← Chapters

နှလုံးကြေကွဲဖွယ် သတင်း

Vol. 87 Ch. 1207

နှလုံးကြေကွဲဖွယ် သတင်း

Vol. 87 Ch. 1207

မန်ဟို့မျက်လုံးများ တောက်ပသွားပြီး သူက အနက်ဝတ်လူကို လှမ်းကြည့်လိုက်သည့်အခါ ထိုလူ့မျက်ဝန်းထဲတွင် ..... နူးညံ့ကြင်နာမှုတို့ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။

ထိုနူးညံ့ကြင်နာမှုက ဝမ်မုကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ဝမ်မုအရှေ့တွင် ထိုင်နေသည့် အဘိုးကြီးကိုပင်။

ထိုအဘိုးကြီးသည် မန်ဟို့အတွက် သူစိမ်းဖြစ်၏။ ထိုလူ့အား သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သို့သော် သူ့အကြည့် ထိုအဘိုးကြီးအပေါ် ကျရောက်သွားလျှင် ထိုလူနှင့်ပတ်သက်၍ ကြောက်စရာကောင်းသောအရာတစ်ခုရှိကြောင်း မန်ဟို ခံစားလိုက်ရသည်။

အချိန်များကုန်လွန်သွားသည်။ အနက်ဝတ်လူနှင့် မန်ဟိုတို့နှစ်ယောက်လုံး အောက်ကို ငုံ့ကြည့်ရင်း ပျံဝဲနေကြသည်။

အတန်ကြာသော် ... အနက်ဝတ်လူက ရုတ်တရက် ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ မန်ဟိုလည်း သူ့အား တုပလိုက်ပြီး သူ့ခြေဖဝါးကျသွားလျှင် ကမ္ဘာကြီးသည် တဒင်္ဂ ပုံကြီးချဲ့ခံလိုက်ရသလို ဖြစ်သွားပြီး သူ့အမြင်များ ဝေဝါးသွား၏။ ပြန်လည်ကြည်လင်လာသောအခါ အနက်ဝတ်လူနှင့် မန်ဟိုတို့နှစ်ယောက်လုံးသည် အဘိုးကြီးနှင့် ဝမ်မုဘေးရှိ ဝါးတောအုပ်ထဲတွင် ရပ်နေခဲ့လေပြီ။

မန်ဟိုမှာ အသက်ဝဝရှူလိုက်သော်လည်း ဝမ်မုကတော့ ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ ဘာဆိုဘာမှမသိသယောင်ပင်။

“ကောင်းပြီ” အဘိုးကြီးက အေးစက်စက် ပြောသည်။ “ကျင့်စဉ်လေ့ကျင့်ရေး ပြီးပြီ။ မနက်ဖြန်ပြန်လာခဲ့” သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝမ်မုမှာ နောက်သို့ ယိမ်းယိုင်သွားသည်။ ဝမ်မုက ဇွဲမလျှော့သောအကြည့်များဖြင့် ပြန်မော့ကြည့်၏။

“ကျုပ် ဝမ်တန်ဖေးကို အနိုင်ယူချင်တယ်”

“ဒါဆို ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားပေါ့” အဘိုးကြီး၏အသံက ဟိန်းထွက်သွားသည်။ ဝမ်မုမှာ  မိမိကိုယ်ကို မထိန်းနိုင်တော့ဘဲ နောက်ယိုင်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

ဝမ်မု ပျောက်သွားပြီးနောက် ဝါးတောအုပ်သည် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွား၏။ အကြောင်းတစ်စုံတရာကြောင့် ပတ်ဝန်းကျင်အနေအထားက မန်ဟို့အတွက် အတော်လေး ဆန်းကြယ်နေသလို ခံစားရသည်။ ထို့အပြင် တိတ်ဆိတ်မှုအတွင်း၌ တဝီဝီမြည်သံက ခပ်သဲ့သဲ့ ထွက်စပြုလာသည်။

မကြာမီ ဝါးတောအုပ်အတွင်းမှ သူတို့ဆီ ပျံသန်းလာနေသော .... ခြင်အုပ်ကြီးကို မန်ဟို မြင်လိုက်ရ၏။

