သူတကယ်ကြီး မသေဘူး
Vol. 131 Ch. 1961
“ အဲ့ဒါက …….”
ချိန်ချန်းရုံ မည်သို့ ပြန်ဖြေရမှန်း မသိ ဖြစ်နေခဲ့သည်။ ကနေဦးတုန်းက သူ ကြံစည်ထားခဲ့သည်မှာ သင်္ဘောပေါ်သို့ လင်းရီ စောလျင်စွာ ရောက်ရှိနေခဲ့သည့် အချက်ကို ဖုံးကွယ်ထားချင်ခဲ့၏။
သို့သော် သူ၏ အကြံအစည်မှာ ချက်ချင်း ဖော်ထုတ်ခံလိုက်ရလေသည်။
“ အဲ့ဒါက ကျွန်တော် အမြင်လျှမ်းသွားလို့ပါ … အသေးစိတ်အချက်အလက်ကို မသိရသေးဘူးဆိုပေမယ့် ဆက်ပြီး စုံစမ်းနေပါတယ်…. “ အသံကတုန်ကယင် ဖြစ်စွာဖြင့် ပြန်ဖြေလိုက်၏.
ဖန်းရှီဟုန်သည် ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ခံစားချက် ကင်းမဲ့သည့် လေသံဖြင့် “ ဟဲရစ်နဲ့ တခြားသူတွေ အကုန် သေကုန်ကြပြီ … အဲ့လို အခြေအနေမျိုးမှာ တစ်ဖက်က မင်းကို လွှတ်ပေးလိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘး … မင်း ဘယ်လိုမျိုး ထွက်ပြေးလွတ်မြောက်လာခဲ့လဲဆိုတာ ငါ သိချင်တယ်….”
“ တစ်ဖက်ကလည်း အထိနာမှာကို ကြောက်လို့ အချင်းချင်း အလွန်အကျွံ မပစ်ခတ်ခဲ့ကြဘူး … မတိုးမဆုတ်သာ အနေအထားရောက်တော့ သူတို့ဘက်က ထွက်ပြေးခွင့် ပြုခဲ့လို့ပါ …”
“ တစ်ဖက်က …၊ ဂျပန်ကမ်းရိုးတန်းစောင့်တပ်ကလား ….”
“ မဟုတ်ဘူး … အဲ့ဒီ ဟွာရှန့်ကောင် … သူ ပြောတာ မစ်ရှင်အောင်မြင်သွားပြီမို့ ဆက်ပြီး တိုက်ခိုက်စရာ မလိုတော့ဘူးဆိုလို့ပါ ….” ချိန်ချန်းရုံ ပြောလိုက်ပြီး “ နှစ်ဖက်လုံးကလည်း လက်ရည်ညီနေတော့ ဆက်ပြီး တိုက်ခိုက်နေရင် နှစ်ဖက်လုံး အထိနာသွားတော့မှာ … အဲ့ဒီ ဟွာရှန့်ကောင်ကလည်း သူ့ကိုယ်သူ စီအဆင့် သွေးရည်ကြည်ကို သုံးထားပြီး အခြေအနေလည်း မဟန်ဘူး … အဲ့ဒါကြောင့်မို့ အပစ်အခတ်ကို ရပ်စဲပြီး သူတို့ကိုယ်သူတို့ အသက်ရှင်သန်ကျန်ရစ်ဖို့ သေချာအောင် ပြုလုပ်လိုက်တယ် တူပါတယ်….”
ဖန်းရှီဟုန် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့အဖေထံ ခေါင်းလှည့်ကြည့်လိုက်၏။ ရက်စက်သည့် အကြည့်တစ်ချက်က ဖန်းတောက်ဇူ၏ မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့သည်။
သတိပေးခြင်း အလျဉ်းကင်းစွာဖြင့် ဖန်းရှီဟုန်သည် သူ့ဘေးက သေနတ်ကို ဆွဲထုတ်လာပြီး ချိန်ချန်းရုံ၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်၏။
“ သခင်လေး…..”
