သွေးရူးသွေးတမ်း အခြေအနေ
Vol. 131 Ch. 1955
လင်းရီ လက်ထဲရှိ ပစ္စည်းကို မြင်တော့ ဟဲရစ်နှင့် လီချန်ရှန်းတို့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ကြသည်။ သူတို့တွေ အမျိုးမျိုး အဖုံဖုံ ဒုက္ခခံ၍ ယခု စစ်ဆင်ရေးကို စီစဉ်လိုက်ရခြင်းက လင်းရီလက်ထဲရှိ ပစ္စည်းကို ရရှိနိုင်ရေးအတွက်ပင်။
သို့သော်လည်း လင်းရီ၏ ကိုယ်ပေါ်၌ ထိုပစ္စည်းက ရှိနေလိမ့်မည်လို့တော့ သူတို့တွေ ထင်မထားခဲ့ကြချေ။
အကယ်၍ အစောပိုင်းကတည်းက သိခဲ့မည်ဆိုပါက သူ့ကိုယ်ပေါ်၌ ကြိုတင် ရှာဖွေခဲ့ပြီး ဖြစ်လေသည်။
“ ဒါ .. ဒါက သူတို့ ရှာနေတဲ့ဟာလား …”
မသိစိတ်အလျောက် … ကျီချင်းရန်သည် လင်းရီ လက်ထဲရှိ ပစ္စည်းက ကောင်းသည့် အရာမဟုတ်နိုင်ဟု ခံစားလိုက်ရ၏။
ရုပ်ရှင်ဇာတ်ကားများထဲတွင်လည်း ယခုကဲ့သို့ အလားတူ မြင်ကွင်းမျိုး သူမ မြင်တွေ့ခဲ့ဖူးပြီး ၎င်းက ကြည့်ရသည်မှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးနှင့် ဆင်တူနေသည်။
စင်စစ်တွင်မူကား လင်းရီသည်လည်း သူ့ကိုယ်ပေါ်တွင် ဤပစ္စည်းရှိနေကြောင်းကို စောနလေးတင်ကမှ သတိရလိုက်ခြင်းပင်။ ယခုလို သေရေးရှင်ရေး အခြေအနေမျိုး၌ ပစ္စည်းကို ထုတ်ဖို့ ကြံရွယ်လိုက်၏။
လင်းရီ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသည်။ သို့သော် လွန်ကဲသည့် ယုံကြည်မှုမျိုးတော့ မဟုတ်ပေ။ သူ၏ လက်ရှိ အခြေအနေဖြင့် စီအဆင့် ကျွမ်းကျင်သူ နှစ်ဦးကို တစ်ချီတည်း ကိုင်တွယ်ရန်က မဖြစ်နိုင်မှန်း သူ့ကိုယ်သူ သိ၏။
ဤသည်က သူ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။
“ အဲ့ပစ္စည်း အခုချက်ချင်း ကမ်းလာခဲ့စမ်း …”
အပြင်၌ ခန်ဂျိနာခါတာနှင့် အခြားသူများကို ရင်ဆိုင်နေသည့် ချိန်ချန်းရုံ လှမ်းပြီး အော်ဟစ်လိုက်သည်။
ဤပစ္စည်းကို သူတို့ ရရှိသည်နှင့် မစ်ရှင်မှာ ပြီးမြှောက်သွားလိမ့်မည်။
“ မသေချင်ရင် မင်းလက်ထဲက ပစ္စည်းကို ကမ်းလာခဲ့လိုက် …”
ဟဲရစ်နှင့် လီချန်ရှန်းတို့နှစ်ဦးသည် လင်းရီ၏ အသက်ကိုယူ၍ ခွန်အားသုံးပြီး ပစ္စည်းကို ရယူ၍ရသည်။
သို့သော် လုံးဝ လိုအပ်သည့် အခြေအနေကလွဲ၍ ထိုသို့ မပြုလုပ်ချင်ပေ။
