မင်း ထွက်ပြေးလို့ မရဘူး
Vol. 131 Ch. 1962
ဖန်းတောက်ဇူ နံရံပေါ်ရှိ နာရီကို မော့ကြည့်လိုက်ပြီး “ စီအဆင့် သွေးရည်ကြည်ကို သူ့ကိုယ်ထဲ သွင်းခဲ့တယ်ဆိုတော့ အခုချိန်လောက်ဆို ဘေးထွက်ဆိုးကျိုးတွေက အစွမ်းပြနေလောက်ပြီ … ဒီလောက်ဆို သေမှာ သေချာပြီပဲ … ဒါပေမယ့် ခန္ဓာအလောင်းကိုတော့ ပြန်ယူဖို့ လိုတယ်.. သူ့အလောင်းက သုတေသနလုပ်ဖို့အတွက် တန်ဖိုးရှိနေတုန်းပဲ ….”
ပြောဆိုပြီးနောက် ဖန်းတောက်ဇူ ခေတ္တရပ်သွားခဲ့ကာ ဆက်ပြောသည်။
“ ယုတ္တိကျကျ ပြောကြေးဆို သူ အခု ဆေးရုံမှာ ရှိနေလောက်တယ်… ငါတို့သာ အခုချိန် လူလွှတ်လိုက်မယ်ိုရင် သူတို့ကို အငိုက်ဖမ်းနိုင်မှာ သေချာတယ်….”
“ နားလည်ပြီ … ကျွန်တော် အခုပဲ စီစဉ်လိုက်မယ်….”
“ ဒီ တစ်ကြိမ်တော့ အမှားအယွင်း ထပ်ဖြစ်လို့ မရတော့ဘူး …” ဖန်းတောက်ဇူ ပြောဆိုလိုက်ပြီး “ မဟုတ်ရင် နောင်ကျ ရုံးချုပ်မှာ ငါတို့သားအဖတွေ ပြောရေးဆိုခွင့် ရှိမှာ မဟုတ်တော့ဘူး ….”
“ ဟုတ်ကဲ့ … သဘောပေါက်တယ်….”
……..
ညအချိန်တွင် ဟွာရှန်းဆေးရုံတစ်ခုလုံး ပုံမှန်မဟုတ် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ချင်းဟန် ၊ လျန်ကျင်းမင်နှင့် နင်ချဲ့တို့က ဘီယာသောက်ရင်း ကတ်ဂိမ်းကို အတူကစားနေကြလေသည်။ သူတို့ပုံစံက မည်သို့ပဲ ကြည့်ကြည့် လူနာကို လာပြုစုကြသူများနှင့် လုံးဝ အပ်စပ်နေခြင်း မရှိပေ။
ကောင်းကျုံးယွမ်လည်း ဝင်ပါချင်ပေမယ့် ဟော်ယွမ်ယွမ်၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရကာ မသွားရဲတော့ပေ။
ချိုးယွီလော့မှာမူ လျိုဟုန်နှင့် စကားပြောနေခဲ့ပြီး နောက်ထပ် ရှေ့ဆက်လုပ်မည့် အစီအစဉ်ကို ဆွေးနွေးတိုင်ပင်နေခဲ့၏။
ICU ရှိ အထူးကြပ်မတ် ကုသဆောင်ထဲတွင် ကျီချင်းရန်မှာ တိတ်ဆိတ်စွာ ထိုင်နေရင်း လင်းရီကို အဖော်ပြုပေးနေလျက် ရှိကာ မကြာခင် သတိရလာဖို့ မျှော်လင့်နေခဲ့၏။
ည ဆယ်နာရီကျော် အချိန်လောက်ရောက်တော့ လင်းရီ၏ လက်ချောင်းတို့ အနည်းငယ် လှုပ်ရှားလာသည်။ သူ မျက်လုံးဖွင့်လာသည်တွင် ကျီချင်းရန်က သူ့အိပ်ရာဘေးတွင် အပ်ပျော်နေပြီး ဟောက်သံသဲ့သဲ့ ထွက်ပေါ်နေသည်ကို ကြားလိုက်ရသည်။
လှုပ်ရှားမှု တစ်စုံတစ်ရာကို သတိထားမိတော့ ကျီချင်းရန်မှာ ဆတ်ခနဲ ခေါင်းမော့လာသည်။ သူတို့နှစ်ဦး၏ အကြည့်က လေထုအလယ်တွင် ဆုံတွေ့သွားခဲ့ပြီး အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။
“ နင် သတိရလာပြီ …”
ကျီချင်းရန် စိတ်လှုပ်ရှားတကြီးဖြင့် မတ်တပ်ရပ်လိုက်၏။ သို့သော် မကြာမီမှာပဲ သူမ၏ အမူအရာမှာ နေရခက်သွားခဲ့ကာ တစ်ဖက်သို့ လှည့်ထွက်သွားခဲ့သည်။
ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည့် လင်းရီမှာ ကျီချင်းရန်၏ လက်ကို နောက်မှနေ၍ ရုတ်ချည်း လှမ်းဆွဲလိုက်၏။
“ ဒီရောက်လာခဲ့ပြီးမှတော့ ခဏလောက် ထပ်နေသွားဦးလေ….”