ချိန်ချန်းရုံ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး ကြောက်လန့်တကြီး နောက်ဆုတ်လိုက်ကာ ကြမ်းပြင်သို့ နောက်ပြန်လဲကျသွားခဲ့၏။
“ ဒီနှစ်တွေထဲ ဟုန်မန်ဂိုဏ်းပေါ်မှာ မင်းရဲ့ ပေးဆပ်ခဲ့မှုတွေကို ကျေးဇူးတင်တယ်… မင်းသေပြီးရင် ဈာပနာကို တခမ်းတနားနဲ့ ကျင်းပပေးမယ်…. “
“ မဟုတ်ဘူး … မလုပ်ပါနဲ့ သခင်လေး ကျေးဇူးပြုပြီး . . . .”
ချွေးအေးတို့က ချိန်ချန်းရုံ၏ နဖူးထက်မှ စီးကျလာခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး စက္ကူတစ်ရွယ်နှယ် ဖြူလျော်နေခဲ့သည်။
“ ဒါက မစ်ရှင် မအောင်မြင်တာကြောင့်မို့ပဲလား ….”
“ မဟုတ်ဘူး …” ဖန်းရှီဟုန် တည်ငြိမ်စွာ ပြောလိုက်၏။ “ ဘာလို့ဆို မင်းက ဧရာမ အမှားကြီး တစ်ခုကို ကျူးလွန်ခဲ့တာကြောင့်ပဲ …”
ဘန်း …
ချိန်ချန်းရုံကို နောက်ထပ် စကားပြောဆိုရန် အခွင့်အရေးမပေးဘဲ ခလုတ်ကို တုံ့ဆိုင်းခြင်း မရှိ ဆွဲလိုက်၏။
နားကွဲမတတ် ဆူညံသည့် သေနတ်သံက ဗီလာတစ်ခွင်သို့ ကျယ်လောင်စွာ မြည်ဟည်းသွားခဲ့ပြီး ချိန်ချန်းရုံမှာ သွေးအိုင်ထဲတွင် ပက်လက်လဲလျောင်းနေခဲ့လေသည်။
“ ဝင်ခဲ့ကြစမ်း …”
ဖန်းရှီဟုန် အသံပေးလိုက်၏။
အပြင် တံခါးပေါက်ဝတွင် စောင့်ကြပ်နေသည့် အစောင့်နှစ်ယောက်က အသံကြားသည်နှင့် အထဲသို့ ချက်ချင်း ဝင်လာသည်။
သွေးအိုင်ထဲ လဲလျောင်းနေသည့် ချိန်ချန်းရုံ၏ အလောင်းကို မြင်သော်လည်းပဲ သူတို့၏ မျက်နှာထက်တွင် မည်သည့် အမူအရာကိုမျှ မြင်တွေ့ရခြင်း မရှိပေ။
သူတို့အဖို့ သေခြင်းတရားဆိုသည်မှာ သာမန်ဆန်မှု၏ ပြယုဂ်တစ်ခုလိုပင် ဖြစ်နေချေပြီ။
“ ငါ့စကားကို ဖြန့်လိုက် … ချိန်ချန်းရုံနဲ့ အတူ ပါလာခဲ့တဲ့ လူတိုင်းကို ရှင်းပြီး သူတို့ သုံးခဲ့တဲ့ ယာဉ်တွေကိုလည်း ဖျက်စီးလည်း … ဘယ်လို ခြေရာလက်ရာမျိုးမှ မကျန်ခဲ့စေနဲ့ …”
“ နားလည်ပါပြီ …”
“ အလောင်းကို ယူသွားပြီး ဈာပနာ လုပ်ပေးလိုက် …”
ဖန်းရှီဟုန်၏ ညွှန်ကြားမှုအတိုင်း အစောင့်နှစ်ယောက်က ချိန်ချန်းရုံ၏ အလောင်းကို အပြင်သို့ သယ်ထုတ်သွားခဲ့ကာ သွေးစက်များအား ရှင်းလင်းလိုက်ကြသည်။
“ တစ်ဖက်လူက သင်္ဘောပေါ်ကို ဘယ်လိုရောက်လာတယ်လို့ အဖေထင်လဲ …” ဖန်းရှစ်ဟုန် မေးမြန်းလိုက်သည်။
ဖန်းတောက်ဇူ ခေါင်းခါယမ်းလိုက်ပြီး “ လောလောဆယ်တော့ ဘာမှ စဉ်းစားမရဘူး ….”