၎င်းတို့က သာမန်ခြင်များထက် အကောင်ကြီးပုံမပေါ်သော်လည်း အကြောင်းတစ်စုံတရာကြောင့် မန်ဟိုသည် ၎င်းတို့ကို ကြည့်လိုက်သည့်အခါ ရင်တဒိန်းဒိန်းခုန်လာပြီး သေစေနိုင်သောအန္တရာယ်ကို ခံစားလိုက်ရတော့၏။

ဤသည်မှာ သာမန်ခြင်များမဟုတ်ကြောင်း မန်ဟို သေချာသည်။ ၎င်းတို့မှ ထုတ်လွှတ်နေသော အရှိန်အဝါမျိုးအား မည်သည့်သားရဲအပေါ်တွင်မှ သူ မခံစားခဲ့ရဖူးပေ။

၎င်းသည် အသတ်အဖြတ်စိတ်ဆန္ဒနှင့် ကြမ်းတမ်းရက်စက်မှုတို့ ပြည့်နှက်နေသည့် အရှိန်အဝါတစ်ခုဖြစ်၏။ အရေးအကြီးဆုံးအနေဖြင့် ရှေးကျသော အငွေ့အသက်များလည်း ရှိနေသည်။ မန်ဟို၏လက်ရှိကျင့်ကြံအဆင့်အရ သုံးသပ်မိလိုက်သည့်အချက်က သူ့နှလုံးသားကို တုန်ရီလာစေတော့သည်။

“ဒီခြင်တွေက တောင်ပင်လယ်လောကထက်တောင် ... အသက်ကြီးသေးတယ်” သူ့မှာ ခြင်များကို ကြည့်ရင်း အသက်ရှူမှားသွားတော့သည်။ အထူးသဖြင့် တစ်ကိုယ်လုံး ရွှေရောင်လွှမ်းလျက် ရှေ့ဆုံးမှ ပျံသန်းနေသော ခြင်ပင်။ ၎င်းက အဆုံးမဲ့လှိုင်းများကို ဖြန့်ကျက်လျက် မန်ဟိုနှင့် အနက်ဝတ်လူဆီ တန်းတန်းမတ်မတ် ပျံသန်းလာနေသည်။

ထို့နောက် ၎င်းသည် ဝမ်းနည်းဝမ်းသာနေမှုကို ဖော်ပြနေသည့်လား တဝီဝီမြည်လျက် အနက်ဝတ်လူကို လှည့်ပတ်ပျံသန်းလေ၏။ ၎င်း သူ့ကို လှည့်ပတ်နေပုံအရ ၎င်းမှာ သူ့အနား ပို၍ကပ်သွားချင်သော်လည်း ၎င်းဖြတ်သန်းမရနိုင်သည့် အတားအဆီးတစ်ခုက သူနှင့် ၎င်းအကြား ပိုင်းခြားထားပုံပေါ်နေသည်။ (ဝမ်လင်းမှာလည်း မန်ဟို့သွေးခွေးကြီးလို မွေးထားတဲ့ခြင် ရှိပါတယ်)

အနက်ဝတ်လူတွင်လည်း ထိုကဲ့သို့ဝမ်းနည်းဝမ်းသာနေသောအမူအရာ ရှိနေဟန်တူကြောင်း မန်ဟို အကဲခတ်မိလိုက်သည်။

ဤအခိုက်အတန့်တွင် ပိန်ချုံးချုံးအဘိုးကြီးထံမှ သက်ပြင်းချသံတစ်သံ ကြားလိုက်ရသည်။ သူသည် များသောအားဖြင့် စုတ်တီးစုတ်ပဲ့ဖြစ်နေသော်လည်း ယခုတွင်မူ ရှုပ်ထွေးသော လွမ်းဆွေးဆွေးခံစားချက်များဖြင့် ပြည့်နှက်နေဟန်တူ၏။ သူက ရုတ်တရက် မန်ဟိုရှိရာသို့ လှမ်းကြည့်သည်။

