အခန်း (၅၃၇)
Vol. 36 Ch. 537
နောက်ဆုံးတွင် ဓားငယ်လေးပေါ်သို့ အနီရောင်မိုးကြိုးအစင်းပေါင်း ရှစ်ထောင့်တစ်ရာ အဆက်မပြတ်ကျဆင်းခဲ့ပြီးနောက် အားလုံးပြီးဆုံးသွားခဲ့သည်။
နောက်ဆုံးမိုးကြိုးပစ်ချက်အပြီးတွင် ဓားငယ်လေးအထက်၌ရှိသော ရုန်းများကလည်း လုံးဝရှင်းလင်းသွားခဲ့၏။
ထို့နောက်တွင် ၎င်းထံ၌ ယခင်တုန်းကကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော တောက်ပမှုများ မရှိတော့ဘဲ ကြောက်မက်ဖွယ်အရှိန်အဝါများအားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ဤနေရာနှင့် မိုင်ပေါင်းထောင်ချီအဝေး၌ ရပ်နေသူများပင် ထိုဓားငယ်လေးအား မည်သူမှ မထီမဲ့မြင်မပြုဝံ့ကြချေ။
ရွှမ်ယီလက်ထဲ၌ ကိုင်ထားသော ဓားငယ်အပေါ်သို့ အကြည့်ရောက်သွားသည်နှင့် ၎င်းတို့ အသိစိတ်ပင်လယ်အတွင်း၌ အလွန်ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရ၏။
ရွှမ်ယီက အတွေးတစ်ချက်ဖြင့် ထိုဓားငယ်လေးအား အသုံးပြုကာ သူတို့၏ထာဝရနတ်ဘုရားစင်မြင့်များကို ချက်ချင်းဖျက်ဆီးပစ်နိုင်မည့်ပုံပေါ်နေသည်။
ထိုအချိန်တွင် ရွှမ်ယီကိုယ်တိုင်လည်း တော်တော်လေး အံ့အားသင့်နေခဲ့၏။
သူ၏သတ်ဖြတ်ခြင်းဓားက မိုးကြိုးဝိညာဉ်နှင့် တိုက်ပွဲတွင် အဆင့်မြင့်တာအိုလက်နက်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် တာဝန်ဆုလာဘ်အောက်တွင် သူ၏သတ်ဖြတ်ခြင်းဓားများ အဆင့်တစ်ဆင့်မြင့်သွားမည်ဖြစ်၏။
အစပိုင်းတွင် ရွှမ်ယီက ၎င်းတို့အနေဖြင့် အလွန်ဆုံး သူတော်စင်တစ်ဝက်အဆင့်လက်နက်သို့သာ ရောက်ရှိနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် အနီရောင်အလင်းတွင် ပါဝင်သော စွမ်းအင်များက သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။
၎င်းက သတ်ဖြတ်ခြင်းဓားခုနစ်ချောင်းကို တစ်ချောင်းတည်းအဖြစ်သို့ တိုက်ရိုက်ပေါင်းစပ်သွားစေပြီး ပြီးပြည့်စုံသော တာအိုလက်နက်တစ်ခုအဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။
“ သွားတော့…”
ရွှမ်ယီ အသာအယာရေရွတ်လိုက်၏။
ထို့နောက် တိုင်ရှုတာအိုနယ်မြေက တုန်ခါသွားကာ အလွန်ကြီးမားသော စွမ်းအင်အစုအဝေးကြီးက လက်အတွင်းမှ ဓားငယ်အတွင်းသို့ စီးဝင်သွားလေသည်။
ရွှမ်ယီ စိတ်ထဲတွင် သူအသုံးပြုနေသည်က ဓားတစ်ချောင်းမဟုတ်ဘဲ တောင်ကြီးတစ်လုံးအား အသုံးပြုနေသည်ဟု ခံစားမိလိုက်၏။
၎င်းက သူ၏ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းထားသမျှ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး စုပ်ယူသွားခဲ့သည်။
