ကျီတုံယမ်းကို ထပ်မံသတ်ဖြတ်ခြင်း
Vol. 87 Ch. 1208
ကျောက်စိမ်းပြားထဲရှိ စာများက လူပေါင်းများစွာထံမှ ဖြစ်သော်လည်း အကြောင်းအရာကတော့ တစ်ခုတည်းသာ။
"ချူယွီယန်ရဲ့ဝိညာဉ် ပြိုကွဲနေပြီ။ ခွန်လွန်အစည်းအရုံးကို လာခဲ့ပါ"
စာအားလုံးက ထိုသို့သာ ပြောနေသည်။ သူ့အမေ၊ သူ့အဖေ၊ သူ့အစ်မ၊ ခေါင်းဆောင်ကြီးရှုတောက်နှင့် ထိုက်ယန်ကျစ်၊ စုန့်လော့တန်၊ စွန်းဟိုက်တို့ပင် ထိုစာများ ပေးပို့ထားကြလေသည်။
စာအများစုကတော့ .... ဆေးလုံးမိစ္ဆာထံမှ လာသည်။
ထို့အပြင် မန်ဟို လမ်းလျှောက်ရင်း မိန်းမောနစ်မျောသွားခဲ့သော ပထမဆုံးနေ့တွင် ရောက်လာခဲ့သော စာတစ်စောင်ရှိသည်။ ၎င်းက ချူယွီယန်ထံမှ လာခဲ့၏။
"မန်ဟို .... နင်နဲ့ရှုချင် နှစ်ယောက်အတူတူ ဘဝထက်ဆုံး အေးအေးချမ်းချမ်း လက်တွဲသွားနိုင်ပါစေလို့ ငါ ဆုတောင်းပါတယ် ...." ထိုစာလေးတစ်ကြောင်းက မန်ဟို့နှလုံးသားကို ဓားချွန်ချွန်များဖြင့် ထိုးဆွခံလိုက်ရသကဲ့သို့ နာကျင်သွားစေသည်။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီလာ၏။ ယခုခံစားနေရသော ခံစားချက်ကို သူ ပြောမပြတတ်ပေ။ သို့သော် တစ်ခုကတော့ သေချာသည်။ ချူယွီယန်၏ဝိညာဉ် ပြိုကွဲနေလျှင် ၎င်းက မတော်တဆမဟုတ်လောက်ပေ။ ထို့နောက်ကွယ်၌ အကြောင်းအရင်းရှိလိမ့်မည်။
သူ့မှာ ထိုင်စဉ်းစားရန် အချိန်မရှိသလို ဘာကိုစဉ်းစားသင့်လဲပင် မသိပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ စိုးမိုးနေသည်..... ချူယွီယန်ကို သူ မသေစေချင်ပေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သူက အနီးဆုံးရှိ ဂြိုဟ်သိမ်နေရာရွှေ့ပြောင်းခြင်းမုခ်၀ဆီသို့ အမြန်ဆုံးထွက်သွားသော အလင်းတန်းအသွင် ပြောင်းသွားသည်။
သူ ထိုနေရာသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း သူ့ကို မှတ်မိလိုက်ကြပြီး မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်ကုန်ကြသည်။ န၀မတောင်ပင်လယ်ရှိလူတိုင်း သူ့အား ယခုရက်ပိုင်း အပူတပြင်းရှာနေကြသည်ကို သူတို့အားလုံး ကောင်းကောင်းသိကြ၏။
ချက်ချင်းပင် စကားသံများ ထွက်လာသည်။
"မန်ဟို့ရဲ့ အချစ်ဟောင်း ခွန်လွန်အစည်းအရုံးက ချူယွီယန်အကြောင်း ကြားပြီးပြီလား။ သူ့ဝိညာဉ် ပြိုကွဲနေပြီတဲ့လေ"
"ဒီရက်ပိုင်းတွေမှာ လူတိုင်း သူ့ကို ရှာနေပေမယ့် ကံဆိုးချင်တော့ ဘယ်သူမှ သူ့ကို မရှာနိုင်ခဲ့ကြဘူး။ အခုတော့ သူက ဒီရောက်နေပြီ"