မန်ဟို့စိတ်နှလုံး တုန်ရီသွားသည်။ ထိုအကြည့်သည် သူ့စိတ်ကို ထိုးဖောက်၍ သူ့နတ်ဘုရားအာရုံကို ဖျက်စီးပစ်ချင်နေသော ဓားထက်ထက်တစ်လက်နှင့် တူ၏။ မိုးပြာရောင်အလင်းက ရုတ်ခြည်း ကွန့်မြူးလာပြီး လောကပါလအင်မော်တယ်တန်ခိုး ဖြာထွက်သွားသည်။ ၎င်းက သူ့စိတ်ကို ကာကွယ်ပေးလိုက်ရုံသာမက သူ့ကျင့်ကြံခြင်းအခြေခံ၏တစ်စိတ်တစ်ပိုင်းအား အဘိုးကြီး၏မျက်ဝန်းများကို ပြန်စိုက်ကြည့်လိုက်သည့် ဓားသဖွယ်အကြည့်အသွင် ပြောင်းလိုက်သည်။

“ဟင်” အဘိုးကြီး၏မျက်လုံးများ လင်းလက်သွားသည်။ အချိန်အနည်းငယ်ကြာသော် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။ အဘိုးကြီးက မန်ဟို့ကို လေးလေးနက်နက် ကြည့်နေပြီးနောက် သူ၏တွေဝေနေသောအကြည့်အား အနက်ဝတ်လူဆီသို့ ပို့လိုက်သည်။

သိသိသာသာပင် သူက မန်ဟိုနှင့်အနက်ဝတ်လူတို့နှစ်ယောက်လုံး ထိုနေရာတွင် ရပ်နေခဲ့သည်ကို ကောင်းကောင်း သိလေသည်။

“မင်း ...” အဘိုကြီးက နူးညံ့ပျော့ပျောင်းစွာ ဆိုသည်။ သူ့နှလုံးသားထဲရှိ တွေဝေရှုပ်ထွေးနေသောခံစားချက်များမှာ ပို၍ကြီးမားလာသဖြင့် သူ့မှာ ပြောစရာစကားတို့ ပျောက်ဆုံးသွားသည့်အလားပင်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် အနက်ဝတ်လူက အေးစက်ပြီး ရှေးဆန်သော အသံအက်အက်ဖြင့် မေးသည်။ “သူ ဘယ်မှာလဲ”

သူ ပြောလိုက်သော စကားလုံးများသည် သာမန်သာဖြစ်သော်လည်း သူ၏ပြောခြင်းကို ခံလိုက်ရသောအခါ ဤလူကိုယ်တိုင်က... သတ်ဖြတ်လိုသောအရှိန်အဝါမှ ဖန်ဆင်းခံခဲ့ရသကဲ့သို့ ကြောက်မက်ဖွယ်အသတ်အဖြတ်အငွေ့အသက်များဖြင့် ပြည့်ဝနေသည်။

မန်ဟိုမှာ အသက်ပြင်းပြင်းရှူလိုက်မိသည်။ ဤအနက်ဝတ်လူ မည်သူဖြစ်ကြောင်း သူ မသိသော်လည်း ထိုလူနှင့် အဘိုးကြီးအကြား ဘာဖြစ်နေလဲ နားမလည်လျှင် သူကား လက်ရှိကျင့်ကြံအဆင့်နှင့် မထိုက်တန်တော့ပေ။

“သူတို့တစ်ယောက်ကို တစ်ယောက် သိကြတာပဲ

“ငါတို့က ဝမ်မျိုးနွယ်စုမှာ ၊ ဒီအဘိုးကြီးက ဝမ်မုရဲ့ ဆရာတွေထဲက တစ်ယောက်။ သူက ဝမ်တန်ဖေးကိုလည်း သိတယ်။ အဲဒါဆို သူလည်း ဝမ်မျိုးနွယ်ဖြစ်နိုင်ချေများတယ်

