သတင်းစကား
Vol. 018 Ch. 1785
အထက်ကောင်းကင်ဘုံ၌ ဤနေ့ရက်များအတွင်း ငြိမ်းချမ်းနေပုံပေါ်ပေသည်။ မည်သည့် ပဋိပက္ခမှ ဖြစ်ပွားခြင်း မရှိနေချေ။
သို့သော် ကောလာဟလများအရ အထက်ကောင်းကင်ဘုံအပေါ် သြဇာကြီးမားသော ရွှေရောင်နတ်ပြည်ထောင်နှင့် နတ်နန်းတော်တို့၏ အချင်းပွားမှုအကြောင်းက ပျံနှံ့နေပြီး အထက်ကောင်းကင်ဘုံမှ လူတိုင်းသည် ယင်းထိပ်သီးအင်အားစုနှစ်ခုအကြား ပြင်းထန်သည့် တိုက်ပွဲဖြစ်ပေါ်လာမည်ကို သိရှိကြထားကြ၏။
ရွှေရောင်နတ်ပြည်ထောင်သည် ရှည်လျားလှသော သမိုင်းကြောင်းနှင့် ကြွယ်ဝသည့် အမွေအနှစ်များ ရှိသည်။ သူတို့ထံ၌ ကြီးမြတ်သောအရှင် ဒွန်ဟောင် လက်အောက်၌ ကျင့်ကြံခဲ့သော တစ်စုံတစ်ယောက်ရှိသည်။
တစ်ဖက်မှ ရှန့်ရှောင်းနတ်နန်းတော်သည် အထက်ကောင်းကင်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေဟု တန်ခိုးရှင်များကြားတွင် ကျော်ကြားပေသည်။ အချို့သော အကြောင်းပြချက်များကြောင့် ရှန့်ရှောင်းနတ်နန်းတော်က လူအများကြား ကျော်ကြားပေသည်။ ရှန့်ရှောင်းနတ်နန်းတော်သည် အစွန်းအထင်းမရှိသော ဂုဏ်သတင်းကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ပြီး ထူးချွန်ထက်မြက်သော တန်ခိုးရှင်များကို မွေးထုတ်ပေးခဲ့သည်။
ရှန့်ရှောင်းနတ်နန်းတော်သည် နှစ်အနည်းငယ်ကြာတိုင်း တန်ခိုးရှင်များက သူတို့၏ လမ်းစဥ်ကို သက်သေပြရန် အခွင့်အလမ်းများဖွင့်ပေးခဲ့သည်။
နတ်နန်းတော်တွင် တစ်ချိန်က ပညာသင်ယူခဲ့ဖူးကြသော အချို့တပည့်များသည်လည်း ပြန်ရောက်လာကြပြီး နတ်နန်းတော်အတွက် တိုက်ခိုက်ပေးရန် အသင့်ဖြစ်နေကြ၏။
သူတို့က ဤကဲ့သို့ ကြီးကျယ်ပြင်းထန်သော တိုက်ပွဲမျိုးကို မကြုံကြိုက်ဖူးသော်လည်း အနာဂတ်တွင် နောင်တတို့မရလာစေရန် သူတို့သည် အစွမ်းကုန်ကြိုးစားပြီး လမ်းစဥ်ကို သက်သေပြကြမည်ဖြစ်သည်။ အများစုသည် သူတို့၏ ကျင့်ကြံမှုကို လမ်းညွှန်ပြသပေးခဲ့သည့် နတ်နန်းတော်အပေါ် ကျေးဇူးကြွေးတင်နေသည်ကို သိရှိကြပြီး နတ်နန်းတော် အကျပ်အတည်း ကြုံနေရသည့်အခါ လက်တစ်ဖက်ငှားရမ်း ကူညီပေးလိုကြ၏။
ရွှေရောင်နတ်ပြည်ထောင်နှင့် နတ်နန်းတော်တို့အကြားမှ တင်းမာမှုသည် အထက်ကောင်းကင်ဘုံမှ လူများ၏ စိတ်ဝင်စားမှုကိုသာ ဆွဲဆောင်နိုင်ရုံမက အခြားဘုံများမှ တန်ခိုးရှင်များကိုလည်း ဆွဲဆောင်နိုင်ပေသည်။
