← Chapters

ကျီချင်းရန်၏ ပံ့ပိုးကူညီပေးမှု

Vol. 131 Ch. 1956

ကျီချင်းရန်၏ ပံ့ပိုးကူညီပေးမှု

Vol. 131 Ch. 1956

လင်းရီ၏ စကားလုံးတို့ လေထဲ ကွယ်ပျောက်သွားသည်နှင့် သူ့ဒူးနှစ်ဖက်ကို ကွေးညွှတ်လိုက်ကာ ပင်စည်ကိုပင် ထုတ်ချင်းပေါက်နိုင်လောက်သည့် ချွန်ထက်သည့် လက်နက်တစ်ခု အသွင်သို့ ကူးပြောင်းသွားခဲ့သည်။ ပြီးနောက် ဒူးနှစ်ဖက်က လီချန်ရှန်း၏ ရင်ဘက်သို့ အရှိန်ပြင်းစွာ ကျဆင်းသွားခဲ့သည်။

သို့ပေမယ့် လီချန်ရှန်းကလည်း လင်းရီ၏ တိုက်ခိုက်မှုက သူ့ထံ ကျရောက်လာမှာကို အေးဆေးထိုင်စောင့်မနေချေ။ လက်မောင်းနှစ်ဖက်ကို ရင်ဘက်ရှေ့ ကြက်ခြေခတ်ထားပြီး တန်ပြန်တိုက်ခိုက်ရန် ဟန်ပြင်နေခဲ့၏။

ဘန်း …

ခပ်အုပ်အုပ် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

အာ့ …

နာကျင်သည့် ညည်းညူသံ တစ်ခု ထုတ်လွှတ်၍ လီချန်ရှန်း ဟန်ချက်ပျက်သွားခဲ့ကာ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။

အဆိုပါ တိုက်ခိုက်မှု တစ်ခုက လီချန်ရှန်းကို ဣန္ဒြေမဆည်နိုင်လောက်သည်အထိ မျက်နှာပျက်သွားစေသည်။

စီအဆင့်သွေးရည်ကြည်ကို ထိုးသွင်းပြီးနောက်တွင် လင်းရီ၏ အဆင့်က ကြီးစွာ တိုးတက်လာမည်ကို သိသော်လည်းပဲ မယုံကြည်နိုင်စရာ ကောင်းသည့် အဆင့်သို့တိုင် ရောက်ရှိနေလိမ့်မည်လို့ သူ လုံးဝ ထင်မှတ်မထားခဲ့ပါချေ။

သူ့ဘက်က အင်အားပြည့် ကာကွယ်ထားသော်လည်းပဲ အရှိန်ပြင်းသည့် ဧရာမ ထရပ်ကားကြီးက ဝင်ဆောင့်သွားသည့်နှယ် ခံစားလိုက်ရသည်။

ဘေးမှ ခွဲခြမ်းစိတ်ဖြာနေသည့် ဟဲရစ်မှာတော့ မူမမှန်သည့် တစ်စုံတစ်ရာကို သတိပြုမိလိုက်၏။ စီအဆင့် သွေးရည်ကြည်ကို ထိုးသွင်းပြီးနောက်တွင် လင်းရီ၏ အစွမ်းအစတို့က မယုံကြည်နိုင်စရာ ကောင်းသည့် အဆင့်သို့ ချက်ချင်း လွှားခနဲ ခုန်တက်သွားခဲ့သည်။

“ အတူတိုက်စို့ .. ငါတို့ ဒီကောင့်ကို သတ်မှရမှာ …” လီချန်ရှန်း အော်ဟစ်ကြွေးကြော်လိုက်ပြီး “ ဒီကောင့်ကို အခုချိန် မသတ်ဘူးဆိုရင် သူ့လူတွေနဲ့ အတူ ထွက်ပြေးသွားလိမ့်မယ်… ဖြုန်းနေဖို့ အချိန်မရှိဘူး …”

ဟဲရစ်လည်း လီချန်ရှန်းနှင့် အတွေးတူနေခဲ့၏။

ယခုအခြေအနေသို့တိုင် ရောက်လာခဲ့ပြီးမှတော့ နောက်ပြန်လှည့်စရာ အကြောင်းမရှိတော့ချေ။

ဟဲရစ် တိုက်ပွဲဝင်မည့် ကိုယ်ဟန်အား အသက်သွင်းလိုက်ပြီး လီချန်ရှန်းလည်း အလားတူ ပြုမူလိုက်သည်။ ထို့နောက် နှစ်ဦးလုံး လင်းရီထံသို့ ပြိုင်တူ ချီတက်လာသည်။