"အင်း သူ့ရဲ့ ရက်စက်တဲ့စရိုက်နဲ့ ထိုက်တန်ပါပေတယ်။ သူ့အဖြစ်ကို ကြည့်ပြီး အတော်များများ ဝမ်းသာနေကြတာ"
မန်ဟိုက လေပြင်းတစ်ချက်သဖွယ် တဟုန်ထိုးထွက်သွားသော်လည်း လူတိုင်း ပြောနေသည်ကို ကြားလိုက်သေးရာ သူတို့၏စကားလုံးများက သူ့နှလုံးသားကို စူးအောင့်နာကျင်သွားစေသည်။ ရုတ်တရက် သူက ချာခနဲလှည့်၍ သူ့တို့ကို လှမ်းကြည့်လိုက်သည်။
အုန်း
ထစ်ချုန်းသံများ ကြားလိုက်ရပြီး ကျင့်ကြံခြင်းအခြေခံများ ပျက်စီးကုန်သဖြင့် ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် မချိတင်ကဲအော်ရင်း သွေးအန်ကာ နောက်သို့ ယိမ်းယိုင်သွားကြသည်။ ထိုကျင့်ကြံသူများက စောစောကစကားပြောခဲ့သူများ ဖြစ်ကြလေ၏။
တခြားအချိန်အခါဆိုလျှင် မန်ဟို့အနေဖြင့် သူတို့၏ဖြစ်တည်မှုကို သိပင်သိမည်မဟုတ်ပေ။ သို့သော် ယခုလို စိုးရိမ်သောကရောက်နေသောအချိန်တွင် သူတို့၏စကားလုံးများက သူ့အား သည်းခံနိုင်စွမ်း ကုန်လွန်သွားစေ၏။
သူက အရပ်မျက်နှာတစ်ခုဆီသို့ ဝုန်းခနဲထွက်သွားသည်။ ထိုအရပ်မျက်နှာကား ခွန်လွန်အစည်းအရုံးကို ဦးတည်နေသည့် နေရာရွှေ့ပြောင်းခြင်းမုခ်၀၏ တည်နေရာမှတစ်ပါး အခြားမဟုတ်ပေ။
သို့သော် သူ ၎င်းအနားမရောက်ခင် လူရိပ်တစ်ဒါဇင်ကျော်က သူ့လမ်းကို ပိတ်ဖို့ လူအုပ်ထဲမှ ထွက်လာကြသည်။
ကျင့်ကြံခြင်းအခြေခံများမှ ဖြန့်ကျက်နေသော လှိုင်းဂယက်များအရ ဤလူများသည် ကျီမျိုးနွယ်ဝင်များဖြစ်ကြောင်း သိသာ၏။ ထိုမျှသာမက သူတို့ကို ခေါင်းဆောင်နေသည့်လူက .... ကျီတုံယမ်းပင်။
သူ ဤနေရာတွင် မည်မျှကြာကြာစောင့်နေခဲ့မှန်း မည်သူသိမည်နည်း။ ယခုတော့ မန်ဟို ပျာယာခတ်နေသောအခိုက်အတန့်တွင် သူက မန်ဟို နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲသို့ မ၀င်ရောက်နိုင်အောင် တားဖို့ ကျီမျိုးနွယ်၀င်များကို ဦးဆောင်နေလေပြီ။
"ကဲ ကဲ ကြည့်ပါဦး။ ဒါက အစ်ကိုမန် မဟုတ်လား။ ဘာလို့ ဒီလောက်တောင် အလောကြီးနေရတာတုန်း" ကျီတုံယမ်းက မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် အားပါးတရ ရယ်လိုက်သည်။ သူကား သားကောင်ကို ကျော့ကွင်းထဲ မျှားနေခေါ်နေသကဲ့သို့ အကြည့်မျိုးဖြင့် ကြည့်နေ၏။
"ချူယွီယန်ရဲ့ဝိညာဉ်ပြိုကွဲမှုက ငါ့ကို ဒီသားကောင်ကို ဖမ်းဖို့ အခွင့်အရေးပေးလိုက်တာပဲ" ကျီတုံယမ်း၏အပြုံးသည် ပို၍တောက်ပလာပြီး သူ့နောက်ရှိ ကျီမျိုးနွယ်၀င်များ၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် လင်းလက်နေသည်။
