← Chapters

#သံသယဖြစ်စရာကိုယ်ပိုင်လက္ခဏာ#

Vol. 84 Ch. 1188

#သံသယဖြစ်စရာကိုယ်ပိုင်လက္ခဏာ#

Vol. 84 Ch. 1188

နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်က တပ်မှူးများတွင် လက်အောက်ငယ်သားများကို သိမ်းသွင်းနိုင်သည့် ခွန်အားရှိရမည်သာမက လိုက်ဖက်သည့် အမိန့်ပေးနိုင်စွမ်းလည်း ရှိရပေမည်။ 

ရှောင်ဟိုင် လဲ့ရွှမ်းတပ်စခန်းကို ရယူပစ်လျှင်ပင် လက်အောက်ငယ်သားများက ပြောင်းလဲသွားမည်မဟုတ်။ 

လဲ့ရွှမ်းနောက်သို့ နှစ်များစွာလိုက်ခဲ့ခြင်းက သူ့တပည့်များကို အခြေခံအားဖြင့် လဲ့ရွှမ်းအား အသိအမှတ်ပြုစေသည်။ ရှောင်ဟိုင် ရယူပြီးနောက်တွင် မယုံသင်္ကာဖြစ်သည့် သံသယအခြေအနေရပ်တစ်ခု သေချာပေါက်ဖြစ်လာမည်သာ။ 

အကယ်၍ တပ်မှူးတစ်ယောက်က သူ့လက်အောက်ငယ်သားများကိုပင် မသိမ်းသွင်းနိုင်ပါက ဒါက အင်မတန် ကြောက်စရာကောင်းသည့် အရာတစ်ခုပေတည်း။ 

ယခုတွင်လည်း စင်မြင့်အောက်က လဲ့ရွှမ်းစခန်းက လက်အောက်ငယ်သားများ အရမ်းကောင်းပုံမရပေ။ သူတို့ ရှောင်ဟိုင်ကို ရန်လိုစွာကြည့်နေကြသည်။ 

ဒီအခိုက်အတန့်၌ မဟာတပ်မှူး လဲ့ရွှမ်းကို ကြည့်ရင်းပြောသည်။ 

"လဲ့ရွှမ်း၊ မင်းအောက်ကို တွန်းခံလိုက်ရပြီဆိုတော့ မင်းမှာအခုရွေးချယ်စရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကနေ နုတ်ထွက်ဖို့ပဲ၊ သေချာတာပေါ့၊ ငါမင်းကို ဒီရွေးချယ်မှုကို မလုပ်စေချင်ဘူး၊ ဒုတိယက ဟိုင်မုရဲ့ လက်အောက်ခံဖြစ်လာဖို့ပဲ"

ပုံမှန်အခြေအနေတွင် တပ်မှူးတစ်ယောက်က ရာထူးကနေ ဖယ်ရှားခံရပြီးနောက်တွင် သူတို့ နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကနေ ထွက်သွားရန် ရွေးချယ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ အင်ပါယာအစောင့်များက မောက်မာကြသည်။ လဲ့ရွှမ်းကဲ့သို့ ပါရမီရှင်ကိုထား၊ မည်သည့်တပ်မှူးကှ် လက်အောက်ငယ်သားတစ်ဦး ဖြစ်လာရန်အတွက် ဆန္ဒမရှိပေ။ 

သို့စေကာမူ လဲ့ရွှမ်းခေါင်းခါယမ်းသည်။ 

"ကျွန်တော်အင်ပါယာအစောင့်တပ်မှာ ‌နေဖို့ကိုပဲ ရွေးချယ်တယ်" ထို့နောက် သူရှောင်ဟိုင်ကို ကြည့်ရင်း လေးနက်စွာပြောသည်။ 

"ငါပိုင်ဆိုင်တာတွေကို ငါကိုယ်တိုင်ပြန်ယူမယ်"

ဒါကိုကြားသော် မဟာတပ်မှူး ကျေနပ်စွာ ခေါင်းညိတ်သည်။ 

"ကောင်းပြီ၊ အခုတော့ဒီလောက်ပါပဲ၊ တပ်မှူးဟိုင်မု ဘယ်တာ၀န်ကို ပြီးမြောက်ချင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ငါပြန်သွားတဲ့အခါကျရင် မဟာတပ်မှူးနင်းနဲ့ ဆွေးနွေးလိုက်မယ်"

