လျှို့ဝှက် စကားဝိုင်း
Vol. 131 Ch. 1960
ထိုအချိန်၌ လီချူးဟန်သည် အချက်ပြ ကိရိယာများ၏ အသံ ရုတ်ချည်း ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။
ခွဲစိတ်ခန်းတစ်ခုလုံးက ရုတ်ချည်းငြိမ်သက်သွားခဲ့ကာ သူမ၏ နှလုံးခုန်သံကိုပင် ပြန်လည်ကြားယောင်နေရသည်ဟု ခံစားလိုက်ရ၏။
သူမ လှည့်ကြည့်ပြီး အချက်ပြကိရိယာကို ကြည့်လိုက်တော့ လင်းရီ၏ သွေးဖိအားက ၁၆၀ သို့တိုင် ကျဆင်းသွားပြီး နှလုံးခုန်နှုန်းကလည်း ၁၃၀ သို့ လျော့ကျသွားခဲ့သည်။
ယင်းက အင်မတန် မြင့်မားနေဆဲ ဖြစ်သော်လည်း သာမန် လူတစ်ဦးတွင် ရှိနေသင့်သည့် စံနှုန်းများနှင့်တော့ အတော်လေး နီးစပ်မှု ရှိလှ၏။
လီချူးဟန် တစ်စက္ကန့်မျှကြာ ကြက်သေသေသွားခဲ့သည်။
လင်းရီ၏ အခြေအနေမှာ အဘယ်ကြောင့် ရုတ်တရက်ကြီး တည်ငြိမ်သွားရလဲဆိုတာကို သူမ နားမလည်နိုင်ချေ။
မည်သည့် ဆေးကုသမှုတို့ မရှိပါဘဲနှင့်ပင် လင်းရီ၏ အခြေအနေမှာ သူ့ခန္ဓာကိုယ်၏ အလိုအလျောက် ကုသမှုဖြင့် ပုံမှန် အခြေအနေသို့ ကျရောက်သွားခဲ့သည်။
ခေတ္တကြာ ငေးငိုင်သွားခဲ့မိပြီးနောက် လီချူးဟန် အလျင်အမြန် ထကာ လင်းရီ ခန္ဓာကိုယ်၏ အခြားသောအင်္ဂါ အစိတ်အပိုင်း လုပ်ဆောင်မှုများကို စစ်ဆေးကြည့်လိုက်ရဦ သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့သာလျှင် လျော့ကျသွားခြင်း မဟုတ်ဘဲ အသည်းနှင့် အဆုတ်၏ လုပ်ဆောင်မှုတို့သည်လည်း သာမန်အခြေအနေသို့ လျင်မြန်စွာ ကျဆင်းလာနေသည်။
ဝမ်းသာလွန်း၍ မျက်ရည်တို့ ကျဆင်းနေခဲ့ကာ လီချူးဟန် ဘာပြောလို့ ပြောရမှန်းပင် မသိတော့ချေ။
နောက်ပြုလုပ်ရမည့် တစ်ဆင့်က စက်ပစ္စည်းကိရိယာများကို ဖြည်းဖြည်းချင်း ပြန်ဖြုတ်ပြီး သူ့ကို ICU သို့ ပို့ဆောင်ကာ အခြေအနေကို စောင့်ကြည့်လေ့လာရမည် ဖြစ်သည်။
ချလပ် …
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးပွင့်လာသည့် အသံကို သူမ ကြားလိုက်ရသည်။
“ မိသားစုဝင်တွေ အထဲဝင်မလာသေးနဲ့ဦး ….” လီချူးဟန် အော်ဟစ်လိုက်ပြီး “ လင်းရီရဲ့ အခြေအနေက ပုံမှန် ပြန်ဖြစ်လာပြီ … ဒါရိုက်တာမြောင် တစ်ယောက်တည်း ဝင်လာခဲ့ …”
ဤသည်ကို ကြားတော့ ခွဲစိတ်ခန်း အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့လေသည်။
