သူဘာကို ထိုးသွင်းခဲ့တာလဲ
Vol. 131 Ch. 1958
“ ဒါဆိုလည်း ခြောက်လုံးသုံးကြတာပေါ့ …”
လီချူးဟန်၏ အကြည့်က လင်းရီထံပါးကနေ တစ်ချက်လေးမျှ တိမ်းစောင်းသွားခဲ့ခြင်း မရှိပေ။ “ သူ့သွေးကြောတွေအပေါ်မှာ သက်ရောက်နေတဲ့ မတူညီတဲ့ သွေးဖိအားတွေကို လျှော့ချဖို့ ကိုယ်ခန္ဓာပြင်ပ သွေးလည်ပတ်စက် ခြောက်လုံး သုံးဖို့ လိုမယ်… ဒါက အသက်အန္တရာယ် ဖြစ်လာနိုင်မယ့် အရေးကို သိသိသာသာ လျှော့ချေပေးနိုင်မှာပဲ …”
သူမ၏ ချဉ်းကပ်နည်းလမ်းက ရှိနေသည့် လူတိုင်းကို ရှော့ခ်ရသွားစေခဲ့သည်။
လီချူးဟန်မှာ ဟွာရှ ဆေးပညာအသိုင်းအဝိုင်း၌ နှလုံးခွဲစိတ် ကုသမှုနှင့် ပတ်သက်ပြီး နာမည်တစ်လုံးကို တည်ဆောက်ထားနိုင်ပြီးသည့်လူ ဖြစ်သည်။ သို့သော် ယနေ့ သူမ ပြောပြလာသည့် ကုသမှု အစီအစဉ်က အားလုံးကို အမှန်တကယ် မျက်စိပွင့် နားပွင့် ဖြစ်သွားစေခဲ့လေသည်။
ကိုယ်ခန္ဓာပြင်ပ သွေးလည်ပတ်စက် ခြောက်လုံးကို တစ်ချိန်တည်း တစ်ပြိုင်နက် အသုံးပြုခြင်းမှာ ဟွာရှတွင်သာမက တစ်ကမ္ဘာလုံးတွင်ပါ မည်သူကမျှ တစ်ခါမှ မကြိုးစားကြည့်ဖူးသေးသည့် နည်းလမ်းတစ်ခု ဖြစ်၏။
“ အလုပ်ဖြစ်မယ်ဆိုတာ မင်း သေချာလို့လား …” မြောင်ကောင်ဖုန်း မေးမြန်းလာခဲ့သည်။
လီချူးဟန်၏ အမူအရာမှာ လေးလေးနက်နက် ဖြစ်နေခဲ့ပြီး ချမှတ်ရခက်ခဲသည့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ပြုလုပ်နေသည့်နှယ် ရှိ၏။ “ ကျွန်မ သူ့အသက်နဲ့တော့ မကစားဘူး…..”
လီချူးဟန်၏ ကုသမှု အစီအစဉ်ကို သဘောတူ ထောက်ခံသည့်နှယ် အခြားကျန်သည့် ဆရာဝန်များကလည်း နှုတ်ဆိတ်နေခဲ့ကြကာ မည်သည့် ကန့်ကွက်စကားကိုမျှ မဆိုလာခဲ့ကြချေ။
အကယ်၍ ဘာမျှမလုပ်ဘဲ ယခုလိုမျိုး စောင့်ကြည့်နေမည်ဆိုပါကလည်း လင်းရီသည် အလွန်ဆုံး တောင့်ခံနိုင်လှ နာရီအနည်းငယ်ပင်။
အခြားသော အလားအလာရှိသည့် မည်သည့် နည်းလမ်းတစ်စုံတစ်ရာမျှလည်း သူတို့တွင် ရှိမနေလေရာ လီချူးဟန်၏ ကုသမှုနည်းလမ်းကို ကြိုးစားကြည့်ဖို့ ထိုက်တန်လေသည်။
“ ကန့်ကွက်စရာ မရှိဘူးဆိုလည်း ဒေါက်တာလီရဲ့ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့ …” လျိုဟုန် ပြောလိုက်ပြီး “ ထပ်ပြီး အချိန်ဆွဲနေတာက ကောင်းတဲ့ ရွေးချယ်မှုတော့ မဟုတ်ဘူး …”
“ ကြိုးစားကြည့်ကြတာပေါ့ …” မြောင်ကော်ဖုန်း သဘောတူလိုက်သည်။
“ စက်တွေကို ငါစီစဉ်လိုက်မယ်… သူ့ကို ခွဲစိတ်ခန်းထဲ အရင်ပို့ထားလိုက်ကြ …”
ICU ရှိ နာ့စ်များအားလုံး ကိုယ်စီ လှုပ်ရှားလိုက်ကြပြီး လင်းရီကို အပြင်သို့ တွန်းထုတ်လာကြသည်။
ထိုစဉ် ICU အပြင်ဘက်၌ နင်ချဲ့နှင့် ကျန်သည့် ကျုံးဝေ့တပ်ဖွဲ့ဝင်များအားလုံးလည်း အသီးသီး ရောက်လာခဲ့ကြလေသည်။
ကျီချင်းရန်ကို မြင်သည်တွင် လီချူးဟန်မှာ ဆေးခန်းသုံး မာ့စ်ကို အလျင်အမြန် တပ်ဆင်လိုက်၏။
လင်းရီနှင့် ကျီချင်းရန်တို့ကြား ဆက်ဆံရေးကို သူမ သိရှိထားပြီး အခြား မလိုအပ်သည့် ပြဿနာများ ထပ်ဖြစ်ခြင်းမှ ရှောင်ကြဉ်လိုသည်။
“ ခေါင်းဆောင် … သူ ဘယ်လို နေသေးလဲ ….”
