တူညီသည့် လှည့်ကွက်
Vol. 131 Ch. 1963
လင်းရီ၏ အမြင်သဘောထားကို ချိုးယွီလော့နှင့် နင်ချဲ့တို့ နှစ်ဦးလည်း တိတ်တဆိတ် ထောက်ခံလိုက်ကြ၏။
လက်ရှိ အခြေအနေအပေါ် အကဲခတ်ရသလောက် ဤသည်က သင့်တင့်လျောက်ပတ်သည့် တစ်ခုတည်းသော ရှင်းပြချက်ပင်။
“ မင်းတို့ကောင်တွေဟာကလည်း ဒီတိုင်း သာမန်ယူဆချက်တွေချည်းပဲ …” လျိုဟုန် ပြောဆိုလာခဲ့ပြီး “ ဟုန်မန်ဂိုဏ်းအပြင် ဟောင်ကောင်မှာ အန်းယိ နဲ့ ဇီဖူဂိုဏ်းတွေလည်း ရှိသေးတာပဲလေ.. သူတို့ရဲ့ လွှမ်းမိုးမှုလည်း မသေးဘဲကို … သူတို့ရဲ့ နာမည် ဂုဏ်သတင်းကသာ ဟုန်မန်ဂိုဏ်းလောက် မကြီးရင် မကြီးမယ်… သူတို့ရဲ့ လုပ်ရပ်တွေက ပိုပြီးတော့ ကြီးကျယ်ခမ်းနားတယ်…”
ထို့နောက် ခေတ္တရပ်တန့်ကာ ဆက်ပြောသည်။
“ မင်း စောနတုန်းက သုံးသပ်သွားတာတွေကို အန်းယိနဲ့ ဇီဖူဂိုဏ်းတွေပေါ်မှာလည်း အလွယ်လေး ယူဆလို့ ရနေတာပဲ ….”
လျိုဟုန်၏ စကားက သူတို့ သုံးယောက်လုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ ယင်းက အမှန်တကယ်ကို ပြဿနာ တစ်ရပ်ပင်။
သူတို့ဘက်ခြမ်း၌ ရှိနေသည့် သက်သေအထောက်အထားတို့က အင်မတန် နည်းကျဉ်းနေခဲ့ပြီး ဟုန်မန်ဂိုဏ်းလက်ချက်ဟု တသမှတ်တည်း ကောက်ချက်ချလိုက်သည်က လက်သည်အစစ်အမှန်ကို သိရရန်အတွက် အမှန်ပင် ဝေးကွာနေစေသည်။
“ ဒီကိစ္စ ကျုပ်ကိုယ်တိုင် စုံစမ်းလိုက်မယ်…” လင်းရီ ပြောလိုက်ပြီး “ ဒီတစ်ခါကျရင်တော့ ကျုပ်ရဲ့ လှုပ်ရှားမှုတွေကို ခင်များ ကန့်သတ်မှာတွေ မလိုချင်ဘူး …”
လျိုဟုန် မျက်မှောင်ကြုတ်သွားခဲ့၏။ ပြဿနာက ဤအခြေအနေသို့တိုင် ရောက်ရှိလာခဲ့ပြီး လင်းရီကိုလည်း သူလုံးဝ ချုပ်ထိန်း ကန့်သတ်၍ မရကြောင်းကို သိထားသည်။
ထို မိန်းကလေး ပါဝင်ပက်သတ်လာသည်နှင့် လင်းရီ၏ အသိစိတ်က စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်၌ ရှုံးနိမ့်သွားခဲ့ရစမြဲ ဖြစ်၏။
“ ဒီကိစ္စကို မင်းတစ်ယောက်တည်းအပေါ် တာဝန်ပေးလို့တော့ မဖြစ်ဘူး … အသင်း ၁ က လူတွေကိုလည်း ခေါ်သွား … လေ့ကျင့်ရေးဆင်းတယ်ပဲ သတ်မှတ်လိုက်ပေါ့ ….” လျိုဟုန် ပြောလိုက်ပြီး “ ဒါက မင်းရဲ့ ပြဿနာတင် မဟုတ်ဘူး … တစ်ဖက်လူက ကျုံးဝေ့တပ်ဖွဲ့ကို ပစ်မှတ်ထားနေတယ်ဆိုတာ သိသာတယ်… ဒီတော့ ကျုံးဝေ့တပ်ဖွဲ့ကလည်း သဘာဝအတိုင်း တန်ပြန်မှုတွေ လုပ်ဆောင်ရမှာပေါ့ ….”