ကျီချင်းရန်သည် နေရာတွင် မလှုပ်မယှက် ရပ်နေရင်း ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေခဲ့သည်။
သူမ မနေချင်ဘဲ ဘယ်နေလိမ့်မည်နည်း။ သို့ပေမယ့် လျန်ရူရွှယ်၏ ကိစ္စက သူမကို ခဲယဉ်းအောင် ပြုလုပ်နေသည်။
ယခုအချိန်ထိတိုင် သူမ ရင်ထဲရှိ ထိုအထုံးက ပြေလျော့သွားခဲ့ခြင်း မရှိသေးပေ။
ကျီချင်းရန် နောက်သို့ ပြန်မလှည့်ကြည့်ဘဲ လင်းရီ ဆုပ်ကိုင်လာသည့် လက်ကို ဖယ်ခွာကာ ICU လူနာဆောင်ထဲမှ ထွက်ခွာသွားခဲ့တော့၏။
“ မင်း ပြေးလို့ မလွတ်ပါဘူး ချင်းရန်…” လင်းရီ လှမ်းအော်လိုက်ပြီး “ မင်း ဘယ်သွားသွား ငါ ရအောင် ရှာနိုင်တယ်…”
“ နင် မလွန်လာနဲ့ ….”
“ ငါက အမြဲ အဲ့လိုချည်းပဲလေ… ဒါကို မင်းသိပါတယ်…..”
“ တော်ပြီ … စိတ်ရှုပ်တယ်…”
ပြောပြီးနောက် ICU လူနာဆောင်ထဲက ထွက်ခွာသွားခဲ့တော့သည်။
ကျီချင်းရန် ထွက်လာသည်ကို မြင်တော့ ဟော်ယွမ်ယွမ် ချက်ချင်း လက်ငင်း ရှေ့သို့ ပြေးတက်လာကာ သူမအား အလျင်စလို မေးမြန်းလိုက်၏။
“ ဘာလို့ ထွက်လာတာလဲ အစ်မကျီ … တစ်ခုခု ဖြစ်လို့လား …”
“ သူ သတိရလာပြီ … ငါ အရင်သွားနှင့်တော့မယ်… နင်တို့တွေ သူနဲ့ နေရစ်ပေးလိုက်ကြ ….”
ကောင်းကျုံးယွမ် ရွှင်မြူးသွားခဲ့သည်။ ကတ်ဂိမ်းကစားနေသည့် လူသုံးယောက်ထံသို့ ကြည့်၍ “ ဆော့နေတာ ရပ်လိုက်တော့ … လင်းကော နိုးလာပြီတဲ့ ….”
“ ချီးတဲ့မှ … အဲ့လောက် မြန်သလားဟ …” ချင်းဟန် ပြောလိုက်ပြီး “ ငါ့လက်ထဲမှာ ကင်းတစ်စုံ ၊ လေးတစ်စုံနဲ့ ဖလက်ရှ် .. ဒီတစ်ကြိမ် နိုင်မယ့်ပွဲကြီးကိုကွာ …”
“ သူ သတိရလာပြီဆိုမှတော့ ဘာလို့ နည်းနည်းခပ်ကြာကြာ မနေတာလဲ အစ်မကျီရယ် …”
“ မလိုပါဘူး .. နင်တို့ပဲ သူနဲ့ နေပေးလိုက်ကြ ….”
