← Chapters

ဘယ်လို‌ တောင်တိုက်ဆိုင်နေရတာလဲ

Vol. 6 Ch. 89

ဘယ်လို‌ တောင်တိုက်ဆိုင်နေရတာလဲ

Vol. 6 Ch. 89

ယန်ကျွင်းဇဲက လှေကားအဝင်ဝကို ပြန်ရောက်လာသည်။

"ဒုတိယထပ်ကိုတက်ပြီး သင့်တော်တဲ့နေရာကနေ တန်းပြီး ခုန်ချလိုက်ရမလား"။

သူ တွေးလိုက်ပြီးနောက် ဒီအကြံကို ဖယ်ထုတ်လိုက်သည်။

ခုန်ချလိုက်ရင်လည်း လမ်းမဘက်ကိုပဲ ရောက်မည်ဖြစ်ပြီး အသံကလည်း ကျယ်လောင်မည်ဖြစ်သည် - တံခါးမှာ ရပ်နေတဲ့ ကျောခိုင်းထားတဲ့အမျိုးသမီးရဲ့ အာရုံကို သေချာပေါက် ဆွဲဆောင်မိလိမ့်မည်။

"ဒီအမျိုးသမီးက ဘယ်အချိန်ကတည်းက ငါ့ကို စိတ်ဝင်စားသွားတာလဲ။ တစ်နေကုန် ငါ့နောက်လိုက်နေပြီး တစ်ခါတစ်ရံ ပေါ်လာကာ ငါ့ကို ကြောက်အောင်လုပ်နေသည်" ယန်ကျွင်းဇဲက ဒီအမျိုးသမီးကို သူ့အပေါ် ဘာက စွဲဆောင်စေလဲဆိုတာ နားမလည်ဘဲ စဉ်းစားနေသည်။

သူ ချောမောတာကြောင့်များလား။

အပေါ်ကနေ ထွက်လို့မရတာကြောင့် သူက မြေအောက်ခန်းကို သွားစစ်ကြည့်ဖို့ စဉ်းစားလိုက်မိသည်။

သူ့ရဲ့ယခင်ဘဝက ဗဟုသုတအရဆိုရင် သူ ပြန်မမွေးဖွားခင်က တီယန်မန်ခရိုင်က တရုတ်နိုင်ငံရဲ့ တောင်ဘက်မှာ ရှိနေတာကြောင့် အဲ့ဒီဆင်ခြေဖုံးက ကိုယ်တိုင်ဆောက်ထားတဲ့ အိမ်တွေမှာ မြေအောက်ခန်းတွေ ရှိမှာမဟုတ်ပေ။

မြေအောက်ခန်းဆောက်မယ်ဆိုရင်တောင် မူလမြေနေရာက ချိုင့်ဝှမ်းဖြစ်နေတာ ဖြစ်နိုင်သည်။

ဆောက်လုပ်ရေးကုန်ကျစရိတ်ကို သက်သာစေဖို့အတွက် ဒေသခံတွေက အရင်ဆုံး ချိုင့်ဝှမ်းကို မဖို့ကြပေ၊ အဲ့ဒီအစား မြေအနေအထားအတိုင်း အသုံးပြုပြီး အောက်မှာ မြေအောက်ခန်းဆောက်ကာ အပေါ်မှာ အိမ်ဆောက်ကြသည်။

ဒါကြောင့် ယန်ကျွင်းဇဲရဲ့ ခန့်မှန်းချက်က မှန်သည်ဆိုရင် အရင်က သဘာဝပထဝီဝင်အခြေအနေတွေကြောင့် မြေအောက်ခန်းက အပြင်ဘက်နဲ့ ဆက်သွယ်နိုင်လိမ့်မည်။

သူက မြေအောက်ခန်းကို အမြန်ပြန်လာသည်။ ယန်ကျွင်းဇဲက သူ့ရဲ့ ဓာတ်မီးနှစ်လုံးစလုံးကို ဖွင့်လိုက်ပြီး မြေအောက်ခန်းလှေကားကနေ စတင်ကာ နံရံအတိုင်းလိုက်ပြီး လေဝင်လေထွက်ပေါက်တွေကို သေချာရှာဖွေသည်။

