← Chapters

အပေးအယူ

Vol. 018 Ch. 1782

အပေးအယူ

Vol. 018 Ch. 1782

ရီဖူရှင်းက နတ်နန်း​တော်တွင် အခြေချပြီး ကပ်ကြီး ပြီးဆုံးသွားသည်အထိ ဤနေရာတွင် ကျင့်ကြံရန် စီစဉ်ထားသည်။

ရီဖူရှင်းသည် နန်းဆောင်များထဲမှ တစ်ခုတွင် နေထိုင်သည်။ ထိုအချိန်တွင် လူနှစ်ယောက်က သူ့ထံသို့ လာလည်၏။ သူတို့သည် အတိတ်က ရီဖူရှင်းနှင့် အချင်းများဖူးသည့် လီတောက်စီနှင့် လီစွမ်းတို့ဖြစ်၏။

လီတောက်စီနှင့် လီစွမ်း နှစ်ဦးလုံးက လီနတ်ဓား မိသားစု၏ မျိုးဆက်များ ဖြစ်ကြသည်။ လီနတ်ဓားမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်က အလားအလာရှိသော လူငယ်အချို့ကို လွတ်မြောက်စေရန် သူတို့ အသက်ကိုရင်း၍ တိုက်ခိုက်ပေးခဲ့ကြ၏။ လီနတ်ဓားမိသားစုမှ ထိုလူငယ်များသည် လတ်တလော နတ်နန်းတော်တွင် ခိုလှုံနေကြသည်။

ထို့အပြင် ရန်သူ၏ ပန်းတိုင်က လီနတ်ဓားမိသားစု တစ်စုလုံးကို သုတ်သင်ရှင်းလင်းပစ်ရန် မဟုတ်ခဲ့ချေ။ သူတို့က တစ်မိသားစုလုံးကို သုတ်သင်ရှင်းလင်းရန် မထိုက်တန်ဟု ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဆိုရလျှင် ရန်သူများက သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်နေသေးဆဲဖြစ်ပြီး အထက်ဘုံကို အုပ်စိုးရန်အတွက် အင်အားစုများကို တွန်းအားပေးလွန်းလျှင် ရွှေရောင်နတ်ပြည်ထောင်အတွက် အကျိုး ရှိမည် မဟုတ်ပေ။

ရီဖူရှင်းက သူ့ဆီလျှောက်လာသော လီတောက်စီနှင့် လီစွမ်းကို မြင်သောအခါ ပြောစရာစကားများ ဆွံ့အနေမိ၏။ သူတို့ကို သူ မည်သို့ နှစ်သိမ့်ရမည်မှန်း မသိပေ။ အတိတ်တွင် သူတို့ ကတောက်ကဆအနည်းငယ်ရှိသော်ငြား ရီဖူရှင်းနှင့် လီညီနောင်လည်း တစ်ဦးနှင့်တစ်ဦး မိတ်ဆွေဖွဲ့ခဲ့ကြသည်။ ညီအစ်ကိုနှစ်ယောက်သည် ထိုစဉ်က အတော်လေး တော်သည့် ကျင့်ကြံသူများ ဖြစ်ခဲ့သည်။ သူတို့ပေါ်တွင် ရီဖူရှင်း အငြိုးအတေးများ မရှိသည်မှာ သေချာ၏။

“မင်းတို့ အဆင်ပြေလား” ရီဖူရှင်းက မေးလိုက်သည်။

“မပြေတော့ရော ငါတို့ ဘာလုပ်နိုင်မှာလဲ။ လက်ရှိကိုထားဦး၊ အနာဂတ်မှာတောင်မှ မိသားစုအတွက် လက်စားမချေနိုင်မှာ စိုးမိတယ်” လီတောက်စီက သက်ပြင်းချလိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်က တစ်ခုတည်းသော ရန်သူမဟုတ်မှန်း သူ့စိတ်ထဲ သိနေခဲ့သည်။ ထိုကိစ္စတွင် ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုများလည်း ပါဝင်ပတ်သက်နေ၏။

ထိုကဲ့သို့ အခြေအနေအောက်တွင် သူတို့မိသားစုကို သတ်ဖြတ်သွားသည့် လူသတ်သမားများကို ဖြေရှင်းရန်အလို့ငှာ သူတို့မည်မျှ သန်မာရမည်နည်း။