မဟာတပ်မှူးနင်းက တခြားမဟာတပ်မှူးတစ်ယောက်ဖြစ်သည်။ 

"သိုင်းပညာပြိုင်ပွဲအပြီး မင်းတို့စခန်းကို ပြန်သွားကြ၊ လေ့ကျင့်မှုကို မနက်ဖြန် ဆက်လုပ်မယ်"

ဒီစကားနှင့်အတူ မဟာတပ်မှူးလှည့်ကာ ထွက်သွားလေတော့သည်။ 

တခြားစခန်းများက လက်အောက်ငယ်သားများကလည်း သူတို့၏တပ်မှူးအသီးသီးနှင့်အတူ ထွက်သွားကြ၏။ 

ဒီအခိုက်အတန့်၌ လဲ့ရွှမ်းလက်ပိုက်ကာ ရှောင်ဟိုင်ထံလျှောက်လာပြီး ရှုပ်ထွေးနေသည့် အမူအရာဖြင့်ပြောသည်။ 

"မင်းငါ့ကိုယုံတယ်ဆိုရင် ဒီကာလအတွင်း ငါမင်းကိုကူညီပေးမယ်"

ရှောင်ဟိုင် လဲ့ရွှမ်းကိုကြည့်ပြီး ဆေးလုံးတစ်လုံးပစ်ပေးလိုက်၏။ 

"ဒီဆေးလုံးက ခင်ဗျားလက်ကို ကုသပေးနိုင်ပါတယ်"

လဲ့ရွှမ်းတစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။ 

ဒီအချိန်တွင် မိုထင်း အားကိုးရာမဲ့နေသည့် အမူအရာဖြင့် ရှောင်ဟိုင်ထံလျှောက်လာသည်။ 

"ဟိုင်မု....တပ်မှူး၊ ဂုဏ်ယူပါတယ်"

ရှောင်ဟိုင်လက်သီးဆုပ်သည်။ 

"မင်းကြီးထွားလာတဲ့အခါကျရင် ငါမင်းကို ငါ့နေရာကိုယူစေချင်တာ၊ ဒါပေမယ့် မင်း လဲ့ရွှမ်းကို တိုက်ရိုက်အနိုင်ယူပစ်မယ်လို့ ငါမထင်ထားခဲ့ဘူး...." မိုထင်းခါးသီးစွာ ပြုံးသည်။ 

"ဒါပေမယ့် မင်းလဲ့ရွှမ်းစခန်းကို ယူပြီးတာနဲ့ မင်းရဲ့လက်အောက်ငယ်သားတွေက သေချာပေါက်ယုံကြည်မှာမဟုတ်သေးဘူး၊ အစကတည်းက မင်းသူတို့ကို မသိမ်းသွင်းဘူးဆိုရင် အနာဂန်မှာ စီမံဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်၊ မင်းအာရုံစိုက်ထားရမယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ကျေးဇူးပါ"

"နားမလည်တာတစ်ခုခုရှိရင် မင်းငါ့ကိုဖြစ်ဖြစ် လဲ့ရွှမ်းကိုဖြစ်ဖြစ် မေးနိုင်တယ်" ထို့နောက် မိုထင်းထွက်သွားချင်သည်။ 

ချူမင်ပြေးလာသည်။ 

"တပ်မှူးမိုထင်း၊ ဒါ....."

ဒါက ချူမင်၏ 'တိတ်ဆိတ်နေတတ်သည့်' စရိုက်နှင့်မတူပါ။ 

သို့စေကာမူ မိုထင်းတစ်ချက်ကြည့်ရုံနှင့် မြင်နိုင်သည်။ သူနောက်ပြောင်ပြောလိုက်သည်။ 

"မင်းတပ်မှူးဟိုင်မင်နောက်က လိုက်ချင်တယ်ဆိုရင် သူ့ကိုမေးပါ၊ သူမင်းကို လက်ခံဖို့ ဆန္ဒရှိနေသရွေ့ သွားလို့ရတယ်"

ချူမင်အလွန်ပျော်သွားပြီး ရှောင်ဟိုင်ကို သနားချင်စဖွယ်အမူအရာဖြင့် ကြည့်နေသည်။ 

ရှောင်ဟိုင် ချူမင်ကိုဆွံအစွာကြည့်သည်။ 

"မင်းဘာလို့ငါ့နောက်ကလိုက်ချင်တာလဲ"

ချူမင်တစ်ခဏမျှတွေးလိုက်သည်။ 

"ကံကြမ္မာလား၊ ပြီးတော့ ငါ့စကားလုံးတွေက မင်းကို အရမ်းကြီးစိတ်မဆိုးစေဘူးလေ"

ရှောင်ဟိုင် ချူမင်ကို လက်သီးထိုးမတတ်ပင်။ 

ငါမင်းကိုတောင်းပန်ပါတယ်၊ မလာပါနဲ့!