“ ဂျပန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တွေနဲ့ အတူ လိုက်လာတာရော မဖြစ်နိုင်ဘူးလား ….”
“ မဟုတ်လောက်ဘူး …” ဖန်းတောက်ဇူ တုံ့ပြန်လိုက်ပြီး “ သူတို့ သင်္ဘောပေါ် တက်ကတည်းက ငါတို့ လူတွေဆီ တန်းတန်းမတ်မတ် ရောက်လာတယ်ဆိုတော့ သူတို့ဘက်က ခြေတစ်လှမ်းသာနေတယ်ဆိုတာ ပြနေတာပဲ … အဲ့ဒီ ဟွာရှန့်ကောင်က သင်္ဘောပေါ် အရင်ကြိုရောက်နေတယ်လို့ ငါတော့ ယူဆတယ်…”
“ အင်း … အဲ့လိုပဲ ဖြစ်ရမယ်….”
“ ဖြစ်နိုင်တာ သူ ကျုံးဝေ့တပ်ဖွဲ့က လူနဲ့ အတူရောက်လာပြီး ဒီအတိုင်း ကျွန်တော်တို့ဘက်က သတိမထားမိတာပဲ ဖြစ်လိမ့်မယ်….”
“ ကျုံးဝေ့တပ်ဖွဲ့က တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ တပ်ဖွဲ့ပါပဲ .. ဒီလောက် တင်းကြပ်နေတဲ့ ကာကွယ်မှုအောက်မှာတောင် သင်္ဘောပေါ်ကို ရအောင် ထိုးဖောက်ပြီး ဝုန်းဒိုင်းကျဲပြသွားနိုင်တယ်….”
ဖန်းတောက်ဇူ ပြောလိုက်၏။
ဖန်းရှစ်ဟုန်၏ မျက်နှာအမူအရာမှာ သုန်မှုန်နေခဲ့ပြီး “ ဒီလောက် ကိစ္စအကြီးကြီးဖြစ်ထားတာ ရုံးချုပ်က ဘာသတင်းမှ အကြောင်းကြားမလာဘူးလား ….”
“ ခုထိတော့ မလာသေးဘူး … ဒါပေမယ့် သိပ်လည်း မကြာလောက်တော့ပါဘူး …” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ အဖေ ခန့်မှန်းမိသလောက်ဆို သူတို့ရဲ့ နောက်ခြေလှမ်းက …. အဲ့ဒီ ဟွာရှန့်ကောင်ရဲ့ အလောင်းကို ပြန်ယူဖို့ပဲ …”
“ ကျွန်တော်တို့လူတွေလည်း သင်္ဘောပေါ်က သတင်းအချက်တွေကို ရဖို့ လှုပ်ရှားနေပြီဆိုတော့ မကြာခင် သတင်းကောင်းတစ်ခု ထွက်လာတော့မှာပါ …” ဖန်းရှီဟုန် ပြောလိုက်သည်။ “ ဒါပေမယ့် ဂျပန်ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့တွေက ဘာလို့ ဝင်ပါလာတာ …. တကယ်လို့ သူတို့ကြောင့်သာ မဟုတ်ရင် မစ်ရှင်လည်း ရှုံးနိမ့်သွားခဲ့မှာ မဟုတ်ဘူး …..’