မည်သို့ပင် ဖြစ်စေ လင်းရီက ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်၏။
သူ့အား သတ်ဖြတ်၍ ကျုံးဝေ့တပ်ဖွဲ့ကို အပြစ်ပြုခြင်းက ဟုန်မန်ဂိုဏ်းအတွက် မည်သို့မျှ အကျိုးမရှိနိုင်ချေ။
အကယ်၍ ပစ္စည်းကို အသာတကြည် ရယူနိုင်မည်ဆိုပါက နှစ်ဖက်လုံးအတွက် အဆင်ပြေနိုင်သည်။
“ ငါသာ ဒီပစ္စည်း …… မင်းတို့လက်ထဲ ထည့်မယ်ဆိုရင် … ဒီလောက်အထိ ဒုက္ခခံနေမှာတောင် မဟုတ်ဘူးကွ … ဟားဟားဟား ….. “
လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ပြီး အေးစက်စွာ ပြုံးလိုက်သည်။
“ ပြီးတော့ ငါ အစောတုန်းက ပြောခဲ့တဲ့ အတိုင်းပဲ … မင်းတို့က ခွင့်လွှတ်လို့ မရတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်… ဒီတော့ မင်းတို့ အကုန် သေရမယ်….”
ပြောပြီးသည်နှင့် လင်းရီသည် စီအဆင့် သွေးရည်ကြည်ကို သူ့လက်မောင်းသို့ ထိုးစိုက်လိုက်၏။
တစ်ချောင်းလုံးကို ထိုးစိုက်လိုက်ခြင်းပင်။
အခန်းမှာ အပ်ကျသံ ကြားရသည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး အပြင်ဘက်ရှိ သေနတ်သံတို့ကသာ ကျယ်လောင်စွာ မြည်ဟည်းနေခဲ့သည်။
လီချန်ရှန်းတို့ နှစ်ဦးလည်း လင်းရီသည် သွေးရည်ကြည်ကို သူ့အတွက်သူ အသုံးပြုလိုက်လိမ့်မည်ဟူ၍ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
“ နင် .. နင် ဘာတွေ လျှောက်လုပ်နေတာလဲ … ဒါ ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ နင် မသိဘူးလား ….”
“ ငါသိတယ်… ဒါပေမယ့် သူတို့က မင်းအပေါ် လက်ရွယ်ဝံ့နေမှတော့ ငါ လုံးဝ ခွင့်မလွှတ်နိုင်ဘူး .. ငါ့အသက် သေသွားရမယ် ဆိုရင်တောင်မှပေါ့ …” လင်းရီ နာကျင်စွာ ပြုံးလိုက်ပြီး “ ငါ အသက်ရှင်နေသရွေ့ ဘယ်သူမှ မင်းကို အန္တရာယ် မပြုရဲစေရဘူး ….”
နဂါးတိုင်းတွင် ပြောင်းပြန် အကြေးခွံ ရှိပြီး ယင်းကို ထိပါးသူတိုင်း ပြာကျသွားရလိမ့်မည်။
ထို့ပြင် ကျီချင်းရန်က လင်းရီ၏ ပြောင်းပြန် အကြေးခွံ ဖြစ်၏။ သူတန်ဖိုးထား ကာကွယ်နေသည့် ရတနာတစ်ခုလည်း ဖြစ်သည်။
“ နင် … နင့် တစ်ကိုယ်လုံး နီရဲနေပြီ ….”