“ ကောင်းပြီလေ….”
လင်းရီ သဘောတူလိုက်သည်။ ထို့နောက် နင်ချဲ့၏ ဖေးမပေးမှုဖြင့် ကုတင်ပေါ်က ထရန် ကြံရွယ်လိုက်သည်။
“မင်းကိုယ်မင်း အရမ်းကြီး တွန်းအားမပေးနဲ့ …” လျိုဟုန် အကြံပေးလိုက်၏။
“ အဆင်ပြေတယ်… ဒီတိုင်း နည်းနည်း ထုံထိုင်းနေရုံပဲ …” လင်းရီ အံကြိတ်ပြီး ပြန်ဖြေလိုက်၏။
“ အဲ့ဒီ ဆေးစွမ်းသက်ရောက်မှုက တကယ်ကို ပြင်းတာ … သာမန်လူတွေ တောင့်ခံနိုင်တဲ့ အရာမဟုတ်ဘူး …”
“ အဲ့တာက ဒီ အဆင့် လူတစ်ယောက်ကို စီ အဆင့် ခွန်အား ယာယီပေးနိုင်တဲ့ ဆေးလေ… အဲ့လောက်တော့ ရှိရမှာပေါ့ …” လျိုဟုန် ပြောလိုက်ပြီး “ ဒေါက်တာတွေ ပြောတာတော့ မင်း အသက်ရှင်နိုင်တာကိုကပဲ ဆန်းကြယ်လှပြီဆိုပဲ …”
လင်းရီသည် နေရာမှာပင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်ပြီး အနည်းငယ် ခံစားရကောင်းမွန်လာခဲ့၏။
ကြည့်ရသည်မှာ အပြည့်အဝ ပြန်လည်သက်သာလာဖို့ သိပ်မလိုတော့သည့်ပုံပင်။
သို့သော် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုဖြစ်စဉ် အပြည့်အဝ တည်ငြိမ်ဖို့ကတော့ အချိန် အနည်းငယ်မျှ ယူရမည် ဖြစ်၏။
“ အဓိက ပြဿနာက ကျုပ်တို့တွေ တစ်ဖက်လူကို အထင်သေးခဲ့မိတာပဲ … သူတို့ဘက်က စီ အဆင့် ကျွမ်းကျင်သူ ငါးယောက်တောင် ခေါ်ချလာတာ … အဲ့လို အင်အားမျိုးနဲ့ဆိုရင် ကျွန်းပေါ်ကိုတောင် ချေချလို့ရနေပြီ….”
“ စီအဆင့် ကျွမ်းကျင်သူ ငါးယောက် … အတော်ကြီးတဲ့ ရင်းနှီးမြုပ်နှံမှုပဲ …”
“ အပေါ်ယံ ကြည့်ရသလောက်ဆိုရင်တော့ ဟောင်ကောင်က ဘယ်ဂိုဏ်းမှာမှ အဲ့လို အစွမ်းအစမျိုး မရှိဘူး … ဒီတော့ တကယ့်လက်သည်တရားခံကို သိချင်တယ်ဆိုရင် ပိုပြီး စုံစမ်းစစ်ဆေးဖို့ လိုလိမ့်မယ်….”
