← Chapters

အခန်း (၅၄၀)

Vol. 36 Ch. 540

အခန်း (၅၄၀)

Vol. 36 Ch. 540

ဤသို့ဖြင့် အချိန်များ နှစ်သန်းပေါင်းများစွာ ကုန်လွန်လာခဲ့ပြီး ယနေ့ခေတ် လူသားများအတွက် ရှေးဦးခေတ်တုန်းက ကိစ္စများက ဒဏ္ဍာရီများသဖွယ်သာ ကျန်ရစ်ခဲ့တော့ပြီး နတ်မိသားစုများ၏ ခြေရာလက်ရာများကို အနည်းငယ်မျှ ရှာတွေ့ခြင်းမရှိတော့ချေ။

၎င်းတို့က ရှေးဦးခေတ်၏ အမှောင်ခေတ်၌ လူသားမျိုးနွယ်စု မပျောက်ကွယ်ရလေအောင် စောင့်ရှောက်ပေးခဲ့ကြသော မီးရှူးတန်ဆောင်များဖြစ်ကြသည်။

သို့သော် တစ်ဖက်တွင် ချီမိသားစုက နဂါးသွေးကို ပိုင်ဆိုင်ခွင့်ရခဲ့သော ‌မိသားစုများထဲမှ တစ်ခုဖြစ်ပြီး ကြားထဲတွင် နဂါးသွေး နိုးထခြင်းမရှိတော့သည့်တိုင်အောင် ယနေ့ခေတ်အထိ မပျက်စီးသေးဘဲ ဆင်းသက်လာနိုင်ခဲ့၏။

ချီလင်းတန်၏ မျိုးဆက်သို့ အရောက်တွင် သူ့ထံ၌ ဘိုးဘေးများ၏ သွေးမျိုးဆက် နိုးထလာခဲ့ပြီး သွေးအတွင်းပိုင်း နက်ရှိုင်းသော နေရာ၌ ဘ၀င်စိုက်နေသော နဂါးသွေးကို နိုးထစေနိုင်ခဲ့သည်။

ထို့နောက် ချီလင်း‌တန်တစ်ယောက် ချီမိသားစုနှင့် ဖေးရှန့်ဂိုဏ်းမှ ထောက်ပံ့မှုများနှင့်အတူ ကောင်းကင်သို့ တစ်ဟုန်ထိုး တိုးတက်သွားတော့၏။

သူက နှစ်ပေါင်း(၁)သောင်း ၀န်းကျင်သာ ကျင့်ကြံခဲ့ပြီး တာအိုအရှင်သခင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။

ဤသို့ဖြင့် ဖေးရှန့်ဂိုဏ်း သမိုင်း၌ အငယ်ဆုံးသော အကြီးအကဲ ဖြစ်လာခဲ့၏။

[ Eng Translator Note : အကြီးအကဲနှင့် တပည့်ခေါင်းဆောင်က အဆင့်အတန်းတူညီသည်။ ( အဲ့လိုရေးထားပါတယ် ဘာလို့ဆို တပည့်ခေါင်းဆောင်ကတဆင့် အကြီးအကဲဖြစ်လာတာကြောင့် ဖြစ်နိုင်ပါတယ် ။ နောက်ပိုင်း ဆက်ရှင်းသွားပါမယ်… ) ]

အရှေ့ပိုင်းတိုက်ကြီး၏ လွန်ခဲ့သော နှစ်သန်းပေါင်းမျာစွာ အကြာကတည်းက ယနေ့အချိန်ထိ သမိုင်းထဲတွင် အင်ပါယာခန္ဓာနှင့် တာအိုခန္ဓာ ပိုင်ဆိုင်သူပေါင်းများစွာ ရှိခဲ့သည်။

သို့သော် နှစ်(၁)သောင်း ကျင့်ကြံရုံနှင့် ချီလင်းတန်အဆင့်သို့ ရောက်နိုင်ခဲ့သူ ရာဂဏန်းလောက်သာရှိနိုင်၏။