ကိုယ်တိုင် လက်စားချေရန် အခွင့်အရေး နည်းပါးသည်ကို တွေးမိသည့်အချိန်၌ သူတို့ စိတ်ပျက် အားလျော့မိတော့သည်။

“မင်းတို့အသံက ဓားရေးလေ့ကျင့်နေတဲ့ ဓားသမားတွေနဲ့ မတူဘူး။ ဓားသိုင်းကျွမ်းကျင်သူတွေက အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်နဲ့ မျှော်လင့်ချက်ကို တန်ဖိုးထားတယ်။ အနာဂတ် မသေချာမရေရာရုံသက်သက်နဲ့ မင်းတို့ကိုယ်မင်းတို့ ဘယ်လိုလုပ် စိတ်ပျက်အားငယ်ခံပြီး စွန့်ပစ်နိုင်ရတာလဲ” ရီဖူရှင်းက ဆက်ပြောသည်။

“ဒါ့အပြင် ဒီလောကထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” လီတောက်စီနှင့် လီစွမ်းက ခေါင်းညိတ်လိုက်၏။ ထိုသို့တိုင် သူတို့၏ အမူအရာက သုန်မှုန်နေဆဲ ဖြစ်သည်။ လက်စားချေရန် အခွင့်အရေးနည်းပါးသည်ကို တွေးမိကာ သူတို့ စိတ်ပျက်အားလျော့မိ၏။

“ကျေးဇူးပါပဲ” လီတောက်စီက သူ၏ ကျေးဇူးတင်ဆိုသည်။ နတ်နန်းတော်ထဲတွင် နေထိုင်ခြင်းဖြင့် ရီဖူရှင်းက နတ်နန်းတော်ကို စိတ်ရောကိုယ်ပါ ထောက်ခံကြောင်း သူတို့ကို ပြသ၏။ မဟုတ်လျှင် ဤကပ်ဘေး၌ နတ်နန်းတော် ရှင်သန်နိုင်မလားဆိုသည်မှာ ပြောရန်ခက်ခဲသည်။

“နတ်နန်းတော်ကို လာတဲ့အတွက် ငါ့ကို ကျေးဇူးတင်တယ် ဆိုရင် မလိုအပ်ဘူး။ ငါက နတ်နန်းတော်ရဲ့ဘိုးဘေးနယ်မြေမှာ ကျင့်ကြံခဲ့ဖူးတာပဲ” ရီဖူရှင်းက ပြုံးလျက် ပြန်ပြော၏။ လီတောက်စီက အနည်းငယ် မှင်သက်သွားပြီးနောက် ခေါင်း ညိတ်လိုက်၏။ ရီဖူရှင်း ပြောသည်မှာ မှန်၏။ လီတောက်စီသည်ပင် နတ်နန်းတော်၏ ဘိုးဘေးနယ်မြေသို့ တစ်ခါမှ မဝင်ရောက်ဖူးပေ။

ရီဖူရှင်းသည် နတ်နန်းတော်၏ မျိုးဆက်တစ်ယောက် ဖြစ်ပေသည်။

“တခြားအကြောင်း ပြောကြရအောင်။ ရှီလင်နတ်မြို့တော်က မင်းတို့မိသားစု ပြဿနာတက်နေတဲ့အချိန် ဝင်ဖျန်ဖြေပေးလား” ရီဖူရှင်းက မေးလိုက်၏။

“အင်း သူတို့ ဖြေရှင်းတယ်” လီတောက်စီ၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်နေသည်။ သူက ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။ “အဲဒီမှာ လျှိုမိစ္ဆာအိုကြီးကိုယ်တိုင် ရှိနေတာ။ ငါတို့ မိသားစုထဲက အကြီးအကဲတွေ ပြောပုံအရ ကိုက်ထန်က အင်အားစုတွေကို ငါတို့မိသားစုဆီ လာတိုက်ခိုက်ဖို့ စုစည်းတုန်းက အဲဒီမိစ္ဆာအိုကြီးက တခြားလူတွေထက်တောင် တက်ကြွနေခဲ့တာတဲ့။ ရှီလင်နတ်မြို့တော်က အရင်တည်းက နတ်နန်းတော်ကို ဖျက်ဆီးဖို့ စိတ်ထဲ တွေးထားပြီးတာ ဖြစ်နိုင်တယ်”

