ခေါင်းလျှော်ခြင်း (အပိုင်း ၄)
Vol. 1 Ch. 8
အနားနားကနေ သရဲရဲ့ “ဟ” ဆိုတဲ့အသံကို မရပ်မနားကြားနေရတာကြောင့် ယန်ကျွန်းဇဲဟာ ကလေးမလေးကို ပြန်ပစ်ထုတ်ချင်တဲ့ စိတ်ဆန္ဒနဲ့ အကြိမ်ကြိမ်ရုန်းကန်နေရပါတယ်။
အေးစက်စက်ခံစားမှုက သူ့ရဲ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ရေကပူနေပေမဲ့လည်း အဲ့ဒီအချိန်မှာ ယန်ကျွန်းဇဲ ဘာကိုမှ မခံစားရတော့ပါဘူး။
သူ့ဆံပင်ကို ပွတ်တိုက်တာ ဆက်လုပ်ပြီးနောက်မှာတော့ ခေါင်းလျှော်ရည်တွေကို ဆေးကြောဖို့အတွက် ခေါင်းကို ရေအပြည့်ရှိတဲ့ စုပ်ခွက်ထဲကို အရင်နှစ်လိုက်ပြီး အမြှုပ်တွေနဲ့ရေကို ဖယ်ရှားလိုက်ပါတယ်။
သူက ရေပိုက်ခေါင်းကို ဖွင့်ဖို့ လက်လှမ်းလိုက်ပြီး ရေအပူချိန်ကို စမ်းသပ်ကြည့်ပါတယ်။ အနေတော် မဟုတ်ပေမဲ့လည်း မကြာခင်မှာပဲ စိတ်မရှည်တဲ့ ယန်ကျွန်းဇဲက ဆေးဖို့အတွက် ခေါင်းကို ငုံ့လိုက်ပါတယ်။
၃ မိနစ်နီးပါး ရှိနေပြီဖြစ်ပြီး ယန်ကျွန်းဇဲကလည်း သူ့ရဲ့ခေါင်းကို အမြန်လျှော်ပြီး ခေးအာ ရဲ့ အကြည့်ကို တစ်ချိန်လုံး မခံချင်တော့ပါဘူး။
ဒီအချိန်အတွင်းမှာ ခေးအာ က ဘာမှမလှုပ်ရှားဘဲ သူ့ရဲ့ဘယ်ဘက်ပခုံးကို လက်နဲ့ချိတ်ထားပြီး သူ့ကျောပေါ်မှာ ခေါင်းစောင်းလျက် မလှုပ်မယှက်လှဲနေပါတယ်။
ယန်ကျွန်းဇဲသာ ခေါင်းလှည့်ကြည့်နိုင်မယ်ဆိုရင် ခေးအာ ရဲ့ မီးခိုးရောင်မျက်လုံးထဲက သူငယ်အိမ်ကို ပါးလွှာတဲ့ မီးခိုးရောင်အမြှေးပါးလေးတစ်ခုက ဖုံးအုပ်ထားပြီး သူမရဲ့အကြည့်က ဘယ်ကိုအာရုံစိုက်နေလဲဆိုတာ မသိနိုင်ဘူးဆိုတာကို မြင်နိုင်ပါလိမ့်မယ်။
သူ့ဆံပင်က မြန်မြန်ဆန်ဆန် သန့်ရှင်းသွားပေမဲ့ ရေက သူ့ရဲ့မျက်လုံးထဲကို ဝင်ဖြစ်အောင်ဝင် သွားခဲ့ပါတယ်။
ယန်ကျွန်းဇဲက မျက်လုံးကိုမှိတ်ထားပြီး ပုံမှန်အသက်ရှူရင်း လက်သုတ်ပုဝါကို လှမ်းယူပါတယ်။ သူ့ဆံပင်ကို သုတ်လိုက်တာနဲ့ “ခေါင်းလျှော်ခြင်း” မစ်ရှင်ပြီးဆုံးပါပြီ။
ဒါပေမဲ့ သူ ခြောက်သွေ့နေတဲ့ လက်သုတ်ပုဝါကို လှမ်းယူလိုက်ချိန်မှာ သူ့ရဲ့လက်ဖမိုးပေါ်ကို အေးစက်စက် လက်သေးသေးလေးတစ်ဖက်က တင်လိုက်ပါတယ်။