ထို့နောက် လေထဲသို့မြောက်တက်သွားကာ ပတ်ဝန်းကျင်သို့ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လိုက်၏။
ထိုအခါ မိုင်ထောင်ချီဧရိယာအတွင်း၌ ရှိသော အဆောက်အအုံများ၊ တောင်များအားလုံး ရွှမ်ယီ၏ အကြည့်အောက်၌ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထို့နောက်တွင် ၎င်းက လေဟာနယ်အား ထိုးခွင်းကာ လျူယန်နောက်သို့ ဦးတည်၍ ပြေးထွက်သွားလေသည်။
တိုက်ပွဲအား ကြည့်ရှုနေသူများအားလုံး အသက်ရှူရန်ပင် မေ့လျော့နေကြပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့်အရာများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြ၏။
တစ်ခဏအကြာတွင် ရွှမ်ယီရှေ့မှ လေဟာနယ်က တစ်ဖန်ပြန်လည်တုန်ခါလာခဲ့ပြီး ပြေးထွက်သွားခဲ့သော ဓားငယ်လေး ပြန်လည်ရောက်ရှိလာခဲ့သည်။
သို့သော် ၎င်းပြန်ရောက်လာချိန်တွင် အသွားတုန်းကနှင့်မတူတော့ဘဲ ၎င်းနှင့်အတူ ထာဝရနတ်ဘုရားစင်မြင့်တစ်ခုလည်း တွဲလျက်ပါလာခဲ့သည်။
ဓားငယ်လေးက ထိုထာဝရနတ်ဘုရားစင်မြင့်အား ထိုးဖောက်ဝင်ရောက်နေခဲ့ကာ လျူယန်၏ အရှိန်အဝါများ တစ်စွန်းတစ်စမျှ မရှိတော့ချေ။
လျူယန်နှင့်ပတ်သက်သော အရှိန်အဝါများအားလုံး ကောင်းကင်နှင့်မြေပြင်အကြား၌ ပျောက်ကွယ်သွားခဲ့သည်။
အင်ပါယာလျူယန် သေဆုံးသွားချေပြီ။
ပတ်၀န်းကျင်တစ်ခွင်လုံး တိတ်ဆိတ် ငြိမ်သက်သွား၏။
အချိန်အတန်ကြာပြီးမှ တစ်စုံတစ်ယောက် မှင်သက်နေရာမှ ပြန်လည်နိုးထလာခဲ့သည်။
သူက ပျက်စီးသွားသော လျူယန်၏ နတ်ဘုရားစင်မြင့်ကို ရှုပ်ထွေးနေသော မျက်၀န်းများဖြင့် ငေးကြည့်နေ၏။
အင်ပါယာတစ်၀က်အဆင့်မျှသာ ရှိသေးသော ရွှမ်ယီက နှစ်ပေါင်းသောင်းနှင့်ချီ တည်တံ့လာခဲ့သော မင်းဆက်တစ်ခုကို တစ်ကိုယ်တော် ဖျက်ဆီးပစ်ခဲ့သည်။
“ ဒီတိုက်ပွဲသတင်းပျံ့သွားတာနဲ့ တောင်ပိုင်းနယ်စပ်တစ်ခုလုံး ဘယ်သူမှ ဂိုဏ်းချုပ်ရွှမ်ကို မကောင်းပြောရဲတော့မယ်မထင်ဘူး… တာအိုကာကွယ်သူကို အမြဲအားကိုးနေတယ်ဆိုတဲ့ စကားတွေလည်း ပျောက်သွားတော့မယ်…”
တစ်စုံတစ်ယောက်က ထိုသို့ ရေရွတ်လိုက်လျှင် လူတိုင်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
သို့သော် မျက်မှောင်ကြုတ်နေသူများလည်းရှိခဲ့သည်။
ထိုအထဲမှ တစ်ယောက်က တိုးညှင်းစွာဖြင့်
“ ရွှမ်ယီ လျူယန်မင်းဆက်ကို ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး တောင်းပိုင်းနယ်မြေတစ်ခုလုံး ဘယ်သူကမှ အပြစ်တင်ပြီး ၀င်စွက်ဖက်မှာမဟုတ်တာ သေချာတယ်… ဒါပေမယ့် ကျုပ် စိုးရိမ်တာက တောင်ပိုင်းနယ်မြေ အပြင်ဘက်…….”