“မင်းပြောတာ မှန်တယ်” ရီဖူရှင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“လျှိုမိစ္ဆာအိုကြီးက ပရမ်းပတာ ဖြစ်နေတာကနေ အမြတ်ထုတ်ချင်နေတာပဲ။ သူက ဘက်တစ်ခုကို ရွေးပြီးတဲ့အထိ စိတ်အားထက်သန်မှုကို ပြနေတာ။ ဒါပေမဲ့ လျှိုမိစ္ဆာအိုကြီးက တစ်ခုခုကို မေ့သွားတဲ့ပုံပဲ”

“ဘာလဲ..” လီစွမ်းက မေးလိုက်၏။

“သူ့ရှီလင်နတ်မြို့တော်မှာ ထိပ်သီးကျင့်ကြံသူ မရှိဘူးလေ” ရီဖူရှင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒါ့အပြင် ရှီလင်မိစ္ဆာအိုကြီးက ကောက်ကျစ်ပြီး ယုတ်မာတယ်။ ဒါပေမဲ့ ငါကလည်း ကြင်နာတတ်တဲ့သူမျိုး မဟုတ်ပါဘူး”

“မင်း ဆိုလိုတာက..”

လီစွမ်း၏ မျက်နှာထက်တွင် ထူးဆန်းသည့် အရိပ်အယောင် ပေါ်လာ၏။ သူသည် ရီဖူရှင်း၏ စကားထဲမှ တစ်စုံတစ်ခုကို နားလည်သွားသလိုပင်။

“လျှိုမိစ္ဆာအိုကြီးက သူ့ကိုယ်သူ အထင်ကြီးနေတာပဲ။ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ၊ ရှီလင်နတ်မြို့တော်ကတော့ သေချာပေါက် အနာဂတ်ရှိတော့မှာ မဟုတ်ဘူး”

ရီဖူရှင်း၏ မျက်ဝန်းထဲတွင် အမုန်းတရား တစ်စွန်းတစ်စ လင်းလက်နေ၏။ သူက ဆက်ပြောသည်။ “ရှီလင်နတ်မြို့တော်က တချို့ဆင်ခြေဆင်လက်တွေအတွက် လီနတ်ဓားမိသားစုကို တိုက်ခိုက်ခဲ့သလို အရင်တုန်းကလည်း အဲဒီအဘိုးကြီးက ငါ့ကို သတ်ဖို့ကြိုးစားခဲ့တယ်”

လီတောက်စီနှင့် လီစွမ်းက အကြည့်ချင်း ဖလှယ်ပြီးနောက် လက်သီးကျစ်ကျစ် ဆုပ်လိုက်ကြသည်။ ရီဖူရှင်း ဆိုလိုသည့် အဓိပ္ပာယ်ကို သူတို့ မည်သို့ အပြည့်အဝ နားမလည်ဘဲ နေမည်နည်း။

အခွင့်အရေးရသည်နှင့် ရီဖူရှင်းက ရှီလင်နတ်မြို့တော်ကို တိုက်ခိုက်လိုခြင်းဖြစ်သည်။ သူသည်လည်း ကြင်နာတတ်သည့်သူ မဟုတ်ကြောင်း ပြသရမည်။

“အရင်တုန်းက အရှင်ထိုက်ရွှမ်ဟာ သဘောထားကြီးကြီးနဲ့ လွှတ်ပေးလိုက်တယ်။ ဒါကို လျှိုမိစ္ဆာအိုကြီးက အမေ့လွန်နေပုံပဲ” ရီဖူရှင်းက တီးတိုးပြောသည်။

“နန်းတော်သခင်ဆီ သွားပြောကြရအောင်”

“ကောင်းတယ်”

လီတောက်စီက ခေါင်းညိတ်ပြီး ထောက်ခံလိုက်၏။ ရီဖူရှင်းသည် ရှီလင်နတ်မြို့တော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက လီနတ်ဓားမိသားစုအတွက်လည်း လက်စားချေပြီးသား ဖြစ်သွားပေလိမ့်မည်။