“ဒီအနက်ဝတ်ပါရာဂွန်က သိပ်လျှို့ဝှက်ဆန်းကြယ်တဲ့အပြင် ဒီနေ့ခေတ်ရဲ့ကျင့်ကြံသူတစ်ယောက် လုံးဝမဖြစ်နိုင်ဘူး။ သူက ခေတ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ကြည့်ရတာ တောင်ပင်လယ်လောက မတည်ရှိခင်အချိန်က လာခဲ့တဲ့ပုံပဲ။ ဒီရှေးခြင်တွေကို ကြည့်ရင် ပိုသိသာတယ်

“သူတို့တစ်ယောက်နဲ့တစ်ယောက် သိတယ်ဆိုတော့ ဒီအဘိုးကြီးက ... “ သူ၏အတွေးရထား ဤဘူတာရောက်သော် မန်ဟို့သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ဝမ်မျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက သူသည် သူတို့၏မှော်သိုင်းကွက်များက ဆန်းပြားသည်ဟု အမြဲခံစားခဲ့ရ၏။ ထိုမျှသာမက သူတို့သွေးဆက်နှင့်ပတ်သက်၍လည်း တမူထူးခြားပြီး လွန်စွာဆန်းကြယ်သည့်အရာရှိနေသည်။

မန်ဟို့စိတ် ချာချာလည်နေသည့်အချိန်မှာပင် ပိန်ချုံးချုံးအဘိုးကြီးက တခဏတွေးပြီးနောက် လွမ်းဆွေးမှုတို့ ပြည့်နှက်နေဟန်တူသော အသံခပ်အက်အက်ဖြင့် ပြောသည်။

“အဲဒီတုန်းက သူ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး...”

အနက်ဝတ်လူက သူ၏မျက်လုံးများကို ခေတ္တမှိတ်လိုက်သည်။ နောက်ဆုံးတွင် သူက ၎င်းတို့ကို ပြန်ဖွင့်ကာ မေးလေ၏။ “သူမကရော”

“သူတို့နှစ်ယောက်အတူတူ ထွက်သွားကြတာပဲ။ သူမလည်း တစ်ခါမှ ပြန်မလာခဲ့ဘူး” အဘိုးကြီးက သက်ပြင်းချလိုက်သည်။ အနက်ဝတ်လူကို ကြည့်နေသည့် သူ၏တွေဝေရှုပ်ထွေးနေသောအကြည့်ထဲတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုအား ဖုံးကွယ်ထားသည်။ သူ့မှာ မချုပ်တည်းနိုင်တော့သည့်နောက်ဆုံး သူ့စိတ်ကိုစိုးမိုးနေသည့် မေးခွန်းအား မေးလိုက်တော့သည်။ “မင်း ... အဲဒီတုန်းက ပြိုကွဲပျောက်ကွယ်သွားခဲ့တာမဟုတ်ဘူးလား”

အနက်ဝတ်လူက ခေါင်းကို ခါသည်။ သူက မည်သည့်အရာကို မပြောလိုတော့ဘဲ ထွက်သွားဖို့ လှည့်လိုက်သည်။

“ဝမ်....” အဘိုးကြီးမှာ ထိုစကားတစ်လုံးသာပြောရင်း အနက်ဝတ်လူအား မည်သို့အမည်တပ်ရမှန်း မသိသည့်အလား ရပ်လိုက်သည်။

သို့သော် ထိုစကားတစ်လုံးက မန်ဟို့စိတ်ကို တုန်ရီသွားစေရန် လုံလောက်သည်။ သူက အဘိုးကြီးကို တစ်လှည့်၊ အနက်ဝတ်လူကို တစ်လှည့်ကြည့်လိုက်မိ၏။ ‘ဝမ် 王’ ဆိုသော စာလုံးတွင် အဓိပ္ပါယ်နှစ်ခု ရှိသည်။ တစ်ခုက ဘုရင်ဟု အဓိပ္ပါယ်ရသည်။ နောက်တစ်ခုကတော့ ... မန်ဟို့အား ပင့်သက်ရှိုက်မိလိုက်စေသည်။

“သူက ဝမ်မျိုးနွယ်ဝင်တစ်ယောက်ပဲ။ ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးလား” မန်ဟို့အတွေးများ ယောက်ယက်ခတ်သွားသည်။