နင်ချဲ့နှင့် ချိုးယွီလော့တို့ စိုးရိမ်တကြီး မေးမြန်းလာခဲ့ကြ၏။
“ အခြေအနေတော့ မဟန်ဘူး … ငါတို့ အခု အလောင်းအစား ကြီးကြီးမားမား လုပ်ထားရတယ်…” လျိုဟုန် ပြောလိုက်ပြီး “ ဒီမှာနေပြိး စောင့်နေကြ … ခွဲစိတ်မှုက ခဏနေ စတင်တော့မှာ ….”
“ မဟန်ဘူး ဟုတ်လား …..”
“ အသေးစိတ်ကိုတော့ ဒါရိုက်တာမြောင်ကပဲ ရှင်းပြလိမ့်မယ်…..” လျိုဟုန် ပြောလိုက်သည်။
မပြောဆိုမီ မြောင်ကော်ဖုန်း ခေတ္တမျှ တုံ့ဆိုင်းမိနေသည်။
“ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း လုပ်ဆောင်ချက်တွေအပြင် သေနတ် ဒဏ်ရာ သုံးချက်လည်း ရထားသေးတယ်… ဒါပေမယ့် အဲ့တာတွေက အသက်အန္တရာယ်တော့ မရှိပါဘူး .. ငါတို့ဘက်က အရင်ဆုံး သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကို တည်ငြိမ်အောင် လုပ်ဖို့ လိုအပ်တယ်….”
“ သေနတ်ဒဏ်ရာတွေ ….”
သူတို့ထဲတွင် မည်သူကမျှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မဟုတ်ကြသဖြင့် ပုံမှန်မဟုတ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း လုပ်ဆောင်မှုဟူသည့် စကား၏ အနက်အဓိပ္ပာယ်ကို ဆုပ်ကိုင်နိုင်ကြခြင်း မရှိချေ။
သို့သော် သေနတ်ဒဏ်ရာများအကြောင်း ပြောဆိုလာသည်တွင်တော့ လူတိုင်း အထိတ်တလန့် ဖြစ်သွားခဲ့ကြလေသည်။
ကျီချင်းရန်မှာ ကြမ်းပြင်သို့ လဲကျ မေ့မြောလုနီးပါး ဖြစ်သွားခဲ့ပြီး ဟော်ယွမ်ယွမ်၏ ဖေးမပေးထားမှုဖြင့် အနိုင်အနိုင် မတ်တပ်ရပ်နေရသည်။
“ ဒေါက်တာတို့ … ကျေးဇူးပြုပြီး … ရှင်တို့ သူ့ကို ရအောင် ကယ်ပေးကြပါ … ပိုက်ဆံ ဘယ်လောက်ပဲ ကုန်ကုန် ကျွန်မ ပေးပါ့မယ်….” ကျီချင်းရန် တောင်းပန်လိုက်၏။
“ အခုက ပိုက်ဆံ ကိစ္စကြောင့် မဟုတ်ဘူး … အခြေအနေကိုက ရှုပ်ထွေးနေတာ .. ဒါပေမယ့် ဒီမှာ ရှိနေတဲ့ ဒေါက်တာတွေ အကုန်လုံးက ဟွာရှရဲ့ အကောင်းဆုံး ဒေါက်တာတွေချည်းပါပဲ .. သူတို့ကို ယုံကြည်ထားလိုက် ….”
