တူညီတဲ့ သံစဉ် ၊ မတူညီတဲ့ ခံစားချက်
Vol. 131 Ch. 1965
“ ငါတို့လူတွေ ဟွာရှန်းဆေးရုံရဲ့ စောင့်ကြည့်ကင်မရာတွေကို ထိန်းချုပ်ထားပြီးပြိ …”
ဖန်းရှစ်ဟုန် ပြောဆိုလိုက်ပြီး “ စံတော်ချိန်အရဆိုရင် လင်းရီ အခုချိန်လောက်ဆို သေသွားလောက်ပြီ… သူ့ခန္ဓာကိုယ်ကို မနက်ကျရင် လူနာတင်ယာဉ်နဲ့ ခေါ်ထုတ်သွားလိမ့်မယ်… မင်းတို့ရဲ့ မစ်ရှင်က အဲ့ဒီ လူနာတင်ယာဉ်ကို ရှာပြီး သူ့ရုပ်အလောင်းနဲ့အတူ ထွက်ခွာလာခဲ့ဖို့ပဲ …”
“ ကျုပ်တို့ အခုချက်ချင်း မလှုပ်ရှားဘူးပေါ့ …”
“ ဆေးရုံမှာ ကျုံးဝေ့တပ်ဖွဲ့ကလူတွေ ဒီလောက်ထိ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာကို ငါတို့ အခုချိန် လှုပ်ရှားရင် တစ်ဖက်သူကို တပ်လှန့်ပေးသလို ဖြစ်သွားလိမ့်မယ်… အဲ့လိုဆို ဒီခုစစ်ဆင်ရေးမှာ အရေးသာတော့မှာ မဟုတ်ဘူး … မနက်ဖြန် မနက်အထိ စောင့်သာ အကောင်းဆုံးပဲ …”
“ နေထွက်လာတဲ့ အချိန်ကျရင် သက်ဆိုင်ရာ ဧရိယာထဲ ဝင်ရောက်နိုင်ဖို့ နည်းလမ်းဖန်လိုက် … မှန်ကန်တဲ့ လူနာတင်ယာဉ်ကို ရှာတွေ့နိုင်သရွေ့ မစ်ရှင် တစ်ဝက် အောင်မြင်တယ်လို့ ယူဆလို့ ရတယ်… အဲ့တာပြီးရင် ငါတို့ဘက်က အလောင်းကို လဲလိုက်ရုံပဲ …”
“ နားလည်ပြီ …”
ဖုန်းချပြီးနောက် ဖုန်းဝေ့ဟောက်သည် ဖန်းရှစ်ဟုန်၏ အမိန့်ကို လူတိုင်းထံသို့ ဖြန့်ကျက်ပေးလိုက်သည်။ ထို့နောက် ကားထဲက ထွက်ကာ ညကို ဆေးလိပ်သောက်ရင်း တိတ်တဆိတ်ကျော်ဖြတ်နေကြလေသည်။
လူနာခန်းထဲတွင်တော့ လင်းရီမှာ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မျက်နှာကြက်သို့ တည့်တည့် စိုက်ကြည့်နေလျက် ရှိသည်။ သူ ဘာတွေ စဉ်းစားနေလဲ မည်သူကမျှ သိနိုင်လိမ့်မှာ မဟုတ်ချေ။
ကလင် ကလင် ကလင် …
ကြွပ်ဆတ်သည့် ဖုန်းမြည်သံက လူနာခန်းထဲရှိ တိတ်ဆိတ်မှုကို ချိုးဖောက်သွားခဲ့သည်။
ယင်းက အမည်မသိ နံပါတ်တစ်ခု ဖြစ်၏။
သို့ပေမယ့် ယခု ဖုန်းနံပါတ်က အနည်းငယ် ထူးခြား၏။ အမည် မရေးထားသည့်တိုင် မည်သူလဲဆိုတာကို လင်းရီ မှတ်မိနေသည်။
ထိုသူကတော့ …
အင်မတန် ထူးခြားသည့် အမျိုးသမီး တစ်ယောက် ဖြစ်သည့် …
အာယာနဲ မစ်ဆူပင်။
“ ဒီလောက် ညဉ့်နက်နေပြီကို အခုထိ မအိပ်သေးဘူးပေါ့ …”
ဖုန်းကိုင်ပြီးနောက် လင်းရီ ပြုံးလိုက်ပြီး သက်တောင့်သက်သာ ဖြစ်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