သို့သော် လင်းရီ၏ မျက်နှာထက်၌ သွေးဆာရက်စက်ပြီး ကျီစယ်ကစားလိုသည့် အပြုံးတစ်ခု ဖြစ်ပေါ်နေကာ ပရေရီ မြက်ခင်းပြင်ရှိ သားကောင်အား ဝေဟင်မှ ကြည့်ရှုနေသည့် လင်းတတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

နှစ်ဦးလုံး ပြိုင်တူ လှုပ်ရှားလာသည့်တိုင် လင်းရီ၏ ပစ်မှတ်က လီချန်ရှန်းထံ၌သာ စွဲမြဲနေခဲ့သည်။

လီချန်ရှန်းက ဟဲရစ်ကဲ့သို့ မသန်မာသဖြင့် တစ်ဦးပြီး တစ်ဦး မည်သို့ ဖြုတ်ရမလဲဆိုတာကို လင်းရီ နားလည်သည်။

လင်းရီ ခြေထောက်ကွေး၍ ကြမ်းပြင်သို့ အဟုန်ပြင်းစွာ ခြေဆောင့်လိုက်သည်။

ပြင်းထန်သည့် တွန်းအားတစ်ခုက လင်းရီကို ရှေ့သို့ ချက်ချင်း ခုန်တက်သွားစေခဲ့ပြီး လီချန်ရှန်းနှင့် တစ်ဖန် မျက်နှာချင်းဆိုင်လျက်သား ဖြစ်သွားစေခဲ့လေသည်။

ဘန်း ဘန်း ဘန်း …

လီချန်ရှန်းလည်း ခွန်အားကို မထိမ်ချန်ထားဝံ့ကာ အားကုန်သုံး၍ သူ၏ ကိုယ်ပိုင် တိုက်ခိုက်မှုများဖြင့် ပြန်လည် တိုက်ခိုက်နေလျက် ရှိ၏။

တိုတောင်းသည့် စက္ကန့်ပိုင်း အတွင်းလေးမှာပင် နှစ်ဦးမှာ ဒါဇင်ချီသည့် အဆမတန် ပြင်းထန်သည့် အင်အားကြီး တိုက်ကွက်တို့အား ဖလှယ်ပြီး ဖြစ်ပြီး မည်သူ့ဘက်ကမျှ လက်ရည်သာနေခြင်း မရှိသေးချေ။

သို့သော် ထိုအချိန်မှာပဲ ဟဲရစ်၏ ကူညီမှုက ချိန်ကိုက်သား ရောက်ရှိလာခဲ့ကာ ဘေးဘက်မှနေ၍ လင်းရီထံသို့ ဝင်ရောက် တိုက်ခိုက်လာခဲ့သည်။

ထိုသို့ ဖြစ်လာမည်ကို လင်းရီ ကြိုတင် မျှော်လင့်ထားခဲ့ပြီး ဖြစ်လေသည်။

ခါးနောက်ကျောသို့ လက်ရောက်ရှိသွားခဲ့ကာ သူ၏ ကာကွယ်ရေး ဓားမြောင်ကို လင်းရီ ဆွဲထုတ်လာခဲ့၏။

ဓားမြောင်က လေထုထဲသို့ လခြမ်းကွေးသဏ္ဌာန် ဆွဲရစ်သွားခဲ့ပြီး အန္တရာယ်ရှိသည့် အရှိန်အဝါတို့အား ထုတ်လွှတ်လာနေသည်။

စကေဘာကို ဆုံးရှုံးပြီးသည့်တိုင် လင်းရီထံတွင် အခြား လက်နက် တစ်ခု ရှိမည်ကို မမျှော်လင့်ထားသည့်အတွက် ဟဲရစ် သတိလက်လွတ်ဖြစ်သွားခဲ့၏။

အန္တရာယ်ကို အာရုံခံစားမိသည်နှင့် ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လာခဲ့ကာ ဟဲရစ် ချက်ချင်း နောက်ဆုတ်သွားပြီး လင်းရီကို ဖိအားလျော့နည်းသွားစေသည်။