သူ့အာရုံက လက်ဝါးကပ်တိုင်ပုံစံ လေဝင်လေထွက်ပေါက်တွေရှိတဲ့နေရာတွေမှာ ရှိနေသည်၊ မြေအောက်ခန်းမှာ လေဝင်လေထွက်ရှိဖို့ လိုအပ်တာကြောင့် ဒီအပေါက်တွေက အပြင်ဘက်ကို မျက်နှာမူထားရမည်။

မကြာခင်မှာပဲ ယန်ကျွင်းဇဲက လေဝင်လေထွက်ပေါက်သုံးခုကို တွေ့လိုက်သည်၊ ဒါတွေက မတူညီတဲ့ဘက်သုံးဘက်ကို မျက်နှာမူထားပြီး တစ်ခုစီမှာ မှေးမှိန်နေတဲ့ လရောင်က ဖြတ်သန်းဝင်ရောက်နေသည်၊ ဒါပေမယ့် ဘယ်တစ်ခုကနေ သူတွားသွားပြီး အပြင်ကို ထွက်နိုင်မလဲဆိုတာ မသေချာပေ။

ပထမဆုံးအနေနဲ့ သူက ခေါက်လှေကားကို ပထမလေဝင်လေထွက်ပေါက်မှာ ထားပြီး အချိန်အတော်ကြာအောင် ကြည့်နေသည်။ ပြီးတော့ သူက လှေကားကို ဒုတိယလေဝင်လေထွက်ပေါက်ဆီ ရွှေ့လိုက်သည်၊ ဒီလေဝင်လေထွက်ပေါက်ကို သွားပြီး အပြင်ဘက်ကို ဂရုတစိုက် လှမ်းကြည့်လိုက်ချိန်မှာ၊

"မင်း... ဘာကြည့်နေတာလဲ" သူ့နောက်ကနေ ဘယ်ကမှန်းမသိ အမျိုးသမီးတစ်ယောက်ရဲ့အသံ ထွက်လာသည်။

"တောက်!"

ယန်ကျွင်းဇဲ လန့်သွားပြီး လှေကားပေါ်ကနေ ပြုတ်ကျတော့မလို ဖြစ်သွားသည်။

သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားပြီးနောက် သူ့နှလုံးသားက အရူးအမူး ခုန်နေသည်။ သူ ခဏလောက်စဉ်းစားပြီးနောက် မလှည့်ဘဲ မေးလိုက်သည်၊ "မင်းက ယဲကျဲနန်လား ဒါမှမဟုတ်..."

သူက ယဲကျဲနန်နဲ့ ခုလေးတင် စကားအနည်းငယ်ပြောခဲ့သည်၊ အချို့စကားလုံးတွေက မပီမသနဲ့တောင် ပြောခဲ့သေးသည်။ သူက ဒီအမျိုးသမီးရဲ့အသံကို သေသေချာချာ မှတ်မိခြင်း မရှိသေးပေ။

"ငါက ကျင်းကျင်းပါ" အသံက ထပ်ထွက်လာသည်။

"ကျင်းကျင်း? ဒါဆို ယဲကျဲနန် ဖြစ်ရမည်၊ ဒါပေမယ့်... ကျောခိုင်းထားတဲ့အမျိုးသမီးကိုလည်း ကျင်းကျင်းလို့ ခေါ်နိုင်သည်"။

ယန်ကျွင်းဇဲက လှည့်မကြည့်သေးဘဲ မေးလိုက်သည်၊ "ဒီက ဘယ်လေဝင်လေထွက်ပေါက်ကနေ ငါ အပြင်ဘက်ကို ချောချောမွေ့မွေ့ ထွက်သွားနိုင်မလဲ"။

"ဘာလို့ တံခါးအကြီးကနေ မသွားတာလဲ" အမျိုးသမီးရဲ့အသံက စူးစမ်းလိုစိတ်နဲ့ မေးလာသည်။

ဒီတစ်ကြိမ်မှာ ယန်ကျွင်းဇဲက သူ့နောက်က အမျိုးသမီးက ယဲကျဲနန်ဖြစ်ကြောင်း သေချာသွားသည်။ သူက လှည့်ကြည့်လိုက်ပြီး အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးက သူ့နောက်မှာ ပျံဝဲနေတာကို မြင်လိုက်ရသည်။ သူ ပြောလိုက်သည်၊ "အပြင်မှာ မင်းထက် ပိုအားကောင်းတဲ့ သရဲတစ်ကောင်က ငါ့ကို စောင့်နေတာ်။ မင်း သူမကို နိုင်လား"။