“ လင်းရီ အခုလိုမျိုး ဖြစ်ရတာ ရှင့်ကြောင့် ….”
ကျီချင်းရန်၏ စိတ်ခံစားချက်က ရုတ်ချည်း ပြင်းထန်လာခဲ့ကာ သူမအား ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားစေသည်။
“ ရှင့်အတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ရင် သူ ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး … အခုကစပြီး သူနဲ့ ဝေးဝေးနေ … သူနဲ့ ရှင်နဲ့ ဘာမှ မဆိုင်တော့ဘူး ….”
“ အစ်မကျီ … စိတ်ငြိမ်ငြိမ်ထားဦးလေ… အခုက အဲ့ဒီအကြောင်းတွေ ပြောနေရမယ့် အချိန် မဟုတ်သေးဘူးလေ….” ဟော်ယွမ်ယွမ် သူမအား နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်သည်။
သူမတို့ အရှေ့ရှိ ဤလူက ဟွာရှတစ်ခွင်လုံးတွင်ပင် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကို ဟော်ယွမ်ယွမ် သိရှိထားသည်။
သူမရဲ့ အစ်မကျီက သာမန် စီးပွားရေး သမားလေး တစ်ယောက်မျှသာ ဖြစ်ပြီး သူမ၏ အဆင့်အတန်းနှင့် အထောက်အထားက ရှေ့ရှိ ဤလူနှင့် မည်သို့မျှ ယှဉ်သာနိုင်ခြင်း မရှိပေ။
ကျီချင်းရန်၏ ယိုးစွပ်မှုနှင့် ရင်ဆိုင်လိုက်ရသည်တွင် လျိုဟုန်နှင့် ကျုံးဝေ့တပ်ဖွဲ့ဝင်များအားလုံး တိတ်တဆိတ် ခေါင်းငုံ့သွားခဲ့ကြ၏။
“ ကျုပ်တို့လည်း ဒီလိုမျိုးတွေ မဖြစ်စေချင်ပါဘူး .. ဟွာရှက သူ အကျိုးဆောင်ပေးခဲ့တာတွေကို ဘယ်တော့မှ မေ့လျော့သွားမှာ မဟုတ်ပါဘူး ….”
“ ကျွန်မ ကြားချင်တာ ဒါတွေ မဟုတ်ဘူး .. လင်းရီကို ကျွန်မဆီပဲ ပြန်ခေါ်ပေး … ပြီးရင် ရှင်တို့တွေ တစ်သက်လုံး သူ့ကို မဆက်သွယ်နဲ့တော့ ….”
ကျီချင်းရန် အသိစိတ်ကင်းလွတ်စွာဖြင့် အော်ဟစ် ကြိမ်းမောင်းလိုက်သည်။ “ ပြီးတော့ တစ်ခါတည်း ပြောလိုက်မယ်… နောင်ကျ ဒီလို ကိစ္စမျိုးတွေ ရှိလာခဲ့ရင် ရှင့်ဘာရှင် ရှာချင်တဲ့လူကိုရှာ … လင်းရီကို ရှင်နဲ့ ထပ်ပြီး ပတ်သက်ခွင့် မပြုတော့ဘူး ….”
“ ဥက္ကဌကျီ….”
ဟော်ယွမ်ယွမ်နှင့် ကောင်းကျုံးယွမ်တို့ ရှေ့သို့ တက်လာပြီး သူမကို အနောက်သို့ ပြန်ဆွဲခေါ်သွားခဲ့ကြသည်။ ချင်းဟန်နှင့် လျန်ကျင်းမင်တို့ လျိုဟုန်ထံ ရောက်လာခဲ့ကြပြီး “ သူက နည်းနည်းလေး စိတ်ခံစားချက် ပြင်းထန်သွားလို့ပါ … သူ့စကားတွေကို ဗွေမယူပါနဲ့ … ဒေါသကြောင့်မို့ တခဏလောက် ဘာမှ မစဉ်းစားနိုင်ဘူး ဖြစ်သွားတယ်…”
“ ငါ နားလည်တယ်….” လျိုဟုန် ခါးသီးစွာ ပြုံးလိုက်ပြီး “ ဒီအတွက် ငါတို့မှာလည်း အပြည့်အဝ တာဝန်ရှိတယ်… လင်းရီ ဒီလိုမျိုးလုပ်ဖို့ တကယ်ကြီး မလိုအပ်တာ …”
“ နားလည်ပေးလို့ ကျေးဇူးပါပဲ … ဒေါက်တာတွေကို အရင်ဆုံး ခွဲစိတ်ခိုင်းကြတာပေါ့ … ပြီးရင် အခြေအနေ ဘယ်လိုလဲ စောင့်ကြည့်ကြတာပေါ့ ….”