“ ကောင်လေး … မင်းရဲ့ အားနည်းချက်ကို ဖွင့်မပြသင့်ဘူး … စီအဆင့် သွေးရည်ကြည်ကို သုံးထားရင်တောင် ဒီနေ့ ငါ့လက်ထဲမှာ မင်းသေရမှာပဲ …”

လီချန်ရှန်း နှာခေါင်းရှုံ့လိုက်ပြီး ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လင်းရီ၏ ဝမ်းဗိုက်သို့ ပစ်သွင်းလိုက်သည်။

လင်းရီ မရှောင်တိမ်းသကဲ့သို့ ရှောင်တိမ်းလို့လည်း မမှီခဲ့ချေ။

လီချန်ရှန်း ပြောသွားခဲ့သည့်အတိုင်း ဟဲရစ်၏ တိုက်ခိုက်လာမှုကို ကာကွယ်ရန်အတွက် သူ့ဘက်က အားနည်းချက်ကို ဖော်ထုတ်ပြခဲ့မိလေသည်။

ဘန်း …

လီချန်ရှန်း၏ လက်သီးက လင်းရီ၏ ဝမ်းဗိုက်နှင့် အရှိန်ပြင်းစွာ ထိတွေ့သွားခဲ့သည်။

လင်းရီမှာ နေရာ၌သာ မလှုပ်မယှက် ရပ်နေပြီး တုတ်တုတ် လှုပ်မသွားခဲ့ချေ။

“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

လီချန်ရှန်း ကြက်သေသေသွားခဲ့၏။ ယခုလေးတင် နောက်သို့ ဆုတ်သွားခဲ့သည့် ဟဲရစ်သည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေမိသည်။

လီချန်ရှန်း၏ ထိုးနှက်မှုကို ခံယူပြီးသည့်တိုင် လင်းရီမှာ မည်သို့မျှ မနေဘဲ ရှိနေလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့ပါချေ။

“ မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းပြီး ငါ့ကို အထင်သေးလွန်းနေတာပဲ …” လင်းရီ နှာမှုတ်လိုက်ပြီး “ တစ်ခါတစ်လေမှာ ရန်သူရဲ့ အားနည်းချက်ကလည်း ကိုယ့်ရဲ့ အားနည်းချက် ဖြစ်နေတတ်တယ်…”

လင်းရီ၏ စကားကို ကြားတော့ လီချန်ရှန်း ကွက်ခနဲ မျက်နှာပျက်သွားခဲ့သည်။

လင်းရီ ဘာပြောနေလဲဆိုတာကို သူ နားလည်သည်။

သူ့အတိုင်းအတာကနေ ပြောနိုင်သည်ကတော့ ဤလက်သီးချက်ဖြင့် ထိုးနှက်ခံရမည်ဆိုပါက လင်းရီ သေသွားမည်မှာ ကျိန်းသေပေါက်ပင်။ ထို့ကြောင့် တိုက်ခိုက်စဉ်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ကိစ္စကို ထည့်သွင်း မစဉ်းစားမိခဲ့ချေ။

ထင်မှတ်မထားစွာဖြင့် လင်းရီမှာ သူ၏ လက်သီးချက်ကို ခံယူပြီးသည့်တိုင် အကောင်းပကတိ ရှိနေခဲ့သည်။

အခြားတစ်ဖက်တွင်တော့ သူ၏ ခုခံကာကွယ်မှု၌ အားနည်းချက်ကို လှစ်ဟာပြထားမိလေသည်။

ဇွပ် ဇွပ် …

ကာကွယ်ရေး ဓားမြောင်ကို လက်ထဲ ကျင်လည်စွာ ကိုင်ပြီး လီချန်ရှန်း၏ ရင်ဘက်သို့ လင်းရီ နှစ်ချက်ဆင့်ထိုးလိုက်၏။

လီချန်ရှန်း၏ ဇာတ်လမ်းလည်း ဤတွင် အဆုံးသတ်ချေပြီ။

“ မင်း ငိုးမသား ….”

