လူတွေမှာ ယုံကြည်ချက်တချို့ ရှိသင့်တယ်
Vol. 131 Ch. 1954
စင်စစ်တွင်မူကား ကျီချင်းရန် သတိမပေးသည့်တိုင် လီချန်ရှန်း၏ အပြုအမူများကို လင်းရီ သတိထားမိပြီး ဖြစ်သည်။
သို့သော် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရသည်က လင်းရီ၏ သက်လုံအများအပြားကို အလွန်အမင်း ကုန်ခမ်းစေသည်။
ထို့ပြင် သူ၏ အတွင်းကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကလည်း ဗြောင်းဆန်နေခဲ့ကာ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မခံမရပ်နိုင်အောင် နာကျင်နေခဲ့၏။
သူ ရှောင်တိမ်းဖို့ ကြိုးစားလိုက်သော်လည်းပဲ နောက်ကျသွားခဲ့လေသည်။
ဝှစ် …
ခရက် …
ဖန်စားပွဲဝိုင်းက လင်းရီ၏ ဦးခေါင်းနှင့် ပြင်းထန်စွာ ထိတွေ့သွားခဲ့ကာ အပိုင်းပိုင်းအစိပ်အစိပ် ဖြစ်သွားခဲ့သည်။
“ လင်းရီ …”
ကျီချင်းရန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူမ၏ မျက်လုံးတို့ ပြူးကျယ်နေခဲ့ပြီး နှုတ်ခမ်းတို့ ကျယ်လောင်စွာ ပွင့်အာနေခဲ့ကာ နေရာ၌ ငူငူငိုင်ငိုင်ကြီး ဖြစ်နေမိသည်။
အမြဲတစေ တည်ငြိမ်ပြီး ကောင်းမွန်သည့် ကိုယ်ဟန်အနေအထားဖြင့် လင်းရီသည် ယခုလို မြင်ရက်ဖွယ် မရှိသည့် အခြေအနေမျိုးသို့ ကျရောက်လာလိမ့်မည်လို့ သူမ ဘယ်တုန်းကမျှ မစဉ်းစားခဲ့ဖူးချေ။
တောက် …
တောက် …
တောက် …
လတ်ဆတ်သည့် သွေးစက်တို့က လင်းရီ၏ ဦးခေါင်းထက်မှ နေ၍ တတောက်တောက် စီးကျနေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်း နီရဲနေကာ ကြောက်ဖွယ် အင်မတန် ကောင်းနေတော့သည်။
“ ငါ … ငါ ရတယ်…”
လင်းရီ ဒယိမ်းဒယိုင်ဖြစ်နေခဲ့၏။ သို့တိုင် ခေါင်းကို ခါယမ်းလိုက်ရင်း အသိစိတ်ကို ကြည်လင်အောင် ကြိုးစားနေသည်။
“ နင် အကောင်စုတ် … ငါနင့်ကို လျစ်လျူရှုထားခဲ့ပြီးပြီလေ… ဘာလို့ ငါ့ကို လာကယ်နေသေးလဲ … ဒါ နင်နဲ့ ဘာမှမဆိုင်ဘူး ….”
“ ဘယ်လိုလုပ် ငါနဲ့ မဆိုင်ဘဲ နေမှာ …”
လင်းရီ ခါးသီးစွာ ရယ်မောလိုက်ရင်း “ မင်း ငါ့ကို လျစ်လျူရှုလိုက်တယ်ဆိုရင်တောင် ငါကတော့ မင်းကို ကယ်ဖို့ ရောက်လာဦးမှာပဲ … ပြီးတော့ ……”
လင်းရီ အံကိုတင်းတင်းကြိတ်၍ တစ်လုံးချင်း ပြောလိုက်၏။ “ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ငါမင်းကို လုံးဝ လက်မလျှော့ဘူး …”
“ အဟက် …”
ဘေးတွင် ရပ်နေသည့် ဟဲရစ်က နှာခေါင်းရှုံ့လိုက်၏။ “ ဒီလိုအချိန်မျိုးမှာတောင် တီတီတာတာ ပြောနေနိုင်သေးတယ်… အဲ့တစ်ချက်တော့ မင်းကို ငါ လေးစားတယ်…”
“ ဟဲရစ် … လေကုန်ခံမနေနဲ့တော့ … လုပ်လိုက်တော့ …”
လီချန်ရှန်းက စကားနည်းသည့် လူစားမျိုးပင်။ သို့ပေမယ့်လည်း တကယ့်တကယ်တွင်တော့ သူက အပြောများသည်ထက် ရက်စက်မှုက ပိုမိုများပြားသည့်လူ ဖြစ်ကာ ဟဲရစ်ထက်ပင် ရက်စက် ကြမ်းကြုတ်သေးသည်။
“ အိုကေ….”