လက်ရှိအချိန်တွင် ဝေ့ယွမ်၏ အမူအရာ အလွန်လေးနက်နေခဲ့သည်။

သူက ရန်သူ၏ ခွန်အားအပေါ် အလွန်အမင်း ချီးကျူးနေခဲ့ကာ ရွှမ်ယီအပေါ် နှိမ့်ချသည့် သဘော ဖြစ်နေခဲ့သည့်တိုင် အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။

ရွှမ်ယီကိုသာ ရန်သူ၏ ခွန်အားနှင့် ပတ်သက်ပြီး အသေးစိတ်နားလည်စေချင်နေခဲ့သည်။

ထို့ကြောင့် ချီလင်းတန်၏ မြင့်မားသော ပါရမီ ၊ ခွန်အား နှင့် နောက်ခံ စသည်တို့ကို အဓိက အလေးပေးကာ ပြောကြားခဲ့၏။

သူက ရွှမ်ယီအား ချီလင်းတန်နှင့် ပတ်သက်ပြီး သူသိ သမျှ အကုန်ပြောပြခဲ့ကာ ဖြစ်နိုင်ပါက ချီလင်းတန်နှင့် ထိပ်တိုက်ရင်မ‌ဆိုင်ဘဲ အတတ်နိုင်ဆုံး စကားဖြင့်သာ ဖြေရှင်းရန် အကြံပြုလိုက်သည်။

အမှန်အတိုင်းဆိုလျှင် နက်နဲခြင်း အင်ပါယာဂိုဏ်းက တောင်းပိုင်းနယ်မြေမှ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေခဲ့ချေပြီ။

ဆန့်ကျင်မိခဲ့သူက ဖေးရှန့်ဂိုဏ်းမှ ချီလင်းတန် ဖြစ်နေခဲ့သည့်တိုင် ၎င်းတို့အနေဖြင့် လက်လွတ်စပယ် ပြုလုပ်၍ရမည်တော့မဟုတ်ချေ။

နောက်ဆုံးတွင် ဖေးရှန့်ဂိုဏ်းက လူသားမျိုးနွယ်မှ မဟာဂိုဏ်းကြီတစ်ခုဖြစ်နေပြီး ၎င်းတို့သာ တစ်စုံတစ်ဦးအား အမှန်တကယ် တိုက်ခိုက်မည်ဆိုပါက ဖေးရှန့်ဂိုဏ်းချုပ်ကိုယ်တိုင် ရှေ့ထွက်တားဆီးပေလိမ့်မည်။

သို့သော် ဤပြသနာ၌ အဓိကလူမှာ ချီမိသားစုမှ ချီလင်းတန်ဖြစ်နေပြီး နတ်ဆိုးများနှင့် စစ်ပွဲ၌ ၎င်း၏ အောင်မြင်မှုများကို ထည့်တွက်ရန် လိုနေသေးသည်။

သို့‌တိုင်အောင် ရွှမ်ယီက တည်ငြိမ်နေဆဲပင်။

ဝေ့ယွဲ့သာ မီးခဲဖင်ခုထိုင်မိသည့်အလား ဖြစ်နေခဲ့၏။

ရွှမ်ယီက ၎င်းအားကြည့်ကာ အသာအယာပြုံးလိုက်ပြီး

“ အခုလို ပြောပြပေးခဲ့တဲ့အတွက် ဘုရင်ဝေ့ကို ကျေးဇူးအများကြီးတင်ပါတယ်… ကျုပ်သတိထားပါ့မယ်…”

ရွှမ်ယီက ချီလင်းတန်အား အနည်းငယ်မျှ ဂရုမစိုက်သည်ကိုမြင်လျှင် ဝေ့ယွဲ့ အလွန်ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။

ဘာမှ မတတ်နိုင်တော့သည်ဖြစ်ရာ နောက်ဆုံးအနေနှင့် ဝေ့ယွမ်အား အနားသို့ခေါ်လိုက်ပြီး နက်နဲခြင်းအင်ပါယာဂိုဏ်းသို့ ရောက်လျှင် လိမ်လိမ်မာမာနေထိုင်ပြီး အကောင်းဆုံး လေ့ကျင့်ရန် ပြောလိုက်သည်။