"ဒါ့အပြင် အစ်ကိုဟိုင်မုက အရမ်းပါရမီရှိတယ်လေ၊ ငါကိုယ်တိုင်ဒါကိုမြင်ချင်တယ်၊ ဒါမှမဟုတ် မင်းနောက်ကလိုက်ရင်းနဲ့ ပိုကောင်းတဲ့အနာဂတ်တစ်ခု ရှိချင်လို့ဆိုရင် ပိုမှန်တာပေါ့" ချူမင်လေးနက်စွာပြောသည်။ 

"ဘာပဲဆိုဆို ငါဒီလိုတွေးထားတာ"

ဒါကတကယ့်ရည်မှန်းချက်ပေတည်း။ 

အားကောင်းသူများက မည်သောအခါမှ နောက်လိုက်လျော့နည်းခြင်းမရှိပါ။ 

ရှောင်ဟိုင်တစ်ခဏမျှတွေးလိုက်သည်။ သူ့တွင် နတ်ဆိုးဘုရင်ပိုင်နက်၏ မှတ်ဉာဏ်များရှိသော်လည်း အတော်လေးကြာနေပါပြီ။ သူ့ကိုကူညီရန် ရင်းနှီးသောသူတစ်ယောက်ရှိနေတာက ကောင်းပေသည်။ 

ဒါ့အပြင် သူကိုယ်တိုင်မလုပ်နိုင်သည့် အရာတစ်ချို့လည်းရှိသည်။ 

ဒါကိုတွေးမိသောအခါ ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ကောင်းပြီလေ"

ချူမင်ပျော်ရွှင်စွာ ခုန်ပေါက်လိုက်မိသည်။ 

မုထင်းအားကိုစရာမဲ့စွာ ခေါင်းခါယမ်းသည်။ 

"ရက်အနည်းငယ်ပဲရှိသေးတယ်၊ အစက ပါရမီရှင်နှစ်ယောက်ကို လက်ခံနိုင်တဲ့အတွက် ငါကိုယ့်ကိုကိုယ်တောင် အားကျခဲ့ရပေမယ့် အခုတော့ အားလုံးထွက်ပြေးသွားကြပြီ"

ထိုစကားနှင့်အတူ မိုထင်းထွက်သွားသည်။ 

ရှောင်ဟိုင်နှင့် ကျန်သောသူများက လဲ့ရွှမ်းစခန်းသို့ပြန်သွားကြသည်။ 

စခန်းကိုပြန်လာပြီးနောက် လဲ့ရွှမ်း ရှောင်ဟိုင်ကို လဲ့ရွှမ်းစခန်း၏တည်ဆောက်ပုံနှင့် တပ်မှူးတစ်ယောက် ဘာလုပ်ဖို့ လိုသလဲဆိုတာ စတင်ရှင်းပြသည်။ 

"တကယ်တော့ တပ်မှူးတစ်ယောက် လုပ်ဖို့လိုဆိုတာဆိုလို့ သိပ်မရှိပါဘူး"

"လဲ့ရွှမ်းစခန်းမှာ စုစုပေါင်းလူ၂၇၀ရှိတယ်၊ ပုံမှန်အခြေအနေတွေမှာ အထူးတာ၀န်မရှိတဲ့အခါကျရင် သူတို့အတူတကွလေ့ကျင့်ရတယ်" လဲ့ရွှမ်း မြေပုံပေါ်က နေရာတစ်နေရာကို ထောက်ပြသည်။ ဒါက လဲ့ရွှမ်းစခန်း၏ လေ့ကျင့်ရာနေရာပေတည်း။ 