“ လက်ရှိ ဟွာရှနဲ့ ဂျပန်ရဲ့ ဆက်ဆံရေးအရဆိုရင် အဲ့လိုမျိုး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမျိုးက လုံးဝ မဖြစ်နိုင်သလောက်ပဲ ..” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ ပြီးတော့ သူတို့လူတွေက ချိန်ချန်းရုံရဲ့ လူတွေနဲ့ လက်ရည်ညီ တိုက်ခိုက်နေနိုင်ပုံထောက်ရင် သူတို့ဘက်မှာလည်း စီအဆင့် နဲ့ ဒီအဆင့်ကျွမ်းကျင်သူတွေ ပါလာလောက်တယ်… ပြောချင်တာ ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့အပြင် တခြား ပြင်ပ အင်အားစုတွေလည်း ဒီထဲ ပါဝင်ပတ်သက်နေတယ်လို့ ဆိုလိုတာပဲ …”
ဖန်းရှစ်ဟုန် ခေတ္တကြာအောင် အတွေးနက်သွားခဲ့ပြီး “ အဖေပြောချင်တဲ့သဘောက ဂျပန်အာဏာပိုင်တွေကို ဂျပန်ရဲ့ တခြား ဂိုဏ်းအဖွဲ့အစည်းတွေက ထိန်းချုပ်ပြီး ကမ်းရိုးတန်းအစောင့်တပ်တွေကို စေလွှတ်လိုက်တယ်ပေါ့ … အဲ့လိုမျိုးလား ….”
ဖန်းတောက်ဇူ ခေါင်းညိတ်လိုက်သည်။ “ ဂျပန်ကျွန်းတစ်ခုလုံးမှာ မစ်ဆူ ၊ မစ်ဆူဘီရှီ နဲ့ ရာဆူဒါလို ကော်ပိုရေးရှင်းကြီးတွေပဲ အဲ့လိုလုပ်နိုင်တဲ့ အစွမ်းအစ ရှိလိမ့်မယ်… ငါ သိထားသလောက်ဆိုရင် မစ်ဆူ မိသားစုက အရင် ချောင်ရန်အုပ်စုနဲ့ ကော်လဘရေးရှင်းတစ်ခု လုပ်ခဲ့ဖူးတယ်… မစ်ဆူ မိသားစုက သံသယဖြစ်စရာ အကောင်းဆုံးပဲ ….”
“ မစ်ဆူ မိသားစု ……… ကျွန်တော် မှတ်မိသာ မှန်မယ်ဆိုရင် အာယာနဲ မစ်ဆူက လက်ရှိ မစ်ဆူမိသားစုရဲ့ မိသားစု ခေါင်းဆောင် …” ဖန်းရှစ်ဟုန် ပြောလိုက်ပြီး “ အဲ့ကိစ္စသာ တကယ်ဆိုလို့ကတော့ မစ်ဆူ မိသားစုကို ကိုင်တွယ်ဖို့ လိုနေပြီပဲ ….”
“ အဲ့ကိစ္စက လောစရာ မလိုပါဘူး …”ဖန်းတောက်ဇူ ပြောလိုက်ပြီး “ ရုံးချုပ်က ရာမာဂူချီဂိုဏ်းကို ပေါင်းစည်းဖို့ စီစဉ်နေတယ်လို့ ကြားတယ်… အဲ့တာသာ အမှန်ဆိုရင် ရုံးချုပ်က မစ်ဆူမိသားစုကို ကျိန်းသေပေါက် ကိုင်တွယ်မှာပဲ …”
“ ရာမာဂူချီဂိုဏ်းကို ပေါင်းစည်းမယ်…..”
ဖန်းရှစ်ဟုန် မဆိုစလောက်လေး အံ့အားသင့်သွားခဲ့၏။ ဤသတင်းက အတော်လေး ယုံကြည်ရ ခဲယဉ်းလှသည်။
“ ရာမာဂူချီဂိုဏ်းက ဝင်ရောက်နိုင်ဖို့ အတားအဆီးတွေ အများကြီး ရှိတဲ့ ဂိုဏ်းတစ်ခုပဲ … ရုံးချုပ်က ထိုးဖောက်ဝင်နိုင်ပါ့မလား …”
“ ဂိုဏ်းက အရင်လောက် တန်ခိုးဩဇာ ထွားတော့တာ မဟုတ်ဘူး … အခုက အခွံလောက်ပဲ ကျန်တော့တယ်…” ဖန်းတောက်ဇူ ပြောလိုက်သည်။
“ အခွံပဲ ကျန်တော့တယ် ဟုတ်လား ….”