ဒီခံစားမှုက အဖွဲ့လိုက် ပူပူစပ်စပ် ဟော့ပေါ့စားနေတုန်းမှာ တစ်စုံတစ်ယောက်က ခေါင်းကနေ ခြေအဆုံး ရေအေးတစ်ပုံး လောင်းချလိုက်သလိုမျိုးပါပဲ၊ သူတို့ရဲ့နှလုံးသားက ပူလောင်နေပေမဲ့လည်း အတွင်းအပြင်အေးစက်သွားစေတာမျိုး ဖြစ်ပါတယ်။
ယန်ကျွန်းဇဲရဲ့ညာဘက်လက်က တုန်ယင်သွားပြီး နောက်ထပ်လှုပ်ရှားမှုတစ်ခု လုပ်ဖို့ မရဲတော့ပါဘူး။ လက်တစ်ဖက်နဲ့ လက်သုတ်ပုဝါကို ဖိထားပြီး သူ့ရဲ့နှလုံးသားက ရင်ဘတ်အပြင်ကို ခုန်ထွက်လာတော့မလိုပဲဖြစ်နေပါတယ်။ မျက်လုံးကိုလည်း မဖွင့်နိုင်ဘဲ အဲ့ဒီနေရာမှာ တောင့်ခဲသွားခဲ့ပါတယ်။
သူ့ရဲ့လက်ဖမိုးပေါ်မှာ တင်ထားတဲ့ လက်သေးသေးလေးကလည်း ဘာမှမလှုပ်ရှားဘဲ လွှတ်ပေးဖို့ အစီအစဉ်မရှိတာကို ပြသနေပါတယ်။
မြင်ကွင်းက ထူးဆန်းနေပါတယ်။
သရဲတစ်ကောင်အနေနဲ့ ခေးအာ က အလေးချိန်က ဘာမှမရှိတာကြောင့် သူမက ယန်ကျွန်းဇဲရဲ့နောက်ကျောမှာ လှဲနေပေမဲ့လည်း ဘာဖိအားမှ မဖြစ်စေပါပေ။
အခုအရေးအကြီးဆုံးက ယန်ကျွန်းဇဲက ကလေးမလေး ဘာလုပ်ချင်လဲဆိုတာကို မမေးရဲတာပါပဲ၊ ဘာကြောင့်လဲဆိုတော့ သူ မေးလိုက်ရင် ခေါင်းလျှော်တာနဲ့ မသက်ဆိုင်တဲ့အရာကို လုပ်လိုက်တာနဲ့ တူနေမှာ ဖြစ်ပါတယ်။
တာဝန်ပျက်ကွက်ခြင်းရဲ့ အဖိုးအခကိုတော့ ယခုလက်ရှိ ယန်ကျွန်းဇဲက မတတ်နိုင်သေးပါဘူး။
၃ မိနစ်က ကုန်လုနီးပါးရှိနေပြီဖြစ်တာကြောင့် ယန်ကျွန်းဇဲက သွားကိုတင်းတင်း ကိုက်ထားပြီး နောက်ထပ်မဆိုင်းမတွရဲဘဲ လက်သုတ်ပုဝါကို ကိုင်ထားရင်း သူ့ရဲ့လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပါတယ်။
အေးစက်စက်လက်သေးသေးလေးက ယန်ကျွန်းဇဲရဲ့လက်ကို ဆက်ဖိထားပြီး သူ့လက်ရဲ့လှုပ်ရှားမှုကို လိုက်ပြီး မရွေ့ပါချေ။
ယန်ကျွန်းဇဲက သူမကို ဂရုမစိုက်တော့ဘဲ လက်သုတ်ပုဝါကို လှမ်းယူဖို့ အရှိန်မြှင့်လိုက်ပါတယ်။
ခေါင်းလျှော်တာနဲ့ မသက်ဆိုင်တဲ့ ဘာကိုမှ မလုပ်သရွေ့ ခေးအာ က သူ့ကို ဒုက္ခပေးမှာ မဟုတ်ဘူးလို့ သူ ယုံကြည်ပါတယ်။
သူ လက်သုတ်ပုဝါကို ဆွဲကိုင်ထားတဲ့ ၁၀ စက္ကန့်လောက်က ထာဝရလိုပဲ ခံစားနေရပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့လက်တွေက လက်သုတ်ပုဝါကို ကိုင်ထားပြီး ခေါင်းကို သုတ်ဖို့လုပ်လိုက်မှ ခေးအာ ရဲ့လက်သေးသေးလေးက ဖြည်းဖြည်းချင်း ရွေ့သွားခဲ့ပါတယ်။