ထိုနည်းဖြင့် တခြားအင်အားစုများကိုလည်း သတိပေးသလို ဖြစ်သွားပေလိမ့်မည်။

ရွှေရောင်နတ်ပြည်ထောင်က လီနတ်ဓားမိသားစုကို အထက်ဘုံထဲရှိ အင်အားစုများကို သတိပေးသည့်အနေဖြင့် သတ်ဖြတ်ပြခဲ့သည် မဟုတ်လား။ ယခုလည်း ရီဖူရှင်းက တူညီသောမျက်နှာသာပေးမှုကို စီစဉ်လိုက်ခြင်းဖြစ်သည်။

ရှီလင်နတ်မြို့တော်က နတ်နန်းတော်ထဲတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို မသိနိုင်ပေ။ နတ်နန်းတော်ထဲတွင် ယခုအချိန်တွင် နေထိုင်သော ကျင့်ကြံသူများက နတ်နန်းတော်နှင့်အတူ အခက်အခဲများကို အတူရင်ဆိုင်လိုကြ၏။

ယခုအချိန်တွင် ရှီလင်နတ်မြို့တော်ထဲရှိ လျှိုမိစ္ဆာအိုကြီးကမူ သူတို့ အောင်ပွဲ ရရှိပြီးနောက် အထက်ကောင်းကင်ဘုံထဲတွင် အခြေချမည့်အကြောင်း စိတ်ကူးယဉ်နေဆဲ ဖြစ်သည်။ ရွှေရောင်နတ်ပြည်ထောင်က ရှီလင်နတ်မြို့တော်ကို အထင်သေးနေမှန်း သိသော်ငြား သူသည် အကျိုးအမြတ်ရနေသရွေ့  စိတ်ထဲမထားပေ။

ယခုတွင် တစ်ခုတည်းသော ဦးတည်ချက်က နတ်နန်းတော်ကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။

ယခုအချိန်၌ ရှီလင်နတ်မြို့တော်ရှိ ရှီလင်နန်းဆောင်ထဲတွင် ကျင့်ကြံသူများစွာ စုဝေးနေကြတော့သည်။ သူတို့အားလုံးက ရှီလင်နတ်မြို့တော်၏ အဓိကပုဂ္ဂိုလ်များ ဖြစ်ကြပေ၏။

“အဖေ.. ကျုပ်တို့တွေ ရွှေရောင်နတ်ပြည်ထောင်ဆီကို သွားရင် သူတို့လက်အောက်မှာ နေရမှာ မဟုတ်ဘူးလား”

လျှိုမိစ္ဆာအိုကြီး၏သား လျှိုယို့မင်က မေးလိုက်၏။ သူသည် လျှိုမိစ္ဆာအိုကြီး၏ ဆုံးဖြတ်ချက်ကို အတော်လေး နားမလည်နိုင်ဖြစ်နေရ၏။

“ငါတို့ မသွားရင် သူတို့ လက်အောက်မှာ မနေရဘူးလို့ မင်းထင်နေတာလား” လျှိုမိစ္ဆာအိုကြီးက သူ့သားကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အေးတိအေးစက် အသံဖြင့် ဖြေလိုက်သည်။

“လက်ရှိ ငါတို့ အထက်ကောင်းကင်ဘုံထဲမှာ နေရာမရှိဘူး။ ငါတို့ အခု လုပ်နိုင်တာက ငါတို့အခု ရှင်သန်ရေးအတွက် တိုက်ခိုက်ဖို့ပဲ။ ရွှေရောင်နတ်ပြည်ထောင်ရဲ့ အမိုးအောက်မှာ နေရမယ် ဆိုတော့ရော ဘာအရေးလဲ။ သူတို့အောက်မှာ ရှိနေတဲ့အချိန် ငါတို့တွေ စောဒဂသိပ်တက်လို့ မရဘူးလေ။ သူတို့တွေက ညည်းတွားတာ ညည်းညူတာကို မကြိုက်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မြန်ကျင့်ကြံဖို့ကိုပဲ ခေါင်းထဲထည့်ထား။  ရှီလင်နတ်မြို့တော်ရဲ့အနာဂတ်က မင်းရဲ့ပခုံးပေါ်မှာ ရှိနေသေးတယ်”