“ ငါလည်း နင်နဲ့ လိုက်ခဲ့မယ်….”
ဟော်ယွမ်ယွမ် မနေရစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်၏။ လင်းရီနှင့် နှိုင်းစာပါက ကျီချင်းရန်ကို သူမ ပိုပြီး စိတ်ပူသည်။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ ထွက်ခွာသွားခဲ့ပြီးနောက် လျိုဟုန် ၊ ချင်းဟန်နှင့် ဆေးရုံဒေါက်တာများက လူနာဆောင်ထဲသို့ ဝင်လာခဲ့ကြသည်။
“ နင် အခု ဘယ်လိုနေသေးလဲ …” လီချူးဟန် မေးမြန်းလာခဲ့၏။
“ နည်းနည်း ထုံထိုင်းထိုင်း ဖြစ်နေသလိုပဲ… ဒါပေမယ့် အဲ့တာအသာထားပြီး ငါ ထင်တာတော့ ကုတင်ပေါ်က ဆင်းပြီး ဟိုလှုပ်ရှား ၊ ဒီလှုပ်ရှား ၊ လုပ်လို့ရပြီ ထင်တာပဲ….”
လင်းရီ သူ့အခြေအနေသူ ကောင်းစွာ နားလည်သည်။
စီ အဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက် သူ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း လုပ်ဆောင်မှုများက သိသိသာသာ တိုးတက်လာခဲ့ပြီး စီအဆင့် သွေးရည်ကြည်၏ ဘေးထွက်ဆိုးကျိုးများက သူ့အပေါ် အကျိုးသက်ရောက်နိုင်စွမ်း မရှိတော့ပေ။
ထိုအကြောင်းတွေးမိတော့မှ လင်းရီ စနစ်ကို ဒေါပွချင်စိတ် ပေါက်သွားခဲ့သည်။
အကယ်၍သူသာ မစ်ရှင်ဆုလဒ်ကို စောစီး ရရှိခဲ့မည်ဆိုပါက ယခုလို သေလုမြောပါး ဖြစ်သွားခဲ့မှာ မဟုတ်ချေ။
ထိုလူများအားလုံးကို စီ အဆင့် သွေးရည်ကြည်ပင် ထိုးသွင်းစရာ မလိုအပ်ဘဲ လွယ်လင့်တကူ ကိုင်တွယ်နိုင်သည်။
သို့ပေမယ့်လည်း မစ်ရှင်က အချိန်မီ ပြီးမြောက်သွားတာကိုပဲ ကျေးဇူးတင်ရမည် ဖြစ်၏။
“ မင်း အဆင်ပြေတယ်ကြားတော့ ငါ ဝမ်းသာတယ်….” လျိုဟုန် စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်၏။
လင်းရီကို ကြည့်ရင်း … သူကိုယ်တိုင် သေရေးရှင်ရေး အခိုက်အတန့်၌ ညွှန်ပြပေးခဲ့သည့် တစ်စုံတစ်ယောက်က ယခုလို ဖြစ်နေသည်ကို မြင်တော့ လျိုဟုန်လည်း အတော်လေး အခက်တွေ့နေခဲ့ရသည်။
အကယ်၍ လင်းရီသာ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက သူသည်လည်း အဆုံးသတ်ချေပြီ။
လင်းရီ လီချူးဟန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ ကိုယ် အခု အဆင်ပြေနေပြီ … ဒီတော့ စိတ်မပူနဲ့တော့ ဟုတ်ပြီလား … ဒီလူတွေနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ဆွေးနွေးစရာ ရှိလို့ ခဏလောက် ထွက်သွားပေးပါလား .. ကိုယ်တို့ နောက်မှ စကားပြောကြမယ်လေ…”
“ ကောင်းပြီလေ…”
ရှိနေကြသည့် ဒေါက်တာများကလည်း ကနေဦး ကယ်ဆယ်မှု၌ ပါဝင်ထားခဲ့သူများ ဖြစ်သည့်အတွက်ကြောင့် လင်းရီတွင် ထူးခြားသည့် အထောက်အထား ရှိနေကြာင်းကို နားလည်ထားခဲ့ကြသည်။ ထို့ကြောင့် တစ်ချက် အလျင်အမြန် စစ်ဆေးကြပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။