ယန်ကျွန်းဇဲက အလျင်အမြန် ခေါင်းမော့ပြီး သူ့ဆံပင်ကို သုတ်လိုက်ပါတယ်။
အဲ့ဒီလိုလုပ်နေတုန်းမှာပဲ သူ့ရဲ့မျက်လုံးပတ်လည်က ရေတွေကိုလည်း သုတ်ပစ်လိုက်ပါတယ်။ ဒီလိုလုပ်နေတုန်းမှာပဲ သူ့ရဲ့စိတ်ထဲမှာ အချိန်-ဟင်လင်းပြင်မြေပုံ ပေါ်လာခဲ့ပါတယ်။
“ခေါင်းလျှော်ခြင်း၊ စိုးရိမ်စိတ်ဖြစ်ပေါ်စေမှု (အဆင့်နိမ့်)၊ ပြီးဆုံးပါပြီ၊ ကွဲပြားသောစွမ်းအင်မှတ် ၁၀၀ ရရှိခဲ့ပါတယ်။”
တစ်ချိန်တည်းမှာပဲ မြေပုံထဲက ပျောက်ကွယ်သွားခဲ့တဲ့ နောက်ပြန်ရစ်ခြင်း လိုင်းနဲ့ အချိန်-ဟင်းလင်းပြင် ဆုံမှတ် နှစ်ခုက တစ်ပြိုင်နက်တည်း လင်းလက်လာခဲ့ပါတယ်။
ဒါ့အပြင် ကွဲပြားသောစွမ်းအင်မှတ် ၁၀၀ ရရှိပြီးနောက်မှာ လင်းနေတဲ့ နောက်ပြန်ရစ်ခြင်းလိုင်းက ရှေ့ကိုဆက်ပြီး တိုးချဲ့သွားခဲ့ကာ တတိယမြောက် အချိန်-ဟင်းလင်းပြင် ဆုံမှတ်ကို အလျင်အမြန်ရောက်ရှိသွားပြီး တဖြည်းဖြည်း တောက်ပလာခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ နောက်ပြန်ရစ်ခြင်းလိုင်းနှစ်ခုက လင်းလက်နေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ယန်ကျွန်းဇဲက သူ့မျက်လုံးထောင့်တွေက ရေတွေကို သုတ်ပြီးတာနဲ့ အလျင်အမြန် မျက်လုံးဖွင့်လိုက်ပါတယ်။
သူ မျက်မှန်တပ်လိုက်တဲ့အချိန်မှာ ဘာမှမလုပ်ဘဲ ချက်ချင်း သူ့နောက်ကို လှည့်ကြည့်လိုက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ “ခေါင်းလျှော်ခြင်း” မစ်ရှင်က အောင်မြင်စွာ ပြီးဆုံးသွားပြီး ဆုလာဘ်အနေနဲ့ ကွဲပြားသောစွမ်းအင်မှတ် ၁၀၀ ရရှိခဲ့လို့ပါပဲ။ ဒါက ခေးအာ ရဲ့စွဲလမ်းမှုက ဖြေရှင်းပြီးသားဖြစ်ရမှာ ဖြစ်ပါတယ်။
သူမက ဘဝအသစ်တစ်ခုကို ရောက်သွားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် သူမရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရာကို ရောက်သွားတာပဲဖြစ်ဖြစ်၊ သူမအတွက် သူ့ရဲ့ရေချိုးခန်းမှာ ဆက်နေဖို့ အကြောင်းပြချက်မရှိတော့ပါဘူး။