"ဖယ်စမ်း" မန်ဟိုက တင်းမာနေသော မျက်နှာထားဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ကျီမျိုးနွယ်၀င်များက ချက်ချင်း ဒေါသထွက်သွားပြီး သူ့ဆီ ပြေးထွက်လာကြ၏။
"ရာရာစစ။ ငါတို့မင်းသားက မင်းကို အသာတကြည် ပြောနေတာကို မင်းက ဘာသောက်ဆင့်နဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ"
"ထွက်သွားကြစမ်း" မန်ဟိုက မျက်နှာထားတစ်ချက်လေးပင် မပြောင်းဘဲ မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ အရာအားလုံး တုန်လှုပ်လာပြီး ကြယ်တာရာကောင်းကင်သည် ဝုန်းခနဲ မြည်သွား၏။ ဧရာမမုန်တိုင်းကြီးတစ်လုံးက ကျီမျိုးနွယ်စုဆီသို့ ဝေါခနဲ တိုက်ခတ်လိုက်သဖြင့် ဂြိုဟ်သိမ်တစ်ခုလုံး တုန်ခါသွားလေသည်။
မန်ဟို လေကို ခွင်း၍ ပျံသန်းနေစဉ် သူ့ပတ်ပတ်လည်ရှိ အရာအားလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ လေမုန်တိုင်းကြီးက ကျီမျိုးနွယ်စုများကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည့် ဧရာမပါးစပ်ကြီးနှင့်တူသည်။ သူတို့အားလုံး ပါးစပ်များမှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားကြ၏။ အချို့ဆိုလျှင် ခန္ဓာကိုယ်နှင့်ဝိညာဉ်ပါ တိုက်ရိုက်ပေါက်ကွဲသေဆုံးသွားကြသည်။
မန်ဟိုကား ဘာကိုမှ ဂရုမစိုက်တော့သောအတိုင်းအတာအထိ ရောက်ရှိနေခဲ့လေပြီ။
“အစ်ကိုမန်၊ ငါ မင်းကို စိတ်ကွက်အောင်များ လုပ်ခဲ့မိသလား။ နှုတ်ဆက်ရုံပဲ ရှိသေးတယ် မင်းက ငါ့ကျီမျိုးနွယ်ဝင်တွေကို သတ်ရဲတယ်ပေါ့လေ” ကျီတုံယမ်းက မျက်နှာထားတင်းတင်းဖြင့် ရှေ့တစ်လှမ်းတက်လိုက်ကာ ချီလှိုင်းများအား အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားစေသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ၎င်းတို့က ခွန်လွန်အစည်းအရုံးနေရာရွှေ့ပြောင်းခြင်းမုခ်ဝဆီ သွားရာလမ်းကို ပိတ်လိုက်သော အလင်းဒိုင်းအသွင်ပြောင်းသွား၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက တိတ်ဆိတ်စွာ ကြည့်နေကြပြီး နောက်ပင် ဆုတ်သွားကြသည်။ သူတို့က ရှုပ်ထွေးသောခံစားချက်များဖြင့် ဒိုင်းကို ကြည့်နေကြလေသည်။ ဤမြင်ကွင်းကို ကြည့်နေသောမည်သူမဆို ကျီမျိုးနွယ်စု၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။
