကို ထိန်းထားနိုင်ပါ့မလား...? သူက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ......?”

လျူယန် မနေနိုင်ဘဲ ရေရွတ်မိလိုက်ပြီး ဦးခေါင်းအား အပြင်းအထန် ယမ်းခါလိုက်သည်။

ပြောရမည်ဆိုလျှင် မိုးကြိုးဝိညာဉ်က ထွက်ပေါ်လာသည်မှာ မကြာသေးဘဲ ၎င်း၏ စွမ်းအားများစွာကိုလည်း ထုတ်ဖော်ပြသရခြင်း မရှိသေးချေ။

ယခုမှ တိုက်ပွဲအစသာ ရှိသေးပြီး မည်သို့ အဆုံးသတ်မည်ကို ပြောရန် ခက်ခဲလှသည်။

ဤသို့ဖြင့် လျူယန်တစ်ယောက် မျှော်လင့်ချက်များဖြင့် အသက်ပင် မရှူဝံ့တော့ဘဲ မိုးကြိုးကပ်ဘေး၏ အလယ်ဗဟိုနေရာသို့ စိုက်ကြည့်နေလိုက်သည်။

ထိုအချိန်တွင် ရွှမ်ယီက စိတ်နှင့်ခန္ဓာ နှစ်ခုလုံးကို မိုးကြိုးဝိညာဉ်နှင့် တိုက်ပွဲအတွင်း၌ အပြည့်အဝ မြှုပ်နှံထားခဲ့၏။

သူ အဆင့်(၉) ဓားရည်ရွယ်ချက်ကို နားလည်ပြီးကတည်းက သူ့အပေါ် ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသော ပထမဆုံးပြိုင်ဘက်မှာ ဤမိုးကြိုးဝိညာဉ် ဖြစ်ပေသည်။

သို့သော် တစ်ဖက်က ကြည့်မည်ဆိုလျှင် အကျပ်အတည်းဆိုသည်မှာ အခွင့်အလမ်းတစ်ခုပင်။

မိုးကြိုးဝိညာဉ်ထံတွင် ရှုံးနိမ့်ပြီး အသက်ခံရမည့် ကိစ္စအပေါ် ရွှမ်ယီ အနည်းငယ်မျှ စိတ်ပူခြင်းမရှိပေ။

သူ၏လက်ထဲတွင် လုံးဝ အသုံးမပြုရသေးသော တာအိုအရှင်သခင်အဆင့် ဝှက်ဖဲတစ်ခု ရှိနေ၏။

သူ့ရှေ့မှ မိုးကြိုးဝိညာဉ် မည်မျှအားကောင်းနေစေကာမူ ၎င်းက အင်ပါယာအဆင့်၏ ကန့်သတ်ချက်ထက်တော့ ကျော်လွန်မည် မဟုတ်ပေ။

သူသာ ဆန္ဒရှိသရွေ့ ၎င်းအား အချိန်မရွေး အလွယ်တကူ ဖျက်ဆီးနိုင်စွမ်း ရှိသည်။ သို့သော် ထိုသို့လုပ်ပါက သူ၏ မူရင်းရည်ရွယ်ချက် သွေဖည်သွားပေလိမ့်မည်။

သူ၏ရည်မှန်းချက်မှာ မိုးကြိုးကပ်ဘေးအား ကျော်ဖြတ်ရန် မဟုတ်ဘဲ နဂါးသတ်ဓားပညာကို ပြုပြင်မွမ်းမံပြီး နတ်တန်ခိုးစွမ်းရည်တစ်ခု ဖန်တီးရန်အတွက် မိုးကြိုးကပ်ဘေးအား အသုံးပြုလိုခြင်းဖြစ်၏။

“ တိုင်ရှုဓားနယ်မြေ...”

လျှပ်စီးပင်လယ်ကြီးအတွင်းတွင် ရွှမ်ယီ တောက်ပသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။

ထိုအခါ ကြက်သွေးရောင် ဓားအရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်သို့ ပြန့်ကားထွက်သွား၏။

အဆင့်(၉) ဓားရည်ရွယ်ချက်နှင့် တိုင်ရှုဓားနယ်မြေတို့၏ စွမ်းအား အပြည့်အဝ ပေါင်းစပ်သွားချေပြီ။

တိုက်ပွဲအား စောင့်ကြည့်နေသော ကျင့်ကြံသူတိုင်း အလွန်တုန်လှုပ်သွားကြ၏။

အားလုံးပြန်လည်သတိဝင်လာပြီး အသေအချာပြန်ကြည့်လိုက်ကြလျှင် ရွှမ်ယီ၏အရှေ့တွင် ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းနေသော ဓားအရိပ်များကို မြင်လိုက်ရ၏။