ဒါပေမဲ့ သူ့နောက်ကို လှည့်ကြည့်လိုက်ချိန်မှာ စိတ်သက်သာရာရသွားတဲ့ ယန်ကျွန်းဇဲက ရုတ်တရက် တောင့်ခဲသွားခဲ့ပါတယ်။ အနီရောင်ဝတ်စုံ၊ ရှုပ်ပွပြီး နူးညံ့တဲ့ ဆံပင်ရှည်နဲ့ ပွန်းပဲ့နေတဲ့ ခြေလက်အင်္ဂါတွေကို မျက်လုံးထဲမှာ မြင်လိုက်ရလို့ပါပဲ။
ဒီအချက်အလက်တွေက ခေးအာ ဟာ သူ့ကျောပေါ်မှာ လှဲနေဆဲပဲဆိုတာကို မလွဲမသွေ ဖော်ပြနေပါတယ်။
ဒီမြင်ကွင်းက ယန်ကျွန်းဇဲကို “Dragon Ball” ထဲက Master Roshi ဖြစ်သွားသလို ခံစားရစေပါတယ်။ ခေးအာ ရဲ့ ပွန်းပဲ့နေတဲ့ လက်တွေက သူ့လည်ပင်းကို ရစ်ပတ်ထားပြီး တင်းကျပ်နေခဲ့ပါတယ်။
သူမရဲ့ခြေထောက်တွေက သူ့ရဲ့ခါးကို ပြင်းပြင်းထန်ထန် ရစ်ပတ်ထားပါတယ်။ ဒါကိုကြည့်လိုက်တော့ သူက လိပ်ခွံကြီးတစ်လုံးကို ထမ်းထားတဲ့သူတစ်ယောက်နဲ့ တူနေပါတယ်။
ဘာ… ဘာတွေဖြစ်နေတာလဲ။
ငါ တာဝန်မပြီးသေးဘူးလား။
ဒါက ကပ်တွယ်နေတဲ့သရဲ ဖြစ်နေတာများလား၊ ထွက်သွားဖို့ ငြင်းဆန်နေတဲ့သရဲလား။
အဲ့ဒီအချိန်မှာပဲ စာကြောင်းအသစ်တစ်ခုက ယန်ကျွန်းဇဲရဲ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။
[ခေးအာ (လေလွင့်ဝိညာဉ်) ကို ရရှိခဲ့ပါပြီ၊ လက်ရှိမျက်နှာသာပေးမှုအဆင့်- ကြားနေအဆင့်]
ယန်ကျွန်းဇဲ အံ့သြသွားခဲ့ပါတယ်။
ခေးအာ က တကယ်ပဲ ထွက်မသွားဘူးလို့ သူ တစ်ခါမှ မတွေးခဲ့မိပါဘူး။
“ခေါင်းလျှော်ခြင်း” မစ်ရှင်ရဲ့အစမှာ တာဝန်ပြီးဆုံးပြီးနောက် ခေးအာ ကို ရရှိမယ်ဆိုတာကို ဖော်ပြထားခြင်းမရှိပါချေ။
“မကောင်းဆိုးဝါးဝိညာဉ်ကို ထိန်းချုပ်မရနိုင်ဘူး” ဆိုတဲ့ မစ်ရှင်အကြံပေးချက်လေးပဲ ရှိခဲ့ပါတယ်။
အခုတွေးကြည့်တော့ ဒီလို ထိန်းချုပ်တယ်ဆိုတာက မကောင်းဆိုးဝါးဝိညာဉ်ကို ထိန်းချုပ်တာ ဒါမှမဟုတ် ဖမ်းဆီးတာကို ဆိုလိုတာဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အခု မစ်ရှင်အကြံပေးချက်က “ရရှိခဲ့ပြီ” လို့ ပြောထားပါတယ်။ ဒါက ခေးအာ ဟာ ယန်ကျွန်းဇဲနောက်ကို ဆန္ဒအလျောက် လိုက်နေတယ်လို့ အဓိပ္ပာယ်ရနိုင်ပါတယ်။ ယန်ကျွန်းဇဲအတွက်တော့ လေလွင့်ဝိညာဉ်ကို အလိုအလျောက် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