လီချန်ရှန်း အသက်သေဆုံးသွားခဲ့သည်ကို မြင်တော့ ဟဲရစ် ဒေါသတကြီး ကျိန်ဆဲကာ လင်းရီထံသို့ မာန်ဟုန်အပြည့်သွင်း၍ တိုးဝင်လာခဲ့သည်။

“ သူ့ကို .. သတ် …”

သေခါနီး နောက်ဆုံး အချိန်ထိတိုင် လီချန်ရှန်းသည် ကိုယ့်ကံကြမ္မာကိုယ် လက်သင့်မခံနိုင်ခဲ့ချေ။ ထိုအစား သူ၏ ကျန်ရှိဆဲ ခွန်အားများအားလုံး ဖျစ်ညှစ်၍ လင်းရီ၏ လက်ကို တင်းကြပ်စွာ ဖက်တွယ်ထားသည်။

တစ်ဖက်သူ၏ လှုပ်ရှားမှုကို နှောင့်ယှက်ပြီး ဟဲရစ်အတွက် အခွင့်အရေး တစ်ခု ဖန်တီးပေးနိုင်ရန်အတွက် သူ့ဘက်က အကောင်းဆုံး ကြိုးစားထားခဲ့၏။

“ ငါ -ိုးပဲ ….”

လင်းရီ ကျိန်ဆဲလိုက်သည်။ ယခုလို အခြေအနေမျိုး၌ အမှားသေးသေးလေးကပင် အခြေအနေတစ်ရပ်လုံးအား မှောက်လှန်ပစ်နိုင်သည်အထိ ဖြစ်သွားစေနိုင်လေသည်။

ထို့ပြင် ယခု လီချန်းရှန်၏ အသေခံ ထိန်းချုပ်ထားမှုအောက်တွင် သူ့မှာ လှုပ်ရှားရ ခက်ခဲနေခဲ့ကာ ဘေးကြပ်နံကြပ် အခြေအနေသို့ ကျရောက်နေပေတော့သည်။

“ ငါ မင်းကို သတ်မယ်…”

ဟဲရစ် အလွန်လျင်မြန်စွာ လှုပ်ရှားလာခဲ့ပြီး လင်းရီထံသို့ အလင်းအမြန်နှုန်းဖြင့်‌ ရောက်ရှိလာသည်။

ဘန်း …

ထို အချိန်မှာပဲ သေနတ်သံ တစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

ယင်းက အခန်းတစ်ခုလုံကို တစ်ဖန် ငြိမ်သက်သွားစေပြန်လေသည်။

လင်းရီ လှည့်ကြည့်လိုက်တော့ ကျီချင်းရန်က သေနတ်ကို ကိုင်ထားပြီး ခလုတ်စွာကာ ဟဲရစ်အား ပစ်ခတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဤမြင်ကွင်းက လူတိုင်း မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့၏။

ဟဲရစ်ကိုယ်တိုင်လည်း ထိုသို့ ဖြစ်လာလိမ့်မည်ကို မျှော်လင့်ထားခဲ့ခြင်း မရှိခဲ့ပေ။

ကျီချင်းရန်၏ လက်မှာ တရစပ် တုန်ယင်နေခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာတစ်ခုက မျက်နှာထက် ထွက်ပေါ်လာသည်။

စက္ကန့်အနည်းငယ် ကြာမြင့်ပြီးသည့်တိုင် သူမမှာ အသိစိတ် ပြန်မဝင်လာခဲ့သေးချေ။

သို့သော် အဆိုပါ ပစ်ချက်က ဟဲရစ်၏ အသက်ကို နှုတ်ယူသွားရန်မှာကတော့ ဝေးကွာနေခဲ့ဆဲပင်။

ဦးစွာအနေဖြင့် သူက စီအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး သူ့ခန္ဓာကိုယ် အင်အားကသာမန်လူတို့ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်နေသည်။

ဒုတိယ အနေဖြင့် ကျီချင်းရန်မှာ ဟဲရစ်ကို ချိန်ရွယ်စဉ်၌ စိုးရိမ်ကြောင့်ကြမှုကြောင့် လက်တို့ တုန်ယင်နေခဲ့ပြီး ရင်ဘက်သို့ ချိန်ရွယ်လင့်ကစား စိုးထိတ်မှုကြောင့် ပခုံးသို့သာ ထိမှန်သွားခဲ့သည်။

ဝှစ် …

လင်းရီသည် လီချန်ရှန်းကို ကန်ထုတ်လိုက်သည်။ ယခု အချိန်၌ ထိုလူက သူ့အတွက် ခြိမ်းခြောက်မှု တစ်ရပ် မဟုတ်တော့ချေ။