ချင်းဟန်နှင့် ကျန်သူများလည်း ထို့အတူပင်။
ယခု … လင်းရီ ၊ လျိုဟုန်၊ ချိုးယွီလော့နှင့် နင်ချဲ့တို့သာလျှင် ICU အခန်းထဲ ရှိနေကြပြီး လေထုမှာ သိပ်သည်းလေးလံနေတော့သည်။
“ မစ်ရှင်ကိစ္စကို နောက်မှ ဆွေးနွေးလို့ရတယ်… မင်း အရင် နားဖို့လိုတယ်…” လျိုဟုန် ပြောလိုက်သည်။
“ ကျုပ် အဆင်ပြေတယ်… စိတ်မပူနဲ့ …” လင်းရီ ပြောရင်းဖြင့် နင်ချဲ့ကို ကြည့်လိုက်သည်။ “ မင်းရဲ့ ဖုန်း တစ်ချက် ပေးစမ်းပါ ….”
“ ငါ့ဖုန်း ဟုတ်လား ….”
နင်ချဲ့ သူမ လက်ရှိ ကိုင်နေသည့် ဖုန်းကို ကမ်းပေးလိုက်သည်။
“ သူတို့ မနေ့က သင်္ဘောပေါ်ကနေ ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားကြလောက်တယ်… ငါ့ဖုန်းတစ်လုံးကို အဲ့ပေါ် ချန်ထားခဲ့တယ်လေ… အဲ့ကနေတစ်ဆင့် သူတို့ရဲ့ တည်နေရာကို ခြေရာလိုက်လို့ရတယ်….”
“ ဒါဆိုလည်း စစ်ဆေးကြည့်ကြတာပေါ့ ….’
လင်းရီသည် နင်ချဲ့၏ ဖုန်းကို ဖွင့်၍ အက်ပ်ထဲသို့ လော့အင်ဝင်လိုက်သည်။ ထို့နောက် ခြေရာခံသည့် လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်နှင့် ချိန်ချန်းရုံ၏ လှုပ်ရှားမှုများအားလုံး တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
၎င်းကြောင့်ပဲ ဖန်းရှစ်ဟုန်သည် ချိန်ချန်းရုံကို တုံ့ဆိုင်းခြင်း မရှိ သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်၏။
ယခုလို ပြဿနာမျိုးကို သူတို့ ကြိုတင်မျှော်လင့်ထားခဲ့ပြီး တရားခံကို သတ်ဖြတ်ကာ သက်သေ ပစ္စည်းများအား ချက်ချင်း ဖျက်စီးပစ်လိုက်သည်။
သို့သော် ခြေတစ်လှမ်း နောက်ကျနေခဲ့၏။
“ ဒီကောင်တွေက အတော်လေးတော့ ဉာဏ်ကောင်းသားပဲ .. နေရာအများကြီးကို ဒီလောက်ထိ ကွေ့ပတ်သွားနေတယ်….” နင်ချဲ့ ပြောလိုက်သည်။
“ ဟွာရှ ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင် လေပိုင်နက်က လော့ဒေါင်းချထားတယ်ဆိုတော့ လေယာဉ်နဲ့ ထွက်သွားခဲ့တာတော့ လုံးဝ မဖြစ်နိုင်ဘူး … ရဟတ်ယာဉ်ပဲ အသုံးပြုနိုင်တယ်ဆိုတော့ ဆီဖြည့်ဖို့ ဘာညာ ရပ်နားရတာတွေ ရှိမှာပဲလေ…”
“ ဒါပေမယ့် ပြဿနာက သူတို့ရဲ့ လမ်းကြောင်းက ဟောင်ကောင် ဒီနေရာမှာ အဆုံးသတ်သွားခဲ့တာပဲ … တစ်ယောက်ယောက်က သူတို့ကို ဒီမှာလာကြိုပြီး နောက်တစ်နေရာကို ပျံသန်းသွားခဲ့ကြတာများလား …” နင်ချဲ့ သုံးသပ်ကြည့်လိုက်၏။
“ ဖြစ်နိုင်တယ်… ဒါပေမယ့် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလည်း ရှိသေးတယ်…” လင်းရီ ပြောလိုက်ပြီး “ သူတို့ရဲ့ ဦးတည်ရာကိုက ဟောင်ကောင် ဖြစ်နေနိုင်တာပဲလေ….”