“သူက ဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးတစ်ဦးဆိုရင် .... ဝမ်မျိုးနွယ်စုက တောင်ပင်လယ်လောကမှာ စတင်ဖြစ်ပေါ်လာခဲ့တာမဟုတ်ဘူးပေါ့။ သူတို့က .... အင်မော်တယ်လောကကတည်းက တည်ရှိခဲ့တာ” သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ထွက်သွားသော အနက်ဝတ်လူနောက် လိုက်သွားသည်။

သူ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ့အမြင်အာရုံ ဝေဝါးသွားသည်။ ပြန်လည်ရှင်းလင်းလာသောအခါ သူသည် အနက်ဝတ်လူနှင့်အတူ ကြယ်တာရာကောင်းကင်သို့ ပြန်ရောက်သွားခဲ့လေပြီ။ အနက်ဝတ်လူက ထိုနေရာတွင် အတွေးများဖြင့် ပျံဝဲနေပြီးနောက်ဆုံး အာကာသအထဲသို့ လှမ်းကြည့်လိုက်သည်။

“သူတို့ ရောက်လာကြတော့မယ် ...” အနက်ဝတ်လူက အေးစက်စက် ပြောလိုက်သဖြင့် သူ့ပတ်ပတ်လည်ရှိ အာကာသပင် အေးစိမ့်သွားသည်။ မှန်သည်၊ ၎င်းက တမင်သက်သက်လုပ်လိုက်ခြင်းမဟုတ်ဘဲ သူ့အသတ်အဖြတ်အရှိန်အဝါ၏ ရလဒ်မျှသာ ဖြစ်လေသည်။

သူက အဝေးကို ကြည့်ရင်း လမ်းစလျှောက်တော့သည်။ သူ၏ခြေလှမ်းတိုင်း အဆုံးမဲ့နေရာ မန်ဟိုမှာ အလောတကြီး အမှီလိုက်နေရသည်။ သို့သော် အသက်ရှူချိန်အနည်းငယ်လေးအတွင်း အနက်ဝတ်လူကား ....အဝေးသို့ ရောက်သွားခဲ့လေပြီ။ မန်ဟို့အတွက် လိုက်မှီတော့မည်မဟုတ်ပေ။

လိုက်မမှီနိုင်ခြင်းမှာ အနက်ဝတ်လူ သူ့ကို လိုက်မလာစေချင်၍ဖြစ်ကြောင်း သိ၍ မန်ဟိုက ကပျာကယာ လှမ်းအော်လိုက်သည်။ “စီနီယာကြီးခင်ဗျာ ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်လို့ရမလဲ”

“ဒီနေရာမှာ.... မရှိသင့်လောက်တဲ့ လူတစ်ယောက်” အေးစက်စက်အဖြေ ဖြစ်သည်။ အနက်ဝတ်လူကား အဝေးမှ အဝေးကြီးသို့ ရောက်နေလေပြီ။

မန်ဟိုသည် အခွင့်အရေးဟူသမျှကို အမိအရဖမ်းဆုပ်တတ်သည့် လူစားမျိုးဖြစ်၏။ ဖြစ်နိုင်လျှင် ကျောက်တုံးကိုပင် အရည်ညှစ်ယူမည့်လူပင်။ သူက အနက်ဝတ်လူကြောင့် မှင်သက်နေခဲ့သော်လည်း အံတင်းတင်းကြိတ်ပြီး မေးလိုက်သည်။ “စီနီယာ။ ဒီမှာဗျာ ကျွန်တော်တို့က ရေစက်ပါနေမှတော့ ခင်ဗျားရဲ့တာအိုမှော်သိုင်းနည်းနည်းပါးပါး ကျွန်တော့်ကို ကျေးဇူးပြုပြီး သင်ပေးပါလားခင်ဗျာ။ ကျွန်တော်ဆိုလိုတာကလေ ... ခင်ဗျား ဒီနေရာကို ရောက်လာတဲ့အကြောင်းရင်းက ကျွန်တော်နဲ့ တစ်နည်းနည်း ပတ်သက်နေတာမဟုတ်လား ... “