၄င်းက ထိုက်ချူတော်ဝင်မြေနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကြားမှ တိုက်ပွဲပြီးနောက် ဘုံကိုးဘုံ၏ အာရုံကို အဖမ်းစားနိုင်ဆုံး နောက်ထပ်အဖြစ်အပျက် ဖြစ်လေသည်။ ယင်းက အထက်ကောင်းကင်ဘုံ၏ အနာဂတ်အစီအစဥ်နှင့် အုပ်ချုပ်မှုတို့အပေါ် သက်ရောက်မှုရှိပေသည်။
ဘုံကိုးဘုံကြားမှ အချို့သော ဘုံများက ငြိမ်းချမ်းကြသော်လည်း ကျန်သော အခြားဘုံများက တစ်ဘုံပြီးတစ်ဘုံ အပြောင်းအလဲများစွာ ဖြစ်နေကြပေသည်။ ထိပ်သီးအင်အားစုများဖြစ်သည့် လီနတ်ဓားမိသားစုနှင့် ရှီလင်နတ်ပြည်ထောင်တို့သည် အထက်ဘုံ၏ ပြန်လည်ဖွဲ့စည်းခြင်းအချိန်အတွင်း၌ ပျက်စီးခြင်းဆိုက်ခဲ့သည်။
ရှန့်ရှောင်းနတ်နန်းတော်က အထက်ဘုံတွင် ဂုဏ်သတင်းပိုမိုကောင်းမွန်သော်လည်း ဘုံကိုးဘုံမှ အင်အားစုများသည် ရွှေရောင်နတ်ပြည်ထောင်က ဤတိုက်ခိုက်မှု၌ အနိုင်ရရှိစေလိုကြသည်။
အကြောင်းပြချက်က ရိုးရှင်း၏။ ကောင်းကင်အာဏာစက်ဘုံသည် ဘုံကိုးဘုံ၌ အရေးပါမှုသိပ်မရှိသော ဘုံတစ်ခုဖြစ်သည်။ သို့သော် ရီဖူရှင်း ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်လိုက်ကတည်းက ကောင်းကင်အာဏာစက်ဘုံသည် အခြားထိပ်တန်းအင်အားစုများနှင့် မဟာမိတ်ဖြစ်လာခဲ့သည်။ ထိုအင်အားစုများတွင်မှ ငရဲတံခါးစစ်တပ်က သူတို့နှင့် အရင်းနှီးဆုံးဖြစ်သည်။ ယခုတွင် နန်ထျန်းနတ်ပြည်ထောင်ပင်လျှင် သူတို့အား လက်ကမ်းကူညီလိုပေသည်။ ထို့ကြောင့် အခြားဘုံများက ကောင်းကင်အာဏာစက်ဘုံအပေါ် သူတို့၏ လွှမ်းမိုးမှုများ ပျောက်ကွယ်သွားလေသည်။
ထိုသို့သော အခြေအနေအောက်တွင် ဘုံကိုးဘုံမှ အချို့သော အဖွဲ့များသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆက်လက်ကြီးထွားခွင့်မပြုနိုင်ကြပေ။
နတ်နန်းတော်သည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်၏ မဟာမိတ်ဖြစ်သည်။ ထိုမဟာမိတ်များ၏ အင်အားကိုသာ ထိန်းချုပ်နိုင်မည်ဆိုလျှင် မည်သို့သော အခြေအနေ ဖြစ်လာလိမ့်မည်နည်း။
အထက်ကောင်းကင်ဘုံ၏ အုပ်ချုပ်မှုက သူတို့ လက်အတွင်း ကျရောက်လာမည်ဖြစ်သည်။
ထိုအချိန်တွင် ထိပ်သီးဘုံကိုးခုမှ နှစ်ခုဖြစ်သော အထက်ကောင်းကင်ဘုံနှင့် ကောင်းကင်အာဏာစက်ဘုံတို့သည် မဟာမိတ်တို့၏ လွှမ်းမိုးမှုကို ခံရပေလိမ့်မည်။ ထိုသို့ဖြစ်လာပြီးနောက် သူတို့က သြဇာအာဏာကို ချဲ့ထွင်ရန်ဆက်လက်ကြိုးစား၍ရမည်လား။