ယဲကျဲနန်က ခေါင်းခါလိုက်သည်၊ "ငါ အပြင်ကို မထွက်နိုင်ဘူး"။

"ဒါဆို ငါ တခြားနည်းလမ်းရှာရမယ်" ယန်ကျွင်းဇဲက လေဝင်လေထွက်ပေါက်ကို လက်ညှိုးထိုးပြလိုက်သည်၊ "ဘယ်တစ်ခုကို ငါ ဖွင့်ပြီး တွားသွားရမလဲ"။

"ဒီမှာ" နောက်တစ်စက္ကန့်မှာ ယဲကျဲနန်ရဲ့အသံက တတိယမြောက် လေဝင်လေထွက်ပေါက်ကနေ ရုတ်တရက် ထွက်လာသည်။

ဒီအမျိုးသမီးရဲ့ဝိညာဉ်က ဒီလို အလျင်အမြန် ပျံသန်းနိုင်တာကြောင့် ယန်ကျွင်းဇဲ ကြက်သေသေသွားသည်။

တခြားရွေးစရာမရှိဘဲ သူက လှေကားပေါ်က ဆင်းလာပြီး ခေါက်လှေကားကို တတိယမြောက် လေဝင်လေထွက်ပေါက်ဆီ သယ်လာသည်။ လှေကားတက်ပြီးနောက် အပြင်ဘက်ကို ကြည့်လိုက်တော့ အပြင်က နေရာက ပိုကျယ်နေသည်လို့ ခံစားရသည်။

ဒါပေမယ့် တွားသွားဖို့ လုံလောက်တဲ့ အပေါက်တစ်ခုကို ဘယ်လိုလုပ်မလဲ။ ဒီအချိန်မှာ ယန်ကျွင်းဇဲက ကျိုးတာ့လီရှိတဲ့အချိန်ကို သတိရသွားမိသည်။

အဲ့ဒီကောင်သာ ဒီမှာရှိရင် လေဝင်လေထွက်ပေါက်အမျိုးအစားကို ကြည့်ပြီး သူ့လက်ချည်းသက်သက်နဲ့ ဆွဲဖြဲပြီး အပေါက်ကြီးတစ်ခု ဖန်တီးနိုင်လောက်ပေသည်။

"ဒီအိမ်မှာ‌ကျောက်ခွဲတူတစ်လက်ရှိလား" ယန်ကျွင်းဇဲက မေးလိုက်သည်။

"အောက်ကို အရင်ဆင်း" ယဲကျဲနန်က ပြောသည်။

ယန်ကျွင်းဇဲက ဇဝေဇဝါဖြစ်သွားပေမယ့် လှေကားပေါ်ကနေ ဆင်းလာပြီး ဘေးမှာ ရပ်နေလိုက်သည်။

တစ်ချိန်တည်းမှာပဲ ယဲကျဲနန်က လေထဲမှာ ဆက်လက်ပျံဝဲနေပြီး သူမရဲ့ အဖြူရောင်ဝတ်စုံက လေထဲမှာ လွင့်နေသည်။

သူမက လေဝင်လေထွက်ပေါက်နဲ့ ပိုနီးအောင် ရွှေ့လာပြီး ရုတ်တရက် ပါးစပ်ကိုဖွင့်လိုက်ရာ ရှည်လျားတဲ့လျှာက 'ဘန်း' ဆိုတဲ့အသံနဲ့ ထွက်လာပြီး လေဝင်လေထွက်ပေါက်ကို ထိလိုက်သည်။ ဖုန်မှုန့်တွေ ငြိမ်သွားပြီးနောက် လေဝင်လေထွက်ပေါက်က လူတစ်ယောက် တွားသွားဖို့ လုံလောက်တဲ့ အပေါက်တစ်ခု ဖြစ်သွား လေသည်။