ကျီချင်းရန် ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့၏။ အဘယ်ကြောင့် ယခုလို လက္ခဏာရပ်မျုး ဖြစ်ပေါ်လာရသလဲဆိုတာ သူမ နားမလည်နိုင်ခဲ့ချေ။
သူမ၏ မေးခွန်းကို လင်းရီ အဖြေပြန်မပေးနိုင်ပေ။
ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည့် သူ့အသက်သွေးစက်များက ရေနွေးပွက်ပွက်ဆူသကဲ့သို့ ခံစားနေရပြီး သွေးကြောများထဲမှ ဆူနာမီရေကြီးသည့်နှယ် ထိုးဖောက်ထွက်လာတော့မည်ဟူ၍ ခံစားနေရသည်။
ထို့နောက် နာကျင်မှုက ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အကန့်အသတ်မဲ့သည့် ခွန်အားကို ခံစားရလာကာ သူ၏ နဂို အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။
ဤအချိန်၌ သူ့ကိုယ်သူ ပြိုင်ဘက်ကင်း လူသားတစ်ဦးဟု လင်းရီ ခံစားနေရသည်။
သူ့ဘေးတွင် ဒူးထောက်လျက် ရှိနေသည့် ကျီချင်းရန်မှာတော့ မိုးခြိမ်းသံမက ကျယ်လောင်နေသည့် လင်းရီ၏ နှလုံးခုန်သံကို ရှင်းလင်းစွာ ကြားနေရ၏။
သူမက ဆေးဘက်ပိုင်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး မဟုတ်သော်လည်း ထိုမျှ မြန်ဆန်သည့် နှလုံးခုန်သံက အန္တရာယ် အလွန်ကြီးကြောင်းတော့ သိနားလည်ပေသည်။
“ လင်းရီ .. နင် ဘယ်လိုနေလဲဟင် .. ငါတောင်းဆိုပါတယ် လင်းရီရယ် .. နင့်ကိုယ်နင် ဒီလောက်ထိ တွန်းပို့စရာ မလိုပါဘူး …” ကျီချင်းရန် မျက်ရည်များအား ဖယ်သပ်ရင်း ပြောလိုက်ပြီး “ နင် တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ ဘယ်လိုလုပ်ရမှာလဲ ….”
“ ငါ အဆင်ပြေတယ်…..”
အကြမ်းဖျင်း နှစ်သိမ့်ပေးပြီးနောက် လင်းရီ မတ်တပ်ရပ်လိုက်၏။ လက်ဆစ်များအား ချိုးရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
‘ ဆိုတော့ စီ အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ ဒီလိုမျိုးကိုး …..’
လင်းရီ၏ အစစ်အမှန် စွမ်းရည်မှာ စီအဆင့်နှင့် နီးကပ်နေပြီး ယင်းက မည်သို့ရှိလဲ ဆိုတာကို သူနားလည်သည်။
ယခု … သွေးရည်ကြည်၏ အကူအညီဖြင့် စီ အဆင့် အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့ကာ ဤသို့သော အခြေအနေကို မည်မျှ ရှည်ကြာအောင် ထိန်းသိမ်းထားနိုင်စွမ်း ရှိမလဲဆိုတာ သူလည်းမသိပေ။