မကြာမီ မြောင်ကော်ဖုန်းနှင့် မာရန်ပေါ်တို့ အပြင်ဘက်မှ အလျင်အမြန် ရောက်ချလာခဲ့ကြသည်။
အမျိုးမျိုးသော စက်ကိရိယာပေါ်ရှိ အချက်အလက် ဒေတာများကို မြင်တော့ သူတို့မျက်နှာထက်တွင် ရွှင်မြူးသည့် အမူအရာတို့ ထွက်ပေါ်လာသည်။
ယင်းက အနည်းငယ် မြင့်မားနေသေးသော်လည်းပဲ အသက်အန္တရာယ် ကြီးကြီးမားမား စိုးရိမ်ရလောက်သည်အထိတော့ မဟုတ်သေးပေ။ သာမန်လူတစ်ဦးဆိုပါက စိုးရိမ်နိုင်ဖွယ် ရှိသော်လည်း လင်းရီမှာ ထို့ထက်မက မြင့်မားသည့် အခြေအနေ၌ပင် အသက်ရှင်သန်နိုင်ခဲ့သူ ဖြစ်လေသည်။
ဤမျှလောက်ကိုလည်း သူ့ဘက်က တောင့်ခံနိုင်မှာ သေချာသည်။
“ ဘာ … ဘာတွေ ဖြစ်နေတာလဲ … ဘာလို့ ပုံမှန် ပြန်ဖြစ်သွားခဲ့တာ ….” မြောင်ကော်ဖုန်း ပြောလိုက်ပြီး “ ဒါ လုံးဝကို ဆေးလောကရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုလို့ တင်စားဖို့ လုံလောက်တယ်…”
“ ဘာတွေ ဖြစ်သွားလဲ ကျွန်မလည်း မသိဘူး … ကျွန်မ သတိထားမိတဲ့အချိန် အချက်ပြကိရိယာတွေ အကုန်လုံး သာမန် ပြန်ဖြစ်ကုန်တာပဲ ….”
“ အဲ့လောက်ဆိုရင်ကို လုံလောက်ပြီ … လောင်မြောင် … မင်း ဘာလို့ အကြောင်းအရင်းတွေကို လိုက်ဂရုစိုက်နေတာ ….” မာရန်ပေါ် ပြောလိုက်ပြီး “ အခြေအနေက ပုံမှန်ပြန်ဖြစ်လာပြီ … ဒါကောင်းတဲ့ ကိစ္စပဲလေ….”
“ ဟုတ်တယ် ဟုတ်တယ် … အားလုံး ပုံမှန် ပြန်ဖြစ်လာတာ ကောင်းတဲ့ ကိစ္စပဲ ….”
ထို့နောက် ဒါဇင်ကျော်သည့် ဒေါက်တာများမှာ စတင်တစ်ဖန် အလုပ်များရပြန်တော့သည်။ သို့သော်လည်းပဲ သူတို့ တတ်နိုင်သည့် အရာက သိပ်များများစားစား မရှိပါချေ။ ပွင့်ပွင့်လင်းလင်း ပြောဆိုရမည်ဆိုပါက အခြား မတော်တဆမှု အခြေအနေများ ထပ်မံ မဖြစ်လာစေရေးအတွက် လင်းရီ၏ အခြေအနေကို စောင့်ကြည့်နေရုံမျှ ဖြစ်၏။
သို့သော် …… တစ်နာရီ ကြာပြီးသည့်နောက် လင်းရီကိုယ်ပေါ်တွင် တပ်ဆင်ထားသည့် အချက်ပြ ကိရိယာတို့မှာ ထပ်မံ မြင့်တက်မည့် လက္ခဏာရပ်များ မရှိတော့ဘဲ ပုံမှန် အနေအထားသို့ ဖြည်းဖြည်းချင်း ပြန်လည် ကျဆင်းလာနေသည်ကို သတိပြုမိလိုက်သည်။ ထိုအခါမှပဲ သူတို့လည်း ‘ဟင်း’ချနိုင်လေတော့သည်။
“ ငါတော့ အချိန်ကျပြီလို့ထင်တာပဲ … သူ့ကို ICU ပို့ကြစို့…” မာရန်ပေါ် ပြောလိုက်သည်။