“ မအိပ်သေးဘူး … ရှင့်ဆီ ခေါ်နေတာ တစ်ခါမှလည်း ဝင်မသွားဘူး .. အခုပဲ ဆက်သွယ်လို့ရတော့တယ်…”
အာယာနဲ မစ်ဆူ၏ လေသံထဲတွင် ရွှင်မြူးမှုတို့ ပြည့်နှက်နေခဲ့၏။
အကယ်၍ အခြား အမျိုးသမီး တစ်ဦးသာ ဖြစ်ခဲ့မည်ဆိုပါက အကြိမ်မရေမတွက်နိုင်အောင် ကြိုးစားပြီးသည့်တိုင် ဖုန်းခေါ်၍ မရသဖြင့် စိတ်ပျက်လက်ပျက် လေသံနှင့် ဖြစ်နေမည်မှာ သေချာသည်။
သို့သော် အာယာနဲ မစ်ဆူကတော့ မတူညီပေ။
လင်းရီ မှားယွင်းသည်လို့ ဘယ်တော့မှ မတွေးတောချေ။ အကယ်၍ မှားခဲ့လျှင်ပင် လင်းရီ၏ အမှားမဟုတ်ဘဲ ယင်းတစ်စုံတစ်ရာ၏ အမှားသာ ဖြစ်လိမ့်မည်။
အကြောင်းပြချက်ကတော့ တစ်ဖက် အမျိုးသားမှာ သူမ၏ နှလုံးသားတစ်ခုလုံး သိမ်းပိုက်စိုးမိုးထားနိုင်သည့်လူ ဖြစ်သောကြောင့် ဖြစ်လေသည်။
“ မတိုင်ခင်တုန်းက ဖုန်းကို ပိတ်ထားတာကြောင့်လေ… အခုလေးတင် လက်ထဲရှိတဲ့ ကိစ္စတွေလည်း ကိုင်တွယ်ပြီးတယ်…”
“ ကျွန်မ ခန်ဂျိနာခါတာဆီကနေ ပြန်ကြားမိတာ ရှင့်အခြေအနေက သိပ်မဟန်ဘူးဆို .. အခု ဘယ်လိုနေသေးလဲ … ကျွန်မ ဆရာဝန်တချို့ လွှတ်ပေးရဦးမလား ….”
“ မင်းစိတ်ပူဖို့ မလိုတော့ဘူး .. ငါ အခု အပြည့်အဝ သက်သာလုနီးပါးပဲ …” လင်းရီ ပြုံးလိုက်ပြီး “ ဗစ်တိုးရီးယား သင်္ဘောပေါ်က ကိစ္စအတွက် ကျေးဇူးပဲနော်… မင်းကြောင့်သာ မဟုတ်ရင် ငါအဲ့မှာတင် သေသွားခဲ့လောက်ပြီ …”
“ လူကြီးမင်းလင်းရယ် … ရှင့်ဘက်က အားနာလွန်းနေပါပြီ… ရှင့်ကို ကူညီပေးနိုင်တာကတင် ကျွန်မက ဂုဏ်တောင်ယူရဦးမယ်… ရှင် အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ … အဲ့တာ သိချင်လို့ … အနားယူလိုက်ဦးနော်…”
အာယာနဲ မစ်ဆူ၏ လေးစားနှိမ့်ချမှုက လင်းရီကို အမြဲတမ်း ခက်ခဲအောင် ပြုလုပ်နေပြီး သူတို့ကြားတွင် စည်းတချို့ ရှိနေသည်ဟု အမြဲတမ်း ခံစားရစေသည်။
ဤသည်ကလည်း ယဉ်ကျေးမှု မတူညီသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့ပေမယ့်လည်း လင်းရီ မသိခဲ့သည်မှာ ယင်းက အာယာနဲ မစ်ဆူ၏ သူ့အပေါ် ချစ်ခြင်း မေတ္တာအား ဖော်ပြခြင်း နည်းလမ်းတစ်ရပ် ဖြစ်လေသည်။
“ စကားမဆက် ငါ မင်းကို တစ်ခု ပြောဦးမယ်…” လင်းရီ ပြောလိုက်ပြီး “ သင်္ဘောပေါ် အခြေအနေက နည်းနည်း ရှုပ်ထွေးခဲ့တော့ ဒီရက်ပိုင်း ဂရုစိုက်ပြီး နေဦး … မင်း တစ်ခုခု ဖြစ်မှာ စိုးလို့ …”
“ လူကြီးမင်းလင်း ပြောချင်တာ ကျွန်မက ရှင့်ကို ကူညီပေးခဲ့လို့ အခက်တချို့ ကြုံနိုင်တယ် အဲ့လိုလား ….”