ဟဲရစ် လက်ဆစ်ချိုးပြီး လင်းရီထံသို့ ပြေးဝင်လာခဲ့၏။
အနည်းငယ် ခေါင်းကြည်လာပြီ ဖြစ်သည့် လင်းရီမှာ ဟဲရစ်၏ တိုက်ခိုက်လာမှုကို အာရုံခံမိတော့ ကာကွယ်ရန် မသိစိတ်အလျောက် ညာဘက်လက်မောင်းအား ဆန့်တန်းလိုက်သည်။
အကယ်၍ လင်းရီတွင်သာ သူ၏ အကောင်းဆုံး အခြေအနေတွင် ရှိနေခဲ့မည် ဆိုပါက ဟဲရစ်၏ ယခုတိုက်ခိုက်လာမှုကို ကျိန်းသေပေါက် ကာကွယ်နိုင်သည်။
သို့သော်လည်းပဲ သင်္ဘောပေါ် တက်လာစဉ်ကတည်းက သူ၏ သက်လုံမှာ တစ်ဝက်မျှသာ ကျန်ရစ်တော့သည့် အပြင် စီ အဆင့် ကျွမ်းကျင်သူနှစ်ယောက်နှင့်လည်း ရင်ဆိုင်ထားရသည့်အတွက် လင်းရီ မည်သို့မျှ တောင့်မခံနိုင်ခဲ့ချေ။
ဘန်း …
ဟဲရစ်၏ ခြေကန်ချက်က လင်းရီ၏ လက်မောင်းနှင့် ထိပ်တိုက်တွေ့သွားခဲ့၏။
အင်အားတချို့ကို ဟန့်တားလိုက်နိုင်သော်လည်းပဲ ကျန်ရစ်သည့် အရှိန်ကပင် လင်းရီ ကိုင်တွယ်နိုင်သည်ထက် များပြားနေကာ နောက်သို့ လွင့်စင်သွားခဲ့သည်။
ကျီချင်းရန်မှာ သူ့အား ဖမ်းရန်အတွက် ပြေးလွှားသွားခဲ့၏။ သို့သော် သက်ရောက်မှုက ထင်မှတ်မထားလောက်သည်အထိ ပြင်းထန်နေခဲ့ကာ သူမကိုယ်တိုင်လည်း လွင့်ထွက်သွားခဲ့သည်။
တခဏမျှ ကြာပြီးနောက် နှစ်ဦးလုံး နံရံနှင့် အရှိန်အပြင်းပြင်း ဝင်တိုက်မိသွားခဲ့သည်။
“ လင်းရီ … ၊ လင်းရီ ….”
ကျီချင်းရန်မှာ ခံစားနေရသည့် နာကျင်မှုများအား လျစ်လျူရှုရင်း သူမ၏ အာရုံစူးစိုက်မှုက လင်းရီအပေါ်၌သာ ရှိနေခဲ့သည်။
ဘေးတွင် ကျနေသည့် အခင်းစကို ယူ၍ လင်းရီ၏ မျက်နှာရှိ သွေးများအား ဖယ်သပ်ပေးလိုက်၏။
“ ငါ .... ရတယ်… မသေ .... သေးဘူး …. “ လင်းရီ ပြတ်တောင်းပြတ်တောင်းဖြစ်စွာ ဆိုလိုက်သည်။
“ နင်က ဒီလိုအချိန်မျိုးမှာတောင် ပေါက်ကရတွေ ပြောနေသေးတာပဲ …”
ကျီချင်းရန် ဒေါသတကြီးနှင့် ပြောဆိုလိုက်မိပြီး “ တောင့်ထားဦး … ငါတို့ကို တစ်ယောက်ယောက် လာကယ်တော့မှာ ….”