မြောင်ကော်ဖုန်း ခေါင်းညိတ်ပြီး ထောက်ခံလိုက်၏။
ဆယ်မိနစ်ကျော်ကြာအောင် ပြင်ဆင်ပြီးနောက် လင်းရီကို ခွဲစိတ်ခန်းပြင်ပသို့ တွန်းထုတ်လာခဲ့သည်။
ကျီချင်းရန်နှင့် အခြားသူများက သူ့ကို ဝိုင်းရံလိုက်ကြ၏။ “ အခြေအနေ ဘယ်လို ဖြစ်သွားပြီလဲ ဒေါက်တာ … ကျွန်မကြားတာ သူ ပုံမှန် ပြန်ဖြစ်သွားပြီဆို အဲ့တာအမှန်ပဲလား …”
ဤတစ်ကြိမ်တွင်တော့ မြောင်ကော်ဖုန်း၏ အမူအရာမှာ ယခင်တစ်ခေါက်ကနှင့် လုံးလုံးလျားလျား ကွဲပြားနေတော့၏။
သူ ပြုံးလိုက်ပြီး “ အကြောင်းအရင်း အတိအကျကိုတော့ ကျုပ်တို့လည်း သေချာမသိဘူးဆိုပေမယ့် အခြေအနေကတော့ အဲ့လိုပဲ ဖြစ်သွားတယ်… ဒါရိုက်တာလင်းရဲ့ အခြေအနေက ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်လာနေပြီ … သူ ပြန်သတိရလာဖို့က အချိန်တစ်ခုလောက်ပဲ စောင့်ရတော့မှာ … ကျုပ်တို့ အခု သူ့ကို ICU ပို့ပြီး ဆက်စောင့်ကြည့်နေမယ်… တကယ်လို့ တခြား ပြဿနာတွေ မရှိတော့ဘူးဆိုရင် သာမန်လူနာဆောင်မှာပဲ နေလို့ရပြီ … စိတ်မပူပါနဲ့တော့ …”
ဤသည်ကိုကြားတော့ ကျီချင်းရန်နှင့် ကျန်သူများမှာ စိတ်သက်သာရစွာ သက်ပြင်းချနိုင်သွားခဲ့ကြသည်။
သူတို့အဖို့ ဤမျှထက် ပိုကောင်းသည့်အရာကား မရှိတော့ချေ။
လင်းရီကို ICU ဌာနသို့ ပို့ဆောင်လိုက်၏။ သူ၏ ထူးခြားသည့် အထောက်အထားနှင့် ၂၁ လွှာဖြစ်သည့်အတွက် ဤနေရာတွင် အခြား မည်သည့်လူနာမျှ မရှိနေခဲ့ချေ။ ကျီချင်းရန်ကိုလည်း သူ့အနားတွင် ရှိနေခွင့် ပြုထားခဲ့လေသည်။
ICU လူနာဆောင်ထဲတွင် ကျီချင်းရန်သည် သတိလစ် မေ့မြောနေသည့် လင်းရီကို ငိုင်တွေစွာ ငေးကြည့်နေမိခဲ့သည်။
တစ်စုံတစ်ယောက်က သူမ၏ နှလုံးကို လက်သည်းဖြင့် ကုပ်ခြစ်နေသည့်နှယ် ကိုက်ခဲနာကျင်စွာ ခံစားနေရလေသည်။
သူမ၏ အတ္တဆန်မှုက သူ့ကို ယခုလို အခြေအနေသို့ရောက်အောင် ဖြစ်သွားစေခဲ့သည်။
ကျီချင်းရန်၏ ရှုပ်ထွေးနေသည့် ခံစားချက်တို့ဖြင့် နှိုင်းစာပါက အပြင်ဘက်တွင် ရှိနေသည့် လူများမှာ ပိုပြီး သက်တောင့်သက်သာ ဖြစ်နေခဲ့ကြသည်။
လင်းရီက မနိုးထလာသေးသော်လည်း အသက်အန္တရာယ် မရှိတော့ချေ။ ထို့ကြောင့် သူတို့ စိတ်ချပြီ ဖြစ်၏။