လူအများက ကောင်းကင်အာဏာစက်ကျောင်းတော်၏ဘက်၌ ရပ်တည်နေသည့် စီဝေ့ဘုံမှ အင်အားစုနှစ်ခုဖြစ်သော သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါးကလန်ကိုလည်း မမေ့ထားသင့်ပေ။ ထိုအင်အားစုနှစ်ခုက စီဝေ့ဘုံအုပ်ချုပ်မှုအတွက် တိုက်ခိုက်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် နတ်နန်းတော်က သူတို့အား ကျိန်းသေပေါက် ကူညီထောက်ပံ့ပေလိမ့်မည်။
စီဝေ့ဘုံက သူတို့လက်အတွင်း တဖန်ကျရောက်လာမည်လား။
ဗဟိုအင်ပါယာဘုံတွင်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ပူးပေါင်းထားသော အင်အားစုသုံးခုရှိပေသည်။ သူတို့သည် ဗဟိုအင်ပါယာဘုံမှ အင်အားစုများ၏ သုံးပုံတစ်ပုံကို စုစည်းနိုင်ခဲ့သည်။ ထိုမဟာမိတ်များ၏ ဦးဆောင်မှုဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်သည် လျင်မြန်စွာ ကြီးထွားလာပြီး သန်မာသထက် သန်မာလာသည်။
ထိုသို့ဖြစ်လာသည့်အခါ ထိပ်သီးဘုံကိုးခုတွင် မည်သူက သူတို့၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိပေးနိုင်မည်နည်း။
သူတို့အား ထိန်းထားနိုင်မည့် မည်သည့်အင်အားစုမှ ရှိမနေပေ။ အင်အားညီမျှခြင်း ပျောက်ဆုံးသွားလျှင် အနာဂတ်၌ ဘုံကိုးဘုံတခွင်လုံးက ကောင်းကင်အာဏာစက်ကျောင်းတော်၏ အမိန့်များကို လိုက်နာကြရပေလိမ့်မည်။
ထိုသို့သောအခြေအနေအား မည်သူကမှ လက်မခံလိုကြပေ။ အထူးသဖြင့် ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်ထားမိသည့် လူများက သာ၍ ဆိုးပေသည်။
ဥပမာအနေနှင့် ရှန်ကလန်သည် ဆန့်ကျင်ကန့်ကွက်ရန် ပထမဆုံးရှေ့ထွက်လာသည့် အင်အားစုဖြစ်သည်။ ရှန်ကလန်သည် ထူးချွန်သော တန်ခိုးရှင်များကို အထက်ကောင်းကင်ဘုံသို့ ပို့ဆောင်ခဲ့၏။ သူတို့သည် ထိုသို့သော အရေးကြီးသည့်အခိုက်အတန့်၌ သူတို့လက်များ ညစ်ပေသွားမည်ကိုလည်း ဂရုမစိုက်ပေ။
အထက်ကောင်းကင်ဘုံသည် အပေါ်ယံတွင် ငြိမ်သက်အေးချမ်းနေပုံပေါ်သော်လည်း ထိုမျက်နှာပြင်အောက်ဘက် နက်ရှိုင်းသော နေရာတွင် လှိုင်းထန်နေပေသည်။
ယခုတွင် ဗဟိုအင်ပါယာဘုံ၏ ရှန်ကလန်မှ တန်ခိုးရှင်များသည် အထက်ကောင်းကင်ဘုံမှ ရွှေရောင်နတ်ပြည်ထောင်နှင့် စေ့စပ်ဆွေးနွေးနေကြသည်။
ဆွေးနွေးမှုပြီးဆုံးသွားပြီးနောက် ရှန်ကလန်မှ တန်ခိုးရှင်များက ရွှေရောင်နတ်ပြည်ထောင်မှ ထွက်ခွာသွားလေသည်။