ယန်ကျွင်းဇဲရဲ့ မျက်လုံးတွေ ပြူးသွားသည်၊ "ဒီလောက်တောင် အစွမ်းထက်တာလား"။

ယဲကျဲနန်က သူမရဲ့လျှာကို ပြန်သိမ်းလိုက်ပြီး ရှက်ရွံ့သလို လက်ကို ဆန့်ထုတ်ကာ သူမရဲ့ ပါးစပ်ထောင့်ကို သုတ်လိုက်သည်၊

"စိတ်အနှောင့်အယှက်ဖြစ်စေလို့ တောင်းပန်ပါတယ်"။

ဒါက ယန်ကျွင်းဇဲ တွေ့ဖူးသမျှထဲမှာ အလိုက်လျောညီထွေအရှိဆုံး သရဲဖြစ်တယ်လို့ ပြောရမည်။

"မင်းရဲ့လျှာက ဒီလောက်တောင် အားကောင်းနေတယ်၊ ခုနက ငါ မင်းရဲ့ခန္ဓာကိုယ်ကို ရွှေ့တဲ့အချိန်မှာ ဘာလို့ လက်နဲ့မဟုတ်ဘဲ လျှာနဲ့ ငါ့ကို မချည်တာလဲ" ယန်ကျွင်းဇဲက မေးလိုက်မိသည်။

"ငါ မင်းကို သတ်ချင်တယ်၊ မင်းကို သေအောင် ရွံရှာစေချင်တာ မဟုတ်ဘူး" လို့ ယဲကျဲနန်က ပြန်ဖြေသည်။

ဟုတ်ပေသည်။ သူမ အသက်ရှင်တုန်းက အလှအပနဲ့ သန့်ရှင်းမှုကို နှစ်သက်တဲ့ သရဲတစ်ကောင်အနေနဲ့ ဒီအဖြေက တော်တော် ပွင့်လင်းသား။

ယန်ကျွင်းဇဲ စကားမပြောနိုင် အောင်ဖြစ်သွားမိသည်။

သူက ခေါက်လှေကားပေါ်ကို ပြန်တက်ပြီး ခုလေးတင် ဖောက်ထားတဲ့ အပေါက်ကနေတွားသွားထွက်လိုက်

သည်။

အပြင်ရောက်တာနဲ့ ယန်ကျွင်းဇဲက ထဖို့ အလျင်မလိုသေးပေ။ အဲ့ဒီအစား သူက ဓာတ်မီးကို သူ့နောက်က မြေအောက်ခန်းထဲကို ထိုးလိုက်ရာ ယဲကျဲနန်ပျောက်ကွယ်သွားပြီဖြစ်

ကြောင်း တွေ့လိုက်ရသည်။

သူ ဓာတ်မီးကို ချက်ချင်း ပိတ်လိုက်သည်၊ ပြီးတော့ လရောင်ကို အသုံးပြုပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မြေပြင်အနေအထားက နည်းနည်း နိမ့်နေတာကို သတိထားလိုက်သည်။ သူက အိမ်နံပါတ် ၃၉ ရဲ့ နောက်ဘက်မှာ ရှိနေသည်။

လမ်းလေးတစ်ခုက တစ်ဖက်ကနေလာပြီး ဒီနေရာကို ဖြတ်ကာ တခြားတစ်ဖက်ကို ကွေ့သွားသည်။

ခဏလောက် ကြည့်ရှုပြီး ကျောခိုင်းထားတဲ့အမျိုးသမီးကို မတွေ့ရကြောင်း သေချာသွားတာနဲ့ ယန်ကျွင်းဇဲက အမြန်ထပြီး ခပ်သုတ်သုတ် ထွက်ခွာသွားသည်။

သူက လမ်းအတိုင်း အဓိကလမ်းမကြီးဆီကို သွားပြီး သူ့ရဲ့ အခန်းကို ပြန်လာသည်။

အဲ့ဒီကိုရောက်တာနဲ့ ရေမချိုး၊ သွားမတိုက်ဘဲ အိပ်ရာထဲ တန်းဝင်လိုက်သည်၊ ညက ကြုံတွေ့ရတာတွေကြောင့် သူ အရမ်းပင်ပန်းနေလေသည်။