“ဒီလိုဆိုမှတော့ ကျွန်တော်တို့က ဘာကြောင့် သွားရမှာလဲ” လျှိုယို့မင်က ဆက်မေးလိုက်သည်။

“အခုအခြေအနေတွေက ဆိုးဆိုးဝါးဝါး မဟုတ်သေးဘူး.. နတ်နန်းတော်နဲ့ ရွှေရောင်နတ်ပြည်ထောင်အကြားမှာ စစ်ဖြစ်တာနဲ့ နတ်နန်းတော်က ငါတို့ကို ပစ်မှတ်မထားဘူးလို့ မင်း အာမခံနိုင်လား” လျှိုမိစ္ဆာအိုကြီးက ပြောသည်။

“အခုအချိန်မှာ အခြေအနေက ထိလွယ်ရှလွယ် ဖြစ်နေသေးတယ်။ နတ်နန်းတော်ကို တိုက်ခိုက်ပြီးရင် ရွှေရောင်နတ်ပြည်ထောင်က ဘာလုပ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးဘူး။ ဒါပေမဲ့ သူတို့စိတ်ထဲ ဘာရှိတယ်ဆိုတာ လူတိုင်းက နားလည်တယ်။ နတ်နန်းတော်က သူတို့ရဲ့တပည့်တွေကို ဘေးကင်းရာရွေ့ပြောင်းပြီးပြီ ဆိုမှတော့ သူတို့လည်း ရိပ်မိမှာပဲ။ နတ်နန်းတော်က အရင်ဦးဆုံး ငါတို့ကို မတိုက်ခိုက်ဘူးဆိုတာ ဘယ်သူက သေချာပြောနိုင်မှာလဲ”

လျှိုမိစ္ဆာအိုကြီးက ရေရှည်အစီအစဉ်များ ချမှတ်ပြီးသည်မှာ သိသာ၏။ သူ၏ စိတ်ထဲတွင် နတ်နန်းတော်က ကြီးကျယ်မြင့်မြတ်လွန်းရာ ရွှေရောင်နတ်ပြည်ထောင်က သူတို့ကို ဆန့်ကျင်ကြောင်း စစ်ကြေညာပြီးလျှင်ပင် လက်ဦးမှု ရယူပြီး ရှီလင်နတ်မြို့တော်ကို လာရောက်တိုက်ခိုက်မည်မဟုတ်ဟု တွက်ဆထားသည်။

သို့တိုင်အောင် သူသည် ဘေးကင်းမှုကို သေချာစေရန်အတွက် ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုစဉ် လျှိုမိစ္ဆာအိုကြီးက ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်၏။ ကောင်းကင်ထက်တွင် တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ လူတစ်ယောက်က နတ်ဘုရားတစ်ပါးသဖွယ် သက်ဆင်းလာ၏။ သူက ရွှေရောင်နတ်ပြည်ထောင်မှ ဖြစ်ပေသည်။

လျှိုမိစ္ဆာအိုကြီးက လေထဲကို အံ့အားသင့်စွာ စိုက်ကြည့်သည်။ ရွှေရောင်နတ်ပြည်ထောင်က တစ်ယောက်ယောက်က ရှီလင်နတ်မြို့တော်ကို အခုချိန်မှာ အဘယ်ကြောင့် ရောက်လာသနည်း။

“ရီဖူရှင်းက ရှန့်ရှောင်းနတ်နန်းတော်ကို သွားပြီး ကျင့်ကြံတယ်..” ရောက်လာသည့်သူက ကျယ်လောင်စွာ ပြောလိုက်သည်။

“ဒီကို ရောက်မလာခင် ရှန့်ရှောင်းနတ်နန်းတော်ထဲမှာ လှုပ်ရှားမှုတချို့တွေ့ရတယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်ထဲက ကျင့်ကြံသူတွေ ရှန့်ရှောင်းနတ်နန်းတော်ကို ရောက်သွားပြီ။ မင်း ဂရုစိုက်သင့်တယ်”

လျှိုမိစ္ဆာအိုကြီးက ထိုသတင်းကို ရသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ရီဖူရှင်းက နတ်နန်းတော်ကို ရောက်သွားသည်တဲ့လား။