မျက်မှန်ကို ဖယ်ထားလိုက်မယ်ဆိုရင် ဤအထက်တန်းကျောင်းသားရဲ့ မျက်နှာက ထင်ရှားပြီး မျဉ်းကြောင်းပါရှိနေတာကို ငြင်းလို့မရပေမဲ့လည်း ယန်ကျွန်းဇဲက ခေးအာ ကို သူ့ရုပ်ရည်နဲ့ အောင်နိုင်ခဲ့တာလို့ မယုံကြည်ပါဘူး။
ဖြစ်နိုင်တာကတော့... ခေးအာ က သူ ခေါင်းလျှော်တာကို ကြည့်တာကို သဘောကျသွားတာ ဖြစ်နိုင်ပါတယ်။
ဒီအဖြစ်အပျက်တွေ မတိုင်ခင်ကဆိုရင် ယန်ကျွန်းဇဲက ခေါင်းလျှော်ရုံနဲ့ အနီရောင်ဝတ်စုံနဲ့ သူ့ကိုစွဲလမ်းနေတဲ့ ကောင်မလေးတစ်ယောက်ကို ဒီလောက်လွယ်လွယ်လေး ဖမ်းမိနိုင်မယ်လို့ ဘယ်တော့မှ ယုံမှာမဟုတ်ပါဘူး။
ဒါပေမဲ့ အခုတော့ အနီရောင်ဝတ်စုံနဲ့ သူ့ကိုစွဲလမ်းနေတဲ့ ကောင်မလေးက သူ့ရဲ့နောက်ကျောကို သစ္စာရှိရှိကပ်တွယ်ရင်း ရောက်နေပါပြီ၊ သူ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အမှန်တရားက ဒါပါပဲ။
“သူမ အခုကစပြီး ငါ့နောက်ကိုပဲ လိုက်နေတော့မှာလား” ယန်ကျွန်းဇဲက ရုတ်တရက် သူ့ရဲ့ဦးရေပြားတွေ စပ်ဖျင်းဖျင်းဖြစ်လာပြီး သူ့ရဲ့တစ်ကိုယ်လုံးမှာ ကြက်သီးတွေ ထလာခဲ့ပါတယ်။
ခေးအာ ရဲ့အလေးချိန်က ဘာမှမရှိပေမဲ့လည်း အမြဲတမ်း ဒီလိုအရာတစ်ခုကို သယ်သွားလာနေရမယ်ဆိုရင် အိမ်သာသွားတာ၊ ရေချိုးတာကို သူ ဘယ်လိုလုပ်ရမလဲ။ ပြီးတော့ နောင်တစ်ချိန်မှာ သူ့မှာ ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရှိလာပြီး သူတို့ရဲ့ဆက်ဆံရေးက ပြင်းထန်လာတဲ့အခါမှာ အချစ် ကိစ္စတွေကို ဘယ်လိုလုပ်မလဲ။
ဒီလိုမျိုးအရာတစ်ခုက သူ့ကျောပေါ်မှာ အမြဲရှိနေမယ်ဆိုရင် သူ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။
ခုနက ယန်ကျွန်းဇဲက ခေးအာ ရဲ့ သူ့အပေါ်ထားတဲ့ သဘောထားက ကြားနေအဆင့်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။
အကယ်၍ ဒီကောင်မလေးက အနာဂတ်မှာ အထင်အမြင်လွဲသွားပြီး သူ့အပေါ်ထားတဲ့ သဘောထားက ဆန့်ကျင်ဘက်ဒါမှမဟုတ် ရန်လိုတဲ့အဆင့်ကို ပြောင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။