ထိုနေရာတွင် နတ်အလင်းများ တစ်ဖျတ်ဖျတ်လက်ကာ တောက်ပနေပြီး ကောင်းကင်ကိုးပါးအထက်မှ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကြီးအား ကြည့်နေရသည့်အလားပင်။

ထိုမြင်ကွင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းလှပြီး လူတိုင်းကို အသက်ရှူရပင် ခက်ခဲသွားစေ၏။

တစ်ဖက်တွင် သန့်စင်ဝိညာဉ်အကြွင်းအကျန်ကလည်း သူ့ရှေ့မှ လူသားအား တစ်ချက်တည်းဖြင့် မသတ်ဖြတ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။

ယင်းက ဂုဏ်သိက္ခာအပေါ် ပြင်းပြင်းထန်ထန် စော်ကားခံလိုက်ရသည့်အလားပင်။

ဤသို့ဖြင့် မိုးကြိုးဝိညာဉ် ဒေါသတကြီးဖြင့် လက်ဖဝါးနှစ်ဖက်ကို ဖိပြီးပွတ်လိုက်ရာ ထောင်ပေါင်းများစွာသော မိုးကြိုးလျှပ်စီးများ ရွှမ်ယီထံသို့ အလွန်လျင်မြန်စွာ ပြေးဝင်သွားလေသည်။

ချက်ချင်း ရွှမ်ယီ၏ခန္ဓာကိုယ်က မိုးကြိုးလျှပ်စီးများအောက်၌ ဖုံးအုပ်ခြင်း ခံလိုက်ရ၏။

ဘုန်း… ဘုန်း… ဘုန်း…

ပေါက်ကွဲသံများ အဆုံးမရှိ ထွက်ပေါ်နေသည်။

ထိုမိုးကြိုးလျှပ်စီးကြောင်းတစ်ခုချင်းစီ၏ စွမ်းအားက သာမန်အန္တိမအင်ပါယာတစ်ယောက်အား သတ်ဖြတ်ရန် လုံလောက်သည်။

ရွှမ်ယီအနေဖြင့် ၎င်းတို့အနက်မှ တစ်ချက်နှစ်ချက်လောက်ကို အလွယ်တကူ ခုခံနိုင်စွမ်း ရှိသော်လည်း ဆက်တိုက်ဝင်ရောက်လာသော မိုးကြိုးလျှပ်စီးများကို ခုခံရမည်ဆိုပါက တော်တော်လေး ဒုက္ခများသွားပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ရွှမ်ယီက တိုင်ရှုဓားနယ်မြေ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်ဖြစ်ရာ ဤနယ်မြေအတွင်း၌ အလွန်အစွမ်းထက်သော နတ်အသိကို ပိုင်ဆိုင်ထားခဲ့သည်။

ဤသို့ဖြင့် ဓားနယ်မြေအတွင်းသို့ ဝင်ရောက်လာသော မိုးကြိုးလျှပ်စီးများကို ရွှမ်ယီအနေဖြင့် အလွယ်တကူ မြင်နိုင်စွမ်းရှိနေ၏။

ရွှမ်ယီ၏ပုံရိပ် ဆက်တိုက်လှုပ်ရှားသွားပြီး ဝင်ရောက်လာသော မိုးကြိုးလျှပ်စီးများအား ရှောင်တိမ်းလိုက်သည်။

ဤသို့ဖြင့် အချိန် (၁၅)မိနစ်ခန့် ကုန်လွန်သွားခဲ့ပြီး သောင်းနှင့်ချီသော မိုးကြိုးလျှပ်စီးများအားလုံး ပြီးဆုံးသွားခဲ့ကာ မီးခိုးများ၊ ဖုန်မှုန့်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ရွှမ်ယီ၏ပုံရိပ် ပြန်လည်ထွက်ပေါ်လာသောအချိန်တွင် ဒဏ်ရာအနည်းငယ်မျှ မရရှိခဲ့ရုံသာမက စိတ်ဝိညာဉ်စွမ်းအင်များလည်း အနည်းငယ်သာ ကုန်ဆုံးခဲ့၏။

“ မင်းမှာရှိတဲ့ လှည့်ကွက်က ဒါအကုန်ပဲလား…”

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အထင်သေးသော အမူအရာတစ်ခု ထုတ်ဖော်လိုက်သည်။