ရီဖူရှင်းက အရှုပ်အထွေးထဲ တိုက်ရိုက်ဝင်ပါတော့မည့်ပုံပင်။

ထို့အပြင် ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက် ကျောင်းတော်မှ ကျန်သည့် ကျင့်ကြံသူများသည် ရှီလင်နတ်မြို့တော်ကို ကြီးစွာ ခြိမ်းခြောက်နိုင်၏။

သူ မှန်ကန်သည့် ဆုံးဖြတ်ချက် ချခဲ့မှန်း သိသာသည်။ သူတို့ယခုအချိန်တွင် ဘေးကင်းရာသို့ ရွေ့ပြောင်းရပေမည်။

“သွားကြရအောင်” လျှိုမိစ္ဆာအိုကြီးက အမိန့်ပေးလိုက်၏။ သူ၏ အသံက လွင့်ပြယ်မသွားခင် ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် ပြောသည်ကို ကြားလိုက်ရ၏။

“လျှိုမိစ္ဆာအိုကြီး ခင်ဗျားဘယ်သွားမလို့လဲ”

လျှိုမိစ္ဆာအိုကြီး၏ မျက်နှာက တောင့်တင်းသွားသည်။ သူက အစွမ်းထက်သော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရှီလင်နတ်မြို့တော်သို့ လာနေသည်ကို အာရုံခံမိ၏။

ကြီးမားသောဖိအားတစ်ခုသည် ကောင်းကင်ထက်မှနေ၍ သူတို့ကို ဖိနှိပ်နေ၏။ ချက်ချင်းပင် လူတစ်စု ပေါ်လာကာ ကောင်းကင်ထက်တွင် အရပ်မျက်နှာမျိုးစုံမှ ဝိုင်းရံလိုက်ကြ၏။ စကားပြေလိုက်သည့်သူသည် အရှင်ထိုက်ရွှမ်ဖြစ်၏။ လျှိုမိစ္ဆာအိုကြီး၏ အမူအရာက ချက်ချင်းပင် လေးနက်တည်ကြည်သွား၏။ သူက အရှင်ထိုက်ရွှမ်ကို ကြည့်ပြီး အေးတိအေးစက် မေးလိုက်သည်။

“အရှင်ကြွလာတာ ဂုဏ်ယူစရာပါ။ ကျုပ်တို့ အရှင်အတွက် ဘာလုပ်ပေးရမလဲ”

“မင်းက ရှီလင်နတ်မြို့တော်ရဲ့ လူတွေကို ဦးဆောင်ပြီးတော့ ထိုက်ရွှမ်တောင်မှာ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာ မှတ်မိသေးလား”

အရှင်ထိုက်ရွှမ်၏ အသံက ဟိန်းခနဲ ထွက်လာသည်။ လျှိုမိစ္ဆာအိုကြီးက ထိုကိစ္စကို မည်သို့ မမှတ်မိဘဲ နေမည်နည်း။ ထိုကိစ္စသည် ကြာမြင့်ခဲ့ပြီဖြစ်ရာ အရှင်ထိုက်ရွှမ်သည် မေ့လျော့သွားပြီဟု သူတွေးထင်ခဲ့၏။

ယခင်က ထိုအကြောင်းကို အရေးကြီးခွင်ကျယ်လုပ်ရန် အရှင်ထိုက်ရွှမ် မရည်ရွယ်ခဲ့ပေ။ သို့သော် သူသည် ရှီလင် နတ်မြို့တော်ကို ရောက်လာပြီး အတိတ်တုန်းက အကြောင်းကို တူးဆွလာ၏။

ယင်းက ဆင်ခြေတစ်ခုသာ ဖြစ်မှန်း အရှင်ထိုက်ရွှမ်နှင့် လျှိုမိစ္ဆာအိုကြီးတို့က သိနေသည်။ သို့တိုင်အောင် ယင်းက သေစေနိုင်လောက်သည့် ထိုးနှက်ချက် ဖြစ်၏။