အစွမ်းထက်လူတစ်စုက လေထဲ၌ ပျံသန်းနေသည်။ ကောင်းကင်ဒေသမှ ပြန်လာသည့် တန်ခိုးရှင်ရှန်ကောင်းက သူ၏ လက်တို့ကို နောက်ပစ်ထားသည်။ ရှန်ကလန်မှ အကြီးအကဲ ရှန်ကျဲ့နှင့် အခြားသော တန်ခိုးရှင်များက သူ့ဘေးတွင် ရှိနေကြသည်။
“ကောင်းကင်အာဏာစက်ကျောင်းတော်သာ ဒီလောက်မြန်မြန်ဆန်ဆန် ကျော်ကြားလာမယ်မှန်းသိရင် အဲဒီတုန်းကတည်းက ဘာပဲပေးဆပ်ရပေးဆပ်ရ ပေးဆပ်ပြီး ရီဖူရှင်းကို သတ်ပစ်လိုက်သင့်တာ။” အကြီးအကဲရှန်ကျဲ့က အေးစက်ပြီး အာဏာပြင်းသော အသံမျိုးနှင့် ပြောလိုက်သည်။
“မင်း အခုမှ သတိထားမိတာလား။”
ရှန်ကောင်းက ရှန်ကျဲ့အား အထင်သေးစွာ ကြည့်၍ ပြောလိုက်သည်။ “ရီဖူရှင်း ရန်ဟောင်အဆင့်ကို ရောက်ရောက်ချင်းမှာပဲ ငါတို့ကို အကျပ်အတည်းထဲ ကျရောက်စေပြီး ရှန်ကလန်ကို ကပြောင်းကပြန်ဖြစ်အောင် လုပ်ခဲ့တယ်။ အခုကျတော့ ရွှေရောင်နတ်ပြည်ထောင်တောင်မှ သူ့ကို သတ်ဖို့ စွမ်းရည်မလုံလောက်တော့ဘူး။ သူတို့က အခု ကောင်းကင်ဒေသရဲ့ အကူအညီကို အားထားဖို့ပဲ တတ်နိုင်တော့တယ်။ သူ အတောင်စုံလာတဲ့အထိ နှစ်နည်းနည်းသာ ထပ်စောင့်လိုက်ရင် ရှန်ကလန်က သူ့ကို လုံးဝကို ဖိနှိပ်နိုင်တော့မှာ မဟုတ်ဘူး။”
“အဲဒီတော့ ကျုပ်တို့ ဒီတစ်ကြိမ်ပါဝင်လိုက်သင့်လား။” ရှန်ကျဲ့က မေးလိုက်သည်။
“ဒါပေါ့။ အခုမှ မဟုတ်ရင် မင်းက ဘယ်အချိန်ထိ စောင့်ချင်သေးလို့လဲ။” ရှန်ကောင်း၏ မျက်လုံးများထဲတွင် အေးစက်သည့် အကြည့်တို့ တဖျတ်ဖျတ်လက်သွားသည်။ သူက ဆက်ပြောလိုက်၏။ “မင်း အရင်တုန်းက သူ့ကို ငါတို့ဘက်ပါလာအောင် သိမ်းသွင်းနိုင်ခဲ့ရင် ငါတို့ ဒီလိုပြဿနာမျိုး ကြုံရမှာမဟုတ်ဘူး။ ဒီလောက် အရည်အချင်းရှိတဲ့ လူမျိုးက ငါတို့အဖွဲ့ထဲရောက်မလာတာ နှမြောစရာပဲ။ အခုတော့ ဘာဖြစ်ဖြစ် ပြဿနာက ဒီအခြေအနေထိ ရောက်နေပြီမို့ ငါတို့ သူ့ကို ဖြစ်နိုင်သမျှ မြန်မြန်သတ်ပစ်ရမယ်။”
ရှန်ကောင်းသည် ရဲရင့်ကာ မြင့်မားသော စွမ်းရည်ရှိပြီး ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်သည်။ မှော်နက်စစ်တပ်က တိုက်ခိုက်လာသည့်အခါက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရီဖူရှင်းတို့ အထိအခိုက်မရှိ လွတ်မြောက်သွားသည်ကို အမှတ်ရမိသည်။ ပဋိပက္ခများက အလွယ်တကူ ဖြေရှင်းပြီးသွားခဲ့သည်။
ထိုက်ချူတော်ဝင်မြေသည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်ကို အောင်နိုင်ချေမရှိပေ။
ဤသို့သော အခွင့်အရေးမျိုးက အနာဂတ်တွင် ပေါ်လာရန် ရှားပါးလိမ့်မည်။ ရှန်ကလန်က မကြာခင်လှုပ်ရှားတော့မည် ဖြစ်သည်။