“ ကျွန်မတို့ အချက်တစ်ခုကို ကျော်ကြည့်မိနေသလိုပဲနော်….” ချိုးယွီလော့ ရုတ်တရက် ပြောဆိုလာခဲ့၏။
“ ဘာကိုလဲ ….” လင်းရီ မေးမြန်းလိုက်သည်။
“ တစ်ဖက်လူက ငါတို့တွေကို ကျုံးဝေ့တပ်ဖွဲ့ကမှန်းလည်း သိတယ်… ဒါတောင် အခုလို ရဲတင်းတဲ့ လှုပ်ရှားမှုမျိုး လုပ်ဆောင်ဝံ့နေတယ်ဆိုတော့ စီအဆင့် သွေးရည်ကြည်က သူတို့အတွက် ဘယ်လောက်တောင် အရေးပါလဲဆိုတာ ပြနေတာပဲ … ဆေးကို လင်းရီက သုံးလိုက်ပြီဆိုပေမယ့် သူတို့တွေ ဒီကိစ္စ လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်မယ် ထင်လား …”
“ ပစ္စည်းကဖြင့် ရှိမှမရှိတော့တာ သူတို့ လက်မလျော့ချင်ဘူးဆိုရင်တောင် တခြားနည်းလမ်း မရှိဘူးလေ…” နင်ချဲ့ ပြောဆိုလိုက်၏။
“ လုံးဝကြီး မရှိတာ မဟုတ်ဘူး .. နင်က သင်္ဘောပေါ် မလိုက်လာခဲ့လို့သာ နင် အဲ့လူတွေကို နားမလည်တာ … “ ချိုးယွီလော့ ရှင်းပြလိုက်ပြီး “ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အစွမ်းအစတွေက ငါတို့နဲ့ တူညီလု နီးပါးပဲ ….”
လျိုဟုန် “ ဆက်ပြော … “
“ ဒီကိစ္စကို တခြား ရှုထောင့်အမြင်ကနေ ကြည့်ပြီး စဉ်းစားဖို့ လိုတယ်….’
ချိုယွီလော့သည် သူမ၏ ထက်မြက်လှသည့် ကျိုးကြောင်းဆက်စပ်နိုင်စွမ်းကို အကောင်းဆုံးချြနေရင်း လေးနက်တည်ကြည်နေသည်။
“ လတ်တလောတင်ပဲ ကျွန်မတို့ဘက်က စီ အဆင့် သွေးရည်ကြည်ကို သုတေသနတွေ လုပ်ထားတယ်… နောက်တစ်ချက် အနေနဲ့ လင်းရီရဲ့ သွေးနဲ့ ဆီးနမူနာကလည်း သုတေသနအတွက် အရေးပါတဲ့ အရာတွေပဲ … သူတို့အတွက် ဒါတွေအကုန်လုံးက ညီတူမျှတူ အရေးပါတယ်.. တစ်ဖက်က ဒါကို လွယ်လွယ်နဲ့ လက်လျော့လိုက်မယ်လို့ မထင်ဘူး ….”
“ ဆေးရဲ့ သုတေသန မှတ်တမ်းတွေကိုက ကျုံးဝေ့တပ်ဖွဲ့ရဲ့ အခြေစိုက် စခန်းထဲမှာ ထိန်းသိမ်းထားတယ်… သူတို့သာ တကယ်ကြီး လာခိုးဝံ့မယ်ဆိုရင် သေကြောင်းကြံတာနဲ့ မခြားဘူး ….”
“ အမှန်ပဲ … သူတို့တွေ သုတေသန မှတ်တမ်းတွေကိုတော့ ပစ်မှတ်ထားရဲကြမှာ မဟုတ်လောက်ဘူး … ဒါပေမယ့် လင်းရီကျတော့ရော …. သူ သေတာပဲ ဖြစ်ဖြစ် ၊ ရှင်တာပဲ ဖြစ်ဖြစ် သုတေသန လုပ်ငန်းအတွက် တန်ကြေးရှိတယ်လေ….” ချိုးယွီလော့ အသက်တစ်ရှိုက်စာအတွင်း လျင်မြန်စွာ ရှင်းပြသွားခဲ့သ်။
“ ငါသာ သူတို့နေရာမှာ ဆိုလို့ကတော့ အဲ့ဒီ နမူနာတွေ သူများလက်ထဲရောက်သွားမှာကို ကာကွယ်ဖို့ လှုပ်ရှားပြီးနေလောက်ပြီ …”
ချိုးယွီလော့၏ ကောက်နုတ်သုံးသပ်ချက်က သူတို့နှစ်ယောက်ကို ကြီးစွာ လှုပ်နိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ခေတ္တမျှကြာအောင် တိတ်ဆိတ်နေပြီးနောက် နင်ချဲ့ ပြောလိုက်၏။
“ အဲ့လိုသာဆိုရင် ငါတို့က ဟိုရဲ့ လှည့်ကွက်ကိုပဲ ထပ်ပြီး သုံးရတော့မှာပေါ့ ….”
“ အမှန်ပဲ … လင်းရီကို သေပြီဆိုပြီး သတင်းအတု ထုတ်ပြန်ပြီး သူတို့ကို မျှားခေါ်ရမယ်….”