အနက်ဝတ်လူက ခြေလှမ်းနေရာမှ တုံ့ခနဲ ရပ်သွားသည်။ သူ့မှာ မန်ဟို့လိုကျင့်ကြံသူမျိုးနှင့် မဆုံခဲ့ဖူးသည့်အလားပင်။

“အာကာသကွေးညွတ်ခြင်း ... မင်း အဲဒါကို တတ်မြောက်သွားရင် ငါတို့ ပြန်တွေ့တဲ့အခါ ... မင်းကို လေဆင့်ခေါ် လျှို့ဝှက်ချက်ကို ပြောပြနိုင်မယ်ထင်တယ်” အနက်ဝတ်လူ ကြယ်တာရာကောင်းကင်အတွင်း ပျောက်ကွယ်သွားစဉ် သူ့အသံသည် သူ့အနောက်သို့ ပျံ့လွင့်သွား၏။

မန်ဟို့အတွက် ဘယ်နည်းနှင့်မှ သူ့အား လိုက်မမှီနိုင်ပေ။ သို့သော် အနက်ဝတ်လူ ထွက်သွားသည်ကို ကြည့်နေစဉ် သူ့မျက်နှာအပေါ်၌ မတူညီသောခံစားချက်များစွာအား မြင်ရနိုင်ပြီး သူ့မျက်လုံးများက တောက်ပလာတော့သည်။

“ဒါဆို သူက တကယ်ပဲ ဝမ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးပေါ့ .... “ လေဆင့်ခေါ်မှော်သိုင်းအား ဝမ်မု ထုတ်လွှတ်ခဲ့သည်ကို မန်ဟို မြင်ခဲ့ဖူး၏။ သူသည် ၎င်းက ဆန်းပြားလှသည်ဟု ခံစားခဲ့ရသော်လည်း တစ်ခါမှ အရမယူနိုင်ခဲ့ပေ။

“ကဲ ထားလိုက်တော့။ ဝမ်မု မင်း ငါ့အပေါ် အကြွေးတင်နေပေမယ့် အခု ငါ ပြန်မတောင်းသေးဘူး။ မင်းနဲ့ငါ့ကြားမှာ ကံဆက်ကြိုးရှိနေတာက ဝမ်မျိုးနွယ်စုနဲ့ ကံဆက်ကြိုးဖန်တီးထားသလိုပဲ မဟုတ်လား” သူက နှလုံးသားထဲတွင် ခိုင်မာပြတ်သားမှုအပြည့်ဖြင့် မျက်လုံးများကို တခဏ ပိတ်လိုက်ပြီးနောက် ပြန်ဖွင့်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။ စောစောကအတိုင်း သူသည် လမ်းလျှောက်ပုံလမ်းလျှောက်နည်းတစ်မျိုးဖြင့် လျှောက်ရင်း ထူးဆန်းသောအခြေအနေထဲ ဝင်ရောက်သွားတော့၏။

“ဒါကို အာကာသကွေးညွတ်ခြင်း .... ဒါက အချိန်နဲ့အာကာသကို ကွေးညွတ်နည်းရဲ့ ပထမအဆင့်ပဲ” မန်ဟိုမှာ လွန်စွာ စိတ်လှုပ်ရှားလာသည်။ ထိုတာအိုမှော်အစွမ်းအား မှော်တိုက်ပွဲများတွင် အသုံးပြုရန်ပင် သူ စဉ်းစားနေမိလေပြီ။

သူသာ ၎င်းနှင့် ရင်းနှီးသလောက် ရင်းနှီးလျှင် အချိန်ခရီးသွားဖို့ပ့င် အသုံးပြုနိုင်လောက်သည်။

ဤအတွေးကြောင့် မန်ဟိုသည် ထူးဆန်းစွာတောက်ပနေသော မျက်ဝန်းများဖြင့် အဝေးသို့ လမ်းလျှောက်သွားတော့၏။