လင်းရီ၏ ယခုလို အခြေအနေကို မြင်တော့ ဟဲရစ်နှင့် လီချန်ရှန်းတို့ နှစ်ဦးလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
သူတို့အားလုံးက ဟုန်မန်ဂိုဏ်း၏ အရေးပါသည့် အဖွဲ့ဝင်များ ဖြစ်ပြီး စီအဆင့် သွေးရည်ကြည်၌ မည်သို့သော အကျိုးသက်ရောက်မှုများ ရှိလဲဆိုတာကို ကောင်းကောင်းကြီး သိကြလေသည်။
ပြီးပြည့်စုံသည့် စီ အဆင့် သွေးရည်ကြည် တစ်စုံကို ဆေးသုံးလက် ခွဲထားပြီး တစ်ခုချင်းစီ၌ ဆေးရည်က ၄ မီလီလီတာ ပါဝင်သည်။
ဆေးက သုံးလက်ဆိုသော်လည်းပဲ အကျိုးသက်ရောက်မှုက ပထမတစ်လက်တွင်သာ ရှိသည်။ ကျန် နှစ်လက်က ခန္ဓာကိုယ်၏ အခြေအနေကို တည်ငြိမ်စေရန် ထိန်းညှိပေးဖို့ ဖြစ်၏။
ပထမ ဆေးတစ်လက်ကို လူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပြီးသည်နှင့် ဘီ အဆင့် စွမ်းရည် ရှိသူ လူတစ်ဦးကို စီ အဆင့်သို့ ယာယီ ရောက်သွားစေမည်။ သို့ပေမယ့်လည်း အသုံးပြုသူ၏ ခန္ဓာကိုယ်က ရုတ်ချည်း ဝင်ရောက်လာသည့် ဆေးစွမ်း သက်ရောက်မှုကို မည်သို့မျှ တောင့်ခံနိုင်မှာ မဟုတ်ချေ။
နောက် ဆယ်မိနစ်တွင် ကျန်သည့် ဆေးနှစ်လက်ကို နှလုံးခုန်နှုန်း ၊ အရိုးကြွက်သားများ၏ လုပ်ဆောင်မှုကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ပြီး အချန်ကိုက် ဆေးထိုးပေးဖို့ လိုအပ်၏။
အကယ်၍ အသုံးပြုသူက ကျန်ရှိသည့် ဆေးနှစ်လက်ကို အသုံးပြုပြီးသည့်တိုင် ဆေးစွမ်းသက်ရောက်မှုကို မကိုင်တွယ်နိုင်ဘူးဆိုပါက နောက်ဆုံးသော ရလဒ်သည်ကား သေခြင်း တရားပင်။
သို့သော် ရိုးရိုးတန်းတန်း သေဆုံးခြင်းတော့ မဟုတ်ဘဲ ဆေးစွမ်း လှုံ့ဆော်မှုကြောင့် သွေးစီးဆင်းမှုတို့ မြန်ဆန်လာမည်။ ယင်းက သွေးရူးသွေးတမ်း အခြေအနေသို့ ဝင်ရောက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြိုင်းပြိုင်းကျကာ ပင်ပန်းနွမ်းနယ်မှုကြောင့် လူသည်လည်း သေဆုံးသွားလိမ့်မည်။
ထို့ကြောင့်ပဲ လင်းရီ သူ့ကိုယ်သူ ဆေးထိုးသွင်းလိုက်သည်ကို မြင်တော့ ဟဲရစ်နှင့် လီချန်ရှန်းတို့ ပြင်းပြင်းထန်ထန် တုန်လှုပ်ထိန်လန့်သွားခဲ့ခြင်းပင်။
သူတို့၏ အမြင်၌ လင်းရီမှာ မကြာမီ ပင်ကိုယ်အသိစိတ်အား ဆုံးရှုံးသွားတော့မည်။ ထို့နောက် အသိစိတ်လွတ်ကင်းနေသည့် သားရိုင်ကောင်ကြီး ဖြစ်လာပေလိမ့်မည်။
“ အခု ဘယ်လိုလုပ်ကြမလဲ….”