"ဒါပေမယ့်ဒီရက်ပိုင်းတွေက သတ်မိန့်ကြောင့် အထက်ကပုဂ္ဂိုလ်တွေက မကြာခဏဆိုသလို တာ၀န်တွေပေးတယ်၊ အချိန်ကျလာတဲ့အခါကျရင် တာ၀န်တွေကို ဘယ်လိုတာ၀န်ပေးရမလဲဆိုတာကလည်း တပ်မှူးတစ်ယောက် လုပ်ဖို့လိုတာပဲ"

ရှောင်ဟိုင်ခေါင်းညိတ်ရင်းမေးသည်။ 

"ဒါဆို ကျုပ်တာ၀န်ကဘာများလဲ"

လဲ့ရွှမ်း တစ်ခဏမျှတွေးလိုက်သည်။ 

"အဲဒီတုန်းက ငါ့တာ၀န်က လက်အောက်ငယ်သားတွေကို မဖွံ့ဖြိုးသေးတဲ့ ဆန်းကြယ်နယ်မြေတစ်ခုကို ဦးဆောင်ခေါ်သွားဖို့ပဲ၊ အတိုချုပ်ပြောရရင် မင်းရဲ့ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်တာပေါ့"

"တကယ်တော့ ငါတို့လက်အောက်ငယ်သားတွေကို အခုအချိန်ကနေ စတင်စီမံခန့်ခွဲဖို့ ငါအကြံပြုတယ်၊ မဟုတ်ဘူးဆိုရင် သူတို့တာ၀န်တွေဆောင်ရွက်တဲ့အခါ သူတို့ကို စီမံကိုင်တွယ်ဖို့ လွယ်ကူမှာမဟုတ်ဘူး"

ဒါကသဘာ၀ကျသည်။ 

ရှောင်ဟိုင်တွင်လည်း အလားတူရည်ရွယ်ချက်ရှိသဖြင့် လက်ယမ်းပြကာ ပြောသည်။ 

"စခန်းထဲက မထွက်သွားသေးတဲ့သူတိုင်းကို  စခန်းရှေ့ကနေရာလွတ်မှာ ခေါ်လိုက်ပါ"

လဲ့ရွှမ်းခေါင်းညိတ်ကာ ထွက်သွားရန်ပြင်လိုက်သော်လည်း ရှောင်ဟိုင်တားသည်။ 

"ခင်ဗျားမသွားပါနဲ့" ဒီနေရာတွင် ရှောင်ဟိုင် ချူမင်ကို ကြည့်ပြီး အမိန့်ပေးသည်။ 

"မင်းသွားလိုက်"

လဲ့ရွှမ်းတိတ်ဆိတ်သွားသည်။ 

ကြည့်ရသည်မှာ သူတို့ကို နမူနာထားရမည့်ပုံစံတစ်ခုလုပ်နေပုံပင်။ 

ချူမင်တွင် လုံး၀ကြောက်စိတ်ဟူ၍ မရှိဘဲ ယင်းအစား စိတ်လှုပ်ရှားစွာပြောသည်။ 

"တာ၀န်ကို ပြီးမြောက်ဖို့အတွက် ကျွန်တော်ကတိပေးပါတယ်"

....

နှစ်နာရီအကြာတွင် ချူမင် အလွန်အမင်းကြည့်ရဆိုးသည့်အမူအရာဖြင့် ပြန်လာပြီး အော်ဟစ်လိုက်သည်။ 

"ဒီလူတွေက တကယ်ရဲတင်းကြတယ်၊ သူတို့အစ်ကိုဟိုင်မု....အဲ...တပ်မှူးဟိုင်မုရဲ့ စကားကို နားမထောင်ကြဘူး၊ တပ်မှူးလဲ့ရွှမ်းသူတို့ကို အမိန့်မပေးသရွေ့ နားမထောင်ကြဘူးလို့တောင် ပြောကြသေးတယ်"

ရှောင်ဟိုင်ခပ်ရေးရေးသာပြုံးသည်။ သူဒါကို မျှော်လင့်ထားပြီးဖြစ်လေရာ အံ့ဩသင့်သွားခြင်းမရှိဘဲ မေးသည်။ 

"လူဘယ်နှစ်ယောက်လာကြလဲ"

ချူမင် ရှောင်ဟိုင်ကို ဂရုတစိုက် စိုက်ကြည့်ပြီးနောက် ချက်ချင်းခေါင်းငုံ့ကာ ထစ်ငေါ့စွာပြောသည်။ 

"သုံး...သုံးဆယ့်ခြောက်ယောက်ပါ"

လူ၂၇၀ထဲက ၃၆ယောက်ပဲလာတာလား!