“ ဟားဟားဟား …”
ဟဲရစ် အားပါးတရ ရယ်မောလိုက်၏။ ထို့နောက် နှာခေါင်းရှုံ့လိုက်ကာ “ ဂျပန်ကမ်းရိုးတန်းအစောင့်တပ်တွေက မင်းတို့ကို လာကယ်မယ်လို့ တကယ်ကြီး ထင်နေတာလား … မရိုးအစမ်းနဲ့ … အဲ့လိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး …”
“ နင်တို့ကို ဘယ်သူမှ မကိုင်တွယ်နိုင်ဘူးဆိုတာ ငါ မယုံဘူး ….”
“ မင်းကို စိတ်ပျက်စေမိရင် ဆောရီးပဲ … ဒါပေမယ့် ငါတို့ကို ရပ်တန့်နိုင်တဲ့လူက တကယ်ကြီး ဘယ်သူမှကို မရှိတာ …” ဟဲရစ် မောက်မာတင်စီးစွာ ပြောဆိုလိုက်ပြီး “ မင်းတို့ သတိမထားမိကြဘူးမလား .. ဗစ်တိုးရီးယား သင်္ဘောက အခု ဆက်ပြီး ရွက်လွင့်နေပြီ .. သိပ်မကြာခင် နိုင်ငံတကာ ရေပိုင်နက်ထဲကို ရောက်သွားတော့မှ .. အဲ့ခါကျရင် ဂျပန်ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့ကလည်း တရားစီရင်ပိုင်ခွင့် ရှိတော့မှာ မဟုတ်ဘူး … ကျုံးဝေ့တပ်ဖွဲ့လည်း မင်းတို့ကို မကယ်နိုင်ဘူး …”
“ နင် …. “
ကျီချင်းရန်၏ မျက်လုံးတို့ ပြူးကျယ်သွားပြီး မည်သို့ တုံ့ပြန်ရမှန်း မသိ ဖြစ်သွားခဲ့သည်။
“ စိတ်ပူမနေနဲ့ … သူတို့ကို ငါကိုင်တွယ်လိုက်မယ်…”
လင်းရီ အသံကို ဖျစ်ညှစ်ပြီး ပြောလိုက်၏။ သူ၏ ဟန်ပန်က စကားပြောဆိုရန်အတွက်ပင် ရုန်းကန်နေရသည်မှာ သိသာလှသည်။
“ ဟွာရှန့် … ဒီ အခြေအနေထိ ရောက်လာနေပြီကို မင်းက အရှုံးမပေးချင်သေးဘူးပေါ့ …” ဟဲရစ်ပြောလိုက်ပြီး “ ငါတို့ မင်းကို သတ်လို့ မရဘူး … ဒါပေမယ့် စိတ်ချ… မင်းရဲ့ အနာဂတ်က ငရဲမှာ နေရတာထက် ဆိုးရွားစေရမယ်လို့ ကတိပေးတယ်… မင်းရဲ့ အသက်ကို ကျုံးဝေ့တပ်ဖွဲ့အတွက် စတေးရတယ်ဆိုတာ တန်ရဲ့လား မင်းသေချာစဉ်းစား …”
နံရံကို ဆန့်ကျင်လျက် မှီထားရင်း လင်းရီမှာ အင်အားကုန်ခမ်းနေသည့် သားရိုင်းကောင်ကြီးတစ်ကောင်ကဲ့သို့ ရှိနေသည်။ သို့သော် သူ၏ မျက်နှာထက်တွင်မူကား မထီမဲ့မြင် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့၏။
“ လူတွေရဲ့ တစ်သက်တာမှာ သူတို့ ယုံကြည်ရာတချို့ ရှိသင့်တယ် .. မင်းရော အဲ့လို မထင်ဘူးလား …”
“ မင်း အခုလုပ်နေတာတွေက သောက်ရူးလုပ်ရပ်တွေပဲ … မင်းရဲ့ အသက်တစ်ချောင်းကို ကျုံးဝေ့တပ်ဖွဲ့အတွက် စတေးရမှာ မတန်ဘူး … မင်း ဒီမှာ သေသွားခဲ့ရင်တောင် နောက် နှစ်နည်းနည်းကြာတာနဲ့ မင်းကို ဘယ်သူက သတိတရ ရှိနေမယ်ထင်လဲ …”
“ ငါ့ ယုံကြည်မှုက ကျုံးဝေ့တပ်ဖွဲ့ မဟုတ်ဘူး ….”