သူတို့သာ ရီဖူရှင်းကို ယခု မသတ်နိုင်လျှင် နောက်ပိုင်း၌ ပို၍ ခက်ခဲလာတော့မည် ဖြစ်၏။
“ဒါပေမယ့် ဒီတစ်ကြိမ်တိုက်ပွဲဖြစ်ရင် ကောင်းကင်အာဏာစက်ကျောင်းတော်က ရွှေရောင်နတ်ပြည်ထောင်အပြင် မြင့်မြတ်စီရင်စုနဲ့ တခြားအင်အားစုတွေကိုလည်း ရင်ဆိုင်ရလိမ့်မယ်။ အဲဒါကြောင့် ငါတို့က ဒီကိစ္စထဲကို ထဲထဲဝင်ဝင် ဝင်စွက်ဖက်စရာမလိုဘူး။ ရီဖူရှင်းက အဆင့်နိမ့်နေသေးတဲ့ ငယ်ငယ်ရွယ်ရွယ် တန်ခိုးရှင်တစ်ယောက်ဖြစ်နေပေမယ့် သူက ဒီမဟာမိတ်တပ်ရဲ့ ပင်မထောက်တိုင်ပဲ။ ရီဖူရှင်းသာ အသတ်ခံရရင် သူတို့က ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်ကြလိမ့်မယ်။ ငါတို့က ကိုယ့်ကိုယ်ကိုယ် အဲဒီအရေးထဲ ကြားညပ်မခံသင့်ဘူး။ ပြီးတော့လည်း ရီဖူရှင်းသေသွားရင် အဲဒီမဟာမိတ်က မြန်မြန်ဆန်ဆန် ပြိုကွဲသွားလိမ့်မယ်။ ဒီမဟာမိတ်က ရီဖူရှင်းကြောင့် ဖြစ်တည်လာတာမို့ သူသေသွားတာနဲ့ ပြိုကွဲသွားမှာ ဓမ္မတာပဲ။” ရှန်ကောင်းက ပြောလိုက်သည်။
သူသည် ထိုအင်အားစုများ ပူးပေါင်းလာကြခြင်း၏ အဓိကအကြောင်းရင်းက ရီဖူရှင်း ဖြစ်သည်ကို သေချာသိရှိထားသည်။ ရီဖူရှင်း အသတ်ခံလျှင် ထိုမဟာမိတ်များက ပြင်းထန်စွာ တုန့်ပြန်လာမည်ဖြစ်သော်လည်း ၎င်းတို့က လျင်မြန်စွာပင် ပြိုကွဲသွားကြပေလိမ့်မည်။
အကြောင်းမှာ ဤအင်အားစုများကို ပေါင်းစည်းရန် ရီဖူရှင်းကဲ့သို့ စွမ်းရည်ရှိသူမျိုး နောက်ထပ်ထွက်ပေါ်လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။
ယူချင်းသည် အလွန်သန်မာသော်လည်း သူသည် ရီဖူရှင်းနှင့် တူညီသော လူစားမျိုး မဟုတ်ပေ။ သူသည် တစ်ကိုယ်တည်းနေရသည်ကို နှစ်သက်သူဖြစ်ပြီး ထက်ရှသည့် လှံသွားထက်က နတ်ဆိုးစစ်သည်တစ်ဦးဖြစ်ရန် ကံကြမ္မာရှိသည်။ သူ့အား မည်သူက လေ့ကျင့်ပေးခဲ့ကြောင်း ဘုရားသာ သိပေမည်။
သူတို့၏ ကိုယ်ရည်ကိုယ်သွေးကွာခြားမှုက သူတို့၏ ဘဝတွင် အဆင့်အတန်းနှင့် အခွင့်အရေးရရှိမှုများကို ကွာခြားစေပေလိမ့်မည်။
ယူချင်းသည် အနာဂတ်တွင် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ဦး ဖြစ်လာမည်မှာ သေချာပေသည်။ သို့ဆိုလျှင်ပင် သူက သြဇာညောင်းသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
“ဟုတ်တယ်” ရှန်ကျဲ့က ခေါင်းညိတ်လိုက်သည်။ အနောက်ဘက်တွင် ရပ်နေသော ရှန်ကလန်တန်ခိုးရှင်များကလည်း တိတ်တဆိတ် သဘောတူလိုက်ကြသည်။ သူတို့သည် ယခုတစ်ကြိမ်၌ ရီဖူရှင်းအား အမှန်တကယ် သတ်ပစ်ရန် စီစဥ်နေသည်။