ထိုစကားများထွက်လာလျှင် လူပေါင်းများစွာတို့ အေးခဲသွားခဲ့၏။
ထို့နောက် သူတို့စိတ်အတွင်း လျူယန်နှင့် ပတ်သက်သော အတိတ်က အကြောင်းအရာများ ၀င်ရောက်လာကာ အလွန် တုန်လှုပ်သွားကြသည်။
ဂလု…
တစ်စုံတစ်ယောက်က တံတွေးတစ်လုပ်မြိုချလိုက်ကာ တုန်ယင်စွာနှင့်
“ ကျုပ် မှတ်မိတာမမှားရင်… ဟိုးအရင်တုံးက တောင်ပိုင်းကောင်းကင်တံခါးကို အလည်ရောက်လာခဲ့တဲ့ အဲ့ဒီပုဂ္ဂိုလ်က လျူယန်ကို တံဆိပ်ပြားတစ်ခု ပေးခဲ့တယ်မဟုတ်လား…”
အသက်အရွယ်ကြီးရင့်သော ကျင့်ကြံသူများ ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
ထို့နောက် လျူယန်အား သတ်ဖြတ်ခဲ့ခြင်းကြောင့် ရွှမ်ယီအား တုန်လှုပ်စွာ ငေးကြည့်နေခဲ့သူများ၏ မျက်၀န်းထဲတွင်ပင် ထူးဆန်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
“ အဲ့ဒီပုဂ္ဂိုလ်က အရှေ့ပိုင်းတိုက်ကြီး တစ်ခုလုံးမှာ နှစ်ခုပဲရှိတဲ့ မဟာဂိုဏ်းကြီးတစ်ခုက ဆင်းသက်လာတာပဲ… ပြီးတော့ သူက ဖေးရှန့်ဂိုဏ်းရဲ့ အကြီးအကဲ (၁၃)ယောက်ထဲမှာ ပါ၀င်တယ်… တကယ်လို့ သူသာ ဒီကိစ္စကို သိသွားပြီး ခွှင့်မလွှတ်ရင် ပြသနာတက်ပြီ…”
တစ်စုံတစ်ယောက်က လေသံမလျှော့ပဲ ပြောလိုက်၏။
ထို့ကြောင့် ရွှမ်ယီလည်း အားလုံး ကြားလိုက်ရသည်။
အကြီးအကဲ (၁၃)ယောက်ထဲကလား…?
ရွှမ်ယီ စိတ်ထဲမထားဟန်ဖြင့် အသာအယာ ပြုံးလိုက်၏။
အကယ်၍ ၎င်းသာ ဖေးရှန့်ဂိုဏ်းမှ မဟာအကြီးအကဲ သို့မဟုတ် ဂိုဏ်းချုပ်ဖြစ်နေလျှင် သူ ဂရုစိုက်ရဦးမည်။
သို့သော် သာမန်အကြီးအကဲတစ်ယောက်အတွက်မူ…
ရွှမ်ယီ ခေါင်းထဲပင် မထားချေ။
လူတိုင်း ထိုကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြစဉ် လျူယန်မြို့တော် အပျက်အစီးပုံနှင့် မလှမ်းမကမ်း၌ လေဟာနယ် အက်ကြောင်းငယ်တစ်ခု ရုတ်တရက် ပွင့်လာခဲ့သည်။
၎င်းမှနေ၍ ကို့ယို့ကားယားဖြစ်နေသော ဘုရင်အဆင့် ကျင့်ကြံသူတစ်ချို့ ထွက်လာခဲ့ပြီး ကြောင်စီစီနှင့် ပတ်၀န်းကျင်အား လှည့်ပတ်ကြည့်လိုက်ကြ၏။
“ ဒီနေရာက လျူယန်မြို့တော်ဆိုတာ သေချာရဲ့လား…”