လင်းရီသည် ကျီချင်းရန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး “ မင်းတို့ကောင်တွေ ကျုံးဝေ့တပ်ဖွဲ့ကို တိုက်ခိုက်နေရုံမကလို့ မြေလှန်ပစ်နေရင်တောင် ငါ စောက်ဂရုမစိုက်ဘူး …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါချစ်ရတဲ့သူကို ပြန်ပေးဆွဲလိုက်တာကတော့ ခွင့်လွှတ်မရတဲ့ ပြစ်မှုကို ကျူးလွန်လိုက်တာပဲ …”
သူမလက်ဖဝါးရှိ နွေးထွေးသည့် ခံစားချက်ကို ခံစားနေရရင်း ကျီချင်းရန်မှာ တွေဝေနစ်မောသွားခဲ့သည်။ ယင်းက ပူနွေးနေသည့် သွေးစက်များကြောင့်လော .. သို့မဟုတ် လင်းရီ၏ ကိုယ်အပူရှိန်ကြောင့်လောဆိုတာ သူမ မသေချာပေ။
သို့သော် ထိုအခိုက်အတန့်၌ သူမ နှလုံးသားထဲ သေချာသွားခဲ့သည့် အရာတစ်ခုကတော့
ယခုတစ်သက်တာတွင် ဤအမျိုးသားမှလွဲ၍ အခြားအမျိုးသားများအတွက် သူမရင်ထဲတွင် နေရာမကျန်ရစ်တော့ကြောင်းပင်။
သူမ၏ နှလုံးသားတစ်ခုလုံးကို လင်းရီကသာ အပြည့်အဝ သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်၏။
“ သူက မင်းရဲ့ ယုံကြည်မှုလို့ မင်း လာပြောနေတာလား …” ဟဲရစ် နှာခေါင်းရှုံ့လိုက်ပြီး “ သူက ငါမြင်ဖူးသမျှထဲ အလှဆုံး မိန်းမတစ်ယောက်ဆိုတာတော့ ငါ ဝန်ခံပါတယ်… မစ်ရှင်ကြောင့်သာ မဟုတ်ရင် ငါ့စိတ်ရှိတဲ့အတိုင်း သူနဲ့ ပျော်ပါးပြီးလောက်ပြီ … ဒါပေမယ့်လည်း နောက်တော့ မကျသေးပါဘူး … အခု မင်းက ငါတို့ရဲ့ ဓားစာခံ ဖြစ်သွားပြီဆိုတော့ ငါ စိတ်ရှိသလောက် သူနဲ့ ပျော်ပါးလို့ရပြီလေ…”
တစ်လှမ်းချင်း တစ်လှမ်း ၊ ဟဲရစ် ကျီချင်းရန်အနားသို့ ချဉ်းကပ်လာခဲ့ကာ တပ်မက်မှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းအဆုံဖြင့် ကျီချင်းရန်ထံ လက်ဆန့်တန်းလာခဲ့သည်။
“ အားးးး “
ခရက် …
ထိုအချိန်တွင် လင်းရီ၏ လက်က ဟဲရစ်၏ လက်ကောက်ဝတ်သို့ ပြုတ်တူကြီးသဖွယ် ညှပ်ထားခဲ့သည်။ ဟဲရစ်မှာ စီအဆင့် ဖြစ်လင့်ကစား ကျီချင်းရန်ထံ လက်မရောက်နိုင်ခဲ့ချေ။