ယန်ကျွန်းဇဲက ပြုံးရင်းနှင့်ခေါင်းခါလိုက်ပြီး သူက လေလွင့်ဝိညာဉ်ကို သယ်နေတာမဟုတ်ဘဲ တစ်ခါတစ်ရံ “ယီ” ဆိုတဲ့အသံကို ထုတ်နေတဲ့ အချိန်ဗုံးတစ်လုံးကို သယ်ဆောင်နေသလို ခံစားလိုက်ရပါတယ်။
မှန်ကို မျက်နှာမူလိုက်ပြီး ယန်ကျွန်းဇဲက သူ့ကိုယ်ကို လှည့်လိုက်တဲ့အခါ ခေးအာ ရဲ့နောက်ကျောက S ပုံသဏ္ဍာန်ဖြစ်နေပေမဲ့ သူ့အပေါ်မှာ လှဲနေတဲ့ ကိုယ်နေဟန်ထားကတော့ ပုံမှန်အတိုင်းပဲဆိုတာကို တွေ့လိုက်ရပါတယ်။ သူမက သူ့ကျောပေါ်မှာ ခေါင်းကိုနှစ်ထားပြီး အိပ်ပျော်သွားသလို မလှုပ်မယှက် ငြိမ်နေပါတယ်။
အေးစက်တဲ့ခံစားမှုက ရှိနေတုန်းပါပဲ၊ ဒါပေမဲ့ အစကလောက်တော့ မပြင်းထန်တော့ပါဘူး။
ကောင်းပြီ၊ အနည်းဆုံးတော့ နွေရာသီမှာ အအေးပေးစက်တစ်လုံး ပါလာတယ်လို့ ယူဆရမှာပေါ့။
ဒီငယ်ရွယ်ပြီး အားအင်ပြည့်ဝတဲ့ ခန္ဓာကိုယ်ကို မထိခိုက်သရွေ့တော့ အဆင်ပြေပါတယ်။
ရေချိုးခန်းကို ရှင်းလင်းပြီးနောက်မှာ ယန်ကျွန်းဇဲက ခြေဖျားထောက်ပြီး မီးပိတ်ကာ တံခါးကိုသော့ခတ်လိုက်ပါတယ်။
ပြီးတော့ တံခါးကို အပြင်ကနေ သော့ခတ်လိုက်ပြီး နောက်ထပ် “Mission Impossible” ဂိမ်းကို ကစားလိုက်ပါတယ်။ နောက်ဆုံးမှာတော့ သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့ရဲ့အိပ်ခန်းထဲကို ဝင်ခဲ့ပါတယ်။
အိပ်ရာထဲမှာ လဲလျောင်းနေတော့ သူ့နောက်ကျောမှာ ဘာမှမသက်မသာဖြစ်တာကို မခံစားရပါချေ။
လေလွင့်ဝိညာဉ် ခေးအာ ဟာ မှန်ထဲမှာသာ မြင်နိုင်ပါတယ်။ ဒီလို သဘာဝလွန် သတ္တဝါတွေကို ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေအဖြစ် ဆက်ဆံလို့မရနိုင်ပါပေ။
ပထမဆုံး တုန်လှုပ်စရာကောင်းတဲ့ တာဝန်ကို ပြီးမြောက်ပြီးနောက်မှာ ယန်ကျွန်းဇဲက နောက်ဆုံးတော့ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပါတယ်။
“အခုကစပြီး ငါ ခေါင်းလျှော်တဲ့အခါ မင်းက စောင့်ကြည့်နေ။ မင်း ငါ့ရဲ့စွမ်းအင်တွေကို မစုပ်ယူသရွေ့ ဘယ်လိုပဲ ကြည့်ကြည့်ရပါတယ်” လို့ ယန်ကျွန်းဇဲက သူ့ရဲ့လေသံတိုးတိုးနဲ့ ရေရွတ်လိုက်ပါတယ်။
“ယီ” လို့ ခေးအာ က ပြန်ဖြေလိုက်ပုံရပါတယ်။
“ယီ မလုပ်နဲ့၊ မင်း စကားပြောတတ်လား”
“ယီ”