အခန်း (၅၃၆)
Vol. 36 Ch. 536
တာအိုနယ်မြေအဆင့်သို့ ရောက်ရှိသွားခြင်းမှာ တိုင်ရှုတာအိုနယ်မြေနှင့် ပတ်သက်ပြီး ရွှမ်ယီ အလုံးစုံ နားလည်ကျွမ်းကျင်သွားပြီဟု ဆိုလိုခြင်းပင်။
၎င်းအပေါ်တွင် နတ်ဘုရားအမှတ်အသားတစ်ခုပင် ရှိနေခဲ့ပြီဖြစ်၏။
နတ်ဘုရားအမှတ်အသားရှိနေခြင်းမှာ ရွှမ်ယီ၏ ၎င်းထံမှ နတ်စွမ်းအားကို အသုံးပြုနိုင်ပြီဟု ဆိုလိုခြင်းလည်းဖြစ်သည်။
ထို့အပြင် နတ်တန်ခိုးစွမ်းရည်ကိုလည်း အသုံးပြုလို့ရသွားချေပြီ။
“ ဒင်... နတ်တန်ခိုးစွမ်းရည်တစ်ခုဖြစ်တဲ့ မိုးကြိုးနဂါးကောင်းကင်ဓားကို ဖန်တီးနိုင်ခဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... တာ၀န် ပြီးမြောက်သွားပါပြီ...”
“ ဆုလာဘ်များလည်း ထုတ်ပေးလိုက်ပါပြီ...”
အပြင် ဘက်တွင်မူ...
ဘုန်း…
ကြောက်မက်ဖွယ် နတ်တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး တိုင်ရှုတာအိုနယ်မြေအထက်တွင် အနီရောင်နှင့်ရွှေရောင် ရောစပ်ထားသော နတ်နဂါးကြီးတစ်ကောင်ဖြစ်ပေါ်လာ၏။
အဆိုပါ နတ်နဂါးကြီးက အလွန်လျှို့ဝှက်ဆန်းကြယ်သော ရုန်းပေါင်းများစွာဖြင့် လင်းလက်တောက်ပနေခဲ့ပြီး ကောင်းကင်ထက်မှ နေလုံးကြီးကိုပင် ကာဆီးဖုံးအုပ်ထားကာ ၎င်းထံမှ ထွက်ပေါ်နေသည့် မြင့်မြတ်သော အလင်းများက မိုင်ထောင်ပေါင်းများစွာသို့တိုင်အောင် ဖြန့်ကြက်ရောက်ရှိသွားခဲ့သည်။
ထို့နောက် ၎င်းက မိုးကြိုးစပ်ပုဆိန်အား တိုက်ရိုက်ထိုးဖောက်သွားပြီး မိုးကြိုးဝိညာဉ်၏ ရင်ဘတ်အပေါ်၌ရှိသော သူတော်စင်အမှတ်အသားကို ချိုးဖျက်လိုက်၏။
“ မဖြစ်နိုင်ဘူး… လုံးဝမဖြစ်နိုင်ဘူး…”
အင်ပါယာလျူယန် မလိုလားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
တာအိုနယ်မြေ၏ ထောက်ပံ့ပေးမှုအောက်တွင် သန့်စင်ဝိညာဉ်အကြွင်းအကျန်ပင်လျှင် ရွှမ်ယီ၏ ပြိုင်ဘက်မဟုတ်ခဲ့ဘဲ တစ်ချက်တည်းနှင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။
ယင်းအား မည်သူ ယုံနိုင်လိမ့်မည်နည်း။
“ ဒါက မဟာနတ်တန်ခိုးစွမ်းရည်လား… အရမ်းမိုက်တာပဲ...”