ထို့နောက် ရွှမ်ယီ၏ပုံရိပ်က ထပ်မံလှုပ်ရှားသွားခဲ့၏။

မိုးကြိုးဝိညာဉ် နောက်တစ်ကြိမ် လှုပ်ရှားသည်ကို စောင့်မနေတော့ဘဲ ၎င်းနှင့် အနီးကပ်တိုက်ခိုက်ရန်အတွက် ရှေ့သို့ ပြေးဝင်သွားခဲ့ခြင်းဖြစ်သည်။

အုန်း…

မိုးကြိုးလျှပ်စီးများ ကောင်းကင်တစ်ခွင်သို့ ပြည့်နှက်သွားခဲ့ပြီး အဝေးမှ တိုက်ပွဲအား စောင့်ကြည့်နေသူများ ပြောမပြတတ်လောက်အောင် ထိတ်လန့်သွားကြ၏။

ထိုမိုးကြိုးများက ကောင်းကင်ကပ်ဘေးအတွင်း အလိုအလျောက် ကျဆင်းလာသော မိုးကြိုးများ မဟုတ်ပေ။

၎င်းတို့က မိုးကြိုးကပ်ဘေး အလယ်ဗဟိုရှိ လျှပ်စီးပင်လယ်အတွင်းမှ သဘာဝအတိုင်း ပေါက်ဖွားလာသော မိုးကြိုးလျှပ်စီးများ ဖြစ်ကြသည်။

ထို့အပြင် မိုးကြိုးလျှပ်စီးကြောင်း တစ်ခုချင်းစီ၏ စွမ်းအားများမှာ ဆန်းကြယ်ပုလ္လင်အဆင့် အင်ပါယာများ ကိုင်တွယ်နိုင်သောအရာ မဟုတ်ပေ။

သို့သော် ရွှမ်ယီက မိုးကြိုးလျှပ်စီးများကို ခုခံကာကွယ်လျက် မိုးကြိုးဝိညာဉ်ကို ပြန်လည်တိုက်ခိုက်လိုက်သည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများ တိုင်ရှုဓားနယ်မြေနှင့် ထိတွေ့စဉ် အားလုံး အရည်ပျော်သွားခဲ့ရ၏။

ထိုနောက် ၎င်းတို့အတွင်း ပါ၀င်သော စွမ်းအားများကို တိုင်ရှုဓားနယ်မြေက တိုက်ရိုက်စုပ်ယူလိုက်ကာ ရွှမ်ယီ၏ ကိုယ်ပိုင်အရာများ ဖြစ်လာခဲ့ပြီး တာအိုအပေါ်နားလည်မှု ပို၍ နက်ရှိုင်းလာခဲ့သည်။

မိုးကြိုးတာအိုက ဓားတာအိုနှင့် ဆင်တူပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းတိုက်ခိုက်ရေး နည်းလမ်းတစ်ခုဖြစ်၏။

၎င်းတို့အကြားတွင် ဆင်တူမှု တစ်ခုရှိသည်။

လက်ရှိ ရွှမ်ယီပိုင်ဆိုင်ထားသည့် တိုင်ရှုဓားခန္ဓာက ဓားတာအို၌ အမြင့်ဆုံးသော ခန္ဓာတစ်ခုဖြစ်ပြီး ဓားတာအိုအပေါ် နားလည်မှုအရှိန်အဟုန်က သာမန်ထက် များစွာမြင့်မားလှ၏။

အလွန် ထက်မြက်လှသော မြင့်မြတ်သားတော်များ ၊ ကောင်းကင်သားတော်များ ပင် ထိုနေရာ၌ ရွှမ်ယီထက် များစွာ နိမ့်ကျသည်။

မိုးကြိုးလျှပ်စီးများ ပိုမိုကျဆင်းလာသည်နှင့်အမျှ ဓားတာအိုအပေါ် ရွှမ်ယီ၏ နားလည်မှုက ပို၍ နက်ရှိုင်းလာခဲ့သည်။

တိုင်ရှုဓား တာအိုနယ်မြေကလည်း ဖိအားများအောက်တွင် ပို၍ ခိုင်မာလာနေ၏။

မူလက ဝိုးတဝါးဖြစ်နေသည့် ဓားနယ်မြေအတွင်းမှ တိုင်ရှုဓားခန္ဓာနှင့် ဆက်နွယ်နေသော ဓားပုံရိပ်များ တဖြည်းဖြည်းထင်ရှားလာခဲ့သည်။

ထို့နောက် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော ပုံစံတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။

All Chapters