ဝေ့ယွမ်ကမူ အလွန်စိုးရိမ်ပူပန်နေဟန်ရသော ဖခင်ဖြစ်သူအား ကြည့်ရင်း မည့်သည့်စကားမှ မဆိုတော့ဘဲ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် ‌ရွှမ်ယီနှင့် ဝေ့ယွမ်တို့ ထိုနေရာမှာ ထွက်ခွာလာခဲ့ကြသည်။

ဝေ့ယွဲ့တို့ အဖွဲ့မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားချိန်တွင် ဝေ့ယွမ်က ရွှမ်ယီဘက်သို့ လှည့်လိုက်ပြီး

“ ဆရာ… အဲ့ဒီ ချီလင်းတန်ဆိုတဲ့လူက တကယ်ပဲ အရမ်းအစွမ်းထက်တာလား…”

ဝေ့ယွမ်၏ အမေးကိုကြားလျှင် ရွှမ်ယီ ပြုံးလိုက်ပြီး

“ မင်းရော ဘယ်လိုထင်လဲ…”

ဝေ့ယွမ်က သူမ လက်သီးများအား တင်းနေအောင် ဆုပ်လိုက်ကာ

“ သူဘယ်လောက်ပဲ အစွမ်းထက်ပါစေ ဆရာ့ကိုတော့ ယှဉ်နိုင်မှာ မဟုတ်တာ သေချာတယ်…”

ဝေ့ယွမ်စကားကြောင့် ရွှမ်ယီ အနည်းငယ် ရယ်မောလိုက်သည်။

ထို့နောက် သူက ထိုကိစ္စနှင့် ပတ်သက်ပြီး ဆက်မပြောတော့ဘဲ ဝေ့ယွမ် ပခုံးကို တစ်ချက် ပုတ်လိုက်ကာ

“ ချီလင်းတန် အပါအ၀င် ကျန်တဲ့ ကိစ္စတွေ ဘာကိုမှ စိတ်မပူနဲ့… ဘုရင်ဝေ့က ချဲ့ကားပြောလိုက်ရုံ သက်သက်ပဲ….”

“ ဂိုဏ်းကို ရောက်ရင် ကြိုးစားလေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထား… ကျင့်ကြံခြင်း လမ်းကြောင်းဆိုတာက ရေဆန်မှာ လှေလှော်နေရသလိုပဲ… မင်း နည်းနည်းလေး ရပ်တန့်လိုက်တာနဲ့ နောက်ကို ပြန်ရောက်သွားလိမ့်မယ်… အင်မော်တယ်ခန္ဓာကို ပိုင်ဆိုင်ထားတိုင်းလည်း အဲ့ဒီ သဘောတရားကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး… နားလည်ရဲ့လား….”

ရွှမ်ယီ တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

ဆရာဖြစ်သူ၏ မျက်နှာ အနေအထားကိုမြင်လျှင် ဝေ့ယွမ် ဘာမှ ဆက်မပြောရဲတော့ဘဲ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်၏။

၎င်းကို မြင်လျှင် ရွှမ်ယီ ကျေနပ်သွားပြီး ဝေ့ယွမ်နှင့်အတူ တောင်ပိုင်းနယ်စပ် အတွင်းပိုင်းသို့ ဆက်လက် ဦးတည်‌လိုက်လေသည်။

လက်ရှိအချိန်တွင် သူ့အတွက် အရေးကြီးဆုံးသော အရာမှာ သင့်လျော်သော တပည့်များ ရှာဖွေရန် ဖြစ်သည်။

ချီလင်းတန်နှင့် ပတ်သက်၍မူ…

၎င်းက တာအိုအရှင်သခင်မျှသာ ဖြစ်သေးပြီး သူ့အား နောက်ဆုတ်စေနိုင်စွမ်း မရှိသေးပေ။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောနေစရာပင်မလိုချေ။ ကောင်းကင်ပြိုလဲခြင်းတောင်တွင် မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင် ရှိပေသည်။

ချီလင်းတန် ကိုယ်တိုင် ရောက်လာလျှင်ပင် ကိစ္စမရှိ‌ချေ။

အစီအရင်ကြီးအား ကိုယ်တိုင်ထိန်းချုပ်နေသော အန္တိမ အင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးရှိနေ၏။