“ ငါ ပြောခဲ့ပြီးပြီ … သူ့ကို ပြန်ပေးဆွဲတာနဲ့တင် ခွင့်လွှတ်မရနိုင်တဲ့ အမှု ဖြစ်နေပြီလို့ … ဘာကြောင့်မို့ နောက်ထပ် အပြစ်တွေ ကျူးလွန်ချင်နေရတာလဲ …”
ဟဲရစ် ခွန်အား သုံး၍ လင်းရီ၏ ချုပ်နှောင်မှုအောက်မှ လွတ်မြောက်ချင်သော်လည်းပဲ ထိုသို့ လုပ်နိုင်စွမ်း မရှိသည်ကို သတိထားမိလိုက်သည်။
ဤလူသား၏ ခွန်အားက သူတို့နှစ်ဦးလုံးကို ရှော့ခ်ရလောက်စေသည်အထိ ကြီးမားသာလွန်လွန်းလှ၏။
“ မင်းက အတော်တော့ သန်မာသားပဲ … အဲ့လိုဆိုမှတော့ မင်းလက်ကို ဒီနေ့ ရိုက်ချိုးပေးရတာပေါ့ … ငါ့ကို ဘယ်လိုတားမလဲ ကြည့်စမ်းဦးမယ်….”
ဟဲရစ်၏ နောက်ထပ် လက်တစ်ဖက် ဆန့်တန်းလာခဲ့ကာ လင်းရီ၏ လက်မောင်းကို ချိုးပစ်ရန် ကြိုးပမ်းလိုက်သည်။
သို့သော် ထိုအချိန်မှာပဲ လင်းရီသည် သူ၏ ဘယ်လက်ဖြင့် စကေဘာကို ထုတ်၍ လေထဲတွင် ငွေရောင် လခြမ်းကွေး သင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။
အခြေအနေ မဟန်သည်ကို မြင်တော့ ဟဲရစ် အလျင်အမြန် တိမ်းရှောင်ဖို့ ကြိုးပမ်းလိုက်၏။
“ သေစမ်း ….”
ဟဲရစ်၏ မျက်နှာတစ်ပြင်လုံး ယမ်းပုံမီးကျ ဖြစ်နေသည်။
“ ငါ ဒီနေ့ မင်းရဲ့ အဲ့လက်မောင်းကို ကျိန်းသေပေါက် ရိုက်ချိုးပစ်မယ် …”
“ မင်း ဒီနေ့ သေရမယ်လို့ ငါ ပြောပြီးပြီ .. ငါ့လက်ကို ချိုးဖို့ မဖြစ်နိုင်ဘူး …”
ပြောပြီးသည်နှင့် လင်းရီ သူ၏ ဘောင်းဘီ အိတ်ကပ်ထဲက သတ္တုသေတ္တာ အသေးလေးတစ်ခုကို ထုတ်ယူလိုက်သည်။
ယင်းက ၂ စင်တီမီတာမျှထူ၍ ၂၀ စင်တီမီတာမျှ ရှည်သည်။
ဟဲရစ်နှင့် လီချန်ရှန်းတို့နှစ်ဦးလုံး ယင်းက မည်သည့်အရာလဲ ဆိုတာကို မသိကြချေ။ ထို့ကြောင့် သူတို့နှစ်ဦးလုံး အသာငြိမ်ပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။
ထို့နောက် လင်းရီ သေတ္တာအဖုံးကို ဖွင့်လိုက်ပြီး အတွင်းရှိ စီအဆင့် သွေးရည်ကြည်ကို ထုတ်ယူလိုက်သည်။
“ မင်းတို့ လိုချင်နေတဲ့ဟာက ဒါမဟုတ်လား ….”