ရွှမ်ယီ ညာလက်ကောက်ဝတ်အား အသာအယာ လှုပ်ခါလိုက်လျှင် ခုနစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင် ပြိုကွဲသွားခဲ့ပြီး သတ်ဖြတ်ခြင်းဓား (၇)ချောင်းအဖြစ် ပြောင်းလဲကာ သူ့ထံသို့ ပြန်လည်ရောက်ရှိလာ၏။
မိုးကြိုးဝိညာဉ် ပျက်စီးသွားခြင်းနှင့်အတူ ယခင်က ကောင်းကင်တစ်ခွင်လုံးအား ဖုံးလွှမ်းနေခဲ့သော မိုးခြိမ်းသံများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။
တိမ်ပင်လယ်ကြီးအထက်တွင်မူ ရွှမ်ယီတစ်ယောက်တည်းသာ ကျန်တော့၏။
လက်ရှိအချိန်တွင် ရွှမ်ယီ၏ပုံစံမှာ သတ္တဝါတိုင်းအား စီးမိုးကြည့်ရှုနေသည့် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရ၏။
“ ကိုင်း… အခုခင်ဗျားအလှည့်ပဲ...”
ရွှမ်ယီက တစ်ချက်ငုံ့ကြည့်လိုက်ပြီး အင်ပါယာလျူယန်အား ရည်ညွှန်းကာ ပြောလိုက်သည်။
“ အား…...”
အင်ပါယာလျူယန် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့၏။
ရွှပ်…
လျူယန်၏ခန္ဓာကိုယ် ပေါက်ကွဲသွားချိန်တွင် ထိုနေရာမှ မိုင်ထောင်ချီဝေးသော နေရာ၌ လေဟာနယ်က ရုတ်တရက် တုန်ခါသွား၏။
ထို့နောက် ရွှေရောင်နတ်ဘုရားစင်မြင့်တစ်ခု ထွက်ပေါ်လာကာ အဝေးဆုံးသို့ အလျင်အမြန် ထွက်ပြေးတော့၏။
“ ကြည့်ရတာ ခင်ဗျားမှာ လှည့်ကွက်တွေ အများကြီးရှိနေပုံပဲ...”
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့သည်။
လက်ရှိအချိန်တွင် အင်ပါယာလျူယန်အနေဖြင့် ရွှမ်ယီ၏စကားများကိုပင် ဂရုမစိုက်မအားတော့ချေ။
သူ့နှလုံးသားထဲ၌ နောင်တများ ပြည့်နှက်နေခဲ့၏။
အစောပိုင်း ရွှမ်ယီနှင့် မိုးကြိုးဝိညာဉ်တို့ တိုက်ပွဲအား သူကြည့်ရှုနေခဲ့စဉ် ရွှမ်ယီထံ၌ မဟာနတ်တန်ခိုးစွမ်းရည် ပိုင်ဆိုင်ထားကြောင်း သိရှိလိုက်သည်နှင့် သူ၏ထာဝရနတ်ဘုရားစင်မြင့်ကို အဝေးတစ်နေရာသို့ ရွှေ့ပြောင်းထားခဲ့၏။
သူ၏အစစ်အမှန်ခန္ဓာကိုယ်ကမူ ကောင်းကင်ထက်မှ အခြေအနေများ ပြောင်းလဲသွားမည်လောဟု မျှော်လင့်ချက်ဖြင့် တိုက်ပွဲအား ဆက်လက်စောင့်ကြည့်ရန် ရွေးချယ်ခဲ့သည်။
ထို့အပြင် မိုင်တစ်ထောင်ဆိုသော အကွာအဝေးက အလွန်အမင်း ဝေးကွာခြင်းမရှိလှသည့်တိုင်အောင် တိုသည်ဟုလည်း မဆိုသာချေ။
တစ်စုံတစ်ခုမတော်တဆ ဖြစ်လာသည်နှင့် သွေးအဆီအနှစ်ကို လောင်ကျွမ်းကာ ထွက်ပြေးရန် လုံလောက်၏။
ရွှပ်…
ထာဝရနတ်ဘုရားစင်မြင့်ထက်တွင် လျူယန်၏ ရုပ်ခန္ဓာ ပြန်လည်၍ ဖြစ်တည်လာခဲ့သည်။