မန်ဟို စိုးရိမ်ပူပန်ရောက်နေသည့်အချိန် ၊ ခွန်လွန်အစည်းအရုံးဆီ မြန်မြန်သွားဖို့ကလွဲပြီး တခြားမတွေးနိုင်သည့်အချိန် ကျီမျိုးနွယ်စုက သူ့လမ်းကို ပိတ်၍ သူ့အား အချိန်ဆွဲဖို့ ကြိုးစားနေသည်။ ၎င်းတို့အားလုံးက မန်ဟို့အား ပို၍စိတ်လေးလာစေသည်။
တခြားအခြေအနေသာဆိုလျှင် သည်အတိုင်းထားနိုင်သော်လည်း ယခုတော့ သူ့မှာ ချူယွီယန် သေလား၊ ရှင်လားပင် မသေချာရာ .... ကျီမျိုးနွယ်စု၏လုပ်ရပ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအတွက်ပင် လွန်ကျူးသည်ဟု ခံစားရစေသည်။
သို့သော် တချို့က သူများဒုက္ခရောက်နေသည်ကို ဝမ်းသာနေကြပြီး မျက်လုံးများ လင်းလက်နေကြ၏။
နေရာရွှေ့ပြောင်းခြင်းမုခ်ဝသို့ သွားရာလမ်းအား ပိတ်ထားသည်ကို မြင်လျှင် မန်ဟို့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာ၏။ သူက မရပ်ဘဲ ကျီတုံယမ်းဆီသို့ ကြယ်တံခွန်ကြီးသဖွယ် တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
သူ အနားရောက်လာသည့်အခါ ကျီတုံယမ်းက နှာမှုတ်၍ လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်လိုက်ပြီးနောက် နောက်ဆုတ်လိုက်ကာ မထင်မှတ်ထားဖွယ်ကောင်းစွာနှင့် အကာအကွယ်ဒိုင်းတစ်ခုအား ဖြတ်သွားသည်။ ထို့နောက် မန်ဟိုက ဒိုင်းကို ကိုယ်ဖြင့် ဝင်တိုက်လိုက်သည်။
အလွန်ကျယ်လောင်သော ပေါက်ကွဲသံတစ်သံအား ကြားရနိုင်၏။ မန်ဟို့အပြင်အားကိုယ်မှာ မှော်ပစ္စည်းတစ်ခုပမာဖြစ်ပြီး သူ၏အင်အားကို လောကပါလတာအိုအင်မော်တယ်တန်ခိုးမှ ထောက်ပံ့ပေးထားလေသည်။ သူက မြားတစ်စင်းသဖွယ် ဒိုင်းကို ချက်ချင်း ထိုးဖောက်လာသည်။
၎င်းကြေမွသွားသည့်အခါ သူသည် နေရာရွှေ့ပြောင်းခြင်းမုခ်ဝထံသို့ မိုးကြိုးတန်းသဖွယ် ဆက်လက်ဦးတည်သွားသည်။ သူ့အတွက် ကျီတုံယမ်းနှင့်ပတ်သက်နေရန် အချိန်မရှိပေ။ သူ၏တစ်ခုတည်းသောပန်းတိုင်က ခွန်လွန်အစည်းအရုံးသို့ မြန်နိုင်သမျှ မြန်မြန်ရောက်ဖို့သာ။
သို့သော် မန်ဟို နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲသို့ ဝင်တော့မည့်အချိန်တွင် ... အက်ကွဲသံများထွက်လာပြီး ... ၎င်းကား ကြေမွသွားတော့သည်။
ကျီတုံယမ်းက မန်ဟို့အား လှောင်အိမ်ထဲ၌ ပိတ်မိနေသော တိရစ္ဆာန်လေးသဖွယ် ပြုံးကြည့်နေသည်။