“ အင်း …”
ထို့နောက် လင်းရီမှာ ခွဲစိတ်ခန်းထဲသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။ ကျီချင်းရန်နှင့် ကျုံးဝေ့တပ်ဖွဲ့ဝင်များမှာ နှစ်အုပ်စုခွဲ၍ မတူကွဲပြားသည့် ဧရိယာကိုယ်စီတွင် မတ်တပ်ရပ်လျက် ခွဲစိတ်ခန်း ရလဒ်ကို စိုးရိမ်ကြောင့်ကြစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြလေသည်။
ခွဲစိတ်ခန်းထဲတွင် လင်းရီကို ခွဲစိတ်ခန်း ကုတင်ပေါ်သို့ တင်ထားပြီး ကိုယ်ခန္ဓာပြင်ပ သွေးလည်ပတ်မှုစက် ခြောက်ခုလုံး အဆင်သင့် နေရာချထားပြီး ဖြစ်သည်။
၎င်းတို့အပြင် အရံ စက် ၃ လုံးလည်း ထားရှိထားပြီး ၎င်းတို့အားလုံးက ဟွာရှန်း ဆေးရုံ၏ အရင်းအမြစ် အလုံးစုံပင်။
လီချူးဟန် အပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ခြောက်ဦးက စက်များကို လင်ရီ၏ သွေးလွှတ်ကြောများသို့ အသီးသီး ဆက်သွယ်လိုက်ကြ၏။
နာနိုစကုပ်ပစ် စစ်ထုတ်ခြင်း စနစ်ကို စက်တွင် တပ်ဆင်ထားခဲ့၏။ ၎င်းတို့၏ အကျိုးသက်ရောက်မှုက မည်သို့ ရှိမည်ကို မရေရာသော်လည်းပဲ ကြိုးစားကြည့်ရန် ထိုက်တန်နေခဲ့ဆဲပင်။
စက်အားလုံးကို အသက်သွင်းလိုက်သည်နှင့် ဖောက်ထွင်းမြင်နေရသည့် ပိုက်ပြွန်ထဲသို့ သွေးများက ရေပန်းသဖွယ် ပန်းထွက် မြင့်တက်လာခဲ့ပြီး မယုံကြည်နိုင်ဖွယ်ရာ အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပြွန်တစ်ခုလုံး ပြည့်နှက်သွားခဲ့တော့၏။
ဤမြင်ကွင်းက ရှိနေကြသည့် လူတိုင်းကို ရှော့ခ်ရသွားစေခဲ့သည်။ သူတို့၏ ဆေးကုသမှု သက်တမ်းတစ်လျှောက်လုံးတွင် ဤသို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။
သူတို့ နားလည်ထားသည့် အသိဖြင့်ဆိုပါက ထိုကဲ့သို့သော အလွန်အမင်း ပြင်းထန်သည့် ခန္ဓာကိုယ်လုပ်ဆောင်မှု လက္ခဏာရပ်များ ဖြစ်ပေါ်နေသည့် လူတစ်ယောက်သည် သွေးကြောများ ပေါက်ပြဲသည့် ဆိုးကျိုးကို ခံစားရပြီး အချိန်အတော်ကြာကတည်းက သေသွားခဲ့သင့်ပြီး ဖြစ်၏။
သို့တိုင် လင်းရီမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အသက်ရှင်နေဆဲ ဖြစ်လေသည်။
“ မြန်မြန် …. ကျန်တဲ့ စက်သုံးလုံးနဲ့ ချိတ်ဆက်လိုက် … သွေးစီးဆင်းမှု အမြန်နှုန်းက အရမ်းမြင့်နေတယ်….” လီချူးဟန် အော်ဟစ်လိုက်ပြီး “ သွေးလည်ပတ်တဲ့ အချိန်ကို တိုးမြင့်နိုင်အောင် ပြွန်ပိုက်တွေကိုလည်း ချဲ့လိုက် …”
လီချူးဟန်ညွှန်ကြားသည့်အတိုင်း ခွဲစိတ်ခန်းထဲရှိ နာ့စ်များက အရံဆောင်ထားသည့် ကိုယ်ခန္ဓာပြင်ပ သွေးလည်ပတ်မှုစက်သုံးလုံးကို အလျင်အမြန် ပြင်ဆင်၍ လင်းရီ၏ သွေးလွှတ်ကြော သွေးကြောများထံ နေရာသုံးနေရာကျော်သို့ ဆက်သွယ်လိုက်သည်။
“ သွေးဖိအားက ၁၈၄ ကို ကျဆင်းသွားပြီ …”
“ နှလုံးခုန်နှုန်းကလည်း ၂၈၇ မှာ ….”