သူက ထာဝရနတ်ဘုရားစင်မြင့်အား စီးနင်းကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးနေရင်း ထာဝရနတ်ဘုရားစင်မြင့်အတွင်းမှနေ၍ ငွေရောင်အစီအရင်ငယ်တစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် ၎င်းအား ချိုးဖျက်လိုက်၏။
ငွေရောင်အစီအရင်ငယ် အက်ကွဲသွားသည်နှင့်တစ်ပြိုင်နက် လျူယန်ရှေ့မှ လေဟာနယ်တွင် ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လျူယန် အသုံးပြုခဲ့သော ငွေရောင်အစီအရင်က အရှေ့ပိုင်းတိုက်ကြီး၌ အလွန်ကျော်ကြားသော အစီအရင်တစ်ခုဖြစ်ပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များထဲတွင် အလွန်စျေးကြီးသော ပစ္စည်းဖြစ်ပေသည်။
ယင်းက မိုင်ပေါင်းတစ်သိန်းသို့ ပို့ဆောင်ပေးနိုင်စွမ်းရှိ၏။ ထို့အပြင် ဆန်းကြယ်ပုလ္လင်အဆင့်အင်ပါယာများသာ ဖိအားကို ခံနိုင်ရည်ရှိပြီး ၄င်းအား အသုံးပြုနိုင်မည်ဖြစ်သည်။
လျူယန် တစ်သက်လုံးစုဆောင်းခဲ့သော စည်းစိမ်များနှင့်ပင် ထိုကဲ့သို့ပစ္စည်းမျိုး တစ်ခုတည်းသာ ဝယ်ရန်တတ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ၎င်းအား အသုံးပြုရခြင်းအပေါ် နှလုံးသားထဲ၌ အလွန်နာကျင်နေခဲ့သော်လည်း မိမိအသက်ကို ကယ်တင်ရန်အတွက် မဖြစ်မနေ အသုံးပြုရမည်ဖြစ်လေရာ အံကြိတ်ကာ ချိုးဖျက်လိုက်၏။
ရွှပ်…
လျူယန်၏ ထာဝရနတ်ဘုရားစင်မြင့်က လေဟာနယ်အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
သို့သော်တစ်ဖက်တွင်မူ လျူယန် ငွေရောင်အစီအရင်ငယ်အား အသုံးပြုကာ ထွက်ပြေးလွတ်မြောက်သွားသည်ကို မြင်နေရသည့်တိုင်အောင် ရွှမ်ယီ၏အမူအရာက အလွန်အမင်း တည်ငြိမ်နေဆဲပင်။
“ မိုင်ပေါင်းတစ်သိန်းကို ထွက်ပြေးရုံနဲ့ ခင်ဗျားလွတ်မြောက်မယ်လို့ ထင်နေတာလား… ဟမ့်… ဟာသပဲ...”
အကယ်၍ လျူယန်သာ ထိုဝှက်ဖဲအား အစောပိုင်းတွင် အသုံးပြုခဲ့မည်ဆိုပါက ယင်းက ရွှမ်ယီအား အလွန်အမင်း ခေါင်းကိုက်သွားစေလိမ့်မည်။
ယခုတွင်မူ…
ရွှမ်ယီက စနစ်ထံမှ တာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်၏။
စနစ်က တာဝန်အတွက် ဆုလာဘ်ထုတ်ပေးခဲ့ချိန်တွင် အနီရောင်နှင့် ငါးရောင်ခြယ်အလင်းနှစ်ခုအား ရွှမ်ယီ လက်ခံရရှိခဲ့၏။
အနီရောင်စွမ်းအင်ကမူ ခုနစ်သွယ်သတ်ဖြတ်ခြင်း ဓားအစီအရင်အတွက်ဖြစ်ပြီး ငါးရောင်ခြယ်အလင်းက ရွှမ်ယီအတွက်ဖြစ်ပေသည်။
ရွှမ်ယီက တစ်ချက်တွေးလိုက်ရုံနှင့် အနီရောင်အလင်းလေးအား သူ၏အသိစိတ်ပင်လယ်အတွင်း၌ လွင့်မျောနေခဲ့သော သတ်ဖြတ်ခြင်းဓားခုနစ်ချောင်းနှင့် ပေါင်းစပ်စေလိုက်သည်။
ဘုန်း...