“ အင်း အဲ့လိုမျိုးပေါ့ …” လင်းရီ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပြီး “ ဒီကိစ္စမှာ မင်းရဲ့ ကူညီမှုက အခရာ ဖြစ်သွားခဲ့တော့ ခဏလောက်တော့ ဂရုစိုက်ပြီး နေဦး … ပြဿနာကို ဖြေရှင်းပြီးတာနဲ့ မင်းလည်း စိတ်ချလက်ချ နေလို့ရပြီ…”
“ အဲ့အတွက် မပူနဲ့ လူကြီးမင်းလင်း … ကျွန်မကိုယ့်ဘာကိုယ် ကာကွယ်နိုင်ပါတယ်…” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ အစောပိုင်းတုန်းက ရှင် ချေမှုန်းခဲ့တဲ့ ရာမာဂူချီဂိုဏ်း သုံးပုံတစ်ပုံက အခု ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီလေ… ဂျပန်နိုင်ငံထဲ ရှိနေသရွေ့ ကျွန်မရဲ့ လုံခြုံရေးကို လွယ်လွယ်လေးနဲ့ ခြိမ်းခြောက်လို့တော့ လုံးဝ မရဘူး ….”
“ ကောင်းတယ်… အဲ့လိုကြားရတော့ ငါလည်း စိတ်ချရပြီ …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ တခြား ကိစ္စလေးတွေ ရှိလို့ ဖုန်းချလိုက်တော့မယ်… ကိစ္စတွေ ပြီးသွားရင် ထပ်တွေ့ကြတာပေါ့ …”
“ ကောင်းပြီလေ.. လူကြီးမင်းလင်းလည်း ကျန်းမာရေး ဂရုစိုက်ဦးနော်… ကျိုးဟိုင်မှာ ခုရက်ပိုင်း မိုးတွေ အရမ်းသည်းနေတာ အင်္ကျီ ထူထူ ဝတ်ဖို့ မမေ့နဲ့ …”
“ အင်းပါ …”
အာယာနဲ မစ်ဆူနှင့် ဖုန်းပြောပြီနောက် လင်းရီသည် ဖုန်းကို လက်ထဲ အကြိမ်ရေ အနည်းငယ် ကစားလိုက်ကာ နောက်ဆုံးတွင် ခန်ဂျိနာခါတာထံ ခေါ်ဆိုဖို့ ဆုံးဖြတ်လိုက်၏။
ထိုအချိန်တွင် ခန်ဂျိနာခါတာက ကားမောင်းနေပြီး အာယာနဲမစ်ဆူမှာ ကားနောက်ခုံတွင် ထိုင်နေသည်။ သူမ အိမ်သို့ ပြန်နေခြင်း ဖြစ်၏။
ကားမောင်းနေရင်း လင်းရီထံက ရုတ်တရက်ကြီး ဖုန်းဝင်လာသည့်အတွက် ခန်ဂျိနာခါတာမှာ အံ့အားသင့်သွားခဲ့လေသည်။
သူက ဥက္ကဌနဲ့ ခုလေးတင် ဖုန်းပြောခဲ့ပြီးတာ မဟုတ်ဘူးလား …
ခန်းဂျိနာခါတာသည် လက်တစ်ဖက်ဖြင့် ဖုန်းကို ယူပြီး အာယာနဲ မစ်ဆူထံ ကမ်းလိုက်သည်။
“ ဥက္ကဌ … လူကြီးမင်းလင်း ဖုန်းခေါ်လာပါတယ်… ဥက္ကဌ ကိုင်လိုက်ပါလား …”
“ နင် ဖြေလိုက် … သူ နင်နဲ့ တစ်ခုခု ပြောချင်လို့ နေမှာပေါ့ … ငါ ဖြေလို့ ဘယ်ကောင်းမှာ …”
“ ဟုတ်ကဲ့ … နားလည်ပါပြီ …”
ခန်ဂျိ နာခါတာသည် ဖုန်းကိုင်ပြီး စကားဝိုင်းကို အာယာနဲ မစ်ဆူလည်း ကြားနိုင်ရန်အတွက် စပီကာ ဖွင့်ထားလိုက်၏။
“ ဟယ်လို လူကြီးမင်းလင်း …”