“အစ်ကိုမန်၊ ဘာလို့ ဒီလောက် လောကြီးနေရတာတုန်း” သူက ပြောသည်။ “ငါ မင်းကို တားနေတာမဟုတ်ပါဘူး။ တကယ်က ဒီနေရာရွှေ့ပြောင်းခြင်းမုခ်ဝက သိပ်ဟောင်းနေတော့ ပြင်ဖို့များ လိုအပ်မလားလို့ အကာအကွယ်နည်းနည်းပါးပါး ချထားတာပါ။ အဲဒါက ပျက်စီးခါနီးဖြစ်နေတာလေ။ ငါ မင်းကို ဘယ်လောက်ဂရုစိုက်လဲ မြင်ပြီလား။ မင်း အဲ့အထဲ ဝင်ရင် ပြဿနာတစ်ခုခုဖြစ်မှာစိုးလို့ ငါ မင်းကို တားခဲ့တာပါ
“ကျေးဇူးတင်စရာမလိုပါဘူး။ လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်ခဲ့တာပဲဟာ”
မန်ဟိုက တဆတ်ဆတ် တုန်ရီလျက် သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်လာရင်း ဖြေးဖြေးချင်း လှည့်လာသည်။ ကျီတုံယမ်းက နောက်ဆုတ်ရင်း ပြုံးနေဆဲပင်။
“အစ်ကိုမန်၊ ငါ ဒါတွေအကုန်လုံးကို စေတနာနဲ့ လုပ်ပေးခဲ့တာပါ။ အခု ပြန်တော့မယ် ၊ မပူပါနဲ့ နောင်ကျ ငါတို့တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်း သိနိုင်မယ့် အခွင့်အရေးတွေရော ရလာပါလိမ့်မယ် .. ပြီးတော့ ငါတို့ကြားမှာ ကံကြွေးတွေလည်း အများကြီးတည်ဆောက်နိုင်ဦးမှာပါ”
“မင်းက ကံကြွေးလိုချင်တယ်ပေါ့။ ကောင်းပြီး ငါ မင်းကို ပေးမယ်” မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အချိန်နှင့်အမျှ ပြင်းထန်လာနေသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ကျီတုံယမ်းဆီ ပြေးဝင်သွားသည်။
သူက မကြာသေးမီက ရင်းနှီးခဲ့သော လမ်းလျှောက်ပညာရပ်ကို သုံးရင်း လျှပ်စီးလို ရွေ့လျားသွားသည်။
မည်သူမှ ၎င်းနှင့်ပတ်သက်၍ ထူးခြားသည့်အရာကို မမြင်နိုင်သလို … ကျီတုံယမ်းပင်လျှင် ပျောက်ကွယ်နေစဉ် ပြုံးမြဲပြုံးနေ၏။
မန်ဟိုက ဝုန်းခနဲ လေကို ခွင်း၍ ညာလက်ဖြင့် ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ချက်ချင်းပင် ကြေးမုံပေါ်ပေါက်လာသည်။ ၎င်းသည် အပြည့်အဝပင် မထင်ရှားလာခင် မန်ဟို့လက်ကို ရစ်ပတ်ရင်း လူးလွန့်ကာ ... မည်းနက်နေသော ဓားရှည်တစ်လက်အသွင် ပြောင်းသွားသည်။
၎င်းက နတ်ဆိုးတစ်ကောင်၏လက်နက် ၊ ရက်စက်သောဓားသွားဖြစ်ပြီး ပျောက်ကွယ်တော့မည့် ကျီတုံယမ်းဆီသို့ ချက်ချင်း ပိုင်းချလိုက်သည်။
သို့သော် ပိုင်းချလိုက်သည့်နေရာက ကျီတုံယမ်းပျောက်ကွယ်နေသည့်နေရာ မဟုတ်ဘဲ ထို့အရှေ့က အာကာသပင်။
ရုတ်တရက် အရာအားလုံး ကွဲထွက်သွားပြီး သူတို့၏မျက်စိရှေ့မှောက်တွင် မတူညီသောအချိန်အပိုင်းအခြားနှစ်ခု ပေါ်လာသည်။ ၎င်းတို့က တွန့်လိမ်နေသော ပုံရိပ်ယောင်များနှင့် တူပြီး ... ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်လာ၏။
