← Chapters

မရဏချောက်နက် ပြိုကွဲလေပြီ

Vol. 26 Ch. 351

မရဏချောက်နက် ပြိုကွဲလေပြီ

Vol. 26 Ch. 351

လူတိုင်းက နားမလည်ပါးမလည်ဖြင့် သူကိုဝိုင်းကြည့်နေကြသည်။

ယဲ့ကျွင်းလင်၏ အဖြေစကားကို ကြားသောအခါ မင်ယဲ့၏ နဖူးကြောများ ထောင်ထလာပြီး ဒေါသကြောင့် မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားများ တဆတ်ဆတ်တုန်ခါနေကာ အံကြိတ်သံဖြင့် ထပ်မေးသည်။ “ဒီလောက် ကလေးဆန်တဲ့ ဆင်ခြေနဲ့ ငါ့ကို လှည့်စားရတာ ပျော်ရဲ့လား”

ယဲ့ကျွင်းလင်က ကူကယ်ရာမဲ့ဟန်ဖြင့် ထပ်ပြောပြန်သည်။ “တကယ်ပြောနေတာဟ၊ ပြဿနာက အဲ့ဒါပဲ၊ ငါ့ ပြိုင်ဘက် ပိုအားကောင်းလာလေ၊ ငါလည်း ပိုအားကောင်းလာလေပဲ!”

လူအချင်းချင်းကြား ရိုးသားယုံကြည်မှုများ ဘယ်ရောက်သွားပြီလဲဟု သူ တွေးမိသည်။ သူ အမှန်တရားကို ရှင်းရှင်းလင်းလင်း ပြောပြနေသော်လည်း ဘာကြောင့် တစ်ယောက်မှ မယုံကြည်ကြလေသနည်း?

မင်ယဲ့သည် အနောက်ပြောင်ခံနေရသည်ကို မခံမရပ်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်၏။ ထိုသူ၏ ဒေါသတကြီး အော်ဟစ်သံသည် မိုးခြိမ်းသံကဲ့သို့ပင် ကောင်းကင်ယံရှိ သွေးရောင်လကိုပင် တုန်ခါသွားစေပြီး ကြွေကျလုနီးပါး ဖြစ်သွားစေခဲ့သည်။

မပြောချင်လည်း မပြောနဲ့ပေါ့။ ဘာလို့လူကို ငတုံးလိုဆက်ဆံနေရတာလဲ? ပျော်ဖို့ကောင်းလို့လား?

“အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်! ငါ့အပိုင်နေရာမှာ မင်းကို မနိုင်နိုင်ဘူးဆိုတာ မယုံဘူး!” မင်ယဲ့ ၏ မျက်လုံးများ နီရဲနေပြီး သူသည် ကမ္ဘာ့ဆန္ဒကို ရူးသွပ်စွာ စုစည်းလိုက်၏။ စွမ်းအင်အဟုန်တစ်ခုလုံး ထပ်မံ တိုးတက်လာကာ သက်ရှိမျိုးနွယ်အားလုံးအပေါ် သူ၏ ဖိနှိပ်မှုအားကို အဆပေါင်းရာနှင့်ချီ တိုးမြှင့်လိုက်သည်။

ဘုန်း!

တောင်ကြီးတစ်လုံးလောက် ကြီးမားသော ခရမ်းရင့်ရောင် လက်သီးကြီးတစ်ခု ပုံပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ယဲ့ကျွင်းလင်ထံ တည့်တည့်ထိုးနှက်လိုက်သည်။

သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ပိုမို ကြောက်မက်ဖွယ်ကောင်းလာသော ဖိနှိပ်အားကို ခံစားရသော်လည်း ယဲ့ကျွင်းလင်သည် ဖိနှိပ်ခံရခြင်းမရှိရုံသာမက စပရိန်ဖြင့် ကန်ထွက်သကဲ့သို့ ကန့်သတ်ချက်များကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ချိုးဖျက်လိုက်ပြန်သည်။

အကျိုးမရှိခဲ့ပါ။ မည်မျှပင် ဖိနှိပ်မှု ပြင်းထန်စေကာမူ သူ့အပေါ်တွင် အကျိုးသက်ရောက်မှု မရှိခဲ့ပါ။

“သွား!”