ရှန်ကလန်သည် ဤမုန်တိုင်းအတွင်း တိတ်တဆိတ် စွက်ဖက်ရန် ကြံစည်နေ၏။
ရှန်ကောင်းသည် ကောင်းကင်ဒေသမှ ပြန်ရောက်လာခဲ့သည်။ သူသည် ရီဖူရှင်းအပေါ် မြင့်မားသော ထင်မြင်ချက်များရှိသည်။ သို့သော် သူ၏ ရီဖူရှင်းအပေါ်ထားရှိသော သဘောထားနှင့် နှစ်သက်မှုက သူ ရီဖူရှင်းကို သတ်ရန်တာဝန်အား မဟန့်တားနိုင်ပေ။
ရှန်ကောင်းက ရီဖူရှင်းအပေါ် ပိုမိုလေးစားလာလေ ရီဖူရှင်းအား သေရန် ပိုဆန္ဒရှိလေ ဖြစ်သည်။
သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်အရပ်တွင် ရပ်နေမိခဲ့ခြင်းသာ ဖြစ်၏။
ရှန်ကောင်းသည် ရှန်ကလန်၏ ရှေ့ရေးအတွက် စိတ်အေးရစေရန် ရီဖူရှင်းအား ကျိန်းသေ သတ်ဖြတ်ရပေမည်။
ရီဖူရှင်းသည် လက်ရှိတွင် လေဟာနယ်ဘုံတွင် အလွန် ကျော်ကြားနေပြီးဖြစ်သည်။ ရှန်ကောင်းသည် ရီဖူရှင်းက နောက်နှစ်အနည်းငယ်အကြာတွင် ရန်ဟောင်အထွတ်အထိပ်အဆင့်ကို မရောက်ခင်မှာပင် ရှန်ကလန်အတွက် အန္တရာယ်ကြီးသော ခြိမ်းခြောက်မှု ဖြစ်လာမည်ကို ကြောက်ရွံ့မိ၏။
…
ရှန့်ရှောင်းနတ်နန်းတော်က လမ်းစဥ်ပင်လယ်အတွင်း၌ တည်ရှိသည်။ သာမန်တန်ခိုးရှင်များက ဤနေရာကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်သော်လည်း ဤသည်က အဆင့်မြင့်တန်ခိုးရှင်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
ထိုအချိန်တွင် အဆုံးမဲ့လမ်းစဥ်ပင်လယ်အတွင်း လူတစ်ယောက်သည် လှေငယ်လေးကို လှော်ခတ်လာသည်။ သူ့ကို ရွှေရောင်နတ်အလင်းက လွှမ်းခြုံထားပြီး လှေငယ်လေးက ရွှေရောင်မိုးကြိုးလျှပ်စီးတန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက လမ်းစဥ်ပင်လယ်ထဲ၌ အလျင်မလိုဘဲ ဖြေးညင်းစွာ လှော်ခတ်လာပြီး ခမ်းနားထည်ဝါသော မြို့က သူ၏ မြင်ကွင်းထဲတွင် တဖြေးဖြေး နီးကပ်လာသည်။
ထိုသူက လှေထဲမှ ထွက်ကာ နတ်နန်းတော်ဆီ လျှောက်သွားခဲ့သည်။ လူအများက သူ့ဆီ လျင်မြန်စွာ ချဥ်းကပ်လာပြီး လမ်းကို ပိတ်ထားလိုက်သည်။ သူတို့အားလုံးက ထူးချွန်သော တန်ခိုးရှင်များ ဖြစ်ကြ၏။
“ခင်ဗျားက ဘယ်သူလဲ။” လူတစ်ယောက်က သူ့ကို ရပ်တန့်စေရန် အော်ဟစ်မေးမြန်း လိုက်သည်။
“ရွှေရောင်နတ်ပြည်ထောင်က သံတမန်က နတ်နန်းတော်ကို အလည်ရောက်ရှိလာပါတယ်။” ထိုသူက ပြန်ဖြေလိုက်သည်။ သူ၏ ထည်ဝါသော အသံက လေဟာနယ်ကို ဖြတ်သန်းပဲ့တင်လာသည်။ အဝေးရှိ နတ်နန်းတော်မှ တန်ခိုးရှင်များပင် သူ၏ အသံကို ကြားကြရသည်။