သူ ထိုအတိုင်း လျှောက်နေစဉ် အချိန်များ ကုန်လွန်သွားသည်။ ထိုအချိန်အတောအတွင်း သူက အကြွေးတောင်းဖို့ စိတ်မကူးသလို၊ မည်သည့်နေရာရွှေ့ပြောင်းခြင်းမုခ်ဝကိုမှလည်း မသွားပေ။ သူကား ကမ္ဘာကြီးမှ တသီးတသန့်ခွဲထွက်ရင်း ကြယ်တာရာကောင်းကင်ကို ဖြတ်လျှောက်ကာ လမ်းလျှောက်ပညာရပ်ဖြင့် ရင်းနှီးဖို့ ကြိုးစားနေတော့သည်။

သူ ဉာဏ်အလင်းရှာဖွေနေသော ခုလတ်တွင် သူ့သိုလှောင်အိတ်ထဲရှိ သတင်းပို့ကျောက်စိမ်းပြားသည် အကြိမ်များစွာ  တုန်ခါနေ၏။ သို့သော် သူက ထူးဆန်းသောအခြေအနေထဲတွင် စိတ်ရောကိုယ်ပါနစ်မြောနေသဖြင့် သတိမထားမိပေ။

သူကတော့ မသိသော်လည်း ထိုရက်အတောအတွင်း သူ၏အသိတစ်ယောက်သည် ပူဆွေးသောကအပြည့်ဖြင့် သူ့အား နေရာအနှံ့လိုက်ရှာနေခဲ့၏။

ထိုပုဂ္ဂိုလ်သည် တောင်ကောင်းကင်ဂြိုဟ်သို့ သွားသည်။ အရှေ့အောင်ပွဲဂြိုဟ်သို့ သွားသည်။ ဖန်မျိုးနွယ်စုတစ်စုလုံးတွင်လည်း ရှာပြီးနောက် စုန့်မျိုးနွယ်စုသို့ သွားပြန်သည်။ တစ်ဖန် နေသူရိန်တောင်၊ ထို့နောက် မန်ဟို သွားနိုင်လောက်သည့် အခြားနေရာများ....

ကံဆိုးစွာနှင့် ထိုပုဂ္ဂိုလ်မှာ မန်ဟို့အား ရှာမတွေ့ခဲ့ပေ။

“ဒါဟာ ကံတရားများလား။ သူ... သူမကို နောက်ဆုံးအကြိမ်လေးတောင် မတွေ့နိုင်အောင် ကံတရားက ဖန်တီးထားတာလား” မန်ဟို့ကို ရှာနေသော ပုဂ္ဂိုလ်မှာ ဆေးလုံးမိစ္ဆာဖြစ်လေသည်။

သူ့အမူအရာတွင် ပူဆွေးသောကတို့ ပြည့်နေပြီး သက်ပြင်းအဆက်မပြတ်ချနေသည်။ နောက်ဆုံးတော့ သူသည် ရှာမနေတော့ဘဲ ခွန်လွန်အစည်းအရုံးသို့ ပြန်သွားတော့၏။

သုံးရက်ကြာသည့်အခါ မန်ဟိုက ထူးဆန်းသောအခြေအနေမှ နိုးထလာခဲ့သည်။ သူ့မျက်လုံးများသည် နိမိတ်အလင်းရောင်ဖြင့် တောက်ပနေပြီးနောက် ဝမ်းမြောက်မှုတို့ ပေါ်လွင်လာသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုထူးဆန်းသော လမ်းလျှောက်ပညာရပ်ဖြင့် သူ ပို၍အကျွမ်းဝင်လာခဲ့သည်။

နိုးလာပြီးနောက်မှ မန်ဟိုသည် သူ့သိုလှောင်အိတ်ထဲရှိ သတင်းပို့ကျောက်စိမ်းပြားပေါ်တွင် စာများပြည့်ကြပ်နေကြောင်း သတိထားမိလိုက်၏။

နတ်ဘုရားအာရုံဖြင့် စာများကို စစ်ဆေးပြီးနောက် သူ့စိတ်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ၏။ သူ့မှာ ဖြစ်ပျက်နေသောအရာကို ယုံကိုမယုံနိုင်ဖြစ်နေသည်။

All Chapters