ဟဲရစ်သည် နောက်ရှိ ချိန်ချန်းရုံအား လှမ်းမေးလိုက်၏။
ဟဲရစ်နှင့် လီချန်ရှန်းတို့နှစ်ဦးလုံး စိုးရိမ်ပူပန်နေမိကြသည်။ လင်းရီနှင့် အစောပိုင်း ထိပ်တိုက်တွေ့ဆုံမှုမှတဆင့် တစ်ဖက်သူ၏ အစွမ်းအစများကို ကောင်းစွာ နားလည်သဘောပေါက်ထားလေသည်။
ဒီ အဆင့်ဟုသာ ဆိုသော်လည်းပဲ အကယ်၍ သူတို့သာ တစ်ဦးချင်း တိုက်ခိုက်ကြမည်ဆိုပါက လင်းရီကို အနိုင်ယူနိုင်ရန် အမှန်ပင် ခက်ခဲလိမ့်မည်။
ယခု စီအဆင့် သွေးရည်ကြည်ကို ထိုးသွင်းလိုက်ပြီးနောက်တွင် ထိုကောင် မည်မျှ သန်မာလာလိမ့်မလဲဆိုတာ မှန်းဆရခက်ပြီ ဖြစ်၏။
အကယ်၍ သူတို့တွင် ရှိသည့် ခွန်အားအကုန်လုံးကို အစွမ်းကုန် ထုတ်မသုံးဘူးဆိုပါက သူတို့အားလုံး ဤနေရာ၌တွင် သေဆုံးသွားကြရလိမ့်မည်။
“ စောင့်ကြည့်နေလိုက် … သူ သေသွားတာနဲ့ ငါတို့ အလောင်းသယ်သွားမယ်…” ချိန်ချန်းရုံ ညွှန်ကြားလိုက်သည်။
“ သူ့ခန္ဓာကိုယ်က သုသေတန လုပ်ဖို့ အတော်ကောင်းမှာ … သူ့ အလောင်းကို ကျုံးဝေ့တပ်ဖွဲ့ဆီ ပြန်ပေးလိုက်လို့ မဖြစ်ဘူး ….”
“ နားလည်ပြီ …”
ချိန်ချန်းရုံ၏ အမိန့်ကို လက်ခံရရှိသည်တွင် ဟဲရစ် တုံ့ပြန်လိုက်၏။ ယခင်ကကဲ့သို့ ရန်လိုကြမ်းကြုတ်ခြင်းမျိုး မရှိတော့ပေ။
သူတို့ မသတ်လည်းဘဲ လင်းရီက သူ့အလိုလို သေသွားတော့မည် ဖြစ်ရာ အချိန်ဆွဲထားရုံနှင့် လုံလောက်ပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေ ဆေးက တစ်လက်တည်းသာ ရှိ၏။ ကျန် ဆေးနှစ်လက်ကို အချိန်တိုအတွင်း မရရှိနိုင်ဘူးဆိုပါက လင်းရီ သေသွားခဲ့မည်မှာ အချိန်တစ်ခုသာ လိုသည်။
သူတို့ဘက်က စောင့်ဆိုင်းဖို့သာ လိုအပ်၏။
သို့သော် လီချန်ရှန်းမှာတော့ အလွန်အမင်း တည်ကြည်လေးနက်နေပုံပေါ်သည်။
ဟဲရစ်နှင့် မတူညီဘဲ လီချန်ရှန်းက ပို၍ စိတ်လိုက်မာန်ပါ ပြုမူလေ့ရှိပြီး လင်းရီနှင့် တိုက်ခိုက်ကာ စီအဆင့် သွေးရည်ကြည်၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။
“ ငါ့အလောင်းကို လိုချင်နေတယ်ပေါ့ .. မဖြစ်နိုင်ဘူး …”
ပြောဆိုပြီးသည်နှင့် လင်းရီသည် လီချန်ရှန်းကို စတင်တိုက်ခိုက်လာခဲ့သည်။
သူ၏ လှုပ်ရှားမှုက နဂိုကထက် အဆပေါင်းများစွာ လျင်မြန်နေပြီး လီချန်ရှန်းမှာ တုံ့ပြန်ရုံမျှသာ တုံ့ပြန်နိုင်လေသည်။
“ မင်းကိုယ်မင်း စီ အဆင့် သွေးရည်ကြည် ထိုးလိုက်တာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီ ထင်နေတယ်ပေါ့ ….”
သူ့ဘက်က မရှောင်တိမ်းနိုင်သည်ကို မြင်တော့ လီချန်ရှန်း တန်ပြန် တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
တစ်မီတာအကွာမျှသာ လိုအပ်တော့သည့် အချိန်၌ လင်းရီသည် လေထဲသို့ ခုန်တက်လိုက်ပြီး အေးစက်စွာ ဆိုလိုက်၏။
“ သေဖို့ ပြင်ထားလိုက်တော့ …”