အလွန်ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ရွှမ်ယီ၏ အသိစိတ်ပင်လယ်ထဲတွင် သတ်ဖြတ်ခြင်းဓားခုနစ်ချောင်းက အနီရောင်အလင်း၏ ထောက်ပံ့ပေးမှုအောက်၌ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရွှမ်ယီ သတ်ဖြတ်ခြင်းဓားခုနှစ်ချောင်းအား အဆင့်မြှင့်တင်နေချိန်တွင် တိုက်ပွဲအား စောင့်ကြည့်နေသူများအနေဖြင့် လျူယန် ထွက်ပြေးသွားသော်လည်း ရွှမ်ယီ အဘယ်ကြောင့် နောက်မှလိုက်မသွားကြောင်း ပဟေဠိဖြစ်နေခဲ့ကြ၏။
နားမလည်နိုင်စွာနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အနှီလျူယန်ဆိုသည့်လူက အလွန်အစွမ်းထက်သော တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။
ယင်းက မည်သူမှမမျှော်လင့်ထားသော အရာတစ်ခုပင်။
တိုက်ပွဲအား စောင့်ကြည့်နေသူများအားလုံး ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ခံစားချက်များ မတူညီကြချေ။
အမှန်တွင် ရွှမ်ယီ၏ ပါရမီနှင့်တိုက်ခိုက်နိုင်စွမ်းများကြောင့် လူအများစု ဖိအားများကို ခံစားနေကြရ၏။
ယခုအချိန်တွင် ရွှမ်ယီ အခက်တွေ့နေသည်အား မြင်ရလျှင် စိတ်ဓာတ်နိမ့်ကျသူများအနေဖြင့် ဝမ်းသာအားရကာ အလွန်အမင်း ကျေနပ်နေကြ၏။
သို့သော် ထိုအချိန်တွင် ရွှမ်ယီ၏ အရှေ့ဘက်မှ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားလေသည်။
ထို့နောက် ဓားငယ်တစ်ချောင်း လေဟာနယ်အား ဖြတ်သန်းကာ ရွှမ်ယီ၏ လက်ဖဝါးအတွင်းသို့ ရောက်ရှိလာ၏။
ထိုဓားငယ်က လက်တစ်ဖဝါးစာမျှသာရှိပြီး ခရမ်းရောင်နှင့်ရွှေရောင် ရောစပ်ထားသော အရောင်အသွေးမျိုးရှိသည်။
၎င်းက အလွန်ကြည်လင်ကာ နတ်အလင်းများဖြင့် တောက်ပနေခဲ့ပြီး ဓားကိုယ်ထည်ပေါ်တွင် ခရမ်းရောင်လျှပ်စီးများလည်း ဝန်းရံနေခဲ့သည်။
မကြာမီ ၎င်းထံသို့ ကောင်းကင်ထက်မှ မိုးကြိုးများ ကျဆင်းလာ၏။
အနီရောင်မိုးကြိုးများ အဆက်မပြတ်ကျဆင်းလာသည်နှင့်အမျှ ဓားကိုယ်ထည်ပေါ်၌ရှိသော ရုန်းများကလည်း တဖြည်းဖြည်းချင်း ပို၍ရှင်းလင်းလာနေသည်။
ဓားငယ်လေး၏ အရှိန်အဝါကလည်း တဖြည်းဖြည်း မြင့်တက်လာနေပြီး တစ်ခဏအတွင်း တာအိုလက်နက် ကန့်သတ်ချက်ကို ကျော်လွန်သွားတော့၏။