ထိုစဉ် ကောင်းကင်ဧကရာဇ်ရုပ်တုနောက်ခံဖြင့် ယဲ့ကျွင်းလင်သည် ငွေရောင်ဆံပင်ရှည်များ လေထဲတွင် ရမ်းခါနေပုံမှာ ကောင်းကင်ဧကရာဇ်ကြီးတစ်ပါးဖြင့်ပင် တူနေသေးတော့၏။ ထို့နောက် လက်တစ်ဖက်မြှောက်ကာ အဝေးသို့ ထိုးညွှန်လိုက်ရာ ရွှေရောင် လက်ညှိုးအလင်းတန်းတစ်ခုသည် နတ်ဓားတစ်လက်သဖွယ် ပစ်ထွက်သွားခဲ့သည်။

သူ၏ စွမ်းအင်သည် အတုမရှိပြင်းထန်ပြီး အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးသွားတော့မလိုပင်။

ကောင်းကင်ထိုးခွင်းလက်ညှိုး!

ဘုန်း! ဧရာမ ခရမ်းရင့်ရောင် လက်သီးပုံစံ ကြေမွသွားခဲ့သည်။ မင်ယဲ့သည် သူ၏ရှေ့မှ စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းလာသည်ကိုသာ ခံစားလိုက်ရ၏။ သူ အမြန်ဘေးသို့ ရှောင်လိုက်သော်လည်း ကောင်းကင်ဖြတ်တောက်လက်ညှိုး၏ လက်ကျန်စွမ်းအားဖြင့် ထိမှန်သွားခဲ့ရလေသည်။

“အား-ဟား”

မင်ယဲ့သည် သွေးထွက်နေသော လက်မောင်းတစ်နေရာကို ဖမ်းဆုပ်ထားပြီး သူ၏မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေပြီ။ လက်ရှိအဖြစ်အပျက်များကို သူတစ်ကွက်မှ နားမလည်နိုင်တော့။

သို့သော် မကြာမီတွင် အဆုံးမဲ့ မကျေနပ်မှုများဖြင့် နှလုံးသားတစ်ခုလုံး ပြည့်နှက်သွားခဲ့ရသည်။

“ဒီကမ္ဘာမှာ ငါက အရှင်သခင်! ငါ တစ်ယောက်ယောက်ကို အသက်ရှင်စေချင်ရင် သူတို့ အသက်ရှင်တယ်။ ငါ တစ်ယောက်ယောက်ကို သေစေချင်ရင် သူတို့ သေရတယ်။ ဘယ်သူမှ ငါ့ကို တားလို့မရဘူး! ဘယ်သူမှ မရနိုင်ဘူး!!!”

ဟစ်အော်သံတစ်ခု ကောင်းကင်ယံထက် ပဲ့တင်ထပ်သွားပြီး မရဏချောက်နက် ကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ဘုန်း! ဘုန်း! ဘုန်း!—!!!

ကောင်းကင်၌ ကွေးကောက်နေသော ခရမ်းရောင်လျှပ်စီးသန်းပေါင်းများစွာ ထွက်ပေါ်လာသည်။ ကျယ်ပြန့်သော မရဏမူလနန်းတော်ကြီးလည်း ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့သည်။ သဲနှင့် ဖုန်မှုန့်များ တိမ်တိုက်များလို တလိမ့်လိမ့်တက်လာပြီး တောင်တန်းများသည် မြင်သာသော အမြန်နှုန်းဖြင့် ကွဲအက်သွားကာ လောကသခင်၏ဒေါသကြောင့် ကမ္ဘာတစ်ခုလုံး ပြိုကွဲပျက်စီးတော့မည့် အရိပ်အယောင်အား ပြသလာခဲ့၏။

သွေးများ စိုနစ်စွန်းထင်းနေသော မင်ယဲ့သည် ခရမ်းရောင်ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး လက်တစ်ဖက်ကို ခေါင်းပေါ်မြှောက်ကာ ရဲရဲတောက်နေသော မျက်လုံးများဖြင့် ကောင်းကင်သို့လက်ညှိုးညွှန်လျက် အော်ဟစ်လိုက်သည်။ “ကောင်းကင်ဘုံ တာအိုဓား၊ ထွက်လာခဲ့စမ်း!!!”