တစ်ချိန်တည်းတွင် လီချူးဟန်သည် ခွဲစိတ်ခန်ထဲက တိတ်တဆိတ် ထွက်လာခဲ့ပြီး တစ်ဖက်သို့ လှည့်ကာ လှေကားမှတဆင့် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ကော်ရစ်ဒါတွင် ၊ နင်ချဲ့နှင့် ချိုးယွီလော့တို့မှာ ပြတင်းပေါက်ဘေးနား ရပ်နေရင်း ဆေးလိပ်သောက်နေကြ၏။
ထိုအချိန်တွင်ပဲ လျိုဟုန် မလှမ်းမကမ်းမှ သူတို့ထံ လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။
နင်ချဲ့ စီးကရက်ကို ခြေထောက်ဖြင့် နင်း၍ မီးငြိမ်းလိုက်ပြီး လျိုဟုန်ထံသို့ ချိုးယွီလော့နှင့်အတူ သွားတွေ့လိုက်သည်။
“ အကြီးအကဲလုက ဘာပြောလဲ …”
“ ငါတို့ ဒီကိစ္စ ကျိန်းသေပေါက် ကိုင်တွယ်ရမယ်…” လျိုဟုန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့မှာ ဘာသဲလွန်စမှ မရှိဘူး .. နောက် ဘာဆက်လုပ်ရမလဲ မသိသေးခင် လင်းရီ သတိရလာတဲ့အထိ စောင့်ဖို့ပဲ ရှိတယ်…”
……………..
တပ်ပြန်ဆုတ်လာပြီးသည့်နောက်တွင် ချိန်ချန်းရုံနှ့် သူ့လူများက ရဟတ်ယာဉ်တစ်စင်းနှင့် ဗစ်တိုးရီးယား သင်္ဘောထံမှ ထွက်ခွာလာခဲ့သည်။ သူတို့၏ လမ်းကြောင်းကို ဖုံးကွယ်ရန်အတွက် များပြားလှသည့် လမ်းကြောင်းအဆင့်ဆင့်ကို အသုံးပြုခဲ့ကာ နောက်ဆုံးတွင်မှ ဟောင်ကောင်သို့ ရောက်ရှိလာခဲ့သည်။
ညအချိန်တွင် ဟောင်ကောင် တောင်ပိုင်းခရိုင်ရှိ ဗစ်တာတောင်ပေါ်တွင် ဗီလာတစ်ခုလုံးမှာ မီးတို့ ထိန်ထိန်လင်းနေလျက် ရှိသည်။
ဤနေရာက ဟောင်ကောင်၏ သူဌေးရပ်ကွက် ဖြစ်ပြီး ဤနေရာတွင်ရှိ မည်သည့် ဗီလာမဆို ယွမ်သုံးဘီလီယမ်ကျော် တန်ကြေး ရှိသည်။
ကျိုးဟိုင်ရှိ ထိပ်တန်း ကျိုကျုံးဗီလာများနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ ဗီလာဈေးနှုန်းတို့မှာ အမှန်ပင် ဈေးကြီးလှ၏။
ဟောင်ကောင်ရှိ မြေနေရာ ရှားပါးမှု ပြဿနာကြောင့် ၎င်းဗီလာ၏ ပတ်ဝန်းကျင်မှာ ကျိုကျုံးဗီလာကဲ့သို့ ကောင်းမွန်မှုတော့ မရှိလှပေ။
ဗီလာမှာ ဈေးကြီးရုံမျှမက အတွင်းပိုင်းတွင် ပြင်ဆင်အသုံးပြုထားသည်မှာလည်း ယွမ်သန်းနှင့်ချီ အကုန်ကျခံထားသည်။ ပစ္စည်းများအားလုံးက နိုင်ငံခြားမှ တင်သွင်းလာသည့် လက်ရာမြောက် လက်မှုအနုပညာ ဖန်တီးမှုများဖြစ်ကာ ပေးချေရသည့် ပမာဏကား စိတ်ကူးမယဉ်နိုင်လောက်အောင်ကိုပင်။
ဤဗီလာအတွင်း နေထိုင်သူကတော့ ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင် ဖန်းတောက်ဇူပင်။
သူ့ဘေးတွင် ငယ်ရွယ်သည့် အမျိုးသားတစ်ဦး ထိုင်နေပြီး အသက်သုံးဆယ်အရွယ်မျှရှိကာ ပိုလိုရှပ်ကို ဝတ်ဆင်ထားသည်။ သူ့ပုံစံကြည့်ရသည်မှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးတောဆင်ခြင်နေဟန်ပ်။
လူငယ်၏ နာမည်က ဖန်းရှစ်ဟုန် ဖြစ်ပြီး စီ အဆင့်သွေးရည်ကြည်ကို ပြန်လည်ယူဆောင်မည့် မစ်ရှင်အား ဦးဆောင်ရန် တာဝန်ယူထားသည့်လူပင်။
ဖန်းတောက်ဇူသည် သူ့သား၏ အစွမ်းအစကို ဖရီးမေဆင်အား ပြသရန်အတွက် ယင်းအခွင့်အရေးကို ပေးအပ်ခဲ့၏။ ဖန်းတောက်ဇူ၏ အသက်မှာ အတော်လေး ကြီးနေပြီး နောင်ရေးအတွက် ကြိုတင်စဉ်းစားကာ နှစ်အနည်းငယ်ကြာတွင် ဟုန်မန်ဂိုဏ်းခေါင်းဆောင် ရာထူးမှ အနားယူရန် စဉ်းစားထားသည်။ ထိုအခါ ခေါင်းဆောင်နေရာကို သူ့သားထံသို့ လွှဲပြောင်းပေးအပ်ချင်သည်။ သို့ပေမယ့်လည်း ဖရီးမေဆင်၏ တင်းကြပ်စွာ လိုက်နာကျင့်သုံးနေသည့် စည်းမျဉ်းတို့အရ ရာထူးကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခြင်းအား လက်မခံဘဲ အမှန်တကယ် အရည်အချင်း ရှိသူသာလျှင် ထိုင်ခုံနေရာကို ရပိုင်ဆိုင်ခွင့် ရှိသည်။
သို့သော် မစ်ရှင် ကျဆုံးမှုက သူတို့နှစ်ဦးလုံး၏ ရင်ဘက်ထဲ၌ အရိပ်မည်းကြီးသဖွယ် ကြီးစိုးနေလေသည်။
ယင်းက မြူလွှာတစ်ထပ် ထည့်ပေါင်းထားသည်နှင့် ပိုပြီး ဆင်တူသည်။
လုံခြုံစိတ်ချရေးအတွက် ဖန်းရှီဟုန်သည် မစ်ရှင်အတွင်း သူ့မျက်နှာပင် မပြခဲ့ဘဲ ဟောင်ကောင်မှနေ၍ အရာရာကို ထိန်းချုပ်ထားခဲ့သည်။
ယခု … ထိုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့မိသည်ကိုပင် သူ့မှာ နောင်တကြီးစွာ ရနေခဲ့မိသည်။
အကယ်၍သူသာ သင်္ဘောပေါ်တွင် ရှိနေပြီး စစ်ဆင်ရေးကို ကိုယ်တိုင် ဦးဆောင်ခဲ့မည်ဆိုပါက ယခုလို ကျရှုံးမှုမျိုး ဖြစ်ပေါ်လာခဲ့မှာ မဟုတ်ချေ။
ထို့ပြင် ရုံးချုပ်က အကူအညီပေးလိုက်သည့် စီအဆင့် ကျွမ်းကျင်သူ နှစ်ဦး မစ်ရှင်အတွင်း ကျဆုံးသွားခဲ့မှုကလည်း ရုံးချုပ်၏ သူတို့အပေါ် ရှိနေသည့် သဘောထားအမြင်တချို့ကို ပြောင်းလဲသွားစေမှာ သံသယဖြစ်စရာ မလိုပေ။
ထို့ကြောင့် သားအဖနှစ်ဦးလုံး စိတ်ထဲ ဒေါသအကြီးအကျယ် ထွက်နေမိသလို ထိတ်ထိတ်ပျာပျာလည်း ဖြစ်နေမိကြသည်။
မကြာမီ ဗီလာအပြင်ဘက်၌ ကားဘရိတ်အုပ်သံ ထွက်ပေါ်လာသည်။
သားအဖနှစ်ဦးလုံး ခေါင်းကိုယ်စီ မော့လာခဲ့ကာ အပြင်မှ ဝင်လာခဲ့သည့် ချိန်ချန်းရုံကို မြင်တွေ့သွားခဲ့ကြသည်။
ချိန်ချန်းရုံ ဗီလာထဲသို့ ဝင်လာသည့်နှယ် သူ့တစ်ကိုယ်လုံး ချမ်းစိမ့်သွားခဲ့ပြီး သိပ်သည်းလေးလံနေသည့် လူထုက သူ့ရင်ကို ဖိနှိပ်ထားကာ အသက်ရှူရန်ပင် မွန်းကြပ်လာခဲ့၏။
“ ဝင်လာပြီး စကားပြောကြမယ်….” ဖန်းရှီဟုန် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောဆိုလိုက်သည်။ သူ့ပုံစံကို ကြည့်ခြင်းအားဖြင့် ဒေါသထွက်နေခြင်းလော သို့မဟုတ် သူ့အား ခွင့်လွှတ်လိုက်လိမ့်မည်လောဆိုတာကို ချိန်ချန်းရုံ အတော်လေး ဝေခွဲရ ခက်နေသည်။
“ ဥက္ကဌကြီး .. သခင်လေး …. ကျွန်တော် … စိတ်ပျက်စေမိပြီ … မစ်ရှင် မအောင်မြင်ခဲ့ပါဘူး …” ချိန်ချန်းရုံ အနားသို့ ရောက်လာပြီးနောက် ၉၀ ဒီဂရီ ဦးညွှတ်လိုက်၏။ သူ၏ လေသံမှာ တောင်းပန်တိုလျှိုးမှု အပြည့်ဖြင့် ဖြစ်နေခဲ့သည်။
“ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ငါ့ကို ဖြည်းဖြည်းချင်း ရှင်းပြ …”
“ ဒီမှာ အဓိက ပြဿနာ နှစ်ခု ရှိပါတယ်… ပထမတစ်ခုက ဂျပန် ကမ်းရိုးတန်းအစောင့်တပ်တွေ ကျွန်တော်တို့ကို ကြားဖြတ်နှောင့်ယှက်လာပြီး သူတို့ကို အကူအညီပေးခဲ့တယ်… မဟုတ်ရင် ကျွန်တော်တို့ဘက်က လုံးဝ အသာစီးပဲ …”
“ ဒုတိယက တစ်ဖက်လူစီမှာ စီအဆင့် သွေးရည်ကြည် ရှိနေခဲ့လိမ့်မည်လို့ ထင်မထားခဲ့မိဘူး … ဒီနှစ်ချက်ကြောင့် မစ်ရှင် ကျရှုံးခဲ့ရတာပါ …”
“ ဒါပေမယ့် ငါ အဓိက မေးချင်တာ တစ်ဖက်လူက ဘယ်အချိန်တုန်းကတည်းက သင်္ဘောပေါ် ခိုးဝင်လာတာ ....” ဖန်းရှီဟုန် ခေါင်းကို အနည်းငယ် မော့၍ ချိန်ချန်းရုံကို စူးစိုက်ကြည့်လိုက်ရာ တစ်ဖက်သူမှာ မွေးညှင်းပေါက်များပင် ထောင်ထလာသည်အထိ ကြောက်ရွံ့တုန်လှုပ်သွားခဲ့တော့၏။
“ မင်းကို လူတွေ အများကြီးလည်း ထည့်ပေးလိုက်တယ်… စီအဆင့် ကျွမ်းကျင်သူဆို ငါးယောက် … ဒီလို လူအင်အားနဲ့တောင် ဘာကြောင့် ဒီလို ရှုံးနိမ့်ခဲ့လဲဆိုတာ မင်းငါ့ကို ဖြေရှင်းချက် ပေးစမ်း …..”