“ သေစမ်း … ဘာလို့ ငါကြီးပဲ ခဏခဏ သေနေရတယ်… ငါ အသက်ရှင်နေတဲ့လူ လုပ်လို့ မရဘူးလား ….”
“ ကောင်းပြီ .. အခု အဆင်သင့် လုပ်ကြတာပေါ့ ….” လျိုဟုန် ပြောလိုက်ပြီး “ တစ်ဖက်လူက ဖြစ်လာမှ တုံ့ပြန်တာထက် ဖန်တီးပြီး ရယူတတ်တဲ့ လူစားမျိုးဆိုတော့ သူတို့ဘက်က လူတွေတောင် စေလွှတ်လာခဲ့ပြီးလောက်ပြီ …”
“ ငါ ဆေးရုံ ဝန်ထမ်းတွေကို စုစည်းပြီး လင်းရီရဲ့ သတင်းအချက် မပေါက်ကြားစေဖို့ သတိပေးလိုက်မယ်… ဒီတိုင်း သူ သေပြီလို့ပဲ ပေးသိကြတာပေါ့ …” ချိုးယွီလော့ ပြောလိုက်၏။
“ ငါက အပေါက်ဝကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားလိုက်မယ်….” နင်ချဲ့ ပြောလိုက်၏။
“ ဒါဆိုလည်း အဲ့လိုလုပ်ကြတာပေါ့ … မင်းတို့နှစ်ယောက်က သွားပြင်ဆင်ပြီး သတင်းတွေ အကုန်လုံးကို ပိတ်ဆို့ထားလိုက် …” လျိုဟုန် ပြောလိုက်ပြီး “ တကယ်လို့ မင်းရဲ့ ယူဆချက်က မှန်တယ်ဆိုရင် တစ်ဖက်လူက ဒီည လာဖြစ်ဖို့ များတယ်… ငါတို့ အမှားအယွင်း တစ်ခုမှ လုပ်မိလို့ မဖြစ်ဘူး ….”
“ နားလည်ပြီ ….”
ချလပ် …
သုံးယောက်သား စကားပြောဆိုနေစဉ်မှာပဲ လူနာခန်း တံခါး တွန်းပွင့်လာခဲ့ပြီး လျန်ရူရွှယ်မှာ အပြင်ဘက်မှ ရေးကြီးသုတ်ပျာနှင့် ပြေးဝင်လာခဲ့သည်။
လင်းရီ တစ်ခုခု ဖြစ်သည့် အကြောင်းကို ကြားသိထားပြီး ဆေးရုံရှိ အခြေအနေကို နားလည်သော်လည်းပဲ မလာဖြစ်သေးသည့် အကြောင်းအရင်းက အခြားအမျိုးသမီး တစ်ဦးကြောင့် ဖြစ်၏။
အကယ်၍ သူမတို့ နှစ်ဦး မျက်နှာချင်းဆိုင် ဆုံတွေ့မည် ဆိုပါက အတော်လေး ကိုးရို့ကားယား နိုင်မှာကို ကြောက်ရွံ့နေခဲ့မိသည်။ ထို့ကြောင့် လာချင်စိတ်ကို တင်းခံထားခဲ့၏။
ကျီချင်းရန် ဆေးရုံက ထွက်သွားခဲ့ပြီဟူသည့် သတင်းကို ကြားလိုက်သည်နှင့် ချက်ချင်းပဲ ဆေးရုံသို့ အပြင်းခရီးနှင်လာသည်။
“ ရှောင်မီလည်း ရောက်လာပြီလား ….”