ဘုန်း...

ကောင်းကင်၌ ကြီးမားသော တိမ်တိုက်များမှ ဧရာမလေပွေတစ်ခု ဖြစ်ပေါ်လာပြီး နက်စွေးနေသော ရှေးဟောင်းဓားကြီးတစ်လက် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

ဓားကိုယ်ထည်ကို ခရမ်းရောင် လျှပ်စီးသန်းပေါင်းများစွာ ဝန်းရံထားပြီး ထုတ်လွှတ်နေသော စွမ်းအားမှာ အင်မတန် ကြောက်စရာကောင်းလှ၏။ ပြစ်မှုတစ်ခုခုကို တရားစီရင်တော့မလိုပင်။

ယဲ့ကျွင်းလင်ကို လုံးဝ ချေမှုန်းပစ်ရန် မင်ယဲ့သည် ဤကမ္ဘာ၏ အစွမ်းထက်ဆုံး အခွင့်အာဏာကို တိုက်ရိုက် အသုံးပြုခဲ့ခြင်းပင်။

မသေမျိုးအရှင်ဧကရာဇ် တစ်ပါး ရောက်လာရင်တောင် ဤဓား၏ ဖိနှိပ်မှုအောက်တွင် မလှုပ်မယှက်နိုင်စွာ လည်စင်းစီရင်ခံရပေလိမ့်မည်။

ဤသည်မှာ ကမ္ဘာဆန္ဒ၏ အဆုံးစွန်ဖိနှိပ်မှုပင်ဖြစ်သည်။ မသေမျိုးအရှင်သူမြတ် အဆင့်ရှိသူတစ်ဦးသာ ယင်းစွမ်းအားကို လျစ်လျူရှုနိုင်မည်ဖြစ်၏။

ဘုန်း! ဘုန်း! ဘုန်း! ရှေးဟောင်းအနက်ရောင် ဓားကြီးသည် တိမ်များကို ထိုးဖောက်ကာ အောက်သို့ ထိုးဆင်းလာပြီး ၎င်း၏ အဆုံးမဲ့ဖိအားက မရဏချောက်နက် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ကျင့်ကြံသူများ ဆောက်တည်ရာမရအောင် ကြောက်လန့်နေကြကာ လက်အောက်ခံကိုးကွယ်လိုစိတ်က သူတို့၏ ရင်ထဲတွင် ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာပြီး လူကို လှုပ်မရအောင် ချုပ်နှောင်ဖိချထားသကဲ့သို့ ခံစားရစေ၏။

သူတို့တင်မက၊ မရဏချောက်နက်၏ မူရင်းသက်ရှိမျိုးနွယ်များပင် ကောင်းကင်ဘုံ တာအိုဓား စတင်ကျဆင်းလာသည်နှင့် မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ကြသည်။ သူတို့၏ ရင်ထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး မျက်လုံးများတွင် လေးစားရိုသေမှုအပြည့်ဖြင့်။

မင်ယဲ့၏ မျက်လုံးများ နီရဲနေပြီး ယဲ့ကျွင်းလင်ကို စိုက်ကြည့်ကာ အော်လိုက်သည်။ “ဒီအရှင့်အတွက် အသက်ပေးစမ်း!!!”

ဘုန်း!

လေထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် မိုးခြိမ်းသံလို ပဲ့တင်ထပ်သွားခဲ့သည်။

မရဏချောက်နက်၏ ကောင်းကင်ဘုံ တာအိုဓားသည် ယဲ့ကျွင်းလင်ဆီသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာပြီး အပြီးတိုင်ချေမှုန်းရန် ရည်ရွယ်ထားဟန်ပင်။

ယဲ့ကျွင်းလင်၏ ဆံပင်များ လေထဲတွင် ရမ်းခါနေပြီး သူ၏ ခန့်ညားသော မျက်နှာသွင်ပြင်မှာ ပကတိတည်ငြိမ်ကာ အေးအေးဆေးဆေးသာရှိ၏။ နှုတ်ခမ်းထောင့်တွင် ခပ်လှောင်လှောင်အပြုံးတစ်ပွင့် ကွေးညွှတ်နေလျက်။

မင်ယဲ့၏လုပ်ရပ်များကို တိုက်ရိုက်လှောင်ပြောင်နေခြင်းပင်။

“ငါ မင်းကို ပြောသားပဲ၊ ငါက...”

အဆုံးမဲ့ ဖိနှိပ်အားကို ရင်ဆိုင်ရသောအခါ ယဲ့ကျွင်းလင်၏ တစ်ကိုယ်လုံးသည် ပိုအစွမ်းထက်သော အင်အားတစ်ခုဖြင့် ပေါက်ကွဲထွက်လာပြီး ခေါင်းနောက်ရှိ မသေမျိုးအလင်းဝန်းက မျက်စိကျိန်းစပ်လောက်သော အလင်းတန်းတို့ဖြင့် အဆုံးမဲ့ထွန်းလင်းလာသည်။

သူသည် လက်သီးတစ်ချက်ကို ပြတ်သားစွာ ထိုးချလိုက်သည်။ ထိုလက်သီးချက်သည် ကြီးမားပြီး ရှေးကျကာ တိုက်ပွဲတိုင်း အရှုံးမရှိခဲ့သော မည်သူမျှ အနိုင်မယူနိုင်သော ဝါရင့်စစ်သူကြီးတစ်ယောက်လို အငွေ့အသက်ဖြင့်။

“ပြိုင်ဘက် ပိုအားကောင်းလာလေ၊ ငါလည်း ပိုအားကောင်းလာလေပဲ!!!”

ရွှစ်!

တောက်ပသော မသေမျိုးအလင်းများဖြင့် မြင့်မြတ်စွာခြံရံထားသည့် လက်သီးရာတစ်ခု ကောင်းကင်သို့ ပစ်တက်သွားပြီး စစ်မှန်သော နဂါး တစ်ကောင်သဖွယ် အတုမရှိသည့် အရှိန်အဟုန်ဖြင့် ဧရာမ အနက်ရောင် ရှေးဟောင်းဓားကြီး၏ ထိပ်ဖျားနှင့် ထိတိုက်မိသွားသည်။

ဘုန်း! ဘုန်း! ဘုန်း!—!!!

စိတ်ပင်မကူးခဲ့ဖူးလောက်အာင် ကြီးကျယ်သော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ကျယ်ပြန့်သော ကောင်းကင်တစ်ခုလုံး ကြေမွပျက်စီးသွားကာ ကမ္ဘာ့ဆန္ဒသည် တစ်စုံတစ်ခုဖြင့် ပြင်းထန်စွာ ထိခိုက်ခံခဲ့ရသကဲ့သို့ ဘယ်နေရာကမှန်းမခန့်မှန်းနိုင်သည့် ခပ်တိုးတိုးညည်းတွားသံများ ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော အံ့ဩတကြီးအကြည့်များအောက်တွင် မိုင်ပေါင်း သန်းချီရှည်လျားသည့် အနက်ရောင် ရှေးဟောင်းဓားကြီးသည် ဂျွတ်ခနဲကွဲအက်သံနှင့်အတူ အက်ကွဲကြောင်းများ ထင်ပေါ်လာခဲ့သည်။ ထို့နောက် ဘုန်းခနဲ မြည်သံနှင့်အတူ အပိုင်းအစပေါင်းများစွာအဖြစ် ပေါက်ကွဲသွားပြီး ကမ္ဘာအနှံ့ ပြန့်ကျဲသွားခဲ့၏။