ခြားနားချက်က ကြီးမားလွန်းသည်။ 

လဲ့ရွှမ်း ရှောင်ဟိုင်ကို စိုက်ကြည့်ပြီးနောက် ဘာတစ်ခုမှမပြောပေ။ 

ရှောင်ဟိုင် ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူလည်းမြင်ချင်သည်။ 

သူသာ ဒီအရာကိုအဆုံးတွင် ကောင်းစွာ မထိန်းသိမ်းထားနိုင်ပါက အနာဂတ်တွင် ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပါ။ 

ဟိုင်မု၏လုပ်ရပ်များက အရမ်းကိုအစွန်းရောက်လွန်းသည်ဟု သူခံစားရသည်။ အဆုံးတွင် သူက ငယ်ရွယ်သေးပြီး အတွေ့အကြုံမကြွယ်၀သေးပေ။ 

သို့စေကာမူ ရှောင်ဟိုင်တည်ငြိမ်စွာပြုံးရင်း ထရပ်ကာထွက်သွားသည်။ 

ဒါကိုမြင်သော် သူတို့နှစ်ယောက် အလျင်အမြန် လိုက်သွားကြ၏။ 

စခန်းတဲရှေ့က နေရာလွတ်၌ ရောက်လာသည့် လူ၃၆ယောက်က သူတို့၏ကိုယ်ပိုင် ကိစ္စများကို ဆွေးနွေးနေကြသည်။ 

ရှောင်ဟိုင်လျှောက်လာတာကို မြင်သောအခါ အကြောင်းအရာက ပြောင်းသွားပြန်သည်။ ထို့နောက် သူတို့ တပ်မှူးလဲ့ရွှမ်းလုပ်ခဲ့သည့် ဂုဏ်ယူဖွယ်ရာတိုက်ပွဲရလဒ်တစ်ချို့ကို တမင်တကာပင် စတင်ဆွေးနွေးကြ၏။ 

"နောက်ဆုံးအကြိမ် တပ်မှူးလဲ့ရွှမ်း ငါတို့ကို တာ၀န်တစ်ခုအတွက် ခေါ်သွားတုန်းက ပြီးမြောက်နှုန်းက မဟာတပ်မှူးကိုတောင် အံ့အားသင့်စေခဲ့တယ်"

"မှန်တယ်၊ ဒုတိယသံတမန်နှစ်ယောက်ကတောင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဆုချီးမြှင့်ပေးခဲ့တယ်"

"ဟူး၊ အခုတော့စိတ်မကောင်းစရာပဲ...."

ကြည့်ရသည်မှာ ဒီလူသုံးဆယ်ခြောက်ယောက်က ဒီနေရာတွင် ရှောင်ဟိုင်ကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်ရန်အတွက် ရောက်လာကြပုံပင်။ 

ဒီစကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်ဒေါသမထွက်ဘဲ ယင်းအစား ချူမင်ဒေါသထွက်သွား၏။ 

"လက်ရှိတပ်မှူးက တပ်မှူးဟိုင်မုပဲ၊ မင်းတို့ လေးစားမှုကို မပြသဘူးဆိုတော့ အပြစ်ပေးခံချင်ကြတာလား"

ရှောင်ဟိုင်လက်ဝှေ့ယမ်းကာ ချူမင်အား တားပစ်သည်။ သူရှေ့တိုးကာ မည်သည့်စကားမှမဆိုဘဲ လူ၃၆ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ 

သို့စေကာမူ နတ်ဆိုးသခင်အော်ရာက အထိန်းအချုပ်မဲ့ထွက်လာခဲ့သည်။ 

တစ်ယောက်ယောက် တစ်ခုခုပြောချင်သော်လည်း ရှောင်ဟိုင်၏ထူးမခြားနားသည့်၊ ဂရုမစိုက်သည့်အကြည့်ကို မြင်ရသောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ 

လဲ့ရွှမ်းပင်လျှင် ထိတ်လန့်သွားရသည်။ ဒီအော်ရာကို ခံစားမိသောအခါ သူ့ ရှောင်ဟိုင်အား ဒူးထောက်ချင်စိတ်ကို အမှန်တကယ် ခံစားလာရသည်။ 

ဒီလူရဲ့နောက်ခံကဘာလဲ!

အပိုင်း(1189) coming။ 

All Chapters