“ ညဉ့်နက်မှ ခေါ်လိုက်ရတာ ခင်များကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားပြီ …”
လင်းရီသည် ခန်ဂျိနာခါတာကို အင်မတန် ယဉ်ကျေးနေခဲ့၏။
အကယ်၍ တစ်ဖက်သူသာ သင်္ဘောပေါ်တွင် အသက်ကိုရင်းပြီး မကူညီပေးခဲ့ကာ သူနှင့် ကျီချင်းရန်မှာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့မှာ မဟုတ်ချေ။
“ ငါလည်း အခုလေးတင် အလုပ်တွေ ပြီးလို့ အိမ်ပြန်ပြီး နားတော့မလိုပါ …” ခန်ဂျိ နာခါတာလည်း ယဉ်ကျေးနေခဲ့ပြီး “ ဒီအချိန်ကြီး ဆက်သွယ်လာတယ်ဆိုတော့ လူကြီးမင်းလင်း ပြောစရာ တစ်ခုခု ရှိလို့လား …”
“ ထွေထူးတော့ မဟုတ်ပါဘူး …” လင်းရီ ရယ်ကျဲကျဲ အမူအရာဖြင့် ပြောလိုက်ပြီး “ ကျုပ် သင်္ဘောပေါ်က ဆင်းတုန်းက ကျုပ်ကိုယ်ကျုပ်တောင် ဂရုမစိုက်နိုင်ခဲ့တာ ခင်များ ဘယ်လို အခြေအနေရှိလဲ မသိလိုက်ရလို့ .. ဘယ်လိုနေသေးလဲ … ဒဏ်ရာတွေ ဘာတွေ ရသွားသေးလား ….”
“ ဒီတိုင်း ပွန်းရာပဲ့ရာလောက်ပါပဲ … အဆင်ပြေပါတယ်… ကျေးဇူးပါ လူကြီးမင်းလင်း …”
“ အဲ့လိုဆို ကောင်းတယ်…” လင်းရီပြောလိုက်ပြီး “ ကျုပ် ခေါ်လိုက်တာ အဓိကက အာယာနဲ အကြောင်း ပြောချင်လို့ …”
ဤသည်ကို ကြားတော့ အာယာနဲ မစ်ဆူသည် မသိစိတ်အလျောက် ခေါင်းထောင်လာခဲ့ပြီး ခန်ဂျိနာခါတာ၏ ဖုန်းစခရင်ကို ငေးကြည့်လိုက်မိ၏။
စိတ်လှုပ်ရှားမှု၊ မျှော်လင့်စောင့်စားမှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့က မိုးတစ်ပြိုက် ရွာသွန်းပြီး လျင်မြန်စွာ ကြီးရင့်လာသည့် မိုးဦးကျ ဝါးပင်များကဲ့သို့ပင်။
“ ကျုပ် အခုလေးတင်ပဲ သူ့ကို သတိထားဖို့ ပြောထားခဲ့သေးတယ်… ဒါပေမယ့် စိတ်မချသေးလို့ …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်စိုးရိမ်မိတာ နောက်ရက်နည်းနည်းကြာရင် တစ်ယောက်ယောက်က သူ့ဆီ ပြဿနာ လာရှာမှာကိုပဲ … ခင်များက ကျေးဇူးပြုပြီး သူ့ကို ဂရုစိုက်ထားပေးပါဦး … ရက်နည်းနည်းကြာလို့ ကျုပ် ဒီက ပြဿနာတွေ ဖြေရှင်းပြီးသွားရင် နောက်ထပ် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး …”
အာယာနဲ မစ်ဆူ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး သွယ်လျသည့် လက်ချောင်းလေးများက မျက်လုံးထက်မှ ကျလုဆဲဆဲ မျက်ရည်များအား ဖယ်သပ်လိုက်လေသည်။
“ နားလည်ပြီ … ဥက္ကဌရဲ့ လုံခြုံရေးကို ငါနဲ့ စိတ်ချထားလိုက် …”