“မဖြစ်ဘူး” ဘုရင်တန့်ယိုနှင့် နောက်လိုက်မရဏသားများ ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြပြီး သူတို့နှလုံးအိမ်အတွင်းမှ တစ်စုံတစ်ရာကို ဆွဲထုတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မရဏချောက်နက်၏ မူရင်းစိတ်ဆန္ဒသည် လူသားတစ်ယောက်ကို အညံ့ခံအရှုံးပေးခဲ့ရလေပြီ။

ကျင့်ကြံသူများသည် မိမိတို့အပေါ်မှ ဖိနှိပ်အားများ ပျောက်ကွယ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရပြီး သူတို့၏ ကိုယ်ခန္ဓာများ အလွန်ပေါ့ပါးသွားခဲ့သည်။ ‌ပျော်ရွှင်လန်းဆန်းသော မျက်နှာအမူအရာတို့ဖြင့် အကြီးအကဲယဲ့ကို ကြည့်နေသည့် သူတို့၏ မျက်လုံးများတွင် ရူးသွပ်သောကိုးကွယ်မှုများ ပြည့်နှက်နေလျက်။

“အိုး ဘုရားရေ၊ အကြီးအကဲယဲ့ ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ?” ရွှယ်ဝူဟန် အကြီးအကျယ် ထိတ်လန့်သွားသည်။

“ငါတို့နှစ်ယောက်လုံး စစ်မှန်သော မသေမျိုးအရှင်အဆင့်မှာ ရှိနေတာပဲ၊ ဘာလို့ သူကဒီလောက် ထူးခြားနေရတာလဲ? ဒါက သိပ်တော့ ယုတ္တိမရှိဘူး မဟုတ်လား?” သူ တိုးတိုးရေရွတ်နေမိသည်။

“ဆရာသခင်က အံ့ဩစရာပဲ!!!” လီဝူကျယ်မှာ စိတ်လှုပ်ရှားလွန်း၍ ရူးသွပ်စွာအော်ဟစ်လိုက်ရာ အသံပင် ဝင်သွားရသည်အထိ။

“ကမ္ဘာ့ဆန္ဒနဲ့ လက်ရည်ချင်းယှဉ်နိုင်တယ်ဆိုတော့ သူ့မှာ အမြင့်ဆုံး မှော်လက်နက်တွေဘာတွေ ထပ်ရှိနေသေးတာများလား?” ဟုန်ချန်ယဲ့ မရေမရာနှင့် အံ့ဩစွာ ရေရွတ်လိုက်သည်။ ဤမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဆိုးဂိုဏ်းချုပ်၏ တစ်သက်လုံးစာနားလည်မှုများကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။

“အား!”

ကောင်းကင်ဘုံ တာအိုဓားကို ယဲ့ကျွင်းလင်က အတင်းအကြပ် ချေမှုန်းလိုက်သောအခါ မင်ယဲ့သည်လည်း ကြီးမားသော နောက်ဆက်တွဲ သက်ရောက်မှုဒဏ်ကို ခံစားလိုက်ရပြီး နတ်သိကြား၏ မိုးကြိုးလက်နက်ဖြင့် တည့်တည့်ထိမှန်ခံလိုက်ရသကဲ့သို့ ခံစားရ၏။ သူ၏ နှာခေါင်း၊ နား၊ ပါးစပ် စသည့် ဒွာရာခုနှစ်ပေါက်မှ သွေးစိမ်းရှင်ရှင် ယိုစီးကျနေပြီး ဆက်လက်ရှင်သန်နိုင်စွမ်း မကျန်တော့သလို အားနည်းနေခဲ့သည်။

ရလဒ်ကို သူမယုံကြည်နိုင်သေးပေ။ သူ့စိတ်ထဲတွင် မေးခွန်းပေါင်းမြောက်များစွာ ရှိနေခဲ့သည်။

“ဘာလို့လဲ? ဒီကမ္ဘာမှာ ငါကပဲ ပြိုင်ဘက်ကင်းဖြစ်သင့်တယ်၊ ဒါဆို ဘယ်လိုလုပ် ဒီလောက်တောင် အပြင်းအထန် အရိုက်ခံရတာလဲ? မရဏချောက်နက်ရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ ကောင်းကင်ဘုံတာအိုဓား ကိုတောင် ဒီလူက လက်သီးတစ်ချက်တည်းနဲ့ ချေမှုန်းပစ်လိုက်တာလား။ ဒီကောင် ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်များလား?!”