“ သူတို့ရဲ့ ဦးတည်ရာက ဟောင်ကောင် ဟုတ်လား ….”
“ ဒီတိုင်း ခန့်မှန်းကြည့်တာလေ …”
လင်းရီ ပြောလိုက်ပြီး “ ငါတို့နဲ့ ဆက်သွယ်စကားပြောခဲ့တဲ့လူက ဟောင်ကောင် လေသံနဲ့ … စီအဆင့် ကျွမ်းကျင်သူ ငါးယောက်ထဲမှာ နှစ်ယောက်က အာရှသား မျက်နှာပေါက် ရှိတယ်…. သူတို့လည်း ဟောင်ကောင် လေသံ နည်းနည်းထွက်တယ်… ဒါက တိုက်ဆိုင်မှုတစ်ခုလို့ ငါတော့ မထင်ဘူး … သူတို့က ဟောင်ကောင်ကနေ လာခဲ့ကြတာပဲ ဖြစ်ရမယ်….”
“ ငါတို့လည်း ဟောင်ကောင်က အခြေအနေတွေကို သိနေတာပဲလေ…” ချိုးယွီလော့ ပြောလိုက်ပြီး “ ဟိုမှာ အကြီးဆုံး အဖွဲ့အစည်းကြီးက ဟုန်မန်ဂိုဏ်းပဲ … စစချင်းတုန်းက ပြည်မကြီးကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းဆိုပေမယ့် ဒီနှစ်တွေမှာ ခေတ်မီတဲ့ လူ့အဖွဲ့အည်းထဲ ဖြည်းဖြည်းချင်း ပါဝင်ပတ်သက်လာနေတယ်လေ… သူတို့ လုပ်တာတော့ ဖြစ်နိုင်မယ် မထင်ဘူးနော်….”
“ အဲ့တာက ဒီတိုင်း ကာဗာ သဘောမျိုးလည်း ဖြစ်နေနိုင်တာပဲလေ… တကယ့်တကယ် သူတို့ ဘာတွေ လုပ်နေလဲဆိုတာ ငါတို့ သိလို့လား …” လင်းရီ ပြောဆိုလိုက်သည်။
“ နင့်ရဲ့ သီအိုရီက မှန်တယ်ဆိုရင်တောင် သူတို့မှာ စီအဆင့် သွေးရည်ကြည်ကို ဖန်တီးနိုင်တဲ့ အစွမ်းအစ ရှိမယ်လို့ ငါတော့ မယုံဘူး … အမေရိကန်တွေတောင် အဲ့လို မလုပ်နိုင်တာ သူတို့လည်း လုံးဝ မလုပ်နိုင်မှာ သေချာတယ်….” ချိုးယွီလော့ ပြောလိုက်၏။
“ အင်း .. အမှန်ပဲ … စီ အဆင့် သွေးရည်ကြည်ကို ဖန်တီးနိုင်ဖို့ဆို သူတို့ရဲ့ အဆင့်နဲ့က ဝေးနေသေးတယ်… ဒါကြောင့်မို့လဲ သူတို့ထက် ကြီးမားတဲ့ အဖွဲ့အစည်းကြီး နောက်တစ်ခု ပါဝင်ပက်သတ်နေမယ်လို့ ငါ့ သံသယ ရှိနေတာပဲ … စီ အဆင့် သွေးရည်ကြည်ရဲ့ တကယ့်ဖန်ဆင်းရှင်တွေပေါ့ … ဟုန်မန်ဂိုဏ်းကတော့ … ဒီတိုင်း သူတို့ရဲ့ အသုံးချခံ ကိရိယာလေး သပ်သပ်ပါပဲ …”