သူ့အား တားဆီးသည့် အစောင့်ဖြစ်သူက အနည်းငယ် တွေဝေသွား၏။ ထို့နောက် သူတို့သည် နန်းတော်တစ်နေရာမှ ထွက်ပေါ်လာသည့် အသံကို ကြားလိုက်ရသည်။
“ဝင်လာခဲ့ပါ။”
ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ချက်ချင်း ခြေလှမ်းစလိုက်ပြီး နတ်နန်းတော်၏ ဗဟိုခန်းမသို့ လျှောက်သွားခဲ့သည်။ ရှေးဟောင်းခန်းမအရှေ့တွင် လူများစွာ ထွက်ပေါ်လာပြီး ရောက်လာသည့် လူအား စူးစမ်းလိုက်ကြသည်။
သံတမန်က အဆင့်မြင့်ရန်ဟောင်တစ်ဦးဖြစ်ကာ ရွှေရောင်နတ်ပြည်ထောင်၌ ထူးခြားသော အဆင့်အတန်းတစ်ခုခု ရှိသူဖြစ်နိုင်ပေသည်။ တည်ငြိမ်သောအမူအရာနှင့် ထိုသူက ပြောလာသည်။ “နတ်နန်းတော်ကို လာဖို့ ကျုပ်တို့ရဲ့ ဘုရင်မင်းမြတ်က အမိန့်ပေးလိုက်တာပါ။ နန်းတော်သခင်ကို ကျုပ် တွေ့ခွင့်ရနိုင်မလား။”
“အခု နန်းတော်သခင် မရှိပါဘူး။ ခင်ဗျား ပြောစရာရှိရင် ကျုပ်တို့ကို ပြောခဲ့လို့ ရပါတယ်။” နတ်နန်းတော်မှ အဆင့်မြင့်တန်ခိုးရှင်တစ်ဦးက ပြန်ဖြေလိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်မှ သံတမန်တစ်ဦးက သူတို့၏ နန်းတော်သခင်ကို လွယ်လင့်တကူ တွေ့ခွင့်ရနိုင်မည်ဟု ယုံကြည်နေသည်လား။
နတ်နန်းတော်သည် သူတို့နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်နေသော ရွှေရောင်နတ်ပြည်ထောင်အပေါ် ထောက်ထားညှာတာရန် စိတ်ကူးမရှိပေ။
“ကောင်းပြီ။” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဘုံကိုးဘုံက အခု ကသောင်းကနင်း ဖြစ်နေတာမို့ ကျုပ်တို့ အထက်ကောင်းကင်ဘုံက တသားတည်း ပေါင်းစည်းသင့်တဲ့ အချိန်ရောက်ပြီ။ နတ်နန်းတော်က အထက်ကောင်းကင်ဘုံရဲ့ သန့်စင်မြင့်မြတ်နယ်မြေတစ်ခုအနေနဲ့ ပိုပြီးများပြားတဲ့ တာဝန်ယူတာဝန်ခံမှုတွေကို ပခုံးထမ်းထားရတယ်။ ကောင်းကင်အာဏာစက်ဘုံက လူတွေဆိုတာ ကျုပ်တို့ရဲ့ ဘုံကို ဖျက်ဆီးပစ်ကြမယ့်သူတွေပဲ။ သူတို့က ဘာဆင်ခြေကိုပဲ သုံးပါစေ နတ်နန်းတော်က တာဝန်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားသိဖို့ ကျုပ်တို့ဘက်က မျှော်လင့်ပါတယ်။ ပြီးတော့ နတ်နန်းတော်ရဲ့ ရှေးဟောင်းဘိုးဘေးနယ်မြေမှာ ရှိတဲ့ နတ်ပစ္စည်းတွေက တန်ခိုးရှင်တွေကို နတ်ဝင်ရိုးဖွဲ့စည်းပြီး ထွန်းတောက်တဲ့ တန်ခိုးရှင်တွေကို ထွက်ပေါ်လာဖို့ ကူညီနိုင်တယ်။ ဒါကြောင့် ဒီလိုခက်ခဲနေတဲ့ကာလမှာ နတ်နန်းတော်က ခြေတစ်လှမ်းရှေ့တိုးပြီး အထက်ကောင်းကင်ဘုံရဲ့ အရည်အချင်းရှိ တန်ခိုးရှင်တွေကို ရှေးဟောင်းဘိုးဘေးနယ်မြေကို ဝင်ခွင့်ပြုပေးစေချင်တယ်။ အဲဒါက အနာဂတ်မှာ အထက်ကောင်းကင်ဘုံကို ပိုပြီး တိုးတက်ကောင်းမွန်လာစေတဲ့ အခွင့်အရေးဖြစ်လာလိမ့်မယ်။”