“ငါ မင်းကို ပြောသားပဲ၊ ပြိုင်ဘက် ပိုအားကောင်းလာလေ၊ ငါ ပိုအားကောင်းလာလေပဲဆိုတာကို၊ မင်းဘာသာမယုံဘဲ ဆက်တိုက်နေတာလေ” ယဲ့ကျွင်းလင် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

ကိုယ့်သေတွင်းကိုယ်ရှာတာကိုး။ ခံပေါ့!

“မင်း!”

ထိုစကားများကို ထပ်ကြားလိုက်ရသောအခါ မင်ယဲ့ ဒေါသအထွက်လွန်ပြီး သွေးတစ်ပွက်အန်လိုက်ရသည်။

မင်း ဟန်ဆောင်ရတာကို စွဲလမ်းနေပြီလား? ဒီအခြေအနေထိ ရောက်နေမှတော့ အမှန်အတိုင်း ပြောပြလိုက်လို့ မရဘူးလား?

ဒေါသကြောင့် စိတ်အခြေအနေ မှုန်မှိုင်းလေးလံနေသော မင်ယဲ့သည် ရှုံးနိမ့်ဖို့ကလွဲ တစ်ခြားလမ်းမရှိတော့သော အခြေအနေတွင် ရူးသွပ်သော အတွေးတစ်ခု ပေါ်လာသည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်။ ငါ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးဖြိုခွဲလိုက်ရင် ဒင်းဘယ်လိုတုံ့ပြန်မလဲ ကြည့်ကြသေးတာပေါ့"

ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!—!!!

ထိုစကားအဆုံးတွင် ကမ္ဘာတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ကောင်းကင်က သွေးရောင်လလည်း ကြွေကျသွားခဲ့ရသည်။ ကောင်းကင်တစ်ခုလုံး စတင်ပြိုကျလာပြီဖြစ်ပြီး မြေကြီးကလည်း ဆက်တိုက် ကွဲအက်သွားကာ သဲနှင့်ဖုန်မှုန့်များ လွင့်ပျံလာခဲ့သည်။

ကမ္ဘာပျက်တော့မည့် မြင်ကွင်းပင်။

“အိုး မဖြစ်ဘူး၊ မရဏချောက်နက် ပြိုကျတော့မယ်!” ကျင့်ကြံသူများ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ဒီအတိုင်းသာ ဆက်သွားပါက လူတိုင်း မြေကြီးထဲတွင် မြှုပ်နှံခံရတော့မည်။

“ကစားနေတာတွေ တော်ကြတာပေါ့၊ အားလုံး အတူတူ ပျက်စီးကြစို့!”

မင်ယဲ့၏ မျက်နှာသည် စိတ်လွတ်နေပုံပေါ်ပြီး သူသည် လက်နှစ်ဖက်ကို ဖြန့်ကာ ရူးသွပ်စွာ ရယ်မောနေသည်။ သူ့တွင် ဤကမ္ဘာကို ထိန်းချုပ်နိုင်သည့် အခွင့်အာဏာရှိသောကြောင့် ဖျက်စီးရေးစနစ်ကို တိုက်ရိုက် ဖွင့်လိုက်ပြီးဖြစ်၏။

လက်ရှိနေရာက ဝင်ပေါက်ကနေ အဝေးကြီးဖြစ်လို့ အချိန်မီ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရလဒ်က တစ်ခုတည်းပဲ ရှိတယ်– အားလုံး သေရမယ်!

All Chapters