လျန်ရူရွှယ်ကိုမြင်တော့ လျိုဟုန် အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ အန်ကယ်လျို …” လျန်ရူရွှယ်လည်း ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်၏။
ထို့နောက် သူမ၏ အကြည့်က လင်းရီထံ ကျရောက်သွားခဲ့သည်။
“ နင် ဘယ်လိုနေသေးလဲ … ဒေါက်တာကရော ဘာတွေ ပြောသွားခဲ့သေးလဲ …”
“ မြင်တဲ့အတိုင်းပဲလေ… အိုကေနေပြီ… ဘာမှ စိတ်မပူနဲ့တော့ …”
လင်းရီ အဆင်ပြေသည်ကို မြင်တော့ လျန်ရူရွှယ်မှာ ဆက်လက် စိုးရိမ်ခြင်း မရှိတော့ချေ။
ထို့ပြင် ဤအတွက် သူမ လင်းရီကိုလည်း အပြစ်မတင်ရက်ပေ။ အကယ်၍ သူသာ ထိုသို့ မပြုလုပ်ခဲ့ဘူးဆိုပါက လင်းရီ ပီသတော့မှာ မဟုတ်ချေ။
“ ရှောင်မီ … အခုက စကားပြောဖို့ အချိန်ကောင်း မဟုတ်သေးဘူး .. ငါတို့မှာ တခြား မစ်ရှင်တွေ လုပ်ဖို့ ရှိသေးတယ်….” လျိုဟုန် ပြောလိုက်သည်။
“ တခြား မစ်ရှင်တွေ ရှိသေးတယ် ဟုတ်လား …”
လျန်ရူရွှယ် သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ အသံကို မြင့်မိသွားခဲ့ပြီး “ ဒီကိစ္စက အခုထိ မပြီးနိုင်သေးဘူးလား ….”
“ အရေးမပါတဲ့ လူတချို့ပဲ သေသွားခဲ့တာ … နောက်ကွယ်က လက်သည်တရားခံက အခုထိ ပေါ်မလာသေးဘူး … ငါတို့ ဆက်ပြီး လှုပ်ရှားဖို့ လိုတယ်…”
လျန်ရူရွှယ်မှာ မျက်နှာမလှတော့ချေ။ သူမ လင်းရီကို ယခုလို အန္တရာယ်များသည့် ကိစ္စများအား ထပ်ပြီး မလုပ်စေချင်တော့ပေ။
သို့ပေမယ့်လည်း သူမထံတွင် အခြား ရွေးချယ်စရာ မရှိပါပေ။ သူမ၏ အဘိုးကိုယ်၌က ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်နေခဲ့ပြီး သူမထံတွင် တားမြစ်ပိုင်ခွင့်လည်း ရှိမနေခဲ့ချေ။
“ နားလည်ပြီ ..”
လျန်ရူရွှယ်သည် လင်းရီအရှေ့သို့ ရောက်လာခဲ့ပြီး “ နင် ဂရုစိုက်ရမယ်နော် ဟုတ်ပြီလား … ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး မနာကျင်စေနဲ့တော့ …”
“ ထပ်မဖြစ်တော့ပါဘူး ….” လင်းရီ သူမ၏ နူးညံ့သည့် ဆံနွယ်များအား ပွတ်သပ်ပေးရင်း တောင်းပန်တိုလျှိုးစွာ ပြောဆိုလိုက်၏။
“ အရင်ပြန်သွားလိုက်ဦး … နောက်မှ အေးဆေး စကားပြောကြတာပေါ့ …”
“ အွန်း …”
လျန်ရူရွှယ်မှာ အမြင်ကျယ်သည့် အမျိုးသမီး တစ်ဦးဖြစ်ပြီး ကျုံးဝေ့တပ်ဖွဲ့၏ မစ်ရှင်က မည်မျှ အရေးကြီးကြောင်းကို နားလည်သည်။ ထို့ကြောင့် လင်းရီကို မခွဲနိုင်မခွာရက်စွာ သေချာစူးစိုက်ကြည့်ပြီးနောက် တစ်ဖက်သို့လှည့်ပြီး ထွက်ခွာသွားခဲ့တော့သည်။
လင်းရီလည်း ကုတင်ပေါ်သို့ ပြန်တက်လာခဲ့ကာ လူသေအလောင်းကောင်အဖြစ် တစ်ဖန်သရုပ်ဆောင်ဖို့ ပြုလုပ်ရတော့၏။
လျိုဟုန် ပြောသွားခဲ့သည့်အတိုင်း တစ်ဖက်သူက ငါးစာ ဟပ်မဟပ်ဆိုတာ ယနေ့ညတွင် စကားပြောသွားပေလိမ့်မည်။
တစ်ဖက်က အမှန်တကယ် ရောက်လာခဲ့မည်လောဆိုတာကတော့ ကောင်းကင်ထက်ရှိ မိုးနတ်မင်းကြီးသာလျှင် သိနိုင်သည်။