"ကြိုးဆွဲချထားတဲ့အမျိုးသမီး" ရဲ့ တာဝန်က မပြီးသေးဘူး၊ နောက်နေ့မှာ သူက အစီအစဉ်တစ်ခု အမြန်ဆွဲရမည်ဖြစ်သည်၊ ဒါကြောင့် ရှေ့ဆက်လုပ်ရမယ့် တာဝန်အတွက် သူ့ရဲ့ စွမ်းအင်ကို ပြန်လည်ရရှိဖို့ ဖြစ်နိုင်သမျှ အနားယူဖို့ လိုအပ်နေသည်။

ခဏလောက် စဉ်းစားပြီးနောက် သူက ခေးအာကို လွှတ်လိုက်သည်။

ခေးအာ ပေါ်လာပြီး ချက်ချင်းပဲ အံ့အားသင့်တဲ့အသံ ထွက်လာကာ ယန်ကျွင်းဇဲကို အမြန်ပွေ့ဖက်လိုက်သည်၊ သူမရဲ့မျက်နှာက လွမ်းဆွတ်နေတဲ့ အမူအရာအပြည့်နဲ့၊ ကာလကြာရှည်စွာ မတွေ့ရတဲ့ ဆွေမျိုးကို တွေ့ရသလိုမျိုး ဖြစ်နေလေသည်။

ဒီအခြေအနေက ယန်ကျွင်းဇဲကို မမျှော်လင့်ဘဲထူးဆန်းတဲ့ခံစားချက်တစ်ခု ပေးလိုက်သည်၊ ခဏတာလောက်အထိ သူလည်း ခေးအာကို လွမ်းခဲ့သလိုမျိုးပေါ့။

သူက ခေးအာကို ပွေ့ဖက်ထားခွင့်ပေးလိုက်သည်၊ အရိုးခိုက်လောက်အောင် အေးစက်တဲ့ အအေးဓာတ်က သူ့ကိုယ်ထဲကို စိမ့်ဝင်လာသည်။

ယန်ကျွင်းဇဲက ပြောလိုက်သည်၊ "ငါ ခဏလောက် အိပ်တော့မယ်။ မင်း စောင့်ကြည့်နေပြီး ငါတို့ပတ်ဝန်းကျင်မှာ လှုပ်ရှားမှု ရှိမရှိ နားထောင်နေ။ ကျောခိုင်းထားတဲ့အမျိုးသမီးက နီးလာရင် မင်းပြေးမယ့်အစား ငါ့ကို အရင်နှိုးဖို့ သေချာလုပ်! ကြားလား"။

"အွန်း"။

ယန်ကျွင်းဇဲက သူ့ကိုယ်သူ စောင်နဲ့ အုပ်ပြီး ငြိမ်းချမ်းစွာအိပ်ပျော်သွားသည်။

နောက်နေ့ မနက် ဆယ်နာရီကျော်လောက်အထိ သူ အိပ်လိုက်သည်၊ ပြီးတော့ ကျိုးတာ့လီဆီက ဖုန်းဝင်လာတာကြောင့် သူ နိုးလာလေသည်။

ကျိုးတာ့လီက ယန်ကျွင်းဇဲက စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့အတွက် ဖျားဟန်ဆောင်တာဖြစ်တယ်လို့ သံသယပြင်းထန်စွာ ရှိနေသည်။

သူတို့ရဲ့အတန်းပိုင်ဆရာမ၊ ရှန်းဒီခိုင်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောပြထားပြီးသား ဖြစ်တာကြောင့် ယန်ကျွင်းဇဲက သူ့အဖေကို ဖုန်းဆက်ပြီး ဆရာမနဲ့ တိုက်ရိုက်ပြောခိုင်းကာ နောက်ထပ်နှစ်ရက် အနားယူခွင့် တောင်းလိုက်လေသည်။

ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ယန်ကျွင်းဇဲက ထပြီး အပြင်က ရေချိုးခန်းကိုသွားကာ ရေချိုး၊ ခေါင်းလျှော်လိုက်သည်၊ ခေးအာရဲ့ ကာလကြာရှည်စွာ တွေ့ဆုံချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။