အခြေအနေနှင့် လျင်မြန်စွာ အလိုက်သင့် စီးမျှောလိုက်ပြီး လေထဲသို့ ခုန်တက်ကာ ဟဲရစ်၏ ဦးခေါင်းသို့ အရှိန်ပြင်းစွာ ကန်ကျောက်လိုက်၏။

သေနတ်ဒဏ်ရာက ဟဲရစ်၏ အသက်ကို မနှုတ်ယူနိုင်ခဲ့သော်လည်းပဲ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းအပေါ်သို့ သက်ရောက်မှု ရှိလေသည်။

ဟဲရစ် တစ်ကိုယ်လုံး လည်ထွက်သွားခဲ့ပြီး တစ်ဖက်သို့ လွင့်စင်သွားခဲ့သည်။

ထိုမျှနှင့် လင်းရီ မရပ်တန့်သေး။ အသာစီး ရနေသည့် အခြေအနေကိုအခွင့်ကောင်းယူကာ ဟဲရစ်ထံ ထပ်မံ ချီတက်လာပြန်သည်။

ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ တစ်ဖက်သူ၏ ရင်ဘက်သို့ ထိုးစိုက်လိုက်၏။

“ သေလိုက်တော့ …”

ဟဲရစ် သူ့ကို မျက်ဝန်းပြူးကျယ်စွာ ငေးကြည့်ရင်း နောက်ဆုံး၌ အသက်ထွက်သွားခဲ့၏။

မိန်းမတစ်ယောက်ကြောင့် သူ့ အသက်သေဆုံးသွားခဲ့ရသည်ကတော့ သူ မသေခင် ရရှိလိုက်သည့် နောင်တတစ်ခုပင်။

“ ငါ မင်းကို သတ်မယ်ကွ … “

ဟဲရစ်နှင့် လီချန်ရှန်းတို့ နှစ်ဦးလုံး လင်းရီလက်ထဲတွင် သေဆုံးသွားခဲ့သည်ကို မြင်လိုက်ရတော့ တံခါးပေါင် အပြင်ဘက်၌ ခန်ဂျိနာခါတာတို့နှင့် ရင်ဆိုင် ထိပ်တိုက်တွေ့နေသည့် ချိန်ချန်းရုံသည် သွေးရူးသွေးတမ်း ဖြစ်သွားခဲ့သည်။

“ သတ် … နှစ်ယောက်လုံးကို သတ်….”

အခြေအနေက ချိန်ချန်းရုံ၏ အသိစိတ် အလုံးစုံကို ဆုံးရှုံးသွားစေခဲ့ပြီး သူ့ လက်အောက်ငယ်သားများအား လင်းရီတို့ နှစ်ဦးထံ ပစ်ခတ်ဖို့ အမိန့်ပေးလို်က၏။

ဘန်း ဘန်း ဘန်း ဘန်း …

သေနတ် ပစ်ခတ်သံ အတွဲလိုက် ထွက်ပေါ်လာခဲ့ပြီး နီဝါရောင် မီးတောက်တို့က လွတ်မြောက်ရန် ခက်ခဲသည့် ကွန်တစ်ခုနှယ် လင်းရီထံသို့ တိုးဝင်လာသည်။

သို့သော် လင်းရီဘက်က ကြိုတင်၍ လှုပ်ရှားထားခဲ့ပြီး ဖြစ်၏။ ကျီချင်းရန်ထံသို့ အလျင်အမြန် ရောက်ရှိသွားခဲ့ပြီး သူမကို ခန္ဓာကိုယ်အနောက်သို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် ကုတင်ကို ဆွဲလှန်၍ ကျည်ကာအဖြစ် အသုံးပြုလိုက်လေသည်။

ထိုအချိန်တွင် ခန်ဂျိနာခါတာ၏ အကူတပ်ဖွဲ့များက အချိန်မီ ရောက်လာခဲ့ပြီး ချန်ချန်းရုံကို ချက်ချင်း ဖိနှိပ်လိုက်ကာ လင်းရီတို့နှစ်ဦးအား အသက်ရှူချောင်သွားစေခဲ့သည်။

“ မစ္စတာချိန် … ငါတို့ သူ့ကို ထပ်ပြီး ပစ်ခတ်နေမယ်ဆိုရင် ဒီမှာတင် အကုန်သေကုန်လိမ့်မယ်.. ထိပ်တိုက် ရင်ဆိုင်လို့ လုံးဝ မဖြစ်တော့ဘူး …”

All Chapters