ထိုမြင်ကွင်းထဲတွင် စောစောက ကြေမွသွားခဲ့သော နေရာရွှေ့ပြောင်းခြင်းမုခ်ဝက .... တွန့်လိမ်ပြီး အကောင်းပကတိပြန်ဖြစ်သွားသည်။ ယခုတွင် မှန်အထက်၌ အရိပ်များထင်ဟပ်နေသကဲ့သို့ ကျီတုံယမ်းပုံရိပ်နှင့် မန်ဟို့ပုံရိပ်အား မြင်လာရသည်။ ကျီတုံယမ်း၏ပုံရိပ်က စောစောကအတိုင်း တူညီသောစကားလုံးများကို ပြောနေ၏။ လူတိုင်း စောစောက ဖြစ်ခဲ့သောအရာကို ပြန်မြင်နေရသည်။ ထို့နောက် ကျီတုံယမ်း၏ပုံရိပ်က မန်ဟို ဓားဖြင့် ပိုင်းချလိုက်သောနေရာသို့ နောက်ပြန်ရွေ့လာသည်။
ကျီတုံယမ်းမှာ မန်ဟို့ဓားဆီသို့ တမင်လာနေသည့်အလားပင်။ ထို့နောက် မန်ဟို၏စစ်လက်နက်က ကျီတုံယမ်း၏ပုံရိပ်ကို ပိုင်းချလိုက်သည်။ ထိုပုံရိပ်က ရပ်မသွားဘဲ ပျောက်ကွယ်နေသော ကျီတုံယမ်းနှင့် တစ်ထပ်တည်းကျသည်အထိ ဆက်လက်ရွေ့လျားသွား၏။
တစ်ချိန်တည်းမှာပင် နေရာရွှေ့ပြောင်းခြင်းမုခ်ဝ ပြိုကွဲသွားပြီး ... မန်ဟိုက စောစောက ပြောခဲ့သောစကားလုံးများကို ပြောလိုက်သည်။ ထို့နောက် သူသည် ရှေ့တက်လာပြီးနောက် စစ်လက်နက်ကို ဖန်ဆင်းပြီး သူအစစ်နှင့် ပေါင်းစည်းသွား၏။
မန်ဟိုအစစ်နှင့် ကျီတုံယမ်းအစစ်တို့ ပုံရိပ်များနှင့် ပြန်ပေါင်းစည်းသွားသောအခါ မန်ဟိုက ယခင်အတိုင်းပင်။ သို့သော် ပျောက်ကွယ်နေသော ကျီတုံယမ်းက ရုတ်တရက် သွေးပျက်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွား၏။
“အဲဒါ ဘာတာအိုမှော်သိုင်းလဲ” သူက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ကိုယ်နှစ်ခြမ်းလုံး ပျောက်ကွယ်သွား၏။
ကြောက်လန့်မှု၊ အံ့ဩမှုတို့ ပြည့်နေသည့် သူ၏အသံသာ ပဲ့တင်ထပ်ကျန်ခဲ့လေသည်။
အချိန်စီးကြောင်းအတွင်း ရရှိခဲ့သော ဒဏ်ရာက ပစ္စုပ္ပန်သို့ သက်ရောက်သည်။
မန်ဟိုက ... သူနှင့် အပိုမလိုမရှိ သင့်တော်ကိုက်ညီသည့် စစ်ဗျူဟာတစ်ခုဖြင့် တိုက်ခိုက်ဖို့ ထူးဆန်းသောလမ်းလျှောက်ပညာရပ်ကို သုံးခဲ့လေသည်။
အတိတ်ကို ပြန်သွားနိုင်တဲ့အစွမ်းရဖို့ အချိန်ကို ခြယ်လှယ်ပြီး မင်းကို ဓားနဲ့ပိုင်းတယ်။ မင်းရဲ့ ပုံရိပ်ယောင် မင်းအစစ်နဲ့ ပေါင်းစည်းသွားတဲ့အခါ ... အဲဒီဒဏ်ရာကလည်း အရှိတရားဖြစ်လာလိမ့်မယ်
ပတ်ပတ်လည်ရှိ ကျင့်ကြံသူအားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ဤလူများတွင် တစ်ဘဝလုံး စုဆောင်းခဲ့သော သိုင်းပညာရပ်၊ ကျင့်စဉ် မျိုးစုံရှိ၏။ သို့သော် ယခုမျက်မြင်တွေ့ခဲ့ရသကဲ့သို့ မယုံနိုင်စရာကောင်းသောအရာတစ်ခုကိုမှ မမြင်ခဲ့ဖူးပေ။