ပြီးနောက် သူက ဘေးအိမ်က လင်းတုန်းရဲ့အိမ်ကို သွားသည်။

ဒီတစ်ကြိမ်မှာ လင်းတုန်းက သူ့ကုတင်ပေါ်မှာ မဟုတ်ဘဲ အိမ်က လှုပ်ယမ်းကုလားထိုင်ပေါ်မှာ ထိုင်နေပြီး သူ့ဘေးမှာခပ်ပြင်းပြင်းဂျင်းလက်ဖက်

ရည်ခွက်တစ်ခွက် ရှိနေသည်။ သူ့ရဲ့သူငယ်ချင်းကောင်း အဘိုးကြီးလီက မနက်စောစောကတည်းက သူ့ကို မနက်စာ လာပို့ပေးထားလေသည်။

သူတို့နှစ်ယောက် စကားပြောနေကြသည်။

ယန်ကျွင်းဇဲက သူဝင်လာပြီး စားပွဲပေါ်မှာ ဖက်ထုပ်ကြော်တွေ ကို လှီးထားတာကို တွေ့တော့ စကားမစရသေးပေ။

လင်းတုန်းက ပြုံးပြီး ပြောလိုက်သည်၊ "အဲ့ဒီဖက်ထုပ်ကြော်တွေကို မထိရသေးဘူး၊ ပဲနို့ခွက်ကိုလည်း မသောက်ရသေးဘူး။ မင်း မနက်စာမစားရသေးရင် စားလိုက်၊ မစားရင် အလကားဖြစ်သွားလိမ့်မယ်"။

"ဟုတ်ကဲ့" ယန်ကျွင်းဇဲက ဟန်ဆောင်မှုမရှိဘဲ ပြန်ဖြေလိုက်သည်၊ ထိုင်လိုက်ပြီး ဖက်ထုပ်ကြော်ကို ပဲနို့ထဲနှစ်ကာ အကြီးကြီးကိုက်စား စားလိုက်သည်။

"ဦးလေးလင်း၊ ကျွန်တော် တခြားသူတွေဆီက ကြားထားတာ တစ်ခုရှိလို့ မေးချင်ပါတယ်" စားနေရင်း ယန်ကျွင်းဇဲက ပြောလိုက်လေသည်။

"မေးလေ" လင်းတုန်းက ဆေးလိပ်တစ်လိပ်မီးညှိပြီး ရှိုက်လိုက်သည်။

"ကျွန်တော်တို့လမ်းက အိမ်နံပါတ် ၃၉ မှာ သူတို့သား ရေနစ်သေတယ်လို့ ကြားရတယ်။ ဒါ အမှန်ပဲလား"။

"အေး၊ ဟုတ်တယ်၊ ရေလှောင်ကန်ထဲမှာ သေတာ"။

"အလောင်းကရော"။

"ပြန်ဆယ်ပြီးတော့ မြေမြှုပ်လိုက်ကြတယ်"။

အဘိုးကြီးလီက စကားဝင်ပြောလာသည်၊ "တကယ်ကို ရင်နာစရာပဲ။

အဲ့ဒီကောင်လေးက အနောက်ဘက်လမ်းက ကလေးတစ်ချို့နဲ့ သွားဆော့လေ့ရှိတယ်။ သူတို့က စွန့ပစ်ထားတဲ့ လင်မိသားစုခြံဝင်းထဲမှာ ဂိမ်းတွေ ဆော့ကြသည်။ ဘယ်သူမှ မသိလိုက်ခင် တစ်နေ့မှာ ခြံဝင်းထဲမှာ မီးလောင်ပြီး အဲ့ဒီကလေးတွေအားလုံး မီးလောင်သေဆုံးကုန်ကြတယ်။

တစ်ယောက်မှ အသက်မရှင်ခဲ့ဘူး"။

ဖက်ထုပ်ကြော်တစ်ဝက်ကို ကိုက်နေတဲ့ ယန်ကျွင်းဇဲက ရပ်တန့်သွားပြီး ပြောလိုက်သည်၊ "ဟင်၊ ဘာလို့ဒီလိုတိုက်ဆိုင်နေရတာလဲ"။

All Chapters