ကိုယ်ခန္ဓာပြင်ပ သွေးလည်ပတ်မှုစက် ကိုးလုံးက ဆက်တိုက် လည်ပတ်နေသည့်တိုင် အကျိုးသက်ရောက်မှုက ပြောပလောက်သည်မရှိလောက်အောင် သေးငယ်လွန်းလှသည်။
လီချူးဟန်သည် တစ်ဖက်သို့လှည့်ပြီး ဘီတာ ဘလော့ကာ ဆေးကို ထုတ်ယူလာ၍ သွေးလည်ပတ်မှု စက်မှတစ်ဆင့် လင်းရီ၏ သွေးစီးကြောင်းထဲသို့ ထိုးသွင်းလိုက်၏။
( ဘီတာ ဘလော့ကာ - သူက နှလုံးခုန်နှုန်းလျော့ချစေပြီး သွေးဖိအား ကျစေတဲ့ ဆေးတစ်မျိုးပါ)
မိနစ် အနည်းငယ်ကြာပြီးသည့်နောက် လင်းရီ၏ ပုံမှန်မဟုတ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်း လုပ်ဆောင်မှု လက္ခဏာရပ်များက အနည်းငယ် လျော့ကျလာသည့် အရိပ်အယောင်တို့ ပြသလာသော်လည်းပဲ စိတ်ချရလောက်သည်အထိတော့ မဟုတ်သေးချေ။
လက်ရှိ အနေအထား၌ ယင်းက သမုဒ္ဒရာထဲမှ ရေစက်လေး တစ်စက်နှင့်တူပြီး ခြားနားသည်ဟု ပြောဆိုရန်ပင် ခဲယဉ်းလှသည်။
လီချူးဟန်သည် အခြား တူညီသည့် ဆေးတစ်လက်ကို ထိုးသွင်းရန် ညွှန်ကြားလိုက်၏။
သို့သော်လည်း ထွက်ပေါ်လာသည့် ရလဒ်က စိတ်ကျေနပ်စရာ မကောင်းနေဆဲပင်။
နောက်ဆုံး၌ လင်းရီ၏ သွေးဖိအားက ၁၇၉ နှင့် နှလုံးခုန်နှုန်းက ၁၈၂ တွင် တည်ငြိမ်သွားခဲ့ပြီး ကနေဦးတုန်းကထက် လျော့ကျသွားသော်လည်းပဲ အခြေအနေက အင်မတန် အန္တရာယ်များနေဆဲဖြစ်သည်။
အချိန်တို့ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့ပြီး နှလုံးဝန်ကို လျော့ကျစေသည့် မတူညီသည့် ဆေးအမျိုးအစား ဒါဇင်ကျော်ကို ပေးခဲ့သော်လည်း မည်သည့်တစ်ခုကမျှ အရာမထင်ခဲ့ပေ။
ခွဲစိတ်ခန်းထဲရှိ ဆရာဝန်များမှာ စတင် လက်မှိုင်ကျစ ပြုလာခဲ့၏။ မြင့်တက်နေဆဲဖြစ်သည့် သွေးဖိအားနှင့် နှလုံးခုန်နှုန်းကို လျော့ကျစေနိုင်မည့် နည်းလမ်းကို ရှာဖွေရ ခဲယဉ်းနေလေသည်။
“ သူ့ကိုယ်ထဲ ဘယ်လိုအရာတွေကို ထိုးသွင်းလိုက်တာ … ဒါကြီးကတော့ ရူးနှမ်းလွန်းတယ်…” ပြည်ထောင်စု ဆေးရုံ၏ ဒါရိုက်တာ မာရန်ပေါ်က ပြောဆိုလိုက်၏။