၎င်းတို့အနက်မှ ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သော အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူက ပတ်၀န်းကျင်ကို မြင်ပြီးနောက် ထူးဆန်းနေဟန်ဖြင့် အော်ပြောလိုက်သည်။
“ ဒါက ဘယ်လိုလုပ်ပြီး လျူယန်မြို့တော် ဖြစ်နိုင်မှာလဲ… ဘုရင်မင်းမြတ် ရွေးလိုက်တဲ့ တည်နေရာ ဩဒိနိတ် မှားနေတာဖြစ်မယ်…”
အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူနံဘေးမှ ကောင်းကင်ဘုရင်တစ်ယောက်က သံသယဖြစ်စွာဖြင့်ပြောလိုက်သည်။
ထိုအခါ အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူ အနည်းငယ် ရှက်ရွံ့သွားပြီး ဒေါသတကြီးနှင့်
“ တည်နေရာ မှားရွေးရလောက်အောင်အထိ ငါ မအိုသေးဘူးကွ… ဒီနေရာက လျူယန်မြို့တော်ဆိုတာ သေချာတယ်… ဒါပေမယ့် ဒီ အပျက်အစီးတွေကတော့…….”
အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူက စကားကို လမ်းခုလတ်၌ ရပ်တန့်လိုက်ပြီး
“ ကြည့်ရတာ ငါတို့ နောက်ကျသွားပြီးနဲ့တူတယ်… ရှေ့ကဟာတွေက ဂိုဏ်းချုပ် ရွှမ်နဲ့ အင်ပါယာ လျူယန်တို့ရဲ့ တိုက်ပွဲသက်ရောက်မှုတွေ ဖြစ်မယ်…”
အင်ပါယာတစ်၀က်အဆင့်ကျင့်ကြံသူ၏ စကားကိုကြားလျှင်
နံဘေး၌ ရှိသော ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ(၂)ယောက် အသာအယာရယ်မောလိုက်ပြီး
“ ဘုရင်မင်းမြတ်… ဂိုဏ်းချုပ်ရွှမ်က လျူယန် မြို့တော်ကို တစ်ယောက်တည်းထွက်သွားတာလေ… တကယ်တမ်းသာ တိုက်ပွဲဖြစ်လာခဲ့ရင် သူတစ်ယောက်တည်းနဲ့ အင်ပါယာ လျူယန်ကို ဘယ်လိုမှ ဖြေရှင်းနိုင်မယ်မထင်ဘူး…”
ကျန် ကောင်းကင်ဘုရင်ဦးက
“ အဲ့တာက သိပ်တော့မသေချာဘူး… ဂိုဏ်းချုပ် ရွှမ် တစ်ယောက်တည်း ထွက်သွားခဲ့တာ မှန်ပေမယ့် လမ်းမှာ အင်ပါယာချင်းစုန့်ကို ဆက်သွယ်နိုင်တယ်… အဲ့လိုသာဆိုရင် လျူယန်မြို့တော်ကို ဖျက်ဆီးဖို့ ခက်ခဲမှာ မဟုတ်ဘူး…”
သူတို့အချင်းချင်းပြောဆိုနေကြသော စကားသံများက တိုက်ပွဲကြည့်ရှုနေခဲ့ကြသူများ နားထဲသို့ အတိုင်းသား ရောက်ရှိသွားခဲ့သည်။
သူတို့အားလုံး ဖေးရှန်ဂိုဏ်းနှင့် ပတ်သက်ပြီး ဆွေးနွေးနေခဲ့ကြခြင်းဖြစ်ပြီး ရုတ်တရက် အသစ်ရောက်လာသူများ၏ စကားများကိုကြားလျှင် သူတို့ အမူအရာများက ထူးဆန်းသွားလေသည်။