“ ကျေးဇူးတင်ပါတယ်… နောင်ကျ အားလပ်ရင် ကျိုးဟိုင်ကို အချိန်မရွေးလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…”
“ ဖိတ်ကြားပေးလို့ ကျေးဇူးပါ လူကြီးမင်းလင်း …”
ပြောစရာရှိသည်ကို ပြောဆိုပြီးနောက် လင်းရီ ဖုန်းချသွားခဲ့သည်။
ကားအတွင်းရှိ လေထုမှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့လေသည်။
“ ဥက္ကဌ… လူကြီးမင်းလင်းက မင်းကို သိပ်ဂရုစိုက်တာပဲ … ငါ့ဆီတောင် ဖုန်းခေါ်လာတယ်…”
“ အွန်း …”
အာယာနဲ ညင်သာစွာ တုံ့ပြန်၍ တီးတိုးပြောလိုက်၏။
“ ငါ့ကို သီချင်းသံ ချဲ့ပေးစမ်းပါ …”
“ ဟုတ်ကဲ့ …”
လေးနက်ပြီး သာယာနာပျော်ဖွယ်ကောင်းသည့် သီချင်းသံစဉ်က အဆိုပါ မိုးသည်းထန်သည့် ညတစ်ညသို့ ပြန်ပြောင်း အောက်မေ့သွားစေသည်။
တဖျောက်ဖျောက် ကျနေတဲ့မိုးတွေရယ်…
တဖွဲဖွဲ ကျနေတဲ့ နှင်းတွေရယ်…
အခုချိန် မင်းလေး အေးများနေမလား… ဒါမှမဟုတ် ငိုကြွေးလို့များ နေမလား…
မသက်ဆိုင်တော့ပြီ ဆိုပေမယ့် ခုထိ စိတ်ပူနေမိတုန်းပဲ…
တစ်ရက်တာအတွက် တစ်သက်တာကို ပေးဆပ်ပြီး စောင့်ဆိုင်းခဲ့တယ်
ပိုင်ဆိုင်နိုင်ဖို့အတွက် .... လူတစ်ယောက်ဟာ ဆုံးရှုံးခြင်းဆိုတဲ့ သဘောတရားကို လက်ခံနိုင်ရမယ်…
နှင်းဖွေးတဲ့ လမ်းကလေးကို မှန်မှန် လျှောက်ရင်း နှင်းမှုန်လေးတွေလည်း ကျီစယ်တတ်တယ် တူပါရဲ့…
မျက်ရည်တွေက သူ့အလိုလို ကျဆင်းလာမိတယ်…
ဟူဂျီတောင်ကို ဘယ်သူကရော ချစ်နှစ်သက်မှု တစ်ခုတည်းနဲ့ ပိုင်ဆိုင်နိုင်ခဲ့လို့လဲ.....
တူညီသည့် သံစဉ် ၊ တူညီသည့် သီချင်း စာသား ၊ သို့သော် ဤတစ်ကြိမ်တွင်တော့ ခံစားရသည့် ခံစားချက်ကား မတူညီတော့ချေ။
အာယာနဲ မစ်ဆူမှာ တိတ်ဆိတ်သည့် ညချမ်းတွင် သီချင်းစာသားများ၏ အဓိပ္ပာယ်ကို ပြောင်းလဲ ခံစားမိနေပြီးဖြစ်၏။
ယင်းက သံပုရာရည် တစ်ခွက်နှင့်တူသည်။
ဤအချစ်က ချဉ်သည်။ သို့သော် အရသာခံကြည့်ပြီးနောက်တွင် ထိုချဉ်သည့် အရာထံတွင်ပဲ အတိုင်းအဆမဲ့သည့် ချိုမြိန်မှုကို ခံစားလာခဲ့ရကာ နှစ်ယောက်အတူ ရှိခဲ့သည့် မှတ်ဉာဏ်များက လူကို စွဲလမ်းတမ်းတစေသည့် အာနိသင်တစ်မျိုးကဲ့သို့ပင်။
ထို့ပြင် ယခု အချိန်၌ အာယာနဲ မစ်ဆူ အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သူ့အချစ်ကို သူမ မပိုင်ဆိုင်နိုင်ပေ။
ဟူဂျီတောင်၏ လှပမှုကို တစ်ဦးတစ်ယောက်တည်းက သီးသန့်ပိုင်ဆိုင်ခံစားခွင့် မရှိသကဲ့သို့ပင်…..
စာစဉ် (၁၃၁) ပြီး၏။