ယနေ့တွင် အရှင်ထိုက်ရွှမ်တစ်ယောက်သာလျှင် နတ်မြို့တော် ရှီလင်သို့ လာခြင်း မဟုတ်ပေ။ ကောင်းကင်အာဏာစက် ကျောင်းတော်မှ ကျင့်ကြံသူများစွာသည် ဤနေရာသို့ ရောက်လာသည်။ မိစ္ဆာနတ်ဘုရားကလန်မှ မိစ္ဆာဘုရင်များ၊ ရှောင်ကလန်မှ လူများ၊ သောမျိုးနွယ်စုမှ လူများ အပါအဝင် ဖြစ်သည်။ သူတို့သည် ရှီလင်နတ်မြို့တော်ကို ဖျက်ဆီးပစ်ရန် စီတန်းရောက်လာခြင်းမှာ သိသာသည်။

မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သောလူများက ကောင်းကင်ကို မော့ကြည့်ပြီး နှလုံးခုန် မြန်လာကြ၏။

“အရှင်ထိုက်ရွှမ်က ဒီကို အကြွေးယူဖို့ ရောက်လာတာလား။ ကျန်တဲ့သူတွေကို ကျုပ် တစ်ခါမှ မတွေ့ဖူးဘူး မဟုတ်လား” လျှိုမိစ္ဆာအိုကြီးက သူတို့ကို ဖျတ်ခနဲ ကြည့်ပြီး မေးလိုက်၏။

“ခင်ဗျား ကျုပ်ကို မှတ်မိကောင်း မှတ်မိမှာပါ..” ခွန်ပန်ငှက်ပေါ်တွင် ထိုင်နေသည့် ရီဖူရှင်းက လျှိုမိစ္ဆာအိုကြီးကို ကြည့်ပြီး ပြောလိုက်သည်။

“ရှီလင်နတ်မြို့တော်က ကျုပ်အသက်ကို ယူဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်။ ဒီလူတွေအားလုံးက ကျုပ်ကိုယ်စား ဖြေရှင်းချက်တောင်းဖို့ ရောက်လာတာပဲ”

“အရှင်ထိုက်ရွှမ်... ရှီလင်နတ်မြို့တော်က လက်ရှိမှာ ရွှေရောင်နတ်ပြည်ထောင်ရဲ့ မဟာမိတ်ပဲ။ ဒါ့အပြင် အထက်ကောင်းကင်ဘုံထဲက အင်အားစုတွေက အပြင်ဘုံက ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မဟာမိတ်တစ်ခုဖွဲ့ထားတယ်။ အရှင်ထိုက်ရွှမ်က အထက်ကောင်းကင်ဘုံရဲ့ အရေးကိစ္စတွေကို ဝင်မနှောင့်ယှက်ဘူးလို့ မျှော်လင့်မိပါရဲ့” ရွှေရောင်နတ်ပြည်ထောင်မှ ကျင့်ကြံသူက ပြောလိုက်သည်။

“ကျုပ် လက်စားချေမယ့်ကိစ္စကို ရွှေရောင်နတ်ပြည်ထောင်က တားဆီးချင်တာလား” အရှင်ထိုက်ရွှမ်က ရွှေရောင်နတ်ပြည်ထောင်မှ ကျင့်ကြံသူကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“ဒီကိစ္စက ခင်ဗျားတို့နဲ့မဆိုင်ဘူး။ ဒါပေမဲ့ ရွှေရောင်နတ်ပြည်ထောင်က ဝင်စွက်ဖက်ချင်တယ်ဆိုရင်လည်း သဘောပဲ။ ရှေ့လျှောက် ကျုပ်တို့က ရန်သူတွေအဖြစ် ရင်ဆိုင်ကြတာပေါ့”

ထိုစကားကိုကြားပြီးနောက် ရွှေရောင်နတ်ပြည်ထောင်မှတန်ခိုးရှင်၏မျက်နှာမှာ သုန်မှုန်သွား၏။

“ထိုက်ရွှမ်တောင်ရဲ့တိုက်ပွဲက မပြီးသေးဘူး။ လျှိုမိစ္ဆာအိုကြီး ခင်ဗျား ဘယ်လောက်တိုးတက်လာသလဲ ကြည့်ကြသေးတာပေါ့”

အရှင်ထိုက်ရွှမ်က ရှေ့သို့ လှမ်းလိုက်လျှင် သူ၏ ကြောက်မက်ဖွယ် စွမ်းအင်များက လေထဲ ဖြာထွက်လာတော့၏။

***

All Chapters