၎င်းက မဟာကောင်းကင်ဘုံ ကြယ်စင်စု အစီအရင်၏ စွမ်းအားကို အပြည့်အ၀တ် ထုတ်လွှတ်နိုင်မည်မဟုတ်သော်လည်း တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ဦးကို ဖြေရှင်းရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

ရွှမ်ယီ ထွက်ခွာသွားပြီး ဘယ်လောက်မှ မကြာသေးမီ တချိန်လုံး ရွှမ်ယီအား အလွန်လေးစားကာ ချီကျူးနေခဲ့သော လူငယ် ထိုနေရာသို့ ရောက်ရှိလာ၏။

သို့သော် ဝေ့နိုင်ငံသို့ ပြန်ရန် ပြင်နေသည့် ဝေ့ယွဲ့တို့အဖွဲ့ကိုသာ တွေ့လိုက်ရပြီး ရွှမ်ယီကိုတော့ မတွေ့ရတော့ချေ။

“ စီ.. စီနီယာ… ခဏနေပါဦး… ဂိုဏ်းချုပ် ရွှမ် ဘယ်ရောက်သွားလဲ သိလားခင်ဗျ…”

ရွှမ်ယီနှင့် တွေ့ခွင့်မရလိုက်သည့်အပေါ် လူငယ် တော်တော်လေး စိတ်ပျက်သွားခဲ့သည်။

ထို့နောက် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထွက်ခွာတော့မည့် ဝေ့ယွဲ့အား လှမ်းခေါ်ကာ မေးလိုက်ခြင်းဖြစ်၏။

တစ်ဖက်တွင် ဝေ့ယွဲ့ တော်တော်လေး ခေါင်းကိုက်နေခဲ့သည်။

ရွှမ်ယီ၏ စရိုက်ဖြင့် ဆိုပါက အနည်းငယ်မျှ နောက်မဆုတ်ဘဲ ချီလင်းတန်နှင့် ထိပ်တိုက် တွေ့ဆုံရန် သေချာသည်။

ယင်းက မည်သို့သော ကောင်းကျိုးများ ရှိမည်နည်း…?

ဝေ့ယွဲ့တစ်ယောက် အတွေးပင်လယ်အတွင်း နစ်မြုပ်နေစဉ် ရုတ်တရက် လှမ်းခေါ်သံကြောင့် အတွေးများပြတ်တောက်သွားခဲ့ပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ အင်ပါယာတစ်၀က်အဆင့် လူငယ်တစ်ဦး သူ့အား ရိုသေစွာ ဦးညွှတ်နေသည်ကို တွေ့လိုက်ရ၏။

ဝေ့ယွဲ့ အလွန်အံ့အားသင့်သွားခဲ့ပြီး ချက်ခြင်း ပြန်လည် ဦးညွှတ်လိုက်ကာ

“ ဟောဒီက ရောင်းရင်းလေးဆီမှာ စီနီယာအဖြစ် မခံယူပါရစေနဲ့… ပြီးတော့ ဂိုဏ်းချုပ်ရွှမ် ဘယ်သွားတယ်ဆိုတာ ငါလည်း မပြောတတ်ဘူး… ဒါပေမယ့် သူက တောင်ပိုင်းနယ်စပ်ကို သံတမန် တာ၀န်နဲ့ ရောက်လာတာဆိုတော့ သိတယ်… ဒါကြောင့် တောင်ပိုင်းနယ်စပ်မှာပဲ နည်းနည်းတော့ ကြာဦးမယ်ထင်တယ်…”

“ သံတမန် ဟုတ်လား...? လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ…”

ထိုလူငယ်က ဝေ့ယွဲ့နှင့် အဆင့်တူဖြစ်သည့်အပြင် ပို၍ အစွမ်းထက်နိုင်သော်လည်း ဝေ့ယွဲ့အား အနည်းငယ်မျှ မလေးမစား မပြုခဲ့သည့်အပြင် တလေးတစား ဆက်ဆံခဲ့၏။

‌သူက ဝေ့ယွဲ့ထံမှ ရွှမ်ယီနှင့် ပတ်သက်သော သတင်းအချက်အလက်တချို့ ရရှိပြီးသည်နှင့် အလင်းတန်းတစ်ခုအလား အဝေးသို့ ပျောက်ကွယ်သွားတော့သည်။

All Chapters