နတ်နန်းတော်မှ လူများသည် သံတမန်၏ စကားကို ကြားသည့်အခါ အကြည့်များက ခက်ထန်လာသည်။ ထိန်းသိမ်းရမည့် သံတမန်ရေးရာ ယဥ်ကျေးမှုတို့သာ ရှိမနေလျှင် သူတို့သည် ထိုသူ့အား သေကြေသည်ထိ ရိုက်နှက်လိုက်ပြီး ဖြစ်သည်။
ရွှေရောင်နတ်ပြည်ထောင်က အမှန်ပင် ရဲတင်းလှသည်။
သူတို့သည် နတ်နန်းတော်အား ကောင်းကင်အာဏာစက်ဘုံနှင့် ခွဲထွက်ရန် တောင်းဆိုအကြံပြုရဲသော်လည်း လီနတ်ဓားကလန် မည်သို့ သုတ်သင်ခံလိုက်ရသည်ကို မညွှန်းဆိုခဲ့ပေ။ သူတို့က ယခုလို တောင်းဆိုမှုကို လက်ခံခဲ့လျှင်နောက်ပိုင်း၌ ရွှေရောင်နတ်ပြည်ထောင်၏ နင်းခြေခြင်းကို သည်းခံရမည်လော။
ထို့ပြင် သူတို့သည် နတ်နန်းတော်၏ အရင်းအမြစ်များကိုပင် အနုနည်းဖြင့် လုယက်အသုံးပြုရန် ဆန္ဒရှိနေကြသည်။ နတ်နန်းတော်က ရှေးဟောင်းဘိုးဘေးနယ်မြေကို ဖွင့်လှစ်ကာ ရနိုင်သမျှ အကောင်းဆုံး အခွင့်အရေးကို လိုချင်ကြသည့် မည်သည့်တန်ခိုးရှင်ကိုမဆို ဝင်ရောက်ကျင့်ကြံခွင့်ကို ပေးစေချင်နေပြန်သည်။
သို့သော်လည်း နတ်နန်းတော်က လူများသိထားကြသည်မှာ သာမန်တန်ခိုးရှင်များ ရှေးဟောင်းဘိုးဘေးနယ်မြေသို့ ဝင်ရောက်ပါက အချည်းနှီးသာ ဖြစ်ကြမည်ဖြစ်၏။ ဘိုးဘေးနယ်မြေ၏ စမ်းသပ်မှုကို အောင်မြင်မှသာ နတ်ဝင်ရိုးကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ကြပေလိမ့်မည်။
သို့သော် လူအများက ထိုအရာကို သတိမပြုမိကြပေ။ အချို့သော လူများက သူတို့သာ ရှေးဟောင်းဘိုးဘေးနယ်မြေ၌ ကျင့်ကြံနိုင်ပါက အောင်မြင်နိုင်မည်ဟူသော စိတ်ကူးယဥ်အယူအဆများ ရှိနေကြပေသည်။
ရွှေရောင်နတ်ပြည်ထောင်သည် ထိုသို့စက်ဆုပ်ဖွယ်ကောင်းသည့် စိတ်သဘောထားကို ထုတ်ဖော်ပြသခဲ့သည်။
“ထွက်သွားစမ်း” နတ်နန်းတော်၏ ခေါင်းဆောင်က မည်သည့်ယဥ်ကျေးမှုမှ ထားမနေတော့ဘဲ စကားလုံးသုံးလုံးကို ခက်ထန်စွာ ပြောလိုက်သည်။ ထိုသူ၏ မျက်နှာကို ရိုက်နှက်ခြင်းမပြုလိုက်သည်ကပင် သူ့ဘက်မှ အများကြီး ယဥ်ကျေးမှုပြုထားပြီးဖြစ်သည်။
ရွှေရောင်နတ်ပြည်ထောင်က တိုက်ပွဲစတင်ရန် ဆင်ခြေရရှိသွားအောင် ပြုလုပ်ရန် မလိုအပ်ပေ။
***