ဖန်းတောက်ဇူ ခေါင်းညိတ်လိုက်၏။ “ သိပ်မကြာခင်တုန်းက ရာမာဂူချီဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင်အများစု အသတ်ခံလိုက်ရတယ်… ဂိုဏ်းကလည်း အပိုင်းပိုင်း အစစ ဖြစ်နေပြီး သူတို့အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေကြတာ … ဒါ ငါတို့အတွက် အခွင့်အရေးကောင်းပဲ … ဂိုဏ်းတစ်ခုလုံးကို ပေါင်းစည်းနိုင်ပြီ ဆိုတာနဲ့ မစ်ဆူမိသားစုနဲ့ စာရင်းရှင်းလို့ရပြီ ….”
ဖန်းရှစ်ဟုန်သည် ထိုင်ခုံနောက်သို့ ကျောမှီလိုက်ပြီး အတွေးနက်သွားခဲ့သည်။
“ ငါတို့ရဲ့ လက်ရှိ မစ်ရှင်က အဲ့လူကို ရှာတွေ့ဖို့ပဲ ….”
ထိုအချိန်မှာပဲ အပြင်တွင် ကားဘရိတ်အုပ်သံ တစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက လက်တော့တစ်လုံးကို လက်တွင် သယ်ဆောင်လာလျက် အထဲဝင်လာခဲ့သည်။
“ ဥက္ကဌကြီး ၊ သခင်လေး ၊ ကျုပ်တို့ သင်္ဘောပေါ်က ကင်မရာဖိုင်တွေ ယူခဲ့ပြီး အဲ့လူ ဘယ်သူလဲဆိုတာကို စုံစမ်းခဲ့ပြီးပါပြီ …”
အနက်ရောင် ဝတ်စုံနှင့် လူက လက်တော့ကို ဖွင့်လိုက်ပြီး စောင့်ကြည့်ကင်မရာ မြင်ကွင်းအား ပြသလိုက်သည်။
“ သူပဲ …”
လင်းရီကို မြင်တော့ ဖန်းတောက်ဇူ အံ့အားသင့်သွားခဲ့သည်။
သူ ဖြစ်သွားခဲ့သည့် ပုံစံ အမူအရာကို အကဲခတ်ကြည့်မည်ဆိုပါက လင်းရီ ယခုလို ထွက်ပေါ်လာခဲ့မည်ကို မျှော်လင့်မထားခဲ့သည့်ဟန်ပင်။
“ ဒီလူကို အဖေသိနေလို့လား …”
“ သူက လင်းရီ … ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင်ပဲ … ပြီးတော့ ကျိုးဟိုင် လင်းယွင် အုပ်စုရဲ့ ဥက္ကဌလည်း ဟုတ်တယ်….”
ဖန်းရှစ်ဟုန်သည် လင်းရီကို တစ်ခါမျှ မမြင်တွေ့ဖူးသော်လည်း သူ့အကြောင်းတော့ သိသည်။
“ သူက ပနားမားမှာကတည်းက သေသွားခဲ့ပြီ မဟုတ်ဘူးလား … ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ …”
“ သူ သေသွားခဲ့တယ်ဆိုတဲ့ သတင်းက ကျိန်းသေပေါက် ကောလဟာလ ဖြစ်ရမယ်… မျက်မြင်သက်သေတွေက လင်းရီ ပေါက်ကွဲမှု ဖြစ်တဲ့ နေရာမှာတင် သေသွားခဲ့တယ်လို့ ဆိုကြပေမယ့် အခု ကြည့်ရတာတော့ အဲ့လို မဟုတ်တဲ့ ပုံပဲ ….” ဖန်းတောက်ဇူ၏ အမူအရာမှာ နက်မှောင်နေခဲ့သည်။
“ ဒါပေမယ့်လည်း သိပ်မကြာလောက်တော့ပါဘူး … ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကောင် မကြာခင် သေရမှာပါပဲ …” ဖန်းရှစ်ဟုန် ထည့်ပေါင်